စစ်ပွဲ
Vol. 126 Ch. 1755
“သူတို့တွေက ငါတို့ အင်ပါယာ မျိုးနွယ်ကို မရှိဘူးလို့တောင် ထင်နေကြတာလား...”
ကျူးကျော်သူများ၏ မျက်လုံးများထဲမှ လောဘ မီးတောက်များကို ကြည့်ရင်း ထျန်းရှန်းယန်က အံကြိတ်ကာ ဆိုလိုက်၏။
“သူတို့ မှားနေတယ် ဆိုတဲ့ အကြောင်း သင်ခန်းစာ ပေးရမယ်”
ထျန်းဝေလုံက တည်ငြိမ်စွာ ဆိုလိုက်သည်။ မကြာသေးခင်ကမှ ဝူယုကို ရှုံးနိမ့် ထားခဲ့သော်လည်း နဂါးလက်သီး အင်ပါယာ၏ မာနက ဦးကျိုးသွားခြင်း မရှိပါသေးချေ။
“ငါ့ဘက်မှာ ရောက်နေတဲ့ ကျူးကျော်သူ သုံးဆယ်လောက် ရှိတယ်... မြေကြီးရှန့်ထို သုံးယောက် ပါတယ်”
ကောင်းကင် ဧကရာဇ်ပိုင်က သတင်းပို့လိုက်၏။ သူ၏ အသံက လေးနက်နေသည်။ ဤမြေကြီး ရှန့်ထိုများမှာ သာမန် မဟုတ်ကြချေ။ သူတို့၏ လျှို့ဝှက် အော်ရာများက ကျောချမ်းဖွယ်ရာ ဖြစ်သည်။ ထို့အပြင်... လျှို့ဝှက် ဝိညာဉ် အဆင့်များနှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာလည်း အလားတူပင် ကြောက်စရာ ကောင်းလှသည်။ သူတို့က မည်သူများနည်း။
“ကျွန်မဘက်မှာ မြေကြီး ရှန့်ထို လေးယောက်...”
ထျန်းလင်းယုက သတင်းပို့လိုက်၏။
"ငါ့ဘက်မှာ လျှို့ဝှက် အာဏာရှင် ရာချီ ရှိတယ်... ကြယ်ပုံစံ သူငယ်အိမ်တွေနဲ့ အမြီးပေါက်နေတဲ့ ထူးထူးဆန်းဆန်း သက်ရှိတွေလည်း ပါတယ်...မြေကြီး ရှန့်ထိုကတော့ ခုနစ်ယောက်လောက် ပါတယ်”
ထျန်းမူယန်ကလည်း သတင်းပို့လိုက်၏။ ကောင်းကင် မျိုးနွယ်ဝင်များကို တစ်ခါမှ မမြင်ဖူးလေရာ ၎င်းက သူ့ကို အနည်းငယ် တုန်လှုပ်စေသည်။ ထိုငနဲများက နတ်ဆိုးများလော။ သို့သော်လည်း သူတို့က အရပ် ရှည်၍ သွယ်လျကာ အဖျားချွန်ချွန် နားရွက်များ ရှိသဖြင့် အယ်ဗန်မျိုးနွယ်ဝင်များနှင့် ဆင်တူလှသည်။ ထိုမျိုးနွယ်ဝင်များထဲ၌ သူ့ မျက်လုံးများကို တောက်ပစေသည့် မိန်းကလေး အချို့လည်း ပါဝင်နေသည်။ သူတို့က အလွန်ပင် လှပလှသည်။
စစ်ပွဲအား အနိုင်ရရှိပြီးနောက် မည်ကဲ့သို့ ပျော်ရွှင်ရမည်ကို တွေးတောရင်း ထျန်းမူယန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ အမှောင် ကြယ်တာရာခေတ်ကတည်းက စစ်ပွဲ အလီလီကို အနိုင် ရရှိခဲ့သည့် အင်ပါယာ ထျန်းကလန်၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ထျန်းမူယန်မှာ တိုက်ပွဲ မတိုင်မီ ရှုံးနိမ့်ခြင်းကို နည်းနည်းလေးမျှ စဉ််းစားမည့်သူ မဟုတ်ပါချေ။
အရပ် မျက်နှာ အသီးသီး၌ နေရာယူနေသည့် လူတစ်ဦးချင်းစီမှ အခြေအနေ အကြောင်း ထပ်တလဲလဲ သတင်းပို့မှုများ အပြီးတွင် စုစုပေါင်း မြေကြီးရှန့်ထို သုံးဆယ့်နှစ်ဦးမှာ လမ်းကြောင်း အမျိုးမျိုးတွင် ပြန့်ကျဲနေကြောင်း ရေတွက်ရရှိခဲ့သည်။ အချို့က အုပ်စုငယ်များတွင် ရှိကြကာ အချို့မှာ အုပ်စုကြီးများတွင် ရှိကြသည်။ အဇူရာလနှင့် သွေးနီရောင်လ စာကြည့်တိုက်မှူး ဝတ်စုံ ကဲ့သို့သော ယူနီဖောင်းများ၏ အဓိပ္ပာယ်များကိုတော့ သူတို့ ကောင်းစွာ နားမလည်ကြပါချေ။
အံ့အားသင့်စရာ ကောင်းတာ တစ်ခုက သူတို့ထဲတွင် ရေစက်ကြိုး ပိုင်ရှင်နှင့် ရှာဖွေသူ တစ်ဦးတစ်ယောက်မျှ မရှိခြင်း ဖြစ်သည်။ အလွှာကြားက လောကနှင့် အဇူရာ မူလ ကြယ်စင်စုတို့မှ လူများ သီးသန့်သာ ဖြစ်သည်။ သတင်းအချက်အလက်များ ယို့စိမ့်မှု သစ္စာဖောက်မှုများကို တားဆီးရန် အတွက် လောကရှန့်ထိုများမှာ ရေစက်ကြိုး ပိုင်ရှင်များနှင့် ရှာဖွေသူများကို ချိပ်ပိတ်ထားကြောင်း ထင်ရှားပေသည်။
“သုံးဆယ့်နှစ်ဦးတည်းလား...”
ယန်ချောင်ယွီက မေးလိုက်၏။ သူမ၏ မျက်လုံးများက ဆီးနှင်းမုန်တိုင်း တစ်ခုလိုမျိုး အေးခဲ နေခဲ့သည်။ ချက်ချင်းပင် အခြား ကောင်းကင် ဧကရာဇ်များနှင့် အင်ပါယာ ဧကရာဇ်များမှာ သူမကို ‘ရူးနေလား’ ဆိုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သုံးဆယ့်နှစ်ဦးတောင် ရှိနေသည် မဟုတ်ပါလား။ ၎င်းက ကြယ်တာရာ နယ်မြေပေါင်းများစွာထက် အဆမတန် သာလွန်သော အင်အား ဖြစ်သည်။
သို့သော်လည်း... ချက်ချင်းပင် ယန်ချောင်ယွီမှာ ဝေ့ဝူယင်၏ ချစ်သူ ဖြစ်ကြောင်း သူတို့ ပြန်လည် သတိရ သွားကြသည်။ ဝေ့ဝူယင် လက်အောက်တွင် ဆိုလျှင် အနည်းဆုံး မြေကြီး ရှန့်ထို ရှစ်ဆယ်ကျော် ရှိသည်။ အကယ်၍ သူတို့ထံတွင်သာ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် ချစ်သူ တစ်ဦး ရှိခဲ့ပါက မြေကြီး ရှန့်ထို သုံးဆယ့် နှစ်ဦးကို ချို့တဲ့သည်ဟု အမှန်တကယ် တွေးမိလိမ့်မည် ဖြစ်သည်။
ထျန်းလင်းယုသည်လည်းကြောက်ရွံ့ခြင်း မရှိပါချေ။
“အခြား ကြယ်တာရာ နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးနေတဲ့ မြေကြီး ရှန့်ထိုတွေလည်း ရှိသေးတယ်”
အားလုံးမှာ တိတ်တဆိတ် သဘောတူ လိုက်ကြ၏။ ရန်သူများ၏ မြေကြီး ရှန့်ထို အင်အားက သုံးဆယ့် နှစ်ဦးတည်း မကပါချေ။ အကုန်လုံးသာ စုပေါင်းလိုက်ပါက မည်သည့် အတိုင်းအတာ အထိ ဖြစ်လာမည်ကို သူတို့ မခန့်မှန်းနိုင်ကြပါချေ။
သူတို့ အာရုဏ်ဦး ကြယ်တာရာ နယ်မြေဆီကို လှမ်းကြည့် လိုက်မိကြ၏။ ယခုအချိန်ထိ ထိုနေရာတွင် ရှုပ်ထွေးသည့် လျှို့ဝှက်စွမ်းအင်လှိုင်းများကို မတွေ့ရချေ။ သူတို့က လုံးဝ ငြိမ်းချမ်းနေသည့်ပုံ ပေါ်သည်။ ထိုအရာက အဓိပ္ပာယ် ရှိပေသည်။
ကောင်းကင် ဧကရာဇ်ပိုင်မှာ ဝေ့ဝူယင်ကို မကြိုက်ချေ။ သူက ထျန်းရှောင်ချွမ်းကို မတော်တရော် အဝတ်အစားများ ဆင်မြန်းပေးကာ အစီအစဉ် တင်ဆက်သူ အဖြစ် ခိုင်းစေခဲ့သည်။ ထိုပုံရိပ်များကို ယနေ့တိုင် ချိပ်ပိတ်နယ်မြေ တစ်ခုလုံး၌ အသုံးပြုနေဆဲ ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက် ဖြစ်ကြောင်းကိုတော့ သူ ဝန်ခံရမည် ဖြစ်သည်။ သူက အစစ်အမှန် မွေးဖွားခြင်းလို အင်အားစုမျိုးကိုပင် တိုက်ခိုက်ခဲ့ကာ ဆက်လက် ကျူးကျော် နယ်ချဲ့ခြင်း မပြုနိုင်အောင် တားဆီးခဲ့သည်။ ပိုမို၍ ကြောက်စရာ ကောင်းသည့် အရာက ဝေ့ဝူယင်မှာ ထိုအရာကို လက်အောက်ခံ မြေကြီး ရှန့်ထိုများ၏ အကူအညီ မပါပဲ မီးဖီးနစ်နှင့် နှစ်ယောက်တည်းသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မစခင် ဟင်းလင်းပြင် နဂါးကြီးကို တစ်ကိုယ်တော် တားဆီးပြခဲ့ခြင်းကလည်း အံ့မခန်း လုပ်ရပ် တစ်ခု ဖြစ်ပေသည်။
ကောင်းကင် ဧကရာဇ်ပိုင် တစ်ယောက် အတွေးနက်နေစဉ်မှာပင် မြေကြီး ရှန့်ထိုများစွာမှာ အမိန့်တစ်ခုကို ရရှိလိုက်သည့် အလား လျှို့ဝှက် အော်ရာများ မြင့်တက်လာကြ၏။ သူတို့က တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
ဟူး... ဟူး...
ချက်ချင်းပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ အမှောင် ဟင်လင်းပြင်က တုန်ရီလာခဲ့၏။ အာကာသလေများက လောကနယ်မြေများကို ဖြတ်ငန်း၍ တိုက်ခတ်လာကာ လျှံကျလာသည့် မန်နာလှိုင်းလုံးများမှာ ပတ်ဝန်းကျင် အရပ် မျက်နှာတိုင်းသို့ ရိုက်ခတ် လွင့်စဉ် သွားခဲ့သည်။
သို့သော်လည်း...
ရက်စက်သည့် တိုက်ပွဲ တစ်ခုကို စတင်တော့မည့် အချိန်တွင်ပင် ပတ်ဝန်းကျင် တစ်ခုလုံးရှိ အကြည့်များမှာ ကောင်းကင် ဖျက်ဆီးသူများပေါ်သို့ ရောက်ရှိလာကာ မောင်းနှင် နေသူများထဲမှ တစ်ယောက် ဖြစ်သည့် ယန်ချောင်ယွီကို ရှာဖွေ တွေ့ရှိသွားကြသည်။
“ဟမ်...”
အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ မြေကြီး ရှန့်ထို အားလုံး၏ မျက်လုံးများထဲတွင် သံသယများ၊ ထိတ်လန့်မှုများ ပြည့်နှက် လာခဲ့သည်။ သူတို့၏ အမူအရာများက အနည်းငယ် တွေဝေသွားကာ ဤအချက်အလက်သစ်က မှန်၊ မမှန် မေးခွန်းထုတ်နေသည့်ပုံ ရ၏။
“…”
ထျန်းလင်းယု၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုး သွားခဲ့၏။ ယန်ချောင်ယွီနှင့် ခြားနားစွာပင်... သူမမှာ ဝေ့ဝူယင်၏ ချစ်သူ တစ်ယောက် ဖြစ်ကြောင်း သိသူ သိပ်မရှိလှချေ။ အင်ပါယာ မျိုးနွယ်နှင့် ဝေ့ဝူယင်တို့ကြား တင်းမာမှုကြောင့် သူမက ထိုဆက်ဆံရေးကို လူသိရှင်ကြား မကြေညာခဲ့ချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်နှင့် အင်ပါယာ မျိုးနွယ်တို့မှာ စစ်ပွဲတစ်ခု ဖြစ်လုနီးပါး ဖြစ်နေခဲ့ကြကာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကြောင့်သာ ရပ်တန့်ထားရသည်ဟု လူအများက ယုံကြည် နေခဲ့ကြပေသည်။
ထိုကျူးကျော်သူများမှာ ဝေ့ဝူယင် အကြောင်းကို ယခုမှ သိရှိခဲ့ကြကာ ယန်ချောင်ယွီနှင့် ဆက်ဆံရေး အကြောင်း တစ်နည်းတစ်ဖုံ သတင်း ရခဲ့ကြောင်း သူမ သဘောပေါက်လိုက်သည်။ သူတို့၏ မျက်နှာ အမူအရာများ အရ ထျန်းလင်းယု ထိုအရာကို ခန့်မှန်းနိုင်ပေသည်။
အထွတ်အထိပ် အထိ ရောက်လုမတတ် ပေါက်ကွဲနေသည့် လျှို့ဝှက် အော်ရာများနှင့် တုန့်ဆိုင်းနေသည့် အကြည့်များမှာ ထူးဆန်းသည့် အခြေအနေ တစ်ခုကို ဖြစ်ပေါ်စေလေရာ အားလုံးမှာ ကသိကအောက် ဖြစ်နေကြ၏။
ကောင်းကင် ဖျက်ဆီးသူများမှာ လျှို့ဝှက် အလင်းတန်းများကို ထုတ်လွှတ်နေကာ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ နောက်တန်းမှ နေရာယူထားသည့် မြေကြီး ရှန့်ထိုများမှာလည်း ဂြိုဟ်များကို ကာကွယ်ထားကြကာ နယ်မြေ ဝင်္ကပါများကို အသက်သွင်းဖို့ အဆင်သင့် ဖြစ်နေကြသည်။ ဂြိုဟ်များမှာ လျှို့ဝှက် အလင်းရောင် အမျိုးမျိုးဖြင့် တောက်ပနေကြကာ နယ်မြေ အမြုတေ စွမ်းအင်များကို ထုတ်ဖော် နေကြလေ၏။
ကျူးကျော်သူများ၏ မျက်နှာထက်တွင် ဝေခွဲရခက်သည့် အမူအရာများ ဖြစ်ပေါ်နေသည်ကို ကြည့်ရင်း ထျန်းမူယန် ရယ်မောလိုက်မိသည်။ သူတို့၏ တုန်လှုပ်မှုက မည်သည့် နေရာမှ စတင်သည်ကို သူ နက်နက်နဲနဲ နားလည်သည်။ သူရော အင်ပါယာ မျိုးနွယ်မှ လူတိုင်းပါ အလားတူ ခံစားချက်များ ရရှိနေခဲ့ကြသည်။
ကျူးကျော်သူများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို မကြောက်လန့် ဖျက်ဆီးဝံ့ကြသော်လည်း အလွန်အမင်း ထူးချွန်သည့် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ ချစ်သူကို ထိပါးခြင်းက မိမိကိုယ်ကို သေဒဏ် စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။ အသက်တိုရမည်ဆိုလျှင် ရတနာများကို သိမ်းယူခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။
အားလုံး၏ အကြည့်များ အောက်တွင်ပင် မြေကြီး ရှန့်ထိုများနှင့် လျှို့ဝှက် အာဏာရှင်များမှာ ယန်ချောင်ယွီ တည်ရှိနေသည့် ဦးတည်ရာကို ရည်ရွယ်ချက် ရှိရှိပင် ဖယ်ရှား သွားကြ၏။ ထိုမြင်ကွင်းက ရှေ့တန်း စခန်းများအတွင်းရှိ ကျင့်ကြံသူများနှင့် ကောင်းကင် ဖျက်ဆီးသူများအတွင်းရှိ စစ်သည်တော်များ အတွက် လုံးဝ အံ့အားသင့်စရာ ဖြစ်သည်။ ယန်ချောင်ယွီ၏ နောက်ခံအင်အားမှာ တိုက်ခိုက်လိုစိတ်ကို လေးဖင့်စေသော်လည်း သူတို့မှာ တိုက်ခိုက်မှုကို ရပ်တန့်ရန် ရည်ရွယ်ချက် မရှိဟန် တူသည်။
“…”
ယန်ချောင်ယွီမှာ ထိုအရာကို အံ့အားသင့်သွားသော်လည်း မျက်နှာထက်ရှိ အေးစက်မှုက ဆက်လက် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူတို့ဘက်က တုန့်ဆိုင်း နေလျှင်ပင် သူမက သူတို့ကို သတ်ပစ်မည် ဖြစ်သည်။ သူမထံ၌ တုံ့ဆိုင်းမှု မရှိပေ။
ဘုန်း... ဘုန်း... ဘုန်း...
နောက်ဆုံး၌ ပြတ်သားသည့် အမိန့်တစ်ခု ပေးလိုက်သည့် အလား လျှို့ဝှက် အော်ရာများမှာ စုစည်းသွားကာ လျှို့ဝှက် အာဏာရှင် ထောင်ပေါင်းများစွာမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီ အပြေးအလွှား တိုးဝင် လာခဲ့ကြတော့သည်။
“သတ်ကြ...”
ထျန်းမူယန်က အမိန့်ပေးလိုက်၏။
“ငါတို့မြေကို ကာကွယ်ကြ...”
ထျန်းဝေလုံကလည်း အော်ဟစ်လိုက်၏။
“သတ်... သတ်... သတ်...”
ရှေ့တန်း စခန်းရှိ အင်ပါယာ စစ်သည်များ အားလုံးသည်လည်း ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ကြသည်။
မြေကြီး ရှန့်ထို သုံးဆယ့်နှစ်ဦးက လျှို့ဝှက် အာဏာရှင် ထောင်ပေါင်းများစွာကို ဦးဆောင်လာသည့် မြင်ကွင်းမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှသော်လည်း အင်ပါယာသားတို့၏ စိတ်ဓာတ်ကိုတော့ ချိုးနှိမ်နိုင်စွမ်း မရှိခဲ့ပါချေ။
“ပစ်... ”
***