ထျန်းမျိုးနွယ်၏ ကံကြမ္မာ
Vol. 126 Ch. 1757
“ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူးလို့ ထင်တဲ့အခါ လူတွေက တကယ့်ကို အရောင်အသွေး စုံလင်တဲ့ စကားဝိုင်းတွေကို ပြောဆိုကြတာပဲ”
ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်က အသံမထွက်ပဲ ရေရွတ်လိုက်သည်။ မကြာသေးခင်ကပင် သူသည်လည်း ရွှယ်ရီဖေးနှင့် ထိုကဲ့သို့ စကားများ ပြောခဲ့သေးသည်။ တစ်စုံတစ်ယောက်သာ ခိုးနားထောင် နေခဲ့ပါက ဆိုသည့် ဖြစ်နိုင်ချေက သူ့ကို ခေါင်းနပမ်းကြီးစေသည်။
“ငါ့ရဲ့ ထောက်လှမ်းရေး နည်းလမ်းတွေကို ပိုပြီး အားကောင်းအောင် လုပ်ရမယ်”
ကောင်းကင်ဘုံ နတ်မျက်လုံးများ၏ ကောင်းကင် အကြည့်မှာ အပြင်းထန်ဆုံးသော ထောက်လှမ်းရေး နည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း ဝေ့ဝူယင် အပြည့်အဝ သတိပြုမိသည်။ ၎င်းမှာ မမြင်နိုင်သည့် နတ်ဘုရားများကိုပင် မြင်နိုင်စွမ်းရှိသည်။ ဤဟင်းလင်းပြင် ပုံရိပ် ပင်လျှင် ကောင်းကင်အကြည့်မှ ရှောင်ရှားနိုင်မည် မဟုတ်ပေ။ အဆိုပါ ထောက်လှမ်းနိုင်စွမ်းကို တိုးမြှင့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ ကျင့်ကြံခြင်း အခြေခံ နှင့် ဝိညာဉ် အင်အားတို့ကို မြှင့်တင်ခြင်းသာ ဖြစ်သည်။
“သူတို့က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို သွားကြတော့မယ်ပေါ့...”
ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်မှာ တိတ်တဆိတ်ပင် ပျောက်ကွယ်စ ပြုလာခဲ့သည်။ ၎င်းမှာ ပတ်ဝန်းကျင်ရှိ အချိန်၊ အာကာသတို့နှင့် ချောမွေ့စွာ ပေါင်းစပ် သွားကာ နောက်ဆုံးတွင် အစအနမျှပင် ရှာမရပဲ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
...
မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ပြီးနောက် လူအိုကြီးမှာ ရုတ်တရက် မျက်မှောင်ကြုတ် လိုက်၏။ နောက်ယောင်ခံ ထောက်လှမ်းခံနေရကြောင်း သူ သခင်လေးရှန့်ကို ပြောမပြခဲ့ချေ။ အစောပိုင်းက သူ ‘စိတ်ဝင်စားစရာပဲ’ ဟု ပြောခဲ့ခြင်းမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ အချိန်နှင့် အာကာသ ကျိုးကြောင်း ဆက်နွယ်မှုတို့ကို ပြောခဲ့ခြင်း မဟုတ်ချေ။ ထိုကန့်သတ်ချက်ကို အစောကြီးတည်းကပင် သူ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
၎င်းမှာ ဟင်းလင်းပြင် ကိုယ်တိုင်က စောင့်ကြည့်နေသည့် ခံစားချက်မျိုး ဖြစ်သည်။ ကန့်သတ်ခံထားရသည့် ကျင့်ကြံခြင်း အခြေခံနှင့် ဝိညာဉ်တို့ကြောင့် မည်သည့် အရာက စောင့်ကြည့်နေကြောင်း သူ မဆုံးဖြတ်နိုင်သော်လည်း တစ်ခုခု ရှိနေကြောင်း ဗီဇအသိအရ သူ ခံစားမိသည်။ ယခုအခါမှသာ ထိုခံစားချက်က ပျောက်ကွယ်သွားခဲ့လေရာ သူ ကိုယ့်ကိုယ်ကို တုန့်ပြန်ဖို့ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
...
ကျန့်ယန်မှာ ဓားနတ်ဘုရား တစ်ပါး၏ ကြီးကျယ် ခမ်းနားလှသော လွှမ်းမိုးမှုကို ထုတ်ဖော် ပြသထား၏။ သူ၏ လက်တစ်ဖက်က ရွှေရောင်ဓားကို ကိုင်ထားကာ ကျန်လက်တစ်ဖက်ကတော့ သွယ်လျသည့် လည်ပင်းကို ဆုပ်ကိုင် ထားခဲ့သည်။ လည်ပင်းမှ ကိုင်မြှောက်ထားခြင်း ခံရသည့် အင်ပါယာ အကြံပေးမှာ ရုန်းကန် နေခဲ့ကာ လျှို့ဝှက် သင်္ကေတ သောင်းပေါင်းများစွာမှာ ကျန့်ယန်ထံ အရှိန်အဟုန်နှင့် တိုးဝင် လာနေခဲ့၏။
သူမ၏ မဟာဓားမှာ နှစ်ပိုင်း ထက်ပိုင်းကျိုးသွားခဲ့ပြီ ဖြစ်ကာ စွမ်းအင် လှုပ်ခတ်မှု ကင်းမဲ့စွာနှင့် အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မျောနေခဲ့၏။ ၎င်းမှာ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သူမ မောင်းနှင်ခဲ့သည့် ကောင်းကင် ဖျက်ဆီးသူမှာလည်း အပိုင်းပိုင်း အစစ အဖြစ် ပြောင်းလဲ သွားခဲ့ကာ သင်္ဘောသားပေါင်းများစွာ၏ အလောင်းများမှာ ပြန့်ကျဲ နေခဲ့သည်။ မိုင်ပေါင်း တစ်သိန်း ပတ်လည်တွင် သူမနှင့် ကျန့်ယန် နှစ်ဦးသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။
အင်ပါယာ အကြံပေး၏ လျှို့ဝှက် အော်ရာမှ ဖွဲ့စည်းထားသည့် လျှို့ဝှက် သင်္ကေတများမှာ ကျန့်ယန်နှင့် သုံးလက်မခန့် အကွာအဝေး အထိ ရောက်ရှိလာခဲ့သော်လည်း တဒင်္ဂ အတွင်းမှာပင် မမြင်နိုင်သည့် ဓားအော်ရာ တစ်ခုနှင့် တိုက်ခိုက် ခံရကာ မရေမတွက်နိုင်သည့် အပိုင်းအစများ အဖြစ် ကွဲထွက် သွားခဲ့သည်။
ကျန့်ယန် ၏ လက်ချောင်းများမှာ သူမ၏ လည်ပင်းထဲသို့ နစ်ဝင်သွား၏။ နာကျင်မှုနှင့် ပြင်းထန်သော ဝေဒနာတို့ကို ခံစားနေရသည့်တိုင် အင်ပါယာ အကြံပေး၏ မျက်နှာက အပြောင်းအလဲ မရှိပါချေ။ သူမ၏ လည်ချောင်းမှ သွေးများ ပန်းထွက်လာကာ အမှောင် ဟင်းလင်းပြင် အတွင်း၌ ပျံဝဲ နေခဲ့၏။
အင်ပါယာ အကြံပေး၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ ကျန့်ယန်၏ ဓားစွမ်းအင် အောက်တွင် သွေးကြောများမှ အစ ထျန်းတျန်နှင့် လျှို့ဝှက် အမြုတေတို့ အထိ စနစ်တကျ ပိတ်ဆို့ ခံလိုက်ရပြီ ဖြစ်သည်။ သူမက အားအင်မဲ့ နေခဲ့ပြီ ဖြစ်သည်။
အင်ပါယာ အကြံပေးမှာ မျက်လုံးများ မှိတ်ထားသော်လည်း မျက်လုံး ထောင့်စွန့်များမှ သွေးများ ယိုစီးကျ နေခဲ့သည်။ ကျန့်ယန်မှာ ပထမဆုံး လှုပ်ရှားမှုတွင်ပင် သူမ၏ မျက်လုံးများကို ဓားတစ်ချက်တည်းဖြင့် လှီးဖြတ်ကာ မျက်စိကွယ်စေခဲ့သည်။ ထိုဓားတစ်ချက်တည်းတွင်ပင် နှစ်ထောင်ပေါင်းများစွာသော ကြိုးပမ်းမှုများကို သူမ ဆုံးရှုံးခဲ့ရသည်။
ကောင်းကင် ဖျက်ဆီးသူ အားလုံးမှာ ပျက်စီးသွားခဲ့လေပြီ။ အင်ပါယာ ကလန် ဝှက်ထားခဲ့သည့် မြေကြီး ရှန့်ထို လေးဆယ်ကျော် တည်းဟူသော အင်အားမှာလည်း သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ အင်ပါယာ ကလန်မှာ လူတစ်ဦးတည်း၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ နတ်ဘုရား အင်ပါယာ ရှိနေသေးသည် ဆိုသည့် မျှော်လင့်ချက်ကြောင့်သာ မဟုတ်ပါက သူတို့အားလုံး စိတ်ဓာတ်များ ကျနေလောက်ကြပြီ ဖြစ်သည်။
“အားလုံးကို ယူကြ...”
အင်ပါယာ အကြံပေးကို အပြည့်အဝ ချိပ်ပိတ် ပြီးနောက် ကျန့်ယန်က ပြောလိုက်၏။ ထို့နောက်... သူက အင်ပါယာ အကြံပေး၏ လည်ချောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်းကပင် ဖန်ယွဲ့ထံသို့ ပေါ့ပေါ့ပါးပါး ပျံသန်းလာခဲ့သည်။
အလွှာအပြင်က လောကမှ လျှို့ဝှက် အာဏာရှင်များကတော့ ထိုရလဒ်အပေါ် များစွာ တုန်လှုပ်ခြင်း မရှိခဲ့ကြချေ။ သူတို့ ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဤသည်မှာ ကျန့်ယန် ဖြစ်ပြီး အဆုံးမဲ့ ခရီးသွား နယ်မြေသို့ စေလွှတ်ခံခဲ့ရသည့် အလွှာအပြင်က အစစ်အမှန် လောကရှန့်ထို တစ်ယောက် ဖြစ်သည်။ တကယ်တမ်း ဆိုရပါက အဆုံးမဲ့ ခရီးသွား နယ်မြေသို့ စေလွှတ်ခြင်း ခံရသည့် ကျင့်ကြံသူ တစ်ဦး တစ်ယောက်မှ သာမန် မဟုတ်ကြပါချေ။
ကျန်းယန်က အားလုံးကို ယူဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်လေရာ ကျူးကျော်သူများမှာ ပြင်းထန်သည့် ပေါက်ကွဲအားနှင့် အတူ လှုပ်ရှား လာကြ၏။ သူတို့က အုပ်စုလိုက် လှုပ်ရှားကြကာ လျှို့ဝှက် နယ်မြေများနှင့် လောကနယ်မြေများကို ပေါင်းစပ်ထားသည့် အာကာသ အတွင်းမှ ဆွဲထုတ်ကာ အတွင်းပိုင်း လောကများနှင့် ထူးခြားသည့် အာကာသ ရတနာများ အတွင်း ထည့်သွင်း လိုက်ကြသည်။
ထိုအရာ နှစ်ခုစလုံး မရှိသည့် အချို့လူများကမူ ၎င်းတို့ကို ရိုးရိုးရှင်းရှင်း ဆွဲယူသွားကာ အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ထံသို့ ဦးတည် လိုက်ကြသည်။
ဂြိုဟ်များ၊ လများနှင့် အမျိုးမျိုးသော လောကနယ်မြေများရှိ လူများမှာ မျှော်လင့်ချက်များ ကင်းမဲ့ နေကြပြီ ဖြစ်သည်။ အချို့မှာ ခုခံရန် ကြိုးပမ်းကြသော်လည်း အကြည့်တစ်ချက်၊ လက်တစ်ဖက် ဝှေ့ယမ်းခြင်းတို့တွင်ပင် သွေးမြူများ အဖြစ် ပြောင်းလဲ သွားခဲ့ကြသည်။ သူတို့ထံတွင် ခုခံရန် စွမ်းအား မရှိသလို အခွင့်အရေးလည်း မရှိခဲ့ကြချေ။
...
ယန်ချောင်ယွီမှာ ထျန်းလင်းယုနှင့် ထျန်းမူယန်တို့ နံဘေးတွင် ရပ်နေခဲ့ကြ၏။ ထျန်းမူယန်မှာ သူ၏ ကျန်ရှိနေသေးသည့် အင်အားစုများနှင့် အတူ ယန်ချောင်ယွီထံသို့ အလျှင်အမြန် ပြေးလာကာ ပုလိပ်ရောဂါကို ရှောင်လွှဲသည့် ဒိုင်းကာ တစ်ခုလို အသုံးပြုခဲ့သည်။ ထျန်းမူယန် တစ်ဦးတည်း မဟုတ်ပါချေ။ ထျန်းဝေလုံနှင့် အမျိုးသမီး ကောင်းကင် ဧကရာဇ်တို့သည်လည်း သူတို့၏ လက်ကျန် အမှုထမ်းများကို ခေါ်ဆောင်လာကာ ထိုနှစ်ဦးထံသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သူတို့မှာ ကိုယ်ပိုင် ကောင်းကင် ဖျက်ဆီးသူကိုပင် စွန်ပစ်ခဲ့ကြသည်။
“ဘာလို့ သူ့ကို အကူအညီ လှမ်းမတောင်းတာလဲ...”
ထျန်းဝေလုံက သွေးရူးသွေးတန်းဖြင့် ထျန်းလင်းယုဘက်သို့ လှည့်ကာ မေးလိုက်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ လုယက်ခံနေရသည်ကို ကြည့်ရင်း ဝိညာဉ် တစ်ခုလုံး ပေါက်ကွဲထွက်တော့ မလိုပင် သူ ခံစား နေခဲ့ရသည်။
“…”
ထျန်းလင်းယုက တုံ့ပြန်ခြင်း မရှိပေ။ သူမက လက်သီးများကိုသာ တင်းတင်းဆုပ်ထား၏။ သို့သော်လည်း ယန်ချောင်ယွီက ပြုံးလိုက်ရင်း...
“သူက အကူအညီ မတောင်းချင်ဘူးလို့ ရှင်ထင်နေတာလား... ကျွန်မကလည်း မတောင်းဆိုချင်ဘူးလို့ ထင်နေတာလား... ကျွန်မတို့ နှစ်ယောက်စလုံး သိပါတယ်... ကျွန်မတို့ တောင်းဆိုမယ် ဆိုရင် သူ ချက်ချင်း ရောက်လာလိမ့်မယ်... ဒါပေမဲ့ သူ့ကို လောကရှန့်ထို နှစ်ပါးနဲ့ တိုက်ခိုက်ခိုင်းဖို့ ကျွန်မမှာ သတ္တိ မရှိဘူး... ထျန်းလင်းယုမှာလည်း မရှိဘူး... ဒါက ကျွန်မတို့ ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာပဲ... ဒီနေ့မှာ အင်ပါယာ ကလန် ကျရှုံးခဲ့မယ် ဆိုရင် အဲဒါက ကျွန်မတို့မှာ လုံလောက်တဲ့ အင်အားနဲ့ ပြင်ဆင်မှု မရှိလို့ပဲ”
အမျိုးသမီး ကောင်းကင် ဧကရာဇ် က မျက်မှောင်ကြုတ်လိုက်၏။
“ဒီနှုန်းအတိုင်းဆိုရင် ရှင်တို့ နှစ်ယောက်ကလွဲလို့ လူတိုင်း သေကြလိမ့်မယ်... သူတို့ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုကို မစော်ကားမိအောင် ရှောင်နေကြတာ ရှင်းပါတယ်... သူတို့ကို ရပ်တန့်ဖို့ အတွက် အဲဒါကို အားသာချက် အဖြစ် သုံးလို့ မရဘူးလား”
ယန်ချောင်ယွီက ခေါင်းခါရင်း အမျိုးသမီး ကောင်းကင် ဧကရာဇ်ကို ကြည့်လိုက်သည်။
“အင်ပါယာ မျိုးနွယ်ရဲ့ ထျန်းလင်းယုက ဝေ့ဝူယင်ရဲ့ ချစ်သူပါလို့ ကြေညာလိုက်မယ် ဆိုရင် သူတို့က အင်ပါယာ မျိုးနွယ်ကို ဆက်မတိုက်ခိုက်တော့ပဲ အမြီးကုပ် ခေါင်းငုံ့ပြီး ပြန်သွားမယ်လို့ ထင်လား...”
“…”
သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ထျန်းမူယန်ကတော့ သက်ပြင်းတစ်ချက် ချလိုက်၏။ ကျူးကျော်သူများမှာ ဝေ့ဝူယင်ကို သတိထားကြသော်လည်း ကြောက်ရွံ့ခြင်း မရှိတာ ရှင်းလင်းပေသည်။ အကယ်၍ ဝေ့ဝူယင် ဝင်ပါလာလျှင်ပင် ထိုအရာက အင်ပါယာ အတွက် ပိုကောင်းစေလိမ့်မည် မဟုတ်ပဲ ဝေ့ဝူယင်ကိုသာ အရှုပ်ထုပ်ထဲ ဆွဲသွင်းသလို ဖြစ်ပေလိမ့်မည်။
အမျိုးသမီး ကောင်းကင် ဧကရာဇ်မှာ အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း ငြိမ်းချမ်းနေသည့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို မြင်လိုက်ရသည်။ သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ယန်ချောင်ယွီမှာ တိုက်ပွဲ အစကတည်းကပင် သူတို့ကို ရပ်တန့်ဖို့ မေတ္တာ ရပ်ခံခဲ့သော်လည်း ကျူးကျော်သူများမှာ လျစ်လျူ ခဲ့ကြသည်။ အကယ်၍ ရွှယ်ရီဖေးလို တရားဝင် အသိအမှတ်ပြု ဇနီးလောင်း တစ်ယောက်က တားဆီးခဲ့လျှင်တော့ အခြေအနေက တစ်မျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယန်ချောင်ယွီ၏ မျက်ဝန်းများ အတွင်း မနာလိုသည့် အရိပ်အငွေ့အချို့ ဖြတ်ပြေး သွားခဲ့၏။
ချစ်သူနှင့် ဇနီးအကြား ကွာခြားချက်က အထူးသဖြင့် အစွမ်းထက် ကျင့်ကြံသူများ၏ အမြင်တွင် ကြီးမားလွန်းလှသည်။
“ဒီနေ့မှာ အင်ပါယာ ထျန်းကလန်ရဲ့ တစ်ခေတ်က အဆုံးသတ်တော့မှလား...”
အမျိုးသမီး ကောင်းကင် ဧကရာဇ်က ခေါင်းခါရင်း ရေရွတ်လိုက်လေသည်။ နတ်ဘုရား အင်ပါယာမှာ မည်သည့် နေရာကို ရောက်နေသနည်း။
...
ထျန်းတိုက်ကျုံးမှာ ပလ္လင် လက်ရန်းများကို လောကအား ဖျက်ဆီး နိုင်စွမ်း ရှိသည့် စွမ်းအားများဖြင့် တင်းတင်း ဆုပ်ကိုင်ထား၏။ ကြယ်တာရာ ကောင်းကင်၏ တောက်ပမှုကို ပုံဖော်ထားသည့် ဟေဇယ်ရွှေရောင် မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့သည်။ ရုတ်တရက် သူက ခြေထောက် စွမ်းအားများကို အသုံးပြုကာ ထရပ်လိုက်လေ၏။
***