← Chapters

ထျန်းတိုက်ကျုံး

Vol. 126 Ch. 1758

ထျန်းတိုက်ကျုံး

Vol. 126 Ch. 1758

ဧကရာဇ် တစ်ပါး မတ်တပ် ရပ်လျှင် မြေကြီးသည် ငြိမ်သက်ရ၏။ ဧကရာဇ် ထလာလျှင် ကောင်းကင်သည် နားထောင်ရ၏။ ဧကရာဇ် တစ်ပါး လှုပ်ရှားလျှင် ကောင်းကင်ပင် နားထောင်ရ၏။

ထျန်းတိုက်ကျုံး မတ်တပ်ရပ်လိုက်သည့် အရှိန်အဟုန်မှာ နှေးကွေးသော်လည်း ကြောက်မက်ဖွယ် ခွန်အားတို့ကို သယ်ဆောင်ထား၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်တိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ခုန်ပေါက် လောင်ကျွမ်း နေခဲ့၏။ သွေးတစ်စက်ချင်းစီမှာ ရှုပ်ထွေးသည့် လောကမြစ် တစ်ခုလို ချောမွေ့စွာ စုစည်းသွားကာ အသက်ရှူလိုက်တိုင်း ခမ်းနားသည့် မိုးခြိမ်းသံများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ အောက်ဖက်ရှိ အယောင်ဆောင် ပလ္လင်မှာ ဖုန်မှန်ု့အ ဖြစ် ကြေမွ သွားခဲ့၏။ ထျန်းတိုက်ကျုံးက အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်သည်။

“ခုနစ်... သုံး... လေးယောက်ပဲ ကျန်တော့တယ်”

“...”

စုနန်ကျူးနှင့် ကျားယန်တို့၏ မျက်နှာ အမူအရာများက ပြောင်းလဲ သွားကာ အင်ပါယာ ကောင်းကင်ဂြိုဟ်ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ ဗီဇ အသိစိတ်များက အလိုအလျောက်ပင် ဆူပွက်လာကာ တိုက်ခိုက်မလား၊ ထွက်ပြေးမလား ဆိုသည့် ခံစားချက်ကို လှုံ့ဆော်ပေးနေခဲ့သည်။ ၎င်းမှာ အသက် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ ရှိသည့် အခြေအနေများတွင် မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည့် ခံစားချက်များ ဖြစ်သည်။ ၎င်းမှာ သူတို့၏ အသက်ကို တစ်ကြိမ်ထက် မက ကယ်တင်ခဲ့ဖူးပေသည်။

ဖန်ယွဲ့မှာ ကောင်းကင် နန်းတော်၏အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသည့် ခမ်းနား ထည်ဝါသော အော်ရာ လှုပ်ခတ်မှုကို ခံစားမိရာ အဆုံးမဲ့ ကောင်းကင် နေကြယ်ထံမှ အမတေများအား စုပ်ယူနေမှုကို ရပ်တန့်ကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သတိမမူမိပါပဲ သူမ လက်သီးများကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ ဤကြောက်မက်ဖွယ် တည်ရှိမှုက မည်သည့် အရာနည်း။

ကျန့်ယန်ကတော့ အင်ပါယာ အကြံပေးကို ဆက်လက် ဖမ်းချုပ်ထားဆဲ ဖြစ်သည်။ သူ၏ ယွဲ့အာ (ဖန်ယွဲ့) မှာ ဤအမျိုးသမီးကို အသက်ရှင်လျက် ခေါ်လာခဲ့ဖို့ သူ့ကို တောင်းဆိုခဲ့သည်။ ကျန့်ယန်မှ ကတိပေးပြီးလျှင် ထိုကတိကို တည်အောင် ထိန်းတတ်သူ ဖြစ်သည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုများက အနည်းငယ် လက်လွန်ခြေလွန် ဖြစ်သွားခဲ့သည်ဟု ဆိုရပေမည်။

လောလောဆယ်၌ ထိုအရာက အရေးမကြီး...။ အရေးကြီးသည်မှာ အင်ပါယာ ကောင်းကင်ဂြိုဟ်မှ ထွက်ပေါ်လာခဲ့သည့် အော်ရာ ဖြစ်သည်။ ထိုဂြိုဟ်ထက်တွင် သူတို့၏ ပစ်မှတ် ရှိနေသည်ဟု ယူဆလို့ ရပြီး မြို့တော်သခင်စုကလည်း ထိုဂြိုဟ်အနီးသို့ ချဉ်းကပ်ခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ဖို့ သတိပေးထားခဲ့သည်။

ကျန့်ယန် အင်ပါယာ အကြံပေး၏ လည်ချောင်းကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ မိန်းကလေးမှာ အသက်ရှူကြပ်သည့် ချောင်းဆိုးသံ တစ်ချို့ကို ထုတ်လွှတ် လာခဲ့၏။

ဝှစ်...

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ကျန့်ယန်မှာ ဖန်ယွဲ့ အနား၌ ပေါ်လာခဲ့သည်။ ထို့နောက် သူက နိမိတ်ဖတ် အစီအရင်ကို အသုံးပြုကာ အင်ပါယာ ကောင်းကင်ဂြိုဟ်ကို စစ်ဆေး ကြည့်လိုက်သည်။

ကျန့်ယန်၏ မျက်လုံးများက ရွှေရောင် အဖြစ် ပြောင်းလဲသွားကာ သူငယ်အိမ်များထဲတွင် ရွှေဓား ကိုးစင်း၏ ပုံရိပ်များ ကူးခပ် လာခဲ့၏။ သူ၏ ထက်မြက်သော အမြင်အာရုံ၏ ရှေ့မှောက်တွင် လောကကြီးမှာ သူ့ကိုယ်သူ ထုတ်ဖော်ကာ အမှန်တရားကို ပြသလာခဲ့သည်။

“ငါတို့ ဒီကနေ ထွက်ကြမယ်...”

ဖန်ယွဲ့က ရုတ်တရက် ပြောလိုက်၏။ ထို့နောက် သူမက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်လိုက်ရာ ပတ်ပတ်လည်ရှိ မြေကြီး အကာအကွယ်မှာ လူလေးဦးဆံ့သည့် ယာဉ်ငယ် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ကျန့်ယန်၏ လှုပ်ရှားမှုများက လိုက်လျောညီထွေ ရှိလှကာ အင်ပါယာ အကြံပေးကို ဖမ်းဆီးရင်း ယာဉ်ငယ် အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။

ဟူး...

ထို့နောက်တွင်တော့ ယာဉ်ငယ်မှာ မျက်စိဖြင့် လိုက်မှီရန် ခက်ခဲသည့် အရှိန်နှုန်းဖြင့် ပြေးထွက် သွားခဲ့တော့၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခတ်စာမျှ အတွင်းမှာပင် ယာဉ်ငယ်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်နိမိတ်မှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ကြောက်မက်ဖွယ် ကောင်းအောင် လျှင်မြန်လွန်းလှသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေရှိ အခြားသော လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ လောကရှန့်ထို နှစ်ပါး ရုတ်တရက် ဆုတ်ခွာသွားမှုကို ကြည့်ကာ တုန့်ဆိုင်း နေကြဆဲ ဖြစ်သည်။ သူတို့၏ တုန့်ပြန်မှုများမှာ နောက်ကျနေခြင်း၊ တုန့်ဆိုင်းနေခြင်း မဟုတ်ချေ။ လောကရှန့်ထို နှစ်ပါး၏ အတွေးများနှင့် လုပ်ဆောင်ချက်များက သူတို့ထက် အဆမတန် ကျော်လွန် နေခြင်းသာ ဖြစ်သည်။

သဘောပေါက် လာခဲ့ကြသည့် အခြားသော အစွမ်းထက် ကျင့်ကြံသူများမှာလည်း တုန့်ပြန်လာကြကာ အကာအကွယ် အလွှာများနှင့် လှုပ်ရှားမှု ကျင့်စဉ်များကို ဖော်ထုတ် လိုက်ကြသည်။ အားလုံးမှာ သိမ်းဆည်း ရရှိထားသည့် ဂြိုဟ်များ၊ လများနှင့် လောကနယ်မြေများကို မတွန့်မဆုတ်ပင် စွန့်လွှတ်ခဲ့ကြလေသည်။ တိတိကျကျ ပြောရလျှင် ထိုကဲ့သို့ လုပ်ဖို့ သူတို့ ညွှန်ကြားချက် ရရှိထားသည်။

စုနန်ကျူး၏ အနည်းငယ် ပြူးကျယ်နေသည့် သူငယ်အိမ်များမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။

“လောကရှန့်ထို...”

ဝေါဟာရ တစ်ခုသာ ဖြစ်သော်လည်း သူ၏ လေသံက အဓိပ္ပာယ် ဆယ်နှင့်ချီကို သယ်ဆောင်ထားပေသည်။ ကျားယန်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။

“မြို့စားလျူ ပြောတာ မှန်တယ်... ဒီထျန်းတိုက်ကျုံးက အရမ်းကို ကြောက်ဖို့ကောင်းတဲ့ မဟာဗျူဟာ သမား တစ်ယောက်ပဲ... ဒါပေမယ့် ကျုပ် နားမလည်တာက ဘာလို့ အခုချက်ချင်းကြီး လုပ်ဆောင်ရတာလဲ... သူက သူ့ရဲ့ ကိုယ်ပိုင် အင်အားစု နဲ့ ရင်းမြစ် တွေ အများကြီးကို ဆုံးရှုံးပြီးပြီ... ဆက်ပြီး မစောင့်နိုင်တော့ဘူးလား”

သူတို့က သာမန် ကျင့်ကြံသူများ မဟုတ်ကြလေရာ အတွေးများသည်လည်း သာမန်မဟုတ်ဘဲ၊ အချိန်နှင့် ပတ်သက်သော ပြဿနာကို ချက်ချင်း သဘောပေါက်ခဲ့ကြသည်။

“…”

စုနန်ကျူးထံမှ နားလည် သဘောပေါက်သွားသည့် အသက်ရှိုက်သွင်းသံ တစ်ခု ပေါ်မလာခင် အချိန်အထိ သူတို့ နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာ၏။ တစ်ချိန်တည်းနီးပါးတွင်ပင် ကျားယန် ၏ မျက်လုံး များမှာလည်း ကျယ်လာခဲ့သည်။

အကြည့်ချင်း ဖလှယ်ရန် သို့မဟုတ် စကားပြောရန် မလိုအပ်ဘဲ သူတို့ နှစ်ဦးစလုံးမှာ တူညီသည့် ကောက်ချက် တစ်ခုသို့ ရောက်ရှိလာခဲ့ကြလေသည်။

...

အင်ပါယာ ကောင်းကင်...

အင်ပါယာ ကောင်းကင် ဟု ခေါ်သော ဂြိုဟ်မှာ လျှို့ဝှက်ချက်များနှင့် ထူးခြားသော ကုန်းမြေ အမှတ်အသား များစွာကို ပိုင်ဆိုင်ထားသည်။ ထိုအမှတ်အသားများထဲမှ တစ်ခုကို ကောင်းကင် တရားစီရင်ရေး တောင် ဟု ခေါ်ကြသည်။ ၎င်းမှာ အင်ပါယာ ကလန် ၏ အဓိက အဖွဲ့ဝင်များ ပင် ဝင်ခွင့်မရသော တားမြစ်ဇုန် တစ်ခုလည်း ဖြစ်သည်။ ထို့အပြင်... အဘယ်ကြောင့် တားမြစ်ထားသည်ကို လျှို့ဝှက်ထားခြင်း မရှိချေ။

လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းကျော် ထျန်းတိုက်ကျုံး တစ်ယောက် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ထိပ်တန်း အင်အားစုများကို လွှမ်းမိုးချုပ်ကိုင်နေစဉ်တွင် လျူကလန်တွင် မြေကြီး ရှန့်ထို တစ်ပါး၊ ထိုခေတ်၏ တတိယမြောက် မြေကြီး ပေါ်ထွန်းလာခဲ့သည်။ သူတို့က ထျန်းတိုက်ကျုံး၏ အုပ်ချုပ်မှုနှင့် အကြွင်းမဲ့ အာဏာတို့ကို အပြီးသတ် ဖြုတ်ချနိုင်ဖို့ အတွက် ပုန်ကန်မှု တစ်ရပ်ကို စီစဉ်ခဲ့သည်။

သူမက အလွန် ပါရမီ ပါခဲ့သည်။ လျူကလန်မှာ အင်ပါယာ ကလန်၏ ထွန်းတောက်မှုတွင် များစွာ အကူအညီ ပေးခဲ့သည့် နိုဘယ် ကလန်များထဲမှ တစ်ခု ဖြစ်လေရာ သူတို့ ပုန်ကန်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခဲ့ကြခြင်း မရှိချေ။ ထိုလုပ်ရပ်မှာ အုပ်ချုပ်နေသည့် တိုင်းပြည် တစ်ခုကို အာဏာသိမ်းခြင်းနှင့် ညီမျှသည်။

သို့သော်လည်း... မဟာ စက်ဝန်း ကြယ်ကွင်းပြင် အပါအဝင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၏ ကံကြမ္မာကို လုယူသည့် စစ်ပွဲမှာ အများ ထင်မှတ်ထားကြသလို ကောင်းကင်ကို တုန်လှုပ်စေသည့် စစ်ပွဲမျိုး ဖြစ်မလာခဲ့ကြပါချေ။ တိုက်ကွက် သုံးကွက် အတွင်းမှာပင် အနာဂတ်၏ အလင်းရောင် အဖြစ် လူအများက သတ်မှတ်ထားသည့် လျူကလန်၏ ပါရမီရှင်မှာ ထျန်းတိုက်ကျုံးထံတွင် အပြည့်အဝ နှိမ်နင်းခံခဲ့ရသည်။

ရှုံးနိမ့်ခဲ့သည်။ သူမ လုံးဝ ရှုံးနိမ့်ခဲ့သည်။ အလွန် လွယ်ကူစွာ ရှုံးနိမ့်ခဲ့သည်။ ထျန်းတိုက်ကျုံးနှင့် သူမ အကြား ကွာခြားမှုက ကောင်ကင်နှင့် မြေကြီးလို ကျယ်ပြောလှသည်။ ထိုအခါမှသာ ကျင့်ကြံခြင်း လောကမှာ မြေကြီးရှန့်ထို တစ်ပါးချင်းစီတွင် နက်နဲသည့် ကွာဟချက်များ ရှိကြောင်း သိရှိခဲ့ကြရသည်။

ကောင်းကင် တရားစီရင်ရေးတောင်မှာ ထျန်းတိုက်ကျုံးအား ပုန်ကန် လိုသော အတွေးများရှိသည့် လူတိုင်းကို သတိပေးခြင်း ဖြစ်သည်။ လျူကလန်၏ မြေကြီးရှန့်ထိုမှာ နှစ်ပေါင်း နှစ်သောင်း အကျဉ်းချခံစေ ဟူသော စီရင်ချက်ကို ခံခဲ့ရသည်။ ထျန်းတိုက်ကျုံးမှာ လျူကလန်ကို ဆက်လက် တည်ရှိခွင့် ပေးခဲ့သော်လည်း ပါဝင် ပတ်သက်သူ အားလုံးကို ရှင်းပစ်ခဲ့သည်။ ၎င်းမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွက်တော့ ဘယ်တော့မှ မမေ့နိုင်သည့် သင်ခန်းစာ တစ်ခု ဖြစ်ပေသည်။

ယနေ့၌ မိန်းကလေး သုံးဦးမှာ ထိုနေရာသို့ ဦးတည်၍ ရောက်ရှိလာခဲ့ကြသည်။ လျူယင်လန်းမှာ အမြင့်ပေ နှစ်သောင်း အတိအကျ ရှိသည့် တောင်ကို မော့ကြည့်ရင်း အနည်းငယ် စိတ်ကယောင်ချောက်ချား ဖြစ်နေခဲ့သည်။ အမြင့် တစ်ပေချင်းစီမှာ နှစ်ပေါင်း နှစ်သောင်းတိုင် မပြောင်းလဲနိုင်သည့် အကျဉ်းချခြင််ကို ကိုယ်စားပြုနေပေသည်။ သူမ ဤတောင် အကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိရှိခဲ့သော်လည်း သူမ၏ ညီအစ်မမှာ ဤနေရာတွင် ရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။

ယခင်နှစ်များက စုံစမ်းရန် အတွက် သူမ လူပေါင်းများစွာကို စေလွှတ်ဖို့ ကြိုးစားခဲ့သော်လည်း သူတို့အားလုံးမှာ မသေချာ မရေရာသည့် တွေ့ရှိချက်များနှင့်သာ ပြန်လာခဲ့ကြရသည်။

ကိုယ်ပွားကို စေလွှတ်၍ သွေးမျိုးဆက် ရှာဖွေခြင်း အစီအရင်ကိုသုံးခဲ့သော်လည်း ရလဒ်က အတူတူပင် ဖြစ်သည်။

ယခုအခါမှသာ အစစ်အမှန် လောကရှန့်ထို အဆင့် ခန္ဓာကိုယ်ကို သုံး၍ သူမ အရိပ်အငွေ့ အချို့ကို ဤနေရာတွင် ရှာဖွေ နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တစ်ခုလုံးတွင် ဤနေရာမှာ သူမ၏အော်ရာ ရှိသည့် တစ်ခုတည်းသော နေရာ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းလုံးလုံး သူမ ဤနေရာတွင် ရှိနေခဲ့သည်။ ဤနေရာတွင်သာ ရှိနေခဲ့သည်။ ဖော်ပြမရနိုင်သည့် နာကျင်မှုက လျူယင်လန်း၏ နှလုံးသားကို စူးရှစေ၏။ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာချင် နေခဲ့သော်လည်း စိတ်ခံစားမှုများ အားလုံးကို သူမ တားဆီး ထားခဲ့သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လောကရှန့်ထို တစ်ပါး အနေဖြင့် သူမ စိတ်ဓာတ် ကြံ့ခိုင်မှုကို ထုတ်ဖော်ပြသထားရမည် မဟုတ်ပါလော။

***

All Chapters