← Chapters

ထျန်းတိုက်ကျုံး (၂)

Vol. 126 Ch. 1759

ထျန်းတိုက်ကျုံး (၂)

Vol. 126 Ch. 1759

“သူ ဒီမှာ ရှိနေတယ်”

ကျန်းကျဲဝူရှုက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ထားရင်း ပြောလိုက်၏။ သူမ၏ မျက်လုံးများထဲ၌ သူငယ်အိမ် မရှိပဲ ခရမ်းရွှေရောင် ပင်လယ် တစ်ခုသာ ရှိနေခဲ့သည်။

“သူ အသက်ရှင်နေတုန်းပဲ... ပိုဆိုးတာက သူက...”

တွေ့ရှိချက်ကြောင့် ကျန်းကျဲဝူရှု၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အငွေ့အသက် တစ်ချို့ ဖြတ်ပြေး သွားခဲ့သည်။

“သူ့ကို ဒီကနေ ထုတ်ဖို့ ဘယ်လောက်ကြာမလဲ”

လျူယင်လန်းမှာ ထျန်းတိုက်ကျုံး သတိထားမိသွားမှာကို စိုးရိမ်စွာသောကြောင့် မည်သည့် အာရုံခံ ကျင့်စဉ်ကိုမှ မသုံးဝံ့ပါချေ။

ဟူမေဖန်ကတော့ တောင်ကို အာရုံစိုက်ကာ ကြည့်နေခဲ့၏။ သူမက ငွေရောင် လစာကြည့်တိုက်မှူး တစ်ယောက် ဖြစ်လေရာ ဝင်္ကပါနှင့် အစီအရင်များ အပေါ် အသိပညာမှာ ကျန်းကျဲဝူရှုနှင့် မယှဉ်နိုင်သည့်တိုင် သာမန် လောကရှန့်ထို စံနှုန်းများထက် အဆပေါင်း များစွာ သာလွန်ပေသည်။

“ဒီနေရာရဲ့ ခံစားချက်ကြီးက ဟာလာဟင်းလင်းကြီးလိုပဲ...”

ဟူမေဖန်က စိတ်ရှုပ်ထွေးနေသည့် လေသံဖြင့် မှတ်ချက် ပေး၏။ တောင်အတွင်း၌ တစ်စုံတစ်ရာ ရှိနေသည်။ သက်ရှိလူသား တစ်ဦး ဆိုတာ သံသယ ဖြစ်စရာ မလိုချေ။ သို့သော်လည်း သိသိသာသာ တပ်ဆင်ထားသည့် ဝင်္ကပါများ၊ အစီအရင်များ မရှိပါချေ။ ၎င်းက အကျဉ်းထောင် တစ်ခုနှင့် လားလားမျှ မတူချေ။

ဘုန်း...

ထိုအခိုက်တွင်ပင် ထျန်းတိုက်ကျုံးမှာ ပလ္လင်မှ ထလာခဲ့၏။ သူ၏ ကြောက်မက်ဖွယ် အော်ရာက တိမ်တိုက်များနှင့် ပင်လယ်များကို အဆမတန် လှုပ်ရှား သွားစေခဲ့သည်။

“မလှုပ်ကြနဲ့”

ကျန်းကျဲဝူရှုက အော်ဟစ်လိုက်၏။ သူမက ဖော်ဆောင်ထားသည့် လက်ဟန် ချိပ်စည်းကို ဖယ်ရှားလိုက်ကာ မျက်နှာ အမူအရာမှာ ပိုမို၍ ဖြူရော်လာ၏။ ထို့နောက် နောက်ထပ် လက်ဟန် မုဒြာ တစ်ာ့ ရှစ်ခုကို လျှင်မြန်စွာ ဆက်တိုက် ဖော်ဆောင် လိုက်လေသည်။

ဝှစ်... ဝှစ်...

သင်္ကေတပေါင်း များစွာမှာ လေထု အတွင်း၌ ပေါ်လာကာ သူတို့ကို ပိရမစ်ပုံ ဖုံးအုပ်လိုက်၏။ ချက်ချင်းပင် မိန်းကလေး သုံးယောက်များမှာ ပုံရိပ်ယောင်များ သဖွယ် ဖြစ်သွား၏။ ခမ်းနားသည့် အော်ရာမှာ စီးဆင်းနေသည့် ရေအလျင် ကဲ့သို့ အထစ်အငေါ့ မရှိပဲ သူတို့ကို ဝိညာဉ်များ ကဲ့သို့ ဖြတ်ကျော် သွားခဲ့သည်။

ဟူမေဖန်နှင့် လျူယင်လန်းတို့မှာ လှုပ်ရှားရန် မဝံ့ရဲခဲ့ချေ။ အသက်ပင် မရှူဝံ့ခဲ့ကြချေ။ သူတို့မှာ ကျောက်ရုပ်များလို ငြိမ်သက်စွာ ရပ်နေခဲ့၏။

ထျန်းတိုက်ကျုံး၏ အော်ရာက မကြာမီ ထွက်ခွာသွားကာ ကလေးငယ် တစ်ဦး၏ နှလုံးသားထဲတွင် မိုးခြိမ်းပြီးနောက် ကျန်ရှိခဲ့သည့် ကြောက်ရွံ့မှုမျိုးကိုသာ ချန်ထားရစ်ခဲ့သည်။ ကျန်းကျဲဝူရှုမှာ အပေါ်သို့ မော့ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ကျဉ်းမြောင်း သွားခဲ့သည်။

ကျန်နှစ်ဦးကတော့ ဖြစ်ပျက်ခဲ့သည်ကို အာရုံမခံနိုင်ခဲ့ပေ။ သို့သော်လည်း ဟူမေဖန် ၏ မျက်လုံး များမှာ ပြူးကျယ်နေကာ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် နေခဲ့လေသည်။ အာမေဋိတ်သံ ထွက်ပေါ်လုနီးပါး အထိ ဖြစ်သွားသော်လည်း သူမ ထိန်းထားနိုင်ခဲ့၏။ သူမ၏ အရှေ့တွင် ငွေရောင် မျက်လုံးများနှင့် အလွန် ချောမောလှသည့် လူငယ် တစ်ဦး ရပ်နေခဲ့သည်။ လူငယ်မှာ သုံးပေထက် ပိုမဝေးသည့် အကွာအဝေး အတွင်း ရှိနေသော်လည်း သူမ သူ့ကို လုံးဝ အာရုံ မခံခဲ့မိချေ။

ဝေ့ဝူယင်မှာ ကျန်းကျဲဝူရှု အလျင်စလို ဖွဲ့စည်းလိုက်သည့် လျှို့ဝှက် ဝင်္ကပါကို ကြည့်ကာ အနည်းငယ် အံ့အားသင့် နေခဲ့၏။ ၎င်း၏ အတွင်း၌ နက်နဲသည့် အယူအဆ အချို့ ပါဝင်နေသည်။ လျှို့ဝှက် သင်္ကေတ တစ်ခုချင်းစီကို ဂရုတစိုက် ကျင့်ကြံထားသည့် အစီအရင်များနှင့် ပေါင်းစပ်ထားကြောင်း သူ ပြောလိုက်သည်။

၎င်းတို့ကို အတူတကွ ထုတ်လွှတ်လိုက်သည့် အခါ ပထမ အဆင့် ခြေချခြင်း အဆင့်ရှိ မြေကြီးရှန့်ထို တစ်ရာ့ရှစ်ပါး လက်တွဲ ထုတ်ဖော်သည့် ခြေချခြင်း အဆင့် ကျင့်စဉ်ကို အသုံးပြုခြင်းနှင့် မခြားနားချေ။ ထို့အပြင် ၎င်းကို ဖုံးကွယ်ခြင်း၊ အာရုံ ခံစားမှု ကွဲလွဲခြင်း၊ ပုံရိပ်ယောင်တို့ ကဲ့သို့ အခြား ကျင့်စဉ် အမျိုးအစား အနည်းငယ်နှင့်လည်း ရောနှောထားသည်။

အဆိုပါ အစီအရင်မှာ ဝေ့ဝူယင်၏ ဟင်းလင်းပြင် ပုံရိပ်ယောင်ကိုပင် ထုတ်ဖော် ပြသနိုင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ၎င်းမှာ ဟင်းလင်းပြင် အပေါ်ကိုပါ တိုက်ရိုက် သက်ရောက်မှု ရှိနေသောကြောင့် ဖြစ်သည်။

ဝေ့ဝူယင်မှာ သူ ဖော်ထုတ်ခံလိုက်ရကြောင်း သဘောပေါက်သွားပြီး တုန်လှုပ်နေသည့် ဟူမေဖန်ကို ကြည့်လိုက်၏။ ထိုအချိုးအစား လှပလှသည့် မိန်းကလေးမှာ အော်ဟစ်လိုသည့် ဆန္ဒကို မနည်း ထိန်းချုပ်ထားရသည့်ပုံ ပေါ်သည်။ ဝေ့ဝူယင် သူမကို ပြုံးပြလိုက်ရင်း ညာဘက်လက်ညိုးကို နှုတ်ခမ်းပေါ်တင်ကာ ‘ရှူး... တိုး တိုး...’ ဟု ပါးစပ်မှ အသံ မထွက်ပဲ ရေရွတ်လိုက်သည်။

ထို့နောက် သူက လေထဲ၌ သင်္ကေတ အများအပြားကို ရေးလိုက်၏။ ဟူမေဖန်၏ မျက်လုံးများက ပိုမို၍ ပြူးကျယ် လာခဲ့သည်။ ထို့နောက်တွင်တော့ ပုံရိပ်မှာ အစအနပင် မကျန်ပဲ ပျောက်ကွယ် သွားခဲ့လေ၏။

[ မှတ်ချက် ။ “ရှူး... တိုး တိုးနေ... မုန့်ဖိုးပေးမယ်” (ကျားကြီး လေသံဖြင့် ဝေ့ဝူယင်) ]

...

ခဏကြာပြီးနောက် ကျန်းကျဲ ဝူယုမှာ ဖုံးကွယ်ထားသည့် ဝင်္ကပါကို ပြန်လည် ရုတ်သိမ်းရင်း သင်္ကေတများကို သူမ၏ အတွင်းပိုင်း လောကအတွင်း ပြန်လည် ထည့်သွင်းလိုက်သည်။ ထို့နောက် သရဲတစ်ကောင်ကို မြင်လိုက်ရသလို ဖြူရော်နေသည့် ဟူမေဖန်ကို ကြည့်လိုက်၏။

“ငွေလ... သူ ထွက်သွားပြီ”

ကျန်းကျဲဝူရှုက နှလုံးသား အတွင်း လှိုင်းထန်နေဆဲ ဖြစ်သည့် ခံစားချက်များ ကို ထိန်းထားရန် ကြိုးစားရင်း ပြောလိုက်သည်။ ထျန်းတိုက်ကျုံးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လောကရှန့်ထို တစ်ယောက် အနေဖြင့်ပင် သူမ ထိုကဲ့သို့ မခံစားပဲ မနေနိုင်ခဲ့ချေ။ အကယ်၍ ထိုလူကိုသာ နှစ်ပေါင်း နှစ်သောင်း ချိပ်ပိတ် မထားပါက ယခုအချိန် မည်သည့် အဆင့်ထိ ရောက်ရှိနေမည်ကို မသိရချေ။

“...”

ဟူမေဖန်မှာ မှင်သက် နေရာမှ လန့်နိုးလာ၏။ သူမ မယုံကြည်နိုင်သည့် အမူအရာဖြင့် ကျန်းကျဲဝူရှုကို ကြည့်လိုက်သည်။ သူ ငွေရောင် မျက်လုံးများကို မမြင်ခဲ့သည်လား။ လုံးဝ သတိမထားခဲ့မိသည်လား။

“မြန်မြန်လုပ်ရအောင်...”

လျူယင်လန်းက တိုက်တွန်းလိုက်၏။ သူမမှာ ညီအစ်မဖြစ်သူကို မည်သည့် အရာထက် မဆို ပို၍ ကယ်တင်လိုပေသည်။ သူမ အတွက် အခြား မည်သည့်အရာမှ အရေးမကြီးတော့ပေ။

ဟူမေဖန် လျူယင်လန်းကို လှည့်ကြည့်လိုက်မိ၏။ ကျန်းကျဲဝူရှု အတွက်တော့ ဟူမေဖန်၏ ထိတ်လန့် တုန်လှုပ်မှု ကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိပေ။

“ဒါက အကျဉ်းထောင် တစ်ခုလို ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘူးလို့တော့ ငါ မယုံဘူး... တောင်ထဲမှာ ဝင်္ကပါတွေနဲ့ ပိတ်ဆို့ထားတဲ့ နယ်မြေခွဲ တစ်ခု ရှိတယ်... ငါ့ကို အချိန် ရှစ်စက္ကန့်ပဲပေး... ဘယ်သူမှ သတိမထားမိပဲ ငါတို့ သုံးယောက်လုံး အထဲဝင်နိုင်အောင် လုပ်ပေးနိုင်တယ်”

သူမက ဝင်္ကပါ အလံ အနည်းငယ်ကို ထုတ်ယူလိုက်၏။ ဝင်္ကပါ အလံများ အပြင် ပေသီးခုံ တစ်ခုနှင့် စက္ကူယပ်တောင် တစ်ခုလည်း ပါဝင်ပေသည်။

လျူယင်လန်း ခေါင်းညိတ်လိုက်၏။ သူမ၏ နှလုံးသားက ဆင်နင်းသလို ပြင်းအားမျိုးဖြင့် ခုန်ပေါက် နေခဲ့သည်။ နှစ်ပေါင်း နှစ်သောင်းနီးပါး စောင့်မျှော်ခဲ့ရသည့် မိသားစုလေးမှာ ပြန်လည် ဆုံဆည်း ပေတော့မည် မဟုတ်ပါလား...။

“လုပ်လိုက်တော့”

သူတို့ မသိလိုက်သည့် အရာအား ထျန်းတိုက်ကျုံး၏ အော်ရာ လွှမ်းမိုးသွားသည့် အချိန်တွင်ပင် အင်ပါယာ ကောင်းကင်ဂြိုဟ်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းမှ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် အဆုံးမဲ့ ကောင်းကင် နယ်မြေမှာ သူတို့၏ နတ်ဘုရား အင်ပါယာ ဆင်းသက်လာခြင်းကို ကြိုဆို လိုက်ရလေသည်။

ဧကရာဇ်၏ အော်ရာကို ခံစားလိုက်မိရုံဖြင့်ပင် အဆုံးမဲ့ ကောင်းကင် ပြည်သူ ပြည်သားတို့မှာ ခံစားနေရသည့် ဝေဒနာနှင့် အမိုက်မှောင် အားလုံးကို မေ့လျော့သွားသလို ခံစားလိုက်ရသည်။ သူတို့၏ နေအိမ်များ အတင်းအကြပ် သိမ်းယူ ခံနေရစဉ်၊ ကာကွယ်သူများ ရက်စက်စွာ သတ်ဖြတ်ခံနေရစဉ် သူတို့ အတွက် ကျန်ရှိနေသေးသည့် တစ်ခုတည်းသော မျှော်လင့်ချက်က နတ်ဘုရား အင်ပါယာ ဖြစ်သည်။

သူတို့ အတွက် နတ်ဘုရား အင်ပါယာမှာ ကောင်းကင်ကို ထာဝရ ထိန်းထားပေးနိုင်သည့် ထောက်တိုင်ကြီး တစ်ခု ဖြစ်ပေသည်။

ယခုတွင်တော့ ဧကရာဇ်မှာ ဆင်းသက် လာခဲ့လေပြီ။

“အရှင်မင်းကြီး...”

ထျန်းဝေလုံက အော်ဟစ်လိုက်၏။ ထျန်းတိုက်ကျုံး၏ ဘိုးဘေးဝမ်းကွဲ တော်စပ်သူ တစ်ဦး ဖြစ်သော်လည်း နဂါးလက်သီး အင်ပါယာ၏ အသံမှာ အသက်အရွယ် ကြီးရင့်မှုပင် မငဲ့ကွက်တော့ပဲ ပြင်းထန်သည့် ခံစားချက်လှိုင်းများဖြင့် တုန်ရီ၍ပင် နေခဲ့သည်။

စုနန်ကျူးနှင့် ကျားယန်တို့ကတော့ ကောင်းကင် အင်ပါယာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို အဝေးမှ တည်ငြိမ်စွာ စောင့်ကြည့် နေကြသည်။ လောကရှန့်ထို အဆင့် မိန်းကလေး သုံးဦးမှာ လျှို့ဝှက်တာဝန် အတွင်း ဖော်ထုတ်ခံလိုက်ရရုံသာ မက ထျန်းတိုက်ကျုံး၏ ထောင်ချောက် အတွင်းကိုပင် ကျဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ကြပေသည်။ အလွန်အမင်း သတိထားမှု၊ ဂရုတစိုက် စီစဉ်မှုနှင့် လောကရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားကြသော်လည်း ထိုမိန်းကလေး သုံးဦးမှာ နောက်ဆုံးတွင်တော့ ထျန်းတိုက်ကျုံးကို ရှောင်လွှဲရန် ပျက်ကွက်ခဲ့ကြသည်။

သို့သော်လည်း စုနန်ကျူးကတော့ သံသယ ရှိနေဆဲ ဖြစ်သည်။ ကျန်းကျဲဝူရှုမှာ အလွန် အရည်အချင်း ရှိသူ ဖြစ်သည်။ သူမ လှုပ်ရှားသော အခါ ရလဒ်က နှစ်ခုသာ ရှိသည်။ စောစီးစွာ အောင်မြင်ခြင်းနှင့် နောက်ကျမှ အောင်မြင်ခြင်းတို့ ဖြစ်သည်။ ရှုံးနိမ့်ခြင်းမှာ ဖြစ်နိုင်ချေ ရှိသည့် ရလဒ် တစ်ခု မဟုတ်ချေ။

ကျားယန်ကတော့ သူ့ အသိစိတ် ပင်လယ် အတွင်း ဝှက်ထားသည့် ဟူမေဖန်၏ အသက်အဆောင်ကိုသာ စစ်ဆေးလိုက်၏။ မိန်းကလေး၏ ဝိညာဉ် အော်ရာတွင် ဖိစီးမှု အနည်းငယ်မျှပင် မရှိလေရာ သူမ အန္တရာယ် မရှိသေးဟု အဓိပ္ပာယ် ရပေသည်။ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သော်လည်း မျက်နှာပေါ်တွင်တော့ သူ မည်သည့် လက္ခဏာကိုမှ မပြခဲ့ချေ။

ဟူး... ဟူး...

အင်ပါယာ ကောင်းကင် ပျောက်ကွယ် သွားခဲ့ပြီးနောက် ထိုနေရာတွင် ပုံရိပ် တစ်ခုမှာ မတ်တပ်ရပ် နေခဲ့သည်။ အားလုံး၏ အကြည့်များက ထိုနေရာသို့ ရွေ့လျား သွားခဲ့ကြ၏။

ထျန်းတိုက်ကျုံး

လောက၏ တည်ရှိမှု တစ်ခုလုံးမှာ နေရာတစ်ခုတည်းတွင် စုစည်း သွားသည့် အလား မည်သူမှ အကြည့်ကို လွှဲဖယ်ပိုင်ခွင့် မရှိခဲ့ချေ။

ဧကရာဇ် တစ်ပါး မတ်တပ်ရပ်သောအခါမှာ မြေကြီးမှာ ငြိမ်သက်၏။ ဧကရာဇ် တစ်ပါး ထလာသောအခါ ကောင်းကင်မှာ နားထောင်၏။ ဧကရာဇ် တစ်ပါး လှုပ်ရှားသောအခါ ကောင်းကင်ပင် လိုက်နာရပေမည်။

အစောပိုင်းက သူ ရောက်ရှိလာသောအခါ မြေကြီးမှာ ငြိမ်သက်ခဲ့ရလျှင်၊ ကောင်းကင်မှာ သူ၏ ဆန္ဒကို နားထောင်ခဲ့ရလျှင်၊ ယခုအခါ ကောင်းကင်ဘုံ၏ ထိန်းချုပ်မှု အောက်ရှိ လူတိုင်းမှာ သူ၏ လှုပ်ရှားမှုတိုင်းကို လိုက်နာရပေမည်။

***

All Chapters