ထျန်းတိုက်ကျုံး (၃)
Vol. 126 Ch. 1760
ဖန်ယွဲ့ နှင့် ကျန့်ယန်တို့မျာ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။ အင်ပါယာ အကြံပေးမှာလည်း အော်ရာကို ခံစားလိုက်မိရာ ခေါင်းကို နောက်လှည့်ကြည့်ရန် အားကြိုး မာန်တက် ရုန်းကန် နေခဲ့သည်။ သို့သော်လည်း... သူမ၏ မျက်လုံးများမှာ သွေးများနှင့် ပြည့်လျှံနေလေရာ ထျန်းတိုက်ကျုံးကို အမှန်တကယ် မမြင်နိုင်ခဲ့ချေ။ သို့သော်လည်း... ၎င်းကပင် သူမ၏ စိတ်ခံစားချက်များကို လင်းလက်စေဖို့ လုံလောက်ခဲ့ကာ ညင်သာသော အပြုံးတစ်ခုကို သဘာဝ အတိုင်း ဖြစ်ပေါ်စေခဲ့၏။
“အွတ်...”
သို့သော်လည်း ကျန့်ယန်၏ လက်ချောင်းများက ပိုမို တင်းကြပ် လာခဲ့လေရာ သူမ၏ အပြုံးက ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ သိသိသာသာပင် မူးဝေမှုနှင့် အားနည်းမှုတို့ကို သူမ ခံစားလာခဲ့ရ၏။ သူမ သတိလစ်လုနီးပါး ဖြစ်နေခဲ့တာ ရှင်းလင်းပေသည်။
ဖန်ယွဲ့၏ အမူအရာက လေးနက်နေကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။
“အင်ပါယာ ဥပဒေသ...”
ကျန့်ယန်မှာ ယန်ဒီရေ ပိုင်းဖြတ်ခြင်းဓားကို ဆုပ်ကိုင်ထားခဲ့သည်။ ဓားမှာ သိမ်မွေ့သည့် သံစဉ် တစ်ခုကို ထုတ်လွှတ်နေကာ အနီးရှိ အပျက်အစီး မန်နာများကို စည်းချက် ညီညီ လှုပ်ရှား သွားစေခဲ့၏။
ကျန့်ယန်မှာ အထွတ်အမြတ် နိုင်ငံတော်၊ ယန်ကလန်မှ ဖြစ်သည်။ ယင်းမှာ လျှို့ဝှက် အရှင်သခင် တစ်ယောက် အုပ်ချုပ်နေသည့် မျိုးနွယ် တစ်ခု ဖြစ်ကာ အလွန်ပင် အင်အား တောင့်တင်းသလို ချမ်းသာ ကြွယ်ဝမှုလည်း ရှိသည်။ ကျန့်ယန်လို လောကရှန့်ထို တစ်ယောက်ထံတွင် လျှို့ဝှက် လောက အဆင့် လက်နက် တစ်ခု ရှိနေခြင်းက အကောင်းဆုံး သက်သေပင် ဖြစ်သည်။
ဝှစ်...
ဖန်ယွဲ့ကလည်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မြူးခိုးများ ဖုံးလွှမ်းနေသည့် အဖြူရောင် ဓားတစ်စင်း ပေါ်လာခဲ့သည်။ သူမမှာ ကျန့်ယန်လို နောက်ခံမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ဖန်ကလန်၏ တစ်ဦးတည်းသော မြေကြီးရှန့်ထို ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် လျှို့ဝှက် လောကတစ်ပိုင်း အဆင့် ယင်သွေးကြောဖြတ်ဓားကို ပိုင်ဆိုင်ထားပေသည်။
ကျန့်ယန်က လှပ ဆွဲဆောင်မှု ရှိလှသည့် သူ၏ တာအို လက်တွဲဖော်ကို ကြည့်လိုက်၏။ ထို့နောက် အင်ပါယာ အကြံပေးကို သူမ မြင်နိုင်အောင် အပေါ်သို့ မြှောက်ပြလိုက်သည်။ သူ၏ အမူအရာက “ဤအမျိုးသမီးကို အသက်ရှင်လျက် ထားရှိလိုသေးသလား” ဟု မေးမြန်းနေကြောင်း ထင်ရှားပေသည်။
“အဲဒီ မျက်ကန်းစုန်းမလေးကို ရှင့်ရဲ့ အတွင်းပိုင်းလောကထဲ ထည့်ထားလိုက်... သူက နောက် အသုံးဝင် လာနိုင်သေးတယ်”
ဖန်ယွဲ့က သိပ်ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူမမှာ အင်ပါယာ အကြံပေးကို လွယ်လွယ်ကူကူ လွတ်မြောက်ခွင့်ပေးရန် ဆန္ဒ မရှိကြောင်း ရှင်းလင်းပေသည်။ ကျန့်ယန်က ခေါင်းညိတ်လိုက်ကာ အင်ပါယာ အကြံပေးကို သူ့ အတွင်းပိုင်း လောကအတွင်း ပို့လွှတ်လိုက်လေ၏။
သူတို့ နှစ်ဦးမှာ အဝါရောင် ယာဉ်ငယ် အတွင်း ရပ်နေခဲ့ကြကာ စုနန်ကျူးနှင့် ကျားယန်တို့ ရှိရာထံ အလွန် လျှင်မြန်စွာ ပြေးလွှား သွားနေခဲ့သည်။ အဖွဲ့တစ်ခု အနေဖြင့် ပြန်လည် ပေါင်းစည်းဖို့ ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ အစောပိုင်းက ထွက်ပေါ်လာခဲ့သည့် အဆုံးမဲ့ ကောင်းကင် အော်ရာမှာ အလွန်ပင် ပြင်းထန်လှသည်။ ထို့အပြင် အင်ပါယာ ဥပဒေသနှင့်လည်း ရောနှောနေသည်။
အင်ပါယာ ဥပဒေသ...
သူက ကောင်းကင် ရှန့်ထို အဆင့်ကို ရောက်ရှိရန် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်သည့် ပျိုးထောင်ခြင်း အဆင့်၏ ၉ ရာခိုင်နှုန်းကို ရောက်ရှိနေပြီလော။
ထိုထျန်းတိုက်ကျုံးက မည်သူနည်း။
အခြားတစ်ဖက်၌ စုနန်ကျူးမှာ သူတို့ထံ အလျှင်အမြန် ပျံသန်း လာနေသည့် ယာဉ်ငယ်ကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။ သူသည်လည်း ဥပဒေသ အော်ရာကို ခံစားရသည်။
နှစ်ပေါင်း နှစ်သောင်း ချိပ်ပိတ်ခံထားရသည့် ထျန်းတိုက်ကျုံးမှာ ဥပဒေသ မျိုးစေ့ကို သန္ဓေတည်နိုင်ရုံမျှသာ မက ပိုမို မြင့်မားသည့် အဆင့်တစ်ခု အထိ မွေးမြှူထားနိုင်လိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ လျူယင်လန်း၏ အကဲဖြတ်မှုက မှန်ကန်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူမက ထျန်းတိုက်ကျုံးကို ဘယ်တော့မှ လျှော့မတွက်ရန် လေးနက်စွာဖြင့် သတိပေးခဲ့သည်။
လောက၌ နှစ်ပေါင်း ငါးသောင်း အသက်ရှင်ပြီးချိန်တွင်ပင် ဥပဒေသ မျိုးစေ့ တစ်ခုကို သန္ဓေ မတည်နိုင်သေးသည့် လောကရှန့်ထိုများ ရှိကြသည်။ ထို့အပြင် ကောင်းကင် ရှန့်ထိုများစွာမှာလည်း သူတို့၏ ဥပဒေသ မျိုးစေ့ကို ၉% မှ ၈၁% အထိ ပျိုးထောင်ရန် အတွက်ပင် ဘဝ တစ်လျှောက်လုံး မလုံလောက်ခဲ့ကြချေ။ ၈၁ ရာခိုင်နှုန်းမှာ အာဏာရှင် ရှန့်ထို ဖြစ်လာရန် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်ပေသည်။
အခက်အခဲက စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် မြင့်မားသည်။ ၎င်းမှာ အသုံးများသည့် “ကျင့်ကြံခြင်းက ခက်ခဲသည်” ဟူသော စကားစုကို ပြည့်ပြည့်စုံစုံပင် ရှင်းပြနိုင်ပေလိမ့်မည်။
ထို့အပြင်... ၎င်းမှာ အနိမ့်ဆုံးသော လိုအပ်ချက်သာ ဖြစ်သည်။ အခြား လိုအပ်ချက်များစွာလည်း ရှိသေးပြီး တစ်ခုချင်းစီတိုင်းက အောင်မြင်ရန် အလွန် ခက်ခဲလှသည်။ လိုအပ်ချက် အားလုံး ပြည့်ဝသွားခြင်းမှာ ဆဋ္ဌမမြောက် ကပ်ဘေးကို စိန်ခေါ်ရန် အရည်အချင်း ပြည့်မှီခြင်းဟုသာ ဆိုလိုသည်။ သို့သော်လည်း ၎င်းက မည်သည့် နည်းလမ်းနှင့်မျှ အာမခံချက် ပေးလိမ့်မည် မဟုတ်ချေ။ များလှစွာသော လောကရှန့်ထိုများနှင့် ကောင်းကင် ရှန့်ထိုများမှာ ကပ်ဘေးများ၌ အသက်ဆုံးရှုံးခဲ့ရဖူးပေသည်။
ကျားယန် လက်များကို ပျင်းရိစွာဖြင့် ဆန့်တန်းလိုက်၏။
“သူ လှုပ်ရှားတော့မယ်...”
သူက လူအိုကြီး တစ်ဦး၏ ပုံသဏ္ဌာန် ရှိသော်လည်း သူ၏ ကြွက်သားများနှင့် ပြည့်နေသည့် ခန္ဓာကိုယ်က အဆုံးမဲ့ ရုပ်ပိုင်းဆိုင်ရာ အော်ရာများကို ထုတ်လွှတ် နေခဲ့သည်။
“…”
စုနန်ကျူးကတော့ အင်ပါယာ ကောင်းကင် တည်ရှိခဲ့သည့် နေရာတွင် တစ်ကိုယ်တည်း မတ်တပ်ရပ်နေသည့် ပုံရိပ်ကိုသာ စိုက်ကြည့် နေခဲ့၏။ စုနန်ကျူး မပြောရသေးသည့် အတွေးများကို ကြားလိုက်သည့် အလား ကျားယန်က ပခုံးတွန့်လိုက်သည်။ အကယ်၍ စုနန်ကျူးက ‘ထျန်းတိုက်ကျုံး၏ ခွန်အားကို တာအို လက်တွဲဖော် စုံတွဲ နှင့် စမ်းသပ်လိုလျှင်’ သူ့ဘက်ကလည်း ကန့်ကွက်စရာ မရှိပါချေ။ အကယ်၍ ထိုနှစ်ယောက်က သူ့ကို တစ်ခါတည်း သတ်ပစ်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်သည်။
“အရှင်မင်းကြီး...’
အတင်းအကြပ် ခေါ်ဆောင်ခံနေရခြင်းမှ လွတ်မြောက်ခဲ့သည့် ဂြိုဟ်တစ်ခုပေါ်မှ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်က အော်ဟစ်လိုက်ရင်း မျက်ရည်များ စီးကျလာသည်။
“အရှင်မင်းကြီး...”
လူငယ်လေး တစ်ဦးကလည်း ကျူးကျော်သူများ အပေါ် လက်စားချေလိုသည့် စိတ်ဖြင့် ငိုကြွေးလိုက်သည်။ တိုက်ပွဲမှ ဖြစ်ပေါ်လာသည့် လှိုင်းလုံးမျာ်မှာ သူ၏ အဘွားကို သေဆုံးစေခဲ့သည်။ သူ၏ ရင်ခွင်ထဲတွင် အသက်မဲ့ကာ အေးစက်နေသည့် အဘွားဖြစ်သူ၏ ရုပ်အလောင်း ကို ပွေ့ဖက် ထား၏။
“အရှင်မင်းကြီး...”
ထျန်းဝေလုံနှင့် အတူ ပါလာသည့် အမျိုးသမီး ကောင်းကင် ဧကရာဇ်မှာ အင်ပါယာ ကလန်နှင့် အဆုံးမဲ့ ကြယ်တာရာ နယ်မြေ ကျရှုံးတော့မည်ဟု သံသယ ရှိခဲ့သော်လည်း ထျန်းတိုက်ကျုံး ပေါ်လာသည်ကို မြင်လိုက်ရသော အခါတွင်တော့ ထိုသံသယများ အားလုံး ရှင်းလင်း သွားခဲ့လေသည်။
“အရှင်မင်းကြီး...”
အဆုံးမဲ့ ကောင်းကင် နယ်မြေ အတွင်း နေထိုင်ကြသော လူတိုင်းလိုလိုမှာ မြင်နိုင်သည် ဖြစ်စေ၊ မမြင်နိုင်သည် ဖြစ်စေ... ကောင်းကင်သို့ မျက်ရည်များနှင့် မော့ကြည့် လိုက်မိကြသည်။ ထိုကြီးကျယ် ခမ်းနားသည့် တည်ရှိမှုကို သူတို့ ခံစားနိုင်ပေသည်။ သူ ရောက်ရှိလာပြီ ဖြစ်ကြောင်း သူတို့ သိကြပေသည်။
ထျန်းတိုက်ကျုံးမှာ အမှောင် ဟင်းလင်းပြင်ကို ကျောက်ဖြာ တစ်ခုကို နင်းကာ ရပ်နေခဲ့၏။ သူက ရိုးရှင်းသည့် လျှော်ချည်ဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိတော့ချေ။ နေကြယ်များအား ဝါးမြိုကာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း မယှဉ်သာသည့် ခမ်းနား ထည်ဝါမှုများအား ထုတ်လွှတ်နေသည့် နဂါး တစ်ကောင် ခြယ်သထားသော ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။
တဖျပ်ဖျပ် လွင့်နေသည့် မီးခိုးရောင် ဆံပင်များမျာ ဘဝ၏ အနိမ့်အမြင့် များစွာကို ဖြတ်သန်းခဲ့ရပြီး ပြင်းထန်သည့် ဆန္ဒတို့ဖြင့် အရာအားလုံးကို အောင်နိုင်ခဲ့သည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး၏ ပုံရိပ်ကို ကောင်းစွာပင် ထင်ဟပ် နေခဲ့သည်။
ထျန်းတိုက်ကျုံးမှာ ငြင်းပယ်လို့ မရအောင် ခန့်ညားသည်။ ချောမောသည်။ ပြင်းထန်သည့် ဆွဲဆောင်နိုင်စွမ်းမှာ သူ၏ ချွေးပေါက်တိုင်းမှ စိမ့်ထွက်နေကာ ပန်းချီကားများထဲတွင် ဆွဲလေ့ရှိသည့်၊ ပုံပြင်များထဲတွင် ပုံဖော် ပြောဆိုလေ့ ရှိသည့် တန်ခိုးရှင် ဧကရာဇ် တစ်ပါးနှင့် ဆင်တူလှသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် နှိုင်းယှဉ်ပါက သူ၏ ခန္ဓာကိုယ်မှာ မနှိုင်းယှဉ်သာအောင် သေးငယ်လှသော်လည်း လူတိုင်း၏ အမြင်တွင် သူက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကြီး တစ်ခုလုံးထက်ပင် ပိုမို၍ ကြီးမား နေခဲ့ပြီး အဆုံးမဲ့ ကောင်းကင် နေကြယ်ထက်ပင် သာလွန်သည့် တောက်ပမှုများကို ထုတ်လွှတ် နေခဲ့လေသည်။
အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ထွက်ပြေး နေကြသည့် လျှို့ဝှက် အာဏာရှင်များမှာလည်း ထိတ်လန့် သွားကြသည်။ သူက ရှေ့ဟောင်း ချိပ်ပိတ်နယ်မြေ၏ အစွမ်း အထက်ဆုံး အုပ်စိုးရှင်လော။
အာရုံ ခံစားမှု ထက်ရှသူများမှာ ဦးရေပြားများ ထုံကျင်လာကြကာ ရင်တဒိတ်ဒိတ် ခုန်လာကြ၏။ သူတို့၏ လျှို့ဝှက် ဝိညာဉ်များက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အော်ဟစ် နေကြပြီ ဖြစ်သည်။
ပြေး... ပြေး... ပြေး...
***