← Chapters

ထျန်းတိုက်ကျုံး (၄)

Vol. 126 Ch. 1761

ထျန်းတိုက်ကျုံး (၄)

Vol. 126 Ch. 1761

ဝှစ်...

သွေးနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် လစာကြည့်တိုက်မှူး တစ်ယောက်မှာ ထွက်ပြေးနေခြင်းကို တုန့်နှေးလိုက်ကာ လောကရှန့်ထို တစ်ဦး ဖန်တီးထားသည့် အဆောင် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ သူမ၏ ချစ်သူ ပေးထားသည့် အဆောင် ဖြစ်သည်။

မိန်းကလေးမှာ အဇူရာ မူလ ကြယ်စင်စုတွင် မြေကြီး ရှန့်ထို တစ်ဦးနှင့် လက်ထပ် ထားခဲ့သော်လည်း အဆုံးမဲ့ ခရီးသွား နယ်မြေသို့ ရောက်ရှိပြီးနောက်တွင် အကျိုးအမြတ် အတွက် ဖောက်ပြန်ခဲ့သည်။ အကယ်၍ ထိုအဆောင် ကို သေသေချာချာ အာရုံခံ စစ်ဆေးကြည့်ပါက ကျားယန်၏ အော်ရာကို အာရုံခံမိလိမ့်မည် ဖြစ်သည်။

ဝှစ်...

ချက်ချင်းပင် လျှို့ဝှက် အလင်းရောင်များက သူမကို ဥတစ်ခုလို ဝန်းရံလိုက်ကာ ဖန်ယွဲ့၏ ယာဉ်ငယ်ထက် အဆပေါင်းများစွာ သာလွန်သော အရှိန် ဖြင့် ပျောက်ကွယ် သွားခဲ့တော့သည်။

“…”

စုနန်ကျူးက ကျားယန်ကို စိုက်ကြည့်လိုက်၏။ ကျားယန်က ဂရုမစိုက်သလို လှည့်ကြည့်ခြင်းလည်း မရှိပါချေ။

“…”

ထျန်းတိုက်ကျုံးက ထွက်ပြေးနေသည့် သွေးနီရောင် လစာကြည့်တိုက်မှူးကို လှမ်းကြည့်လိုက်၏။ သူက တစ်စုံတစ်ရာ ပြောဖို့ ကြံရွယ်နေသော်လည်း ထွက်ပြေးမှုက အံ့မခန်း လျှင်မြန်လှလေရာ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ ထို့ကြောင့်ပင် ပြောတော့မည့် စကားကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။

“မင်းတို့ ငါ့အိမ်ကို ရောက်လာတယ် ဆိုမှတော့ နေ...”

ချက်ချင်းပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်နိမိတ် တစ်ခုလုံးမှာ ကြယ်တာရာ အကာအကွယ် တစ်ခုလို ခိုင်မာ သွားခဲ့၏။ သွေးနီရောင် လစာကြည့်တိုက်မှူးမှာ လွတ်မြောက်သွားခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ အခြားလူများမှာ အဆောင် အမျိုးမျိုးကို ထုတ်လွှတ် လိုက်ကြသော်လည်း ရပ်တန့် ခံလိုက်ရသည်ချည်း ဖြစ်သည်။

အချို့မှာ ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရကာ ကြယ်တာရာ အကာအကွယ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ အချို့ကတော့ ပြင်းထန်စွာ ဒဏ်ရာ ရသွားကာ အကာအကွယ်နှင့် ပြင်းထန်စွာ တိုက်မိပြီး သတိလစ် သွားကြ၏။

ဖန်ယွဲ့နှင့် ကျန့်ယန်တို့ နှစ်ဦး ပင်လျှင် လွတ်မြောက်ခြင်း မရှိပါချေ။ စိုးရိမ်ထိတ်လန့်မှုက လျှို့ဝှက် အာဏာရှင် အားလုံး၏ နှလုံးသား အတွင်း မင်းမူ နေခဲ့ကြပြီ ဖြစ်သည်။

ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာ အစီအရင်...

၎င်းမှာ အင်ပါယာ ကလန်၏ နယ်မြေ အစီအရင်ကြီးပင် ဖြစ်သည်။ နာမည်မှာ အလွန် ခမ်းနားခြင်း မရှိသော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်လျှောက် ပြိုင်ဘက်ကင်း အဖြစ် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သည်။

ဟူး... ဟူး...

ရုတ်တရက် နေကြယ် ထောင်ပေါင်းများစွာမှာ အကာအကွယ်၏ မျက်နှာပြင်ထက်တွင် လင်းလက် လာခဲ့၏။ ၎င်းတို့မှာ မျက်စိ တစ်မှိတ် အတွင်းမှာပင် နှစ်သန်းပေါင်းများစွာကို ဖြတ်သန်း သွားခဲ့ကာ အဆက်မပြတ် ရွေ့လျားခြင်း၊ သေဆုံးခြင်း၊ မွေးဖွားခြင်း၊ စူပါနိုဗာတို့ ကဲ့သို့သော ကောင်းကင် ဖြစ်ရပ်များစွာကို ထုတ်လွှတ် နေခဲ့သည်။

“အား...”

လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်က ပြင်းထန်သော ဝေဒနာ ဖြင့် အော်ဟစ်လိုက်၏။

ဘုန်း...

ထို့နောက်... သူမ ပြင်းထန်စွာပင် ပေါက်ကွဲ သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ...”

မြေကြီးရှန့်ထို တစ်ဦးက အကာအကွယ် ခြေချခြင်း ကျင့်စဉ် တစ်ခုနှင့် အတူ လျှို့ဝှက် အကာအကွယ်ကို ထုတ်ဖော်ရင်း မေးလိုက်၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အတွင်းမှ လျှို့ဝှက် စွမ်းအင်များမှာ စိမ့်ထွက်နေကာ အက်ကြောင်းများ အလျှင်အမြန် ကြီးထွားလာနေသည်ကို ခံစားရသည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင် အားလုံးမှာ ပုန်ကန်နေခဲ့ပြီ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲမှုများက အဆက်မပြတ် ဖြစ်ပေါ်လာကာ လျှို့ဝှက် အာဏာရှင် ရာပေါင်းများစွာမှာ တဒင်္ဂ အတွင်း သေဆုံး သွားခဲ့ကြ၏။ အဆုံးမဲ့ ခရီးသွား နယ်မြေသားများမှာ အလွန်ပင် ကြောက်လန့် နေခဲ့ကြကာ အမျိုးမျိုးသော နည်းလမ်းများကို သုံးဖို့ ကြိုးစား နေကြသော်လည်း သူတို့၏ လျှို့ဝှက် ဝိညာဉ်များကို ထိန်းချုပ်ရန် ခက်ခဲနေကြောင်း တွေ့ရှိခဲ့ကြရသည်။ သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ ဆူပွက်ခြင်း၊ လျှင်မြန်စွာ လှည့်ပတ်ရင်း၊ ပြင်းထန်စွာ ခုန်ပေါက်ခြင်း စသည်တို့ ဖြစ်ပေါ်လာ၏။ မည်သည့် အရာကိုမှ သူတို့ မတားဆီးနိုင်ခဲ့ကြချေ။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံများကို နားစွင့်ရင်း ဖန်ယွဲ့ တစ်ယောက် ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာ အစီအရင်ကို စိုက်ကြည့် နေခဲ့သည်။ သူမ ကျားယန်နှင့် စုနန်ကျူးတို့ကို အာရုံ မခံနိုင်ခဲ့ချေ။ ကျန့်ယန်မှာ ဖန်ယွဲ့၏ အနီးတွင်ပင် ရှိနေဆဲ ဖြစ်ကာ ရွှေရောင် အကာအကွယ် တစ်ခုမှာ သူတို့ကို ဝန်းရံထား၏။

“ကယ်ကြပါဦး...”

အနီးအနားရှိ လျှို့ဝှက် အာဏာရှင် အချို့မှာ သူတို့ထံသို့ ပြေးလာကာ အော်ဟစ်လိုက်ကြသည်။ ကျန့်ယန်က ဓားကိုင်မထားသည့် လက်ကို ဝှေ့ယမ်းလိုက်၏။ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ဖြန့်ကျက်သွားကာ ရွှေရောင် အကာအကွယ်ကို ချဲ့ထွင်လိုက်သည်။ ချက်ချင်းပင် လျှို့ဝှက် အာဏာရှင်များမှာ သူတို့၏ လျှို့ဝှက် စွမ်းအင်နှင့် လျှို့ဝှက် ဝိညာဉ်များ တည်ငြိမ်သွားသလို ခံစားလိုက်ကြရသည်။ သူတို့ သက်ပြင်းများ ချလိုက်သော်လည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း ပေါက်ကွဲမှုများက ဆက်လက် ဖြစ်ပေါ်နေတုန်း ဖြစ်ပေသည်။

လောကရှန့်ထို နှစ်ဦး၏ အရိပ်အောက်တွင် လုံခြုံနေသည့် အခြားလူများကို ကြည့်ရင်း လျှို့ဝှက် အာဏာရှင် အဆင့် များစွာမှာ ထိုအရပ်ဆီသို့ ဦးတည်ရန် သူတို့၏ နည်းလမ်းများကို စတင် အသုံးပြု လိုက်ကြ၏။ သို့သော်လည်း များစွာမှာ လမ်းခုလတ်တွင်ပင် သွေးမြူများ၊ အရိုးစု အပိုင်းအစများ အဖြစ် ပေါက်ကွဲသွားကာ လိုရာကို မရောက်ခဲ့ကြပါချေ။ သူတို့၏ အကြွင်းအကျန် စွမ်းအင်များမှာလည်း အံ့ဩဖွယ်ရာပင် ပျောက်ကွယ်သွားကာ နေကြယ်များ၏ စုပ်ယူမှုကို ခံလိုက်ရသည်။

“ကျင့်စဉ် သွေဖီခြင်း...”

ဖန်ယွဲ့က အေးစက်စက် ပြောလိုက်၏။ ကျန့်ယန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထျန်းတိုက်ကျုံး ကို စိုက်ကြည့်လိုက်၏။

မြို့တော်သခင်လျူက ထျန်းတိုက်ကျုံးမှာ ပြိုင်ဘက်ကင်း တစ်ယောက်ဟု ပြောခဲ့ဖူးသည်။ သို့သော်လည်း ၎င်းမှာ အဇူရာ မူလ ကြယ်စင်စု အတွက် မဟုတ်ပဲ အသိဉာဏ်မဲ့ လူရိုင်းများ နေထိုင်သည့် ရှေ့ဟောင်း ချိပ်ပိတ်နယ်မြေ အတွက်သာ မှန်ကန်လိမ့်မည်ဟု သူ ယူဆခဲ့သည်။ ထို့ကြောင့်ပင် ထျန်းတိုက်ကျုံး ဆိုသူ၏ ခွန်အားကို များစွာ အလေးမထားခဲ့ချေ။

ယန်ကလန်၏ လောကရှန့်ထို တစ်ပါး အနေဖြင့် ယခုအချိန်အထိလည်း သူ ထျန်းတိုက်ကျုံးကို မကြောက်ပေ။ သူ၏ ဓားရည်ရွယ်ချက်သာလျှင် အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရတော့မည် ဆိုသည့် အသိကြောင့် တဖြည်းဖြည်း မြင့်တက် လာခဲ့၏။

“မဆင်မခြင် မလုပ်နဲ့နော်...”

ဖန်ယွဲ့က သတိပေးလိုက်၏။ ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာ အစီအရင်မှာ လျှို့ဝှက် စွမ်းအင်ကို အခြေခံ အဆင့်မှ စတင်၍ သက်ရောက်နိုင်စွမ်း ရှိသည်။ ၎င်းမှာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်၏ ဖိအားကို အတုယူထားသည့် အလွှာ အဆင့်ဆင့်ပါသော အစီအရင် တစ်ခု ဖြစ်သည်။ မြေကြီးရှန့်ထိုနှင့် အောက်အဆင့်များ အတွက် အလွန်ပင် အန္တရာယ် များသည်။ ထိုအစီအရင် တစ်ခုတည်းဖြင့်ပင် အဆုံးမဲ့ ကောင်းကင်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ ပြိုင်စံရှား ရပ်တည်နိုင်စွမ်း ရှိပေသည်။

“သွေးပူလေ့ကျင့်ခန်းပဲ လုပ်မှာပါ...”

ကျန့်ယန်က ပြောလိုက်၏။ ထျန်းတိုက်ကျုံးက နေစေချင်သည် ဆိုလျှင် သူ့ဘက်ကလည်း လိုက်နာသင့်သည် မဟုတ်ပါလား။

ဖန်ယွဲ့ မျက်မှောင်ကြုတ် လိုက်၏။ ကျန့်ယန်မှာ မည်သည့် စိန်ခေါ်မှု အမျိုးအစားကိုမှ ရင်ဆိုင်ရန် မတွန့်ဆုတ်ကြောင်း သူမ သိပေသည်။ ပိုမို အားကောင်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့် အခါတိုင်း သူ၏ တိုက်ခိုက်လိုစိတ်မှာ ပိုမို မြင့်တက်လာလေ့ ရှိသည်။

စုနန်ကျူးကသာ အစီအရင်အတိုင်း လုပ်ဆောင်ရန် သတိပေး မထားပါက ကျန့်ယန် တစ်ယောက် ဓားကို ဆုပ်ကိုင်ကာ အင်ပါယာ ကောင်းကင်ဆီသို့ ချက်ချင်း ပျံသန်း သွားခဲ့လောက်ပြီး ဖြစ်သည်။

ဖန်ယွဲ့က ပြုံးရင်း သက်ပြင်းချရုံသာ တတ်နိုင်၏။ ထိုအရာက သူမ သူ့ကို ချစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ တာအို လက်တွဲဖော် ဖြစ်လာရန် တောင်းဆိုမှုကို လက်ခံခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။

ကျန့်ယန်၏ မျက်လုံးများမှာ ထက်ရှသည့် ဓားအလင်းများဖြင့် တောက်ပနေခဲ့၏။ သူက ထာဝရ လျှို့ဝှက် သင်္ကေတကို အသုံးပြုကာ လူအများ ခိုလှုံနေသည့် လျှို့ဝှက် အကာအကွယ်ကို မပျက်စီးစေရန် ထိန်းသိမ်းရင်း ရှေ့သို့ အလျင်အမြန် တိုးဝင် သွားခဲ့သည်။

ကလန့်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လျှို့ဝှက် ဓားအလင်းမှာ ရွှေရောင် ကြယ်တံခွန် အဖြစ် ပြောင်းလဲ သွားကာ ထျန်းတိုက်ကျုံးဆီသို့ တိုးဝင် သွားခဲ့ပြီ ဖြစ်သည်။

ဖန်ယွဲ့မှာ သူမ၏ တာအို လက်တွဲဖော်ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့် ပြုလောက်သည် အထိ မမိုက်မဲပါချေ။ သူတို့က တာအိုကို အတူလိုက်စားကာ အမြဲတမ်း ပူးပေါင်း တိုက်ခိုက်ကြသည်။ သူမက ဓားကို ဆုပ်ကိုင်ရင်း အဖြူရောင် ကြယ်တံခွန် အဖြစ် ပြောင်းလဲကာ နောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။ သူတို့ နှစ်ဦးမှာ အမှောင် ဟင်းလင်းပြင် တစ်လျှောက် သဟဇာတ ဖြစ်လှသည့် ယင်ယန် ဓားရောင်ခြည် စုံတွဲကို ဖြစ်ပေါ်စေခဲ့လေသည်။

***

All Chapters