ထျန်းတိုက်ကျုံး (၅)
Vol. 126 Ch. 1762
ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာ အစီအရင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အစီအရင် တစ်ခု ဖြစ်ကာ နှိုင်းယှဉ်လို့ မရနိုင်သည့် ဖိအားများကို ထုတ်လွှတ် နေခဲ့သည်။ ၎င်းက မြေကြီး ရှန့်ထိုများ၏ ခန္ဓာကိုယ်များကို ကွဲအက်စေကာ၊ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ ခန္ဓာကိုယ်များကို ဖောင်းကား လာစေခဲ့ပြီး လျှို့ဝှက် ဝိညာဉ် အဆင့်များကိုတော့ တိုက်ရိုက်ပင် ပေါက်ကွဲစေခဲ့သည်။
ကျန့်ယန်၏ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် ထည့်သွင်းထားသည့် ရွှေရောင် အကာအကွယ် အောက်တွင် ခိုလှုံဖို့ အတွက် လူအများအပြားမှာ ကြိုးစားခဲ့ကြကာ ထိုသက်ရောက်မှု နယ်ပယ် အတွင်းသို့ ရောက်ရှိမှသာ အားလုံး သက်သာရာ ရရှိခဲ့ကြသည်။
အဆုံးမဲ့ ခရီးသွား နယ်မြေ၏ ကျင့်ကြံသူပေါင်းများစွာမှာ ထျန်းတိုက်ကျုံးကို ကျိန်ဆဲ နေမိကြ၏။ သူတို့၏ လောက ရှန့်ထိုများမှာ အဇူရာ မူလ ကြယ်စင်စုတွင်ပင် ဂုဏ်သတင်း ကျော်ဇောသည့် ကျင့်ကြံသူများ ဖြစ်လေရာ ထိုမကောင်းဆိုးဝါးကို လုံးဝ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ယုံကြည် နေခဲ့ကြသည်။
သို့သော်လည်း... သူတို့၏ ကျိန်ဆဲမှုများနှင့် ရက်စက်သည့် ဆန္ဒများက ထျန်းတိုက်ကျုံးကို မည်ကဲ့သို့ ထိခိုက်စေမည်နည်း။ သူ့မျက်လုံးထဲတွင်တော့ ထိုလျှို့ဝှက် အာဏာရှင်များမှာ ခြင်္သေ့ တစ်ကောင်ကို လာကိုက်ဝံ့သည့် ပုရွက်ဆိတ်ကောင်များသာ ဖြစ်သည်။
ကံဆိုးတာ တစ်ခုက ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာ အစီအရင်မှာ သက်ရောက်မှု အရာတွင် သိသိသာသာ အားနည်းနေခြင်း ဖြစ်သည်။ အင်ပါယာ ထျန်းမျိုးနွယ်မှ အစီအရင်၊ ဝင်္ကပါ ပညာရှင်များ တွက်ချက်ထားသည်နှင့် ခြားနားစွာပင် သေမျိုး တစ်ပိုင်း အရှင် အဆင့်များမှာ ဆက်လက်၍ ရှင်သန် နိုင်ခဲ့ကြပေသည်။
အဆုံးမဲ့ ခရီးသွား နယ်မြေ၏ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ဦးချင်းစီမှာ (ချွင်းချက် အနည်းငယ်မှ လွဲ၍) မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှ သေမျိုးတစ်ပိုင်း အရှင် အဆင့်များထက် ပျမ်းမျှ စံနှုန်းအရာတွင် သိသိသာသာ ပိုမို မြင့်မားပေသည်။ ထို့ကြောင့်ပင် သူတို့မှာ လမ်းစဉ် သွေဖီခြင်းနှင့် ခန္ဓာကိုယ် ပေါက်ကွဲခြင်းတို့ မဖြစ်အောင် တောင့်ခံနိုင်ခဲ့ကြသည်။ ထိုအရာမှာ မျှော်လင့်ထားသည့် ရလဒ် တစ်ခု ဖြစ်သော်လည်း ထျန်းတိုက်ကျုံး၏ နှလုံးသား အတွင်း မကျေနပ်မှု အနည်းငယ်ကို ယူဆောင်လာခဲ့လေသည်။
ထျန်းတိုက်ကျုံးက အာရုံပြောင်းလိုက်ရင်း တိုးဝင်လာသည့် လူနှစ်ဦးကို အေးဆေး တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အပြောကျယ်လှသော အမှောင် ဟင်းလင်းပြင် အတွင်းတွင် သူ၏ ဝတ်ရုံမှာ လေမတိုက်ပဲ လွင့်ပျံ နေခဲ့သည်။ သူ၏ မျက်လုံးများက ဟေဇယ်ရွှေရောင်ဖြင့် တဖျပ်ဖျပ် တောက်ပနေကာ မည်သူနှင့်မှ မတူသည့် အဆုံးမဲ့ ခမ်းနားထည်ဝါလှသော အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။
“အရှင်မင်းကြီး...”
“အရှင်မင်းကြီး...”
“အရှင်မင်းကြီး...”
ထိုအခိုက်၌ အဆင့်နိမ့် သေမျိုး ကျင့်ကြံသူများ၏ အော်ဟစ်သံများကိုပင် ထျန်းတိုက်ကျုံး တစ်ယောက် ကြားနေခဲ့ရ၏။ ထိုအရာမှာ အင်ပါယာ ဥပဒေသ မျိုးစေ့၏ လွှမ်းမိုးမှုပင် ဖြစ်လေသည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ အနေဖြင့် သူ၏ အုပ်ချုပ်ခံ ပြည်သူများထံမှ အသံများကိုသာ မက သူတို့၏ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်များကိုပါ ထျန်းတိုက်ကျုံး ခံစားနိုင်သည်။
နောက် လက်စားချေလိုစိတ်...
သတ်ဖြတ်လိုစိတ်...
“ဒီကျူးကျော်သူတွေကို သတ်ပစ်လိုက်... အရှင်မင်းကြီး...”
“သူတို့တွေကို နှစ်သန်းချီအောင် ဖိနှိပ်ထားပေးပါ... အရှင်မင်းကြီး...”
“သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဖျက်ဆီးပြီး ဝိညာဉ်တွေကိုပါ ဝါးမျိုပစ်လိုက်...”
ငယ်ရွယ်သည့် သေမျိုးများ ဖြစ်စေ၊ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်စေ၊ မကောင်းဆိုးရွား ကျင့်ကြံသူများ ဖြစ်စေ... သူတို့အားလုံးမှာ ရင်တွင်းအသံများကို ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ထိုအခိုက်၌ သူတို့ အားလုံးမှာ နတ်ဘုရား အင်ပါယာကို ရိုသေ လေးမြတ်စွာ ကိုးကွယ်ခဲ့ကြသည်။ အခြားမည်သည့် အရာကိုမှ မေးခွန်း မထုတ်ကြဘဲ အောင်ပွဲရလဒ်ကိုသာ မြင်တွေ့လိုကြသည်။
ကျန်ယန်နှင့် ဖန်ယွဲ့တို့အတွက်မူ ဤအရာများသည် အရေးမပါသော အခြေအနေများသာ ဖြစ်သည်။ ကျန့်ယန်မှာ ယန်ဒီရေ ပိုင်းဖြတ်ခြင်းဓားကို လက်ထဲတွင် ကိုင်စွဲရင်း မျက်စိဖြင့် လိုက်မမှီနိုင်သည့် နှုန်းထားဖြင့် ပျံသန်းလာကာ ထျန်းတိုက်ကျုံးနှင့် မိုင်ပေါင်း ငါးသောင်း အကွာအဝေး အတွင်း ရောက်ရှိလာခဲ့၏။ ထို့နောက် သူက အရှိန်အဟုန်ကို မရပ်တန့်ပဲ တန်းကာ တိုက်ခိုက်လိုက်လေသည်။
လမ်းစဉ် ကိုးခု ခြေချခြင်း ကျင့်စဉ်... ရွှေဓား၏ ကောင်းကင် တေးသွား...
ဘုန်း...
လောကကို သိမ်းပိုက်ကာ ကြယ်တာရာများကို ဖျက်ဆီးပစ်နိုင်သည့် ဓားအလင်း တစ်ခု လင်းလက် လာခဲ့၏။ ၎င်းမှာ ကောင်းကင်ဖျက်ဆီးသူ သင်္ဘော နှစ်စင်းကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်နိုင်ခဲ့သည့် ဓားအလင်း ဖြစ်ပေသည်။ ကောင်းကင် တေးသွား တစ်ခုမှာ ၎င်း၏ နောက်မှ ကပ်၍ လိုက်ပါလာ၏။
တစ်ချိန်တည်း၌ ဖန်ယွဲ့ကလည်း ဓားကို ဆန့်ထုတ်လိုက်သည်။
လမ်းစဉ် ကိုးခု ခြေချခြင်း ကျင့်စဉ်... မြူခိုးဓား၏ ကောင်းကင် တေးသွား...
ဘုန်း...
အရာအားလုံးကို ဝါးမျိုပစ်မည့် မြူခိုးအလင်းများမှာ ရွှေရောင် ဓားအလင်းအောက်မှ တိုးကာ ထွက်ပေါ်လာခဲ့၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ရွှေရောင် ဓားအလင်းမှာ သုံးဆမျှ ပိုမိုကျယ်ပြန့်သွားခဲ့သည်။
စုနန်ကျူးနှင့် ကျားယန်တို့ နှစ်ယောက်မှာ ထိုမြင်ကွင်းကို တည်ကြည် လေးနက်စွာဖြင့် စောင့်ကြည့် နေကြ၏။ တာအို လက်တွဲဖော် နှစ်ယောက်၏ ပေါင်းစပ် တိုက်ခိုက်မှုက သူတို့ကိုပင် အံ့အားသင့်စေသည်။ ကျန့်ယန်မှာ သွေးပူလေ့ကျင့်ခန်းသာ လုပ်လိုသည်ဟု ပြောခဲ့သော်လည်း ထိုတိုက်ခိုက်မှု၌ နည်းနည်းလေးမျှ လျှော့ထားခြင်း မရှိပါချေ။ ဖန်ယွဲ့သည်လည်း အလားတူပင် ဖြစ်သည်။
ထျန်းတိုက်ကျုံး၏ မျက်နှာမှာ ရွှေရောင် ဓားရောင်ခြည် အောက်တွင် လင်းထိန်နေ၏။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တောက်ပလာခဲ့သည်။ သူ မတိုက်ခိုက်ရသည်မှာ အချိန် ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။ ပေါက်ကွဲထွက်ပေါ်လာသည့် အရသာ၊ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ကြယ်တာရာ နယ်မြေ တစ်ခု ပျက်စီး သွားခဲ့သလို တိုက်ခိုက်မှုမျိုးကို သူ မေ့လျော့ နေခဲ့ပြီ ဖြစ်သည်။
“အင်ပါယာ ကောင်းကင်”
ထျန်းတိုက်ကျုံးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ချက်ချင်းပင် သူ၏ အတွင်းပိုင်းလောက အတွင်းရှိ အင်ပါယာ ကောင်းကင်ဂြိုဟ်မှာ မြည်ဟီးလာခဲ့သည်။ ကောင်းကင်နန်းတော်မှာလည်း တုန်ခါ လာခဲ့၏။ တစ်ချိန်တည်းတွင်ပင် အဆုံးမဲ့ ကောင်းကင် နေကြယ်မှာ မျက်စိကျိန်းမတတ် အလင်းတန်းများကို ထုတ်လွှတ် လာခဲ့သည်။
ပုံသဏ္ဌာန်မဲ့သည့် ဆက်နွယ်မှု တစ်ခုမှာ ဂြိုဟ်၊ နေကြယ်နှင့် ထျန်းတိုက်ကျုံးတို့၏ ဝိညာဉ်တို့ကြား ပေါ်ပေါက် လာခဲ့သည်။
“ဆိုတော့ ဒါက လောကရှန့်ထို အဆင့်ပေါ့...”
ရွှေရောင် ဓားရောင်ခြည်များက ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားချိန်တွင် ထျန်းတိုက်ကျုံးက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။
ကလန့်...
တိုးဝင်လာသည့် ဓားမှာ ဂြိုဟ်တစ်ခုလုံးကို ဝါးမြိုနိုင်သည့် အရွယ်အစားမှ နေ၍ ဆယ်မီတာခန့်သာ အလျားရှိသည့် ဓားအဖြစ်သို့ ကျုံ့ဝင် သွားခဲ့သည်။ ၎င်း၏ ဧရာမ အသွင်အပြင်မှာ အယောင်ဆောင် သက်သက်သာ ဖြစ်ပြီး၊ ဆယ်မီတာ မျှသော အလျားသာလျှင် အစစ်အမှန်ပုံစံ ဖြစ်သည်ဟု ထင်ရသည်။
“…”
စုန်နန်ကျူးနှင့် ကျားယန်တို့ နှစ်ယောက် မျက်မှောင်ကြုတ် လိုက်ကြ၏။ သူတို့ သေချာစွာ အကဲမခတ်နိုင်ခင်မှာပင် ရွှေရောင် ဓားအလင်းမှာ တောက်ပမှုတွင်ရော၊ အင်အား နှစ်ခုစလုံးမှာပါ လျော့နည်း လာခဲ့သည်။ ထို့နောက် ၎င်းမှာ မီးရှူးမီးပန်းများလို ပေါက်ကွဲ သွားခဲ့တော့၏။
ထျန်းတိုက်ကျုံးကတော့ မထိမခိုက် ရပ်နေဆဲပင်။ လောကရှန့်ထို နှစ်ယောက်၏ မျက်လုံးများမှာ ပြူးကျယ် သွားကြ၏။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာက ထိုနှစ်ထပ်ကွမ်း တိုက်ခိုက်မှုကို ဘာမှ မဖြစ်သလို ခုခံနိုင်ခဲ့သည်လား။ သူ၏ အင်ပါယာ ဝတ်စုံမှာ အနည်းငယ်မျှပင် လှုပ်ယမ်း သွားခဲ့ခြင်း မရှိပါချေ။
ကျန့်ယန်နှင့် ဖန်ယွဲ့တို့၏ မျက်နှာအမူအရာများမှာလည်း ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ကြ၏။
“အရမ်းကြာခဲ့ပြီ...”
ထျန်းထိုက်ကျုံးက ဆိုလိုက်သည်။ ရုတ်တရက် ဖန်ယွဲ့က လက်တစ်ဖက်တည်းဖြင့် လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ဝိညာဉ် ယင်စွမ်းအင်လှိုင်း တစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာကာ ကျန့်ယန်ကို ဖုံးအုပ်လိုက်၏။ တစ်ချိန်တည်း၌ ကျန့်ယန်ကလည်း သူ၏ ယန်ဒီရေ ပိုင်းဖြတ်ခြင်းဓားကို ရှေ့တွင် ကန့်လန့် ခံရင်း ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သည်။
ဘုန်း...
ကျန့်ယန်၏ ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်အဟုန် ပြင်းစွာဖြင့် လွင့်စဉ် သွားခဲ့၏။ ဖန်ယွဲ့သည်လည်း သူ့ နောက်ကို လိုက်ရင်း သူ၏ နောက်မှလိုက်ရင်း နှာခေါင်းနှင့် နားများမှ သွေးများ ထွက်ကျလာခဲ့သည်။ သူမက လှုပ်ရှားနေသည့် တစ်ချိန်တည်းတွင်ပင် ပတ်ဝန်းကျင် လောကကို ယင်ဓားအလင်း လှိုင်းများဖြင့် လျှင်မြန်စွာ ခုတ်ထစ်လိုက်သည်။
ဘုန်း... ဘုန်း...
အဆက်မပြတ် ဆိုသလိုပင် ပေါက်ကွဲသံများနှင့် ကွဲအက်သံများ ပါလာခဲ့သည်။ မမြင်နိုင်သည့် အမှောင် ဟင်းလင်းပြင် အတွင်း တစ်စုံတစ်ခုက လိုက်ပါလာတာ ထင်ရှားပေသည်။
ကျန့်ယန်က လွင့်စဉ်နေသည့် ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်ကာ ရပ်တန့်လိုက်ရင်း ခြေချခြင်း ကျင့်စဉ် တစ်ခုကို ထုတ်ဖော်ကာ ဖန်ယွဲ့ထံ ဓားကို ဝှေ့ယမ်းလိုက်သည်။
ဥက္ကာပျံများနှင့် တူသည့် ယန်ဓားအလင်းစီးကြောင်း တစ်သောင်း ဖြစ်ပေါ်လာကာ မိန်းကလေး၏ ပတ်လည်ရှိ အာကာသကို မျက်တောင် တစ်ခတ်စာ အတွင်း ထိုးဖောက်သွားခဲ့သည်။ ထို့နောက်... တစ်စုံတစ်ခုနှင့် ပြင်းထန်စွာ ရိုက်ခတ်ကာ ပိုမို ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့လေ၏။
ဝှစ်...
ဖန်ယွဲ့က အရှိန်ကို မြှင့်လိုက်ကာ ကျန့်ယန်၏ နံဘေးသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာ အမူအရာက ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြူရော် နေခဲ့၏။
ကျန့်ယန်က ဓားကို စက်ဝိုင်းပုံ ဝှေ့ယမ်းလိုက်ရင်း တိမ်တိုက်များနှင့် ဆင်တူသည့် ရွှေရောင် အကာအကွယ် နယ်ပယ် တစ်ခုကို ဖန်တီးလိုက်သည်။ တဒင်္ဂအတွင်းမှာပင် သူတို့ နှစ်ယောက်မှာ ရွှေရောင် တိမ်တိုက်များ အတွင်း နစ်မြုပ် သွားခဲ့လေ၏။
ဖန်ယွဲ့က သူမ၏ ဓားကို ဆေးရည်ထဲသို့ နှစ်လိုက်သကဲ့သို့ အောက်သို့ ပေါ့ပါးစွာ ထိုးစိုက်လိုက်၏။ ဓားဦးထိပ်မှာ ခဏတာမျှ ပျောက်ကွယ်သွားခဲ့သည်။
ဟူး... ဟူး...
ဓားကို ပြန်ဆွဲထုတ်လိုက်သောအခါ၌ ဓားဦးထိပ်တွင် အေးစက်စက် ယင်အလင်းများ လောင်ကျွမ်းနေသည့် အမှောင်မီးလျှံတစ်ခု တောက်လောင်နေ၏။ သူမက ဓားကို အသုံးပြုရင်း ရွှေရောင် တိမ်တိုက်များပေါ်တွင် လျှို့ဝှက် လမ်းစဉ် သင်္ကေတ ကိုးခုကို အခြေခံ၍ ပိုမို ရှုပ်ထွေးသည့် လျှို့ဝှက် သင်္ကေတများကို ရေးဆွဲလိုက်၏။
ဟူး... ဟူး...
ရွှေရောင် တိမ်တိုက်များက ပိုမို၍ ထူထဲလာကာ ယင်နှင့် ယန်တို့ ပေါင်းစပ်၍ ပြီးပြည့်စုံသည့် စက်လုံးပုံ အကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
***