← Chapters

ထျန်းတိုက်ကျုံး (၇)

Vol. 126 Ch. 1764

ထျန်းတိုက်ကျုံး (၇)

Vol. 126 Ch. 1764

စုနန်ကျူး၏ လက်ထဲတွင် ခရမ်ရောင် လှံရှည် တစ်ခုကို ကိုင်စွဲထားကာ လျှို့ဝှက် အော်ရာများက အမှောင် ဟင်းလင်းပြင်ကို ထိုးဖောက် နေခဲ့၏။ သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်က မြင်ခွာသံ ထောင်ပေါင်းများစွာ ပေါင်းစပ်ထားသည့် မိုးခြိမ်းသံနှင့် ဆင်တူကာ သူ ဝတ်ဆင်ထားသည့် သံချပ်ကာ ပတ်လည်တွင်လည်း ခရမ်းရောင် လျှပ်စီးများက ပေါက်ကွဲ ထွက်ပေါ် နေခဲ့လေသည်။

ကျားယန်၏ ပျော့တွဲကျနေသည့် အရေပြားများမှာလည်း ပြန်လည် တင်းရင်း သွားခဲ့၏။ ကြွက်သားများနှင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်က ပို၍ကြီး ကြီးမားလာပုံ ရသည်။ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အာကာသနှင့် အချိန်တို့ကို ပုံပျက်သွားစေခဲ့၏။ ထိုအခိုက်၌ ကျားယန်မှာ ယခင်ကထက် အသက်သုံးဆယ်ခန့် ပိုမို ငယ်ရွယ်သွားပုံ ရလေသည်။

သူ၏ လက်ထဲတွင်တော့ သတ္တုကျိုင်းတုတ် တစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းကို မကောင်းဆိုးဝါး လျှို့ဝှက် သံမဏိဖြင့် ထွင်းထုထားခြင်း ဖြစ်ကာ မျက်နှာပြင်ထက်တွင် လျှို့ဝှက် သင်္ကေတများကို ရေးထိုးထား၏။ ၎င်းမှာ မကောင်းဆိုးဝါး တစ်ကောင်၏ အငွေ့အသက်များကို ထုတ်လွှတ်နေကာ မည်သည့် လောကကို မဆို ဖျက်ဆီးပစ်နိုင်ပုံ ရသည်။

ခရမ်းရောင် တိမ်တိုက် နှလုံးသား ထိုးဖောက်သူနှင့် လောကဖျက်ကျိုင်းတုတ်...

ထိုနှစ်ခုစလုံးမှာ အစစ်အမှန် လျှို့ဝှက်လောက အဆင့် လက်နက်များပင် ဖြစ်ကြသည်။ ကျားယန်နှင့် စုနန်ကျူးတို့မှာ တစ်ယောက်နှင့် တစ်ယောက် တိုင်ပင် အချက်ပြရန် မလိုအပ်ပါချေ။ တစ်ပြိုင်နက်တည်း လိုလိုပင် သူတို့ နှစ်ယောက်မှာ ခြေချခြင်း အဆင့် ကျင့်စဉ်များကို ထုတ်လွှတ် လိုက်ကြ၏။

နဝမ အဆင့် ခြေချခြင်း ကျင့်စဉ်... မိုးကြိုးကို ဆင့်ခေါ်၊ ဟင်းလင်းပြင်ကို ထိုးဖောက်...

နဝမ အဆင့် ခြေချခြင်း ကျင့်စဉ်... သွေးဖျက်ဆီးခြင်း...

၎င်းတို့မှာ လျှို့ဝှက် သင်္ကေတ ကိုးခုစလုံး၏ နိယာမများကို ထည့်သွင်းထားသော အစစ်အမှန် ခြေချခြင်း ကျင့်စဉ်များပင် ဖြစ်လေသည်။ တူညီသည့် လျှို့ဝှက် သင်္ကေတများပင် ဖြစ်သော်လည်း လောက အဆင့် လျှို့ဝှက် သင်္ကေတများကို အခြေခံအဖြစ် အသုံးပြုထားခြင်း ဖြစ်လေရာ အကျိုးသက်ရောက်မှုမှာ မြေကြီးရှန့်ထို အဆင့်များထက် အဆပေါင်းများစွာ သာလွန်ပေသည်။

ညကောင်းကင်၏ သေခြင်းမဲ့ ကြယ်တာရာများမှာ တိုးဝင်လာသည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိဟန် ရ၏။ ၎င်းတို့၏ မျက်နှာပြင်ထက်ရှိ နေကြယ်များမှာ ပိုမို လျှင်မြန်စွာ တောက်ပလာခြင်း၊ မှေးမှိန်သွားခြင်၊ အဆက်မပြတ် လည်ပတ်ခြင်းတို့နှင့် အတူ အကာအကွယ် အဆင့်ကို အဆပေါင်းများစွာ မြှင့်တင် လိုက်လေသည်။

“ထိုးဖောက်...”

စုနန်ကျူးက အော်ဟစ်လိုက်၏။

“ဖျက်ဆီး...”

ကျားယန်ကလည်း ဟစ်ကြွေးလိုက်သည်။

ဘုန်း...

ဖန်သားကဲ့သို့ စက်လုံးပုံ ကောင်းကင်မှာ အပိုင်းအစများအဖြစ် ကွဲကြေသွားခဲ့၏။ သေခြင်းမဲ့ ကြယ်တာရာများမှာ တစ်လုံးပြီးတစ်လုံး မှိန်ကျသွားခဲ့သည်။ ၎င်းတို့မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုတည်းဖြင့်ပင် လောကရှန့်ထို နှစ်ဦးမှာ နယ်မြေ အကာအကွယ် အစီအရင်ကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်လေသည်။

တစ်ချိန်တည်း၌ ထျန်းတိုက်ကျုံးမှာလည်း စကားတစ်ခွန်းတည်းဖြင့်ပင် ယင်သွေးကြောဖြတ်ဓားကို ချိုးဖဲ့ကာ ယန်ဒီရေ ပိုင်းဖြတ်ခြင်းဓားကို အက်ကွဲ သွားစေခဲ့သည်။ ကျန့်ယန်က စိုးရိမ်စွာပင် အက်ကွဲနေသည့် ဓားကို လွှင့်ပစ်လိုက်ကာ လျှို့ဝှက် အမြုတေနှင့် ဆက်သွယ်ရင်း ကျင့်ကြံခြင်းကို အလျှင်အမြန် လှည့်ပတ်ဖို့ ကြိုးပမ်းလိုက်၏။

ရွှပ်... ရွှပ်...

သူ၏ လက်မောင်းနှစ်ဖက်စလုံးမှာ အရင်းမှ ပြတ်တောက်သွားကာ သွေးများ ပန်းထွက်လာခဲ့သည်။ သူက မျက်နှာ မပျက်ဘဲ ပါးစပ်ကို ဖွင့်လိုက်ကာ တစ်လက်မ အရွယ် ပုံရိပ်ယောင်ဓား တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ဝိညာဉ် အေးခဲစေနိုင်သည့် အလင်းတန်းဖြင့် ထျန်းတိုက်ကျုံး၏ နဖူးကို ထိုးစိုက်လိုက်၏။

ကျန့်ယန်က ရလဒ်ကို စောင့်မကြည့်ပဲ လျှို့ဝှက် အမြုတေကို အဆုံးစွန် အထိ တွန်းပို့ရင်း အလျင်စလိုပင် ခြေချခြင်း အဆင့် လှုပ်ရှားမှု ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ သူ၏ ပုံရိပ်မှာ ဓားအလင်း တစ်ခု အဖြစ် ဝေဝါး သွားခဲ့၏။

တဒင်္ဂ အတွင်းမှာပင် ကျန့်ယန်မှာ နှစ်ပေါင်း သုံးထောင် သက်တမ်းကို ဆုံးရှုံး သွားခဲ့သော်လည်း စိတ်ဓာတ်ကျခြင်း မရှိပါချေ။ လောကရှန့်ထို တစ်ယောက်၏ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ သာမန် လောကရှန့်ထိုများကိုပင် ပါးစပ် အဟောင်းသား ဖြစ်သွားစေနိုင်သည့် အရှိန်ဖြင့် ကျားယန်နှင့် စုနန်ကျူးတို့ထံ လျှင်မြန်စွာ ရွေ့လျား သွားခဲ့တော့၏။

ပြတ်တောက်သွားသည့် လက်မောင်းနှစ်ဖက်ကတော့ ပြိုကျပျက်စီးလာကာ ဖုန်မှုန့်များအဖြစ်သို့ပင် ပြောင်းလဲ သွားသည်။ အင်ပါယာ ဥပဒေသ အော်ရာ ညွှန်ကြားထားသည့် အတိုင်းပင် ၎င်းတို့မှာ ချွတ်ယွင်းချက် မရှိ လိုက်နာ ခဲ့ကြသည်။

ပုံရိပ်ယောင် ဓားငယ်လေးမှာ ထျန်းတိုက်ကျုံးကို အနည်းငယ် အံ့အားသင့် သွားစေသော်လည်း သူက ချက်ချင်းပင် တုန့်ပြန်လိုက်၏။ သူက တံတား အတိုင်းပင် နောက်သို့ ပြန်ဆုတ်သွားကာ မူလ နေရာသို့ ရောက်ရှိသွားခဲ့သည်။ နောက်ပြန်ဆုတ်ရန် ပြင်ဆင်မှုနှင့် အတူ ရှေ့သို့ ရွေ့လျားခဲ့သည့် လုပ်ရပ်မှာ အဆုံးမဲ့ နတ်ဘုရား အင်ပါယာ၏ ထူးကဲသည့် အမြော်အမြင်ကို ပြသနေသည်။

ကံမကောင်းစွာပင်... ဤလုပ်ဆောင်ချက်ကြောင့် ကျားယန်နှင့် စုနန်ကျားတို့မှာ ကျန့်ယန်ထံသို့ ရောက်ရှိလာခဲ့ကြလေ၏။

“သူက အပင်ပေါက်ခြင်း အဆင့်ကို ရောက်သွားပြီ...”

ကျန်ယန်က လျှို့ဝှက် သင်္ကေတများကို အသုံးပြု၍ လက်မောင်းများကို ဖန်တီးရင်း သတိပေးလိုက်၏။ စုနန်ကျူးနှင့် ကျားယန်တို့က အချိန် နောက်ပြန်လှည့်ခြင်း စွမ်းအားကို ဖော်ထုတ်၍ သူ့ လက်မောင်းများအား ပြန်လည် ပုံဖော်ပေးမှာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သူ ထိုလက်များကို အပြီးတိုင် ဆုံးရှုံး သွားခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ ပျက်စီးမှုကိုသာ ပြောင်းပြန်လှန်ခဲ့ပါက အင်ပါယာ ဥပဒေသ အော်ရာမှာလည်း ဆက်ရှိနေလိမ့်မည် ဖြစ်သည်။ ၎င်းမှာ သာမန် လောကရှန့်ထို တစ်ယောက် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပါချေ။

ကျားယန်နှင့် စုနန်ကျူးတို့မှာ ကျန့်ယန် သတိမပေးလျှင်ပင် ထိုအရာကို သိရှိ နားလည်ပြီး ဖြစ်သည်။ သူတို့၏ အမူအရာများမှာ တည်ကြည် လေးနက် နေခဲ့၏။

မူလ အစက ထျန်းတိုက်ကျုံးကို ရင်ဆိုင်ဖို့ သူတို့ စိတ်မပူခဲ့ကြသော်လည်း အပင်ပေါက်ခြင်း အဆင့် အင်ပါယာ ဥပဒေသကို တွေ့မြင်ပြီး နောက်တွင်တော့ သူတို့၏ စိတ်များက သတိထားမှုများနှင့် ပြည့်နှက် နေခဲ့ကြပြီ ဖြစ်သည်။

ရှေးဟောင်း ချိပ်ပိတ် နယ်မြေမှာ လောကရှန့်ထို အဆင့်ကို ပိတ်ပင်ထားသည့် နေရာ ဖြစ်သည်။ ထျန်းတိုက်ကျုံးမှာ လောကရှန့်ထို အဆင့်ကို မကြာသေးခင်ကမှ တက်လှမ်းခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် လျူယင်လန်း သတိပေးနေသည့် ကြားမှပင် သူတို့ အားလုံး ထျန်းမျိုးနွယ်ကို ရင်ဆိုင်ဖို့ သိပ်အလေးမထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခု ထျန်းတိုက်ကျုံး ပြသနေသည့် စွမ်းအင်များက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူ၏ ပါရမီက အလွှာအပြင်က ထိပ်သီး ကျင့်ကြံသူများစွာထက်ပင် သာလွန်နေပေသည်။ သူ့လို လိုမျိုး တစ်ယောက်သာ နှောင်ကြိုးမရှိပဲ လွတ်မြောက်နေပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းဖို့ လွယ်ကူလိမ့်မည် မဟုတ်ပါချေ။

သွေးနီရောင် လစာကြည့်တိုက်မှူးမှာ အလွန် ဝေးကွာသည့် နေရာတစ်ခုတွင် ရှိနေသော်လည်း မျက်လုံး ကျင့်စဉ်ကို အသုံးပြုကာ အရာအားလုံးကို စောင့်ကြည့် နေခဲ့သည်။

“သူက အပင်ပေါက်ခြင်း အဆင့်ထိရောက်အောင် ဥပဒေသ မျိုးစေ့ကို ဘယ်လို ပြုစုပျိုးထောင်လိုက်တာပါလိမ့်...”

ထိုအဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့ အတွက် အခက်အခဲက မယုံကြည်နိုင်စရာ ဖြစ်သည်။ အဇူရာ မူလ ကြယ်စင်စုမှ လောက ရှန့်ထိုများစွာမှာ အဖိုးမဖြတ်နိုင်သည့် ရင်းမြစ်များစွာကို အသုံးပြုကာ သူတို့၏ ဥပဒေသများကို ပြုစုပျိုးထောင် နေကြသော်လည်း အပင်ပေါက်ခြင်း အဆင့်ကို ရောက်ရှိဖို့ ခက်ခဲ နေကြဆဲ ဖြစ်သည်။

ပျိုးထောင်ခြင်း အဆင့်မှာ ကျင့်ကြံသူများအား သူတို့၏ ကျင့်ကြံခြင်း သဘာဝ ကန့်သတ်ချက်များကို ကျော်လွန်အောင် တွန်းပို့နိုင်ခဲ့သည် ဆိုလျှင် အပင်ပေါက်ခြင်း အဆင့်မှာ ဥပဒေသ အော်ရာကို စစ်မှန်စွာ အသုံးပြုစေနိုင်စွမ်း ရှိသည်။ ၎င်းမှာ အော်ရာ သက်သက်သာ ဖြစ်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုကိုတော့ လျှော့တွက်လို့ မရပါချေ။ ကျန့်ယန်၏ ကံကြမ္မာက ဤအချက်ကို သိရှိရန် လုံလောက်ပေသည်။

ကျန့်ယန်မှာ ဖြူရော်နေသည့် မျက်နှာဖြင့် အသက်ကို မောကြီးပန်းကြီး ရှူနေခဲ့၏။ သူ၏ အော်ရာက တဖြည်းဖြည်းချင်းပင် အားနည်း လာနေခဲ့သည်။ သူ၏ အတွင်းပိုင်း လောက အတွင်းတွင်တော့ ဖန်ယွဲ့မှာ သွေးများစွာကို အဆက်မပြတ် အန်ထုတ် နေခဲ့၏။ မကြာခင်မှာပင် သူမမှာ ပိုမို၍ အားနည်းလာကာ သတိလစ် သွားတော့၏။

ယခုအခါ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လောကရှန့်ထို သုံးဦးထံတွင် ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပေတော့သည်။

တိုက်ခိုက်မည်လော... သို့မဟုတ် ထွက်ပြေးမည်လော။

ကျားယန်နှင့် စုနန်ကျူးတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ဘုန်း... ဘုန်း...

သူတို့ နှစ်ဦးစလုံးမှာ မမြင်နိုင်သည့် စွမ်းအား တစ်ခုကို တစ်ပြိုင်နက်တည်း ထုတ်လွှတ် လိုက်ကြ၏။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အာကာသမှာ တွန့်လိမ် ကောက်ကွေးသွားကာ မန်နာများမှာ ကစဉ့်ကလျား လွင့်စဉ် သွားခဲ့သည်။ အလင်းများမှာ အချင်းချင်း စစ်ဖြစ်နေသကဲ့သို့ တစ်ခုနှင့် တစ်ခု ရှုပ်ထွေးစွာ ရောယှက် သွားကြ၏။

လျှို့ဝှက် နယ်မြေများ...

ဘုန်း...

ချက်ချင်းပင် သူတို့နှစ်ဦး၏ အရှိန်အဝါများမှာ မိုးကောင်းကင်ထိ ရောက်အောင် မြင့်တက် သွားခဲ့လေတော့သည်။

***

All Chapters