← Chapters

လောကရှန့်ထိုများ၏ စုဝေးပွဲ

Vol. 126 Ch. 1751

လောကရှန့်ထိုများ၏ စုဝေးပွဲ

Vol. 126 Ch. 1751

"ငါတို့ အာကာသ ဝေဟင်ဂိုဏ်းရဲ့ လျှို့ဝှက် နယ်မြေကို ဘာလို့ သုံးလို့ မရတာလဲ...”

စုနန်ကျူးက ကျားယန်ကို ဂရုမစိုက်ပဲ ငွေရောင် ခါးပတ်နှင့် အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးကိုသာ ကြည့်ရင်း မေးလိုက်သည်။ မိန်းကလေးမှာ လှပသည့် ခန္ဓာကိုယ်နှင့် ဂုဏ်ယူဖွယ် ရင်သားတို့ကို ပိုင်ဆိုင်ထားပေသည်။ သို့သော်လည်း သူမမှာ ဟူမေဖန်လို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု နည်းပါးလှကာ နှစ်လိုဖွယ် ပုံစံဖြင့် လှပသူ ဖြစ်သည်။

ရုပ်ရည်သွင်ပြင် အရ သူမက လျူစုယင်နှင့် တူညီလုနီးပါးပင်။

လျူယင်လန်း...

အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း ထိုနေရာသို့ ရောက်ရှိ နေခဲ့လေသည်။

“ငါတို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု မှန်သမျှကို မဖယ်ရှား နိုင်သေးသရွေ့ အာကာသ ဝေဟင်ဂိုဏ်းရဲ့ လျှို့ဝှက် နယ်မြေကို ဝင်လို့ မရဘူး... အဲဒီမှာ ဘယ်လို ထောင်ချောက်တွေ ရှိနေမလဲ ငါတို့ မသိနိုင်ဘူး"

"ထောင်ချောက်... ဟုတ်လား..."

စုနန်းကျူးက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့် အလား သူက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တာပေါ့... ဟုတ်တာပေါ့...”

သို့သော်လည်း လျူယင်လန်းမှာ စိတ်အနှောက်အယှက် ဖြစ်ပုံ မရချေ။

"ငါ နင်တို့ရဲ့ ပုဂ္ဂလိက အာဃာတတွေထဲမှာ ဝင်မပတ်သက်ချင်ဘူးနော်”

ဟူမေဖန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ သူတို့ အားလုံးမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အတွင်းရှိ ထျန်းမျိုးနွယ်နှင့် လျူယင်လန်းတို့ကြားရှိ သမိုင်းကို သိရှိ ထားကြပြီး ဖြစ်သည်။ သူမက ရှေးဟောင်း ချိပ်ပိတ် နယ်မြေတွင်ပင် မွေးဖွားလာသူ တစ်ယောက် ဖြစ်သည်။

“အဲဒီ အတွက် နင်တို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး...”

သပ်ရပ်သော မျက်ခုံးများနှင့် ဆွဲဆောင်နိုင်စွမ်း ရှိသည့် နီညိုရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် ရင့်ကျက် တည်ငြိမ်သော မိန်းကလေး တစ်ဦးက ဝင်ပြောလိုက်သည်။ သူမ၏ ညာဘက် လက်ထဲတွင် စာအုပ် သုံးအုပ်ကို သယ်ဆောင်ထား၏။

မိန်းကလေးက အဝိုင်း ပုံသဏ္ဌာန် ရှိသည့် မျက်မှန်ကို အပေါ်သို့ တွန်းတင်လိုက်ရာ မြင်းမြီးစည်းထားသည့် ဆံပင်က အနည်းငယ် လှုပ်ရှား သွားသည်။ သူမက ဆဲလ်တိုင်းတွင် ပညာတတ် တစ်ဦး၏ ရောင်ဝါကို ပိုင်ဆိုင်ထားလေရာ အဆုံးမဲ့စွာ ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။

မှန်ပေ၏။ သူမက အနန္တ အသွင်ပြောင်းခြင်း စာကြည့်တိုက်တွင် ဝေ့ဝူယင် တွေ့ဆုံခဲ့သည့် စာကြည့်တိုက်မှူး ကျန်းကျဲ့ဝူရှုပင်။

အဖွဲ့အတွင်း၌ အခြားသူနှစ်ဦးလည်း ရှိသေးသည်။ သူတို့က အသက် နှစ်ဆယ် အရွယ်ခန့်ဟု ထင်ရသည့် လူငယ်နှင့် မိန်းမငယ် တစ်ဦးတို့ပင်။ နှစ်ယောက်စလုံးမှာ ခန့်ညား၍ ချောမော လှပသူများ ဖြစ်ကာ လက်ချင်းချိတ် ထားကြ၏။ အသက်ဓာတ်နှင့် အော်ရာတို့ အရ ထိုစုံတွဲမှာ မကြာသေးခင် နှစ်ရာဂဏန်း ခန့်ကမှ လောကရှန့်ထို အဆင့်ကို တက်လှမ်း ခဲ့ကြကြောင်း ထင်ရှားပေသည်။

ထို့အပြင် နူးညံ့စွာ ချိတ်ဆက်နေသည့် ကောင်းကင် အော်ရာကြောင့် ထိုလူငယ်နှင့် မိန်းမငယ်တို့မှာ တာအို လက်တွဲဖော်များ ဖြစ်ကြောင်း သိသာပေသည်။

ကျန်းယန်နှင့် ဖိန်ယွဲ့...

သူတို့ နှစ်ဦးမှာ စကားတစ်ခွန်းမှ ဝင်မပြောပဲ အကြီးအကဲများ ဆွေးနွေး နေကြသည်ကိုသာ တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။

"ဘာလို့လဲ.."

ဟူမေဖန်က အနည်းငယ် စိတ်အလိုမကျဟန်ဖြင့် မေးလိုက်၏။

“နင့်ဆီမှာ ကိုယ့်ဘာသာ စဉ်းစားဖို့ ဉာဏ်ရှိလိမ့်မယ် လို့ ငါ ထင်တယ်... မဟုတ်ရင်လည်း ရာထူးကနေ အနားယူလိုက်တော့... နင့်အသက်က မငယ်တော့ဘူး”

လျူယင်လန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

“နင် ဘာပြောလိုက်တယ်...”

ဟူမေဖန်၏ မျက်လုံးများက ဒေါသမီးတောက်များဖြင့် တောက်လောင်လာကာ သူမ၏ အကြည့်ကို ကျန်းကျဲဝူရှုထံမှ လျူယင်လန်းဘက်သို့ ပြောင်းလဲ လိုက်သည်။

“နားသိပ်မကောင်းတော့ဘူး ဆိုရင်လည်း ရာထူးနေ အနားယူလိုက်တော့”

ကျန်းကျဲဝူရှုက ဝင်ရောက် ပြောလိုက်၏။ သူမက လျူယင်လန်း၏ အကြံပေးချက်ကို ထောက်ခံနေသယောင် ရှိသည်။

"..."

ဟူမေဖန်၏ ဒေါသမှာ ပေါက်ကွဲတော့ မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ မျက်လုံးများကို မှိတ်ရင်း ဒေါသကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်၏။ ထိုနှစ်ဦး၏ ထောင်ချောက် အတွင်း ကျဆင်းကာ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ရမည့် အဖြစ်မျိုး သူမ ငြင်းဆန်သည်။

ခဏတာမျှ ငြိမ်သက်သွားပြီးနောက် စုနန်ကျူးက ပြောလိုက်၏။

"ကောင်းပြီလေ... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီထဲကို ဆွဲသွင်းခံရတော့မှာပဲ... ငါ မေးပါဦးမယ်... ဘာလို့ တိုက်ရိုက် မလုပ်တာလဲ... ကဲ ပြော... ငါတို့ ဘယ်သူ့ကို ဖယ်ရှားရမလဲ"

သူက စကားကို ခဏ ရပ်လိုက်ရင်း အဝေးရှိ အဆုံးမဲ့ ကောင်းကင် နေကြယ်ကို လက်ညိုးထိုးပြကာ ဆက်ပြောလိုက်သည်။

“အဲဒါကို သိမ်းပိုက်ဖို့ အတွက်...”

အဆုံးမဲ့ ကောင်းကင် နေကြယ်မှာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် ပါရှိသည့် ဧရာမ အရွယ် နေကြယ် တစ်စင်း ဖြစ်သည်။ ၎င်းကို လေ့လာရင်း အားလုံး၏ မျက်လုံးများမှာ လောဘ အလင်းများဖြင့် တဖျပ်ဖျပ် လင်းလက် နေခဲ့၏။ အချို့မှာ ထိန်းချုပ်ထားသော်လည်း အချို့မှာ ပို၍ ပြင်းထန်နေသည်။

"ပထမဆုံးအနေနဲ့ ချိပ်ပိတ် အစီအရင်က ခွင့်ပြုမယ့် ကန့်သတ်ချက်တွေကို ငါတို့ နားလည်သင့်တယ်... ဥပမာ ကောင်းကင် ရောင်စဉ် ထည့်သွင်းထားတဲ့ ပစ္စည်းတွေကို သုံးလို့ရမလား ဆိုတာမျိုး... ချိပ်ပိတ် အစီအရင်က ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံကို ဘယ်လောက် အထိ ကန့်သတ် ထားလဲ၊ မထားဘူးလဲ ဆိုတာမျိုး... အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ ဝိညာဉ်ကရော ဘယ်မှာလဲ... အဲဒီ သတ္တဝါကြီးကို အိပ်ပျော်အောင် ငါတို့ တွန်းအားပေးသင့်သလား... နောက်ပြီး ငါတို့ရဲ့ ပစ်မှတ်နဲ့ အဲဒါကို ကာကွယ်နေတဲ့ သူတွေရဲ့ အရည်အသွေးတွေ အကြောင်းကိုလည်း သိဖို့ လိုတယ်ဂ

ကျန်းကျဲ့ဝူရှုက အချက်အလက်ကောင်းများစွာကို ချက်ချင်းပင် ထောက်ပြလိုက်၏။ အခြားသူများမှာလည်း သဘောတူလိုက်ကြသည်။

လျူယင်လန်းကလည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... အားလုံးကို သေချာ စစ်ဆေးပြီးမှ လုပ်ဆောင်သင့်တယ်... မဟုတ်ရင် ငါတို့ရဲ့ အဆုံးမဲ့ ခရီးသွား နယ်မြေက ပြည်သူ ပြည်သားတွေအတွက် အန္တရာယ် ရှိလာနိုင်တယ်”

"ငါတို့ရဲ့ ဟုတ်လား..."

ဟူမေဖန်က လှောင်ပြောင်လိုက်၏။ လျူယင်လန်းမှာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ ဇာတိဖွား ဖြစ်သည်။ သူမက အသက်ကြီးခါမှ အဆုံးမဲ့ ခရီးသွား နယ်မြေကို ရောက်ရှိလာသူ ဖြစ်ကာ အလွှာ အပြင်က လောကကိုပင် တစ်ခါမှ မရောက်ဖူးခဲ့ချေ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သနည်း။

လျူယင်လန်းက ဟူမေဖန်ကို တစ်ချက်သာ ကြည့်ကာ လျစ်လျူဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူမ၏ နှလုံးသားကတော့ ပြင်းထန်သည့် ဒေါသများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။

မထီမဲ့မြင် ပြုခြင်း၊ အထင်သေးခြင်း၊ စက်ဆုပ် ရွံရှာခြင်း...

ထိုအရာများကို သူမ နှစ်ထောင်ပေါင်းများစွာကြာအောင် ခံစားခဲ့ရခြင်း ဖြစ်သည်။

"ဒီ ဖွံ့ဖြိုးနေတဲ့ ကြယ်ကွင်းပြင် နှစ်ခု အကြောင်း ငါတို့ကို ပြောပြနိုင်မလား”

ကျားယန်ကတော့ လျူယင်လန်းကို အဆုံးမဲ့ ခရီးသွား နယ်မြေ၏ အုပ်ထိန်းသူတစ်ဦး အနေဖြင့် သင့်လျော်သည့် လေးစားမှုကို ပေးရင်း ယဉ်ကျေးစွာ မေးလိုက်သည်။

"နှစ်ခု ဟုတ်လား..."

လျူယင်လန်းက အဝေးရှိ ဧရာမ အရွယ် နေကြယ် နောက်တစ်စင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဝေ့ဝူယင် အာရုဏ်ဦး အဂ္ဂိရတ် ပြပွဲ ကျင်းပနေစဉ် အတွင်း အထူးလမ်းကြောင်းမှတစ်ဆင့် သတင်းစကား တစ်ခုကို သူမ လက်ခံရရှိခဲ့သည်။

လျူယင်လန်း၏ အမူအရာသည် တဖြည်းဖြည်း လေးနက်လာခဲ့လေ၏။

"ငါ သိတာကို ပြောပြမယ်"

....

ဟူး... ဟူး...

ရှကျား တစ်ယောက် စိတ်မတည်မငြိမ် ဖြစ်နေသည့် ပုံစံဖြင့် ဥယျာဉ် အတွင်း ပြန်လည် ဆင်းသက် လာခဲ့သည်။ သူမက လက်ရှိ အချိန်အထိ ကြောက်ရွံ့နေဆဲ ဖြစ်ကာ တုန်လှုပ်မှုနှင့် အတူ မျက်လုံးများမှာ ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။

ဝှစ်... ဝှစ်...

တစ်စုံတစ်ယောက်က ခိုးကြည့်နေမည်ကို စိုးရိမ်သည့် အလား သူမက လက်ဟန် ချိပ်စည်း အချို့ကို ဖွဲ့စည်းရင်း သက်တံ့ မျက်နှာဖုံးကို ပိုမို ခိုင်မာအောင် တည်ဆောက်လိုက်သည်။ ထို့နောက်တွင်မှ သူမ၏ စိတ်နှင့် ခန္ဓာတို့မှာ သက်သာရာ ရသွားဟန်ဖြင့် အနည်းငယ် ပျော့ပျောင်း သွားခဲ့သည်။ သူမ သက်ပြင်းတစ်ချက် ချလိုက်၏။

"ငါ့ရဲ့ အစီအစဉ် တစ်ချို့ကို နည်းနည်းလောက် အရှိန်မြှင့်လိုက်ရပြီး မျှော်လင့် မထားတဲ့ ဖြစ်ရပ်တစ်ချို့ ရှိခဲ့ပေမဲ့ အရာအားလုံးကတော့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားနေတုန်းလို့ ပြောလို့ ရတယ်"

သူမက လမ်းလျှောက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ပထမ ဟူလန် ပျောက်ကွယ်သွားသည့် နေရာနှင့် ဒုတိယ ဟူလန် ဦးခေါင်းခွံ ချေမှုန်းခံလိုက်ရသည့် နေရာသို့ အရောက်၌ သူမ၏ ခြေလှမ်းများက ခတ္တ ရပ်တန့် သွားခဲ့၏။

"ဟူလန်..."

ရှကျားက ဥယျာဉ်ကို အလျင်စလို စစ်ဆေးကြည့်လိုက်သော်လည်း ဟူလန်ကို မတွေ့ရချေ။ သူမ ခပ်မြန်မြန်ပင် ဟူလန်၏ အသက်အဆောင်ကို ထုတ်ကြည့်လိုက်၏။ ထိုအခါ ၎င်းမှာ မကြာသေးခင်ကမှ ကွဲအက်သွားခဲ့ကြောင်း‌ တွေ့ရှိလိုက်ရသည်။

"..."

ဟူလန် သေဆုံးသွားလေပြီ။

ဒေါသတကြီး အော်ဟစ်သံ မရှိသလို ဝမ်းနည်း မျက်ရည်များလည်း ကျမလာခဲ့ပါချေ။ ထို့အစား သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။

“ထျန်းတိုက်ကျုံး... ရှင် ဘယ်လောက်တောင် ရက်စက်လိုက်လဲ..."

စောစောက သူမ၏ လုပ်ရပ် အတွက် ပြစ်ဒဏ်တစ်ခုခု ရှိလိမ့်မည် ဖြစ်ကြောင်း သိရှိထားသော်လည်း ဤအရာက...

သူမ၏ လက်သီးများကို ဆုပ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်သွားသည်။ အကယ်၍ အတွင်းသိ အဆင်းသိ ပုဂ္ဂိုလ်များသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ပါက... ရှကျား တစ်ယောက် ဒေါသများ အထွတ်အထိပ် ရောက်ရှိနေကာ ငရဲကိုပင် ဖျက်ဆီးတော့မည် ဖြစ်ကြောင်း ရိပ်မိသွားကြလိမ့်မည် ဖြစ်လေတော့သည်။

***

All Chapters