← Chapters

အေးချမ်းစွာ စောင့်ကြည့်ခြင်း

Vol. 126 Ch. 1752

အေးချမ်းစွာ စောင့်ကြည့်ခြင်း

Vol. 126 Ch. 1752

ဦးချိုပါ အဇူရာ နဂါးငယ်လေး တစ်ကောင် ကြိုးစားပမ်းစား ဆွဲနေသည့် ဂြိုဟ်သိမ်ထက်တွင် မကြာသေးခင်ကမှ စေ့စပ်ထားခဲ့သည့် ချစ်သူနှစ်ဦး၏ ရှုပ်ထွေး ရောက်ယက်ခတ်နေသော အခြေအနေများမှာလည်း ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ၌ သူတို့ နှစ်ယောက်မှာ ကတ္တီပါ ပိုးသားပေါ်တွင် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ရင်း လှဲလျောင်း နေကြသည်။ သူတို့၏ လှပသော မျက်ဝန်းများမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အကာအကွယ်လွှာကို ကျော်လွန်၍ ကြယ်တာရာများကို ကြည့်နေခဲ့ကြသည်။

သူတို့က ရွှေရောင် အသက်နန်းတော် တည်ထောင်ထားသည့် ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင် ကွန်ယက်များမှ တစ်ဆင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၌ ဖြစ်ပေါ်နသည့် ပရမ်းပတာ အခြေအနေများကို စောင့်ကြည့် နေကြခြင်း ဖြစ်သည်။ လျှို့ဝှက် စွမ်းအင်နှင့် ဝိညာဉ် စွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်မှုများကြောင့် အချို့နေရာများတွင် ကျောက်တိုင်များမှာ ပုံရိပ်အားလုံးကို ဖမ်းယူနိုင်ခြင်း မရှိသော်လည်း အသေးအမွှား ပဋိပက္ခ အားလုံးကိုတော့ လွယ်ကူစွာ ပြသနေခဲ့သည်။

"မဟာစက်ဝန်း ကြယ်ကွင်းပြင်က တောက်လျောက် ရှုံးနေတာပဲ..."

ရွှယ်ယီဖေးက ပရိသတ် တစ်ဦး၏ လေသံဖြင့်သာ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်၏။ ကျင့်ကြံသူများ၏ သေဆုံးမှုနှင့် ရုန်းကန်မှုများမှာ သူမ၏ ပတ်ဝန်းကျင်တွင် ပုံမှန်ဖြစ်ရပ်တစ်ခုလို ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့အပြင် ကျင့်ကြံသူများ၏ မွေးရာပါ လောဘကိုလည်း သူမ ကောင်းစွာ သိရှိသည်။

"ဒါပေမဲ့ သူတို့က နည်းနည်း ပေါ့ဆနေတယ်"

အဆုံးမဲ့ ခရီးသွား နယ်မြေမှ သေမျိုး တစ်ပိုင်းအရှင် အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ရောင်စဉ် ဝိညာဉ် ကြယ်တာရာ နယ်မြေ အတွင်းရှိ လတစ်ခုကို သိမ်းပိုက်ဖို့ ကြိုးစားရင်း လ၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ပျက်စီးစေခဲ့သည်။ အပျက်အစီး အပိုင်းအစများနှင့် ရုပ်အလောင်းများမှာ မရေမတွက်နိုင်အောင် အမှောင် ဟင်းလင်းပြင်တွင် ပျံဝဲနေ၏။ အလွှာကြားက လောကသားများမှာ သူတို့ သိမ်းယူရန် ကြိုးစားနေသည့် နေရာများကို ဖျက်ဆီးခဲ့သည်မှာ ဤတစ်ကြိမ်တည်း မဟုတ်ချေ။

ပဋိပက္ခများက သေချာပေါက် ပို၍ ပြင်းထန်လာပေလိမ့်မည်။ အဆုံးမဲ့ ခရီးသွား နယ်မြေတွင် မြေကြီးရှန့်ထိုများစွာ ရှိပြီး သူတို့အားလုံးမှာ မီးလျှံဆီ တိုးဝင်သည့်သို့ ပိုးဖလံများကဲ့သို့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီ အလျင်အမြန် ဦးတည်နေကြသည်။

သက်ဆိုင်ရာ အင်အားစုများမျာ ဤကျူးကျော်သူများနှင့် သူတို့၏ ကြောက်မက်ဖွယ် ခွန်အားများကို ကြည့်ရင်း အံ့အားသင့် နေခဲ့ကြသည်။ အဆိုပါ နယ်ခြားသားများထံတွင် အဆင့်မြင့်သည့် ခြေချခြင်း ကျင့်စဉ်များ ရှိသည့် အပြင် ကျင့်ကြံခြင်း အခြေခံများကလည်း အလွန် အံ့ဩဖွယ် ကောင်းလှသည်။

ဂြိုဟ်အမြုတေများ၊ နေ အမြုတေများထံမှ စွမ်းအား ရယူ၍ တည်ဆောက်ထားသည့် ဝင်္ကပါ၊ အစီအရင်များသာ မရှိပါက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ကြယ်တာရာ နယ်မြေ အများအပြားမှာ ယခုအခါ သူတို့ လက်အောက်သို့ ကျဆင်း သွားလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ ဝင်သက်ထွက်သက်က စိုးရိမ်ခြင်း ကင်းမဲ့ကာ ချောမွေ့ နေခဲ့သည်။ လောကတစ်လုံး ပရမ်းပတာ ဖြစ်နေသော်လည်း လက်ထဲ၌ ပွေ့ဖက်ထားသည့် အလှပဂေးနှင့် အတူ ငြိမ်းချမ်းစွာ သဟဇာတ ဖြစ်နေခဲ့သည်။

သူ့ဘဝ တစ်လျှောက်လုံးမှာ များသောအားဖြင့် တိုက်ပွဲများ၊ အစီအစဉ်များ၊ အဂ္ဂိရတ် ဖော်စပ်ခြင်းများ ကြားတွင်ပင် နစ်မြုပ် နေလေ့ ရှိသည်။ ချစ်ရသူများနှင့် အတူတူ ရှိနေရသည့် အချိန်များတွင်သာလျှင် သူ ငြိမ်းချမ်းမှုနှင့်၊ စိတ်ကြည်လင် ရှင်းလင်းမှုတို့ကို ကြုံတွေ့ ခံစားနိုင်ပေသည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ပရမ်းပတာ အခြေအနေများ အတွက်လား။ ထိုကြယ်တာရာ နယ်မြေများမှာ သူ့အတွက် မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို စတင် တည်ထောင်ခဲ့စဉ် အခါက သူတို့ အားလုံးကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း လာရောက် ပူးပေါင်းဖို့ သူ ဖိတ်ခေါ်ခဲ့သည်သာ ဖြစ်သည်။ သို့သော်လည်း သူတို့က ကိုယ့်ကိုယ်ကို ယုံကြည်ကာ ငြင်းဆန်ခဲ့ကြသည်။

ရွှေရောင် အသက်နန်တော်နှင့် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတို့လို့ ဝေ့ဝူယင်နှင့် မဟာမိတ် ဖွဲ့စည်းသည့် ပြင်ပ အင်အားစုများ အတွက်တော့ ကျူးကျော်သူများ၏ ရန်မှ ကာကွယ်ရန် လုံလောက်သည့် အင်အားများ၊ စစ်ကူများကို ကြိုတင် ဖြည့်ထားခဲ့ပြီး ဖြစ်သည်။

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ သူတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ရဲဝံ့သူတိုင်းကို သတ်ဖြတ်ရာတွင် လုံးဝ ရက်စက် ပြတ်သားကြကာ၊ ကံအကြောင်းမလှစွာဖြင့် သူတို့ နယ်မြေ အတွင်း အာကာသ ရွှေ့ပြောင်းမိသူများမှာလည်း ဖမ်းဆီးခံခဲ့ကြရသည်။ ရွှေရောင် အသက် နန်းတော်၏ တုန့်ပြန်ပုံကတော့ ပိုမို၍ နူးညံ့ကာ ကျူးကျော်လာသည့် ရန်သူများကို ပြင်းထန်သည့် သတိပေးချက်၊ ရိုက်နှက်မှုများဖြင့်သာ တွန်းလှန်ခဲ့သည်။

ထူးခြားချက် တစ်ခုက ထွက်ခွာသွားသည့် လူများစွာမှာ အံ့ဩဖွယ် ကောင်းလောက်အောင် သိမ်မွေ့ နေကြခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ရှိနေလျှင်က သူတို့က လေးစားစွာဖြင့် အရိုအသေ ပေးခဲ့ကြကာ နောက်နောင်တွင် စီးပွားရေး တွဲဖက်လုပ်ဖို့ ကတိကဝတ်များ ပြုခဲ့ကြသည်။ အချို့ကတော့ ရွှေရောင် အသက်နန်းတော်တွင်ပင် အထူး ဧည့်သည်များ အဖြစ် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြကာ ပရမ်းပတာ အခြေအနေများ ငြိမ်သက်သွားသည် အထိ စောင့်ဆိုင်း နေကြသည်။ ရွှေရောင် အသက်နန်းတော်မှာ လူတိုင်းကို သင့်လျော်သည့် ခိုလှုံရာများ ပေးခဲ့ကာ ဤအချိန်ကာလအတွင်း သူတို့၏ စေတနာကို လူများက သေချာပေါက် မှတ်မိကြလိမ့်မည် ဖြစ်သည်။

"ထျန်းတိုက်ကျုံး ဘာလို့ မတုန့်ပြန်သေးတာလဲ... ဘာလို့ သူ့ ကြယ်တာရာ နယ်မြေကိုပဲ ကာကွယ်နေသေးတာလဲ”

ရွှယ်ယီဖေးက အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာကို တိုက်ရိုက် နာမည်ဖြင့် ရည်ညွှန်းကာ မေးလိုက်သည်။

ယခင်က သူမမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် နတ်ဘုရား အင်ပါယာ အပေါ် လေးစားမှု ပြသရန် ဘွဲ့တစ်ခုဖြင့် ရည်ညွှန်းဖို့ လိုအပ်ခဲ့သည်။ သို့သော်လည်း ယခုအခါ၌ သူမက သာမန် ကိုယ်လုပ်တော် တစ်ယောက် မဟုတ်တော့ချေ။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ တရားဝင် ဧကရီ တစ်ပါး ဖြစ်လာတော့မည် ဖြစ်သည်။ အဆိုပါ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ထက် မိမိကိုယ်ကို နိမ့်ကျသည်ဟု သူမ မယူဆတော့ချေ။ မည်သို့ပင် ဆိုစေ... သူမမှာ လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ ဇနီး ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ဝေ့ဝူယင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏ အတွေးများနှင့် နားလည်မှုများကို ရွှယ်ယီဖေးထံမှ ဖုံးကွယ်ထားရန် မလိုအပ်ဟု သူ ခံစားရသည်။ မိန်းကလေး၏ ဉာဏ်ရည်ဉာဏ်သွေးအရ သူ မပြောလျှင်ပင် အမှန်တရားကို မကြာမီ ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် လက်ညိုးကို တစ်နေရာသို့ ဦးတည်ကာ ထိုးလိုက်၏။ ချက်ချင်းပင် အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ မျက်နှာချင် ဆွေးနွေးနေသည့် စိတ်ပုံရိပ် တစ်ခုကို ရွှယ်ရီဖေး မြင်လိုက်ရသည်။ သူတို့၏ ရုပ်သွင်များက အနည်းငယ် ဝေဝါးနေလေရာ အစွမ်းထက် ဖုံးကွယ်ခြင်း ကျင့်စဉ် တစ်ခုကို သုံးထားတာ ရှင်းလင်းပေသည်။

နောက်တစ်ဖန် ဝေ့ဝူယင်၏ စွမ်းအားများ အပေါ် ရွှယ်ရီဖေး အံ့အားသင့် သွားခဲ့မိပြန်သည်။ အဆိုပါ ရုပ်ပုံမှာ မတူကွဲပြားသည့် ရောင်ဝါများကို ပိုင်ဆိုင်ထားသော်လည်း တောက်ပမှုက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း တွေ့မြင်ခဲ့ရသည့် မကောင်းဆိုးဝါး စောင့်ကြပ်သူများထက် များစွာ သာလွန် နေခဲ့သည်။ စိတ်လှုပ်ရှားမှုမှုများ ကြားမှပင် မိန်းကလေး၏ အမူအရာက လေးနက် လာခဲ့၏။

"ဘယ်ဟာမှ မြင်ရတဲ့အတိုင်း ရိုးရှင်း မနေဘူး... ခုဖြစ်နေတဲ့ ပဋိပက္ခလေးတွေက အဆုံးမဲ့ ခရီးသွား နယ်မြေ အုပ်စိုးသူတွေ စုံစမ်းထောက်လှမ်းတဲ့ အာရုံပြောင်းမှုလေးတွေချည်းပဲ... ထျန်းတိုက်ကျုံးက အဲဒါကို သိတယ်... သူ သိတာ နောက်တစ်ခုလည်း ရှိသေးတယ်... အဲဒါက... ”

ရွှယ်ယီဖေး၏ မျက်ဝန်းများက ဉာဏ်အလင်းများနှင့် တဖျပ်ဖျပ် တောက်ပလာကာ ဝေ့ဝူယင်၏ စကားစကို အဆုံးသတ်လိုက်၏။

"သူက သူတို့ရဲ့ ပစ်မှတ်ပဲ..."

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ "

သူမ မတုန့်ပြန်တာ မဟုတ်ဘူး... ဒီလောကရှန့်ထိုတွေကို သူ အားနည်းတြ့ အခြေအနေမှာ ရှိနေတယ်ဆိုတာ ပြသဖို့ ကြိုးစားနေတာ"

ဝေ့ဝူယင် ထျန်းတိုက်ကျုံးနှင့် လျူယင်လန်းတို့ ကြားရှိ သမိုင်းကြောင်း၊ ကျန်ကျဲ မျိုးနွယ်၏ ဝင်ရောက် စွက်ဖက်မှု၊ အကျဉ်းချခံရခြင်း နှင့် ထျန်းတိုက်ကျုံး လပေါင်းများစွာ ကတည်းက လွတ်မြောက် နေခဲ့ပုံတို့ကို ဆက်လက်၍ ရှင်းပြလိုက်သည်။

"အဆုံးမဲ့ ခရီးသွား နယ်မြေရဲ့ အစစ်အမှန် ကျင့်ကြံသူတွေ ဘယ်လောက် အားကောင်းပြီး အရေအတွက် ဘယ်လောက် များပြားတယ်ဆိုတာ သူ သေချာမသိဘူး... ဒါကြောင့် သူ အများကြီး မဖော်ထုတ်ရဲသေးဘူး... သူ့မှာ အားနည်းချက်တွေ ရှိနေကြောင်း ဖော်ပြပြီးတော့ သူတို့တွေ သူ့ဆီကို ပေါ့ပေါ့ဆဆ လာဖို့ မြှူဆွယ်နေတာ... အရမ်း နည်းဗျူဟာကျတဲ့ လုပ်ရပ်ပဲ"

ဝေ့ဝူယင်၏ စကားလုံးများမှာ အလွန် ရိုးရှင်းပြီး ရွှယ်ယီဖေးအား အခြေအနေတစ်ခုလုံးကို နားလည်စေခဲ့သည်။ သူမ၏ မျက်လုံးများက ပိုမို၍ စိတ်ဝင်စားလာကာ လောကရှန့်ထိုများကို စောင့်ကြည့်နေခဲ့၏။

"ထျန်းတိုက်ကျုံး အခြေအနေ ကောင်းပါ့မလား... လျူယင်လန်း ဆိုတဲ့ မိန်းမက သူ သေတာကို မမြင်မချင်း အရှုံးပေးမယ့်ပုံ မရဘူး... နောက်ပြီး အဆုံးမဲ့ ခရီးသွား နယ်မြေက အခြားလူတွေကိုပါ စည်းရုံးပြီး ထျန်းတိုက်ကျုံးကို ဖယ်ရှားဖို့ လိုအပ်တဲ့ ဘုံရန်သူလို လုပ်ပစ်မှာ သေချာတယ်...“

ဘယ်လိုပဲ ကြည့်ကြည့် ထျန်းတိုက်ကျုံးဘက်တွင် အားသာချက် မရှိသလောက်ဟု ရွှယ်ရီဖေး ခံစားနေခဲ့ရသည်။

"တကယ်လို့ ထျန်းတိုက်ကျုံးသာ ချိပ်ပိတ် ခံထားရတုန်း ဆိုရင်... လျူယင်လန်းသာ ဖိနှိပ်ခံထားရတဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ ရောက်လာခဲ့မယ် ဆိုရင် နှစ်ဖက်လုံး ထိခိုက်မှာ သေချာတယ်... ဒါပေမဲ့ အခုက... “

ဝေ့ဝူယင်မှာ စကားကို ခဏမျှ ရပ်တန့်ကာ အဆုံးသတ်ကို ခန့်မှန်းနေသည့်ပုံ ပေါ်၏။

“ငါတို့ စောင့်ကြည့်ရမယ်”

***

All Chapters