ထျန်းတိုက်ကျုံး
Vol. 126 Ch. 1753
“စောင့်ကြည့်ရမယ်...”
ရွှယ်ယီဖေး အနည်းငယ် အံ့ဩသွားခဲ့၏။ ထျန်းတိုက်ကျုံးမှာ နှစ်ပေါင်း နှစ်သောင်းကြာအောင် မြေကြီးရှန့်ထို အဆင့်တွင် ဖိနှိပ်ခံထားရသူ ဖြစ်သည်။ ရာဇပလ္လင်နှင့် တွဲလျက် ချည်နှောင် ခံခဲ့ရသူ ဖြစ်သည်။ သူက မကြာသေးခင်ကမှ လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
သို့သော်လည်း... သူ၏ ရန်သူများထဲတွင်တော့ အနည်းဆုံး လောကရှန့်ထို အဆင့် ခုနစ်ယောက် အထိ ပါနေခဲ့သည်။
ထိုကဲ့သို့သော အခြေအနေတွင်ပင် ဝေ့ဝူယင်ကတော့ ထျန်းတိုက်ကျုံး ကျိန်းသေ ရှုံးလိမ့်မည်ဟု စဉ်းစားနေပုံ မရချေ။ ထိုအရာကပင် ရွှယ်ရီဖေး၏ သိလိုစိတ်ကို ပိုမို၍ နှိုးဆွ ပေးခဲ့၏။
ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိရ ရွှယ်ရီဖေး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
“သူတို့က အာရုဏ်ဦး ကြယ်တာရာ နယ်မြေကိုရော လာနိုင်လား...”
ဝေ့ဝူယင်သည် ရယ်မောလိုက်မိသည်။
“သူတို့က ငတုံးတွေ မဟုတ်ဘူး... သုတေသန အရင် လုပ်ကြလိမ့်မယ်... အဆုံးမဲ့ ခရီးသွား နယ်မြေ ဆင်းသက်လာရင် ငါ့ကို ဘယ်လို အန္တရာယ် ဖြစ်စေနိုင်မလဲလို့ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို တစ်ခါက ငါ မေးဖူးတယ်... သူတို့က ပိုခမ်းနားတဲ့ လမ်းကြောင်း တစ်ခုကို ဖောက်ပေးဖို့ အတွက် ငါ့ဆီမှာ တောင်းပန် ဝပ်တွားပြီး ဒူးထောက်ကြလိမ့်မယ်... ဒါက ခုထိ မပြောင်းလဲသေးဘူး"
“ဘာပဲ ဖြစ်ဖြစ် ပြင်ဆင်မှုတစ်ချို့တော့ လုပ်ထားဖို့ လိုတယ်”
ထို့နောက် သူက ရွှယ်ရီဖေးဘက်ကို လှည့်ကာ ဖက်လိုက်၏။ ထို့နောက် တစ်ကိုယ်လုံးကို စိုက်ကြည့်လိုက်ရင်း...
“အဲဒီမတိုင်ခင် ငါ့မှာ တစ်နာရီလောက်တော့ အချိန် ရှိသေးတယ်... အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ရအောင်...”
...
အဆုံးမဲ့ ကောင်းကင် နယ်မြေမှာ ယခုအချိန် အထိ ပဋိပက္ခ အနည်းဆုံး ဖြစ်သော်လည်း ရောက်ရှိလာသည့် ကျူးကျော်သူ အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။ ၎င်း၏ နယ်မိမိတ် တစ်လျှောက်တွင် များလှစွာသော လျှို့ဝှက် အာဏာရှင်များမှာ စုဝေး နေကြကာ အဆုံးမဲ့ ကောင်းကင် နေကြယ်ကို အရသာရှိသည့် ဟင်းပွဲ တစ်ခုလိုမျိုး စိုက်ကြည့် နေကြသည်။ သူတို့၏ မျက်လုံးများက လောဘ အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေကာ မိမိပုံရိပ်ကို တန်ဖိုးထားခြင်းကြောင့်သာ မဟုတ်ပါက လောဘတကြီး အော်ဟစ် နေလောက်သည်။
အဆုံးမဲ့ ကောင်းကင် နယ်စပ်၌ ရောက်ရှိနေသည့် အရေအတွက်က သောင်းနှင့်ချီ ရှိကာ လျှင်မြန်စွာ တိုးပွားလျှက် ရှိသည်။ သူတို့ ရောက်ရှိလာခြင်းကြောင့်ပင် ဂြိုဟ်အသီးသီးနှင့် အင်ပါယာမျိုးနွယ်စု၏ စစ်တပ်များကြား၌ မငြိမ်မသက်မှုများ ဖြစ်ပေါ်လာကာ လူတိုင်း၏ စိတ်နှလုံးများမှာ မချမ်းမြေ့မှုများနှင့် ဖုံးလွှမ်း နေခဲ့ကြလေသည်။
အင်ပါယာမျိုးနွယ်စုမှာ သူတို့ နယ်မြေများအတွင်းရှိ ဂြိုဟ်များ၊ လများပေါ်တွင် ကာကွယ်ရေး စခန်းများကို အချိန်ကာလ ကြာမြင့်စွာကတည်းက တည်ထောင်ထားပြီး ဖြစ်သည်။ ထိုစခန်းများ၌ အင်ပါယာ တော်ဝင်သွေးများက အခြေအနေကို ကြီးကြပ်နေကြပေသည်။
ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၌ စစ်ပွဲကြီးများနှင့် သွေးစွန်းခဲ့သော ကာလများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက မှေးမှိန် ပျောက်ကွယ် နေခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်က ဖရိုဖရဲ၊ ပရမ်းပတာ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသော လောကကို လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့် အကြာက ထျန်းတိုက်ကျုံးမှာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးခဲ့သည်။
အင်ပါယာ မျိုးနွယ်စု၏ မျိုးဆက်သစ် အဖွဲ့ဝင်များမှာ အစစ်အမှန် စစ်ပွဲများကို မကြုံဖူးကြသော်လည်း သူတို့မှာ နတ်ဘုရား အင်ပါယာ၏ သွေးတို့ကို ကြောက်မက်ဖွယ်ကောင်းဆဲပင်။ လျှင်မြန်စွာ စုဝေး ရောက်ရှိလာနေသည့် ကျူးကျော်သူများကို စိုက်ကြည့်ရင်း သူတို့၏ အရှိန်အဝါများက အလွန်ကြမ်းကြုတ်လျက် ရှိသည်။
ကောင်းကင်ဖျက်ဆီးသူ သင်္ဘောများကိုလည်း အသင့်ချထားပြီး ဖြစ်သည်။ ယခုအချိန်အထိ လှုပ်ရှားခြင်း မရှိသေးသော်လည်း ထိုသင်္ဘောများကို မြင်လိုက်ရသည့်အခါ ကျူးကျော်သူများမှာ အနည်းငယ် ဆုတ်ခွာ သွားခဲ့ကြသည်။ ကောင်းကင်ဖျက်ဆီးသူ သင်္ဘော များ၏ အရှိန်အဝါနှင့် အဖျက် စွမ်းအားများမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှလေရာ မြင်ရသူတိုင်း၏ ရင်ကို တဒိတ်ဒိတ် ခုန်လာစေခဲ့သည်။
ကောင်းကင်ဖျက်ဆီးသူ သင်္ဘောများမှာ ခြောက်စင်းသာ ရှိသော်လည်း တစ်စင်းစီ၏ ဦးဆောင်သူ နေရာတွင် မြေကြီးရှန့်ထို တစ်ပါးစီ ရှိနေခဲ့သည်။ ထိုအထဲ၌ ယန်ချောင်ယွဲ့လည်း တစ်ယောက် အပါအဝင် ဖြစ်ပေသည်။ သူမက အေးစက်စွာဖြင့် စောင့်ကြည့်နေပြီး လှပသော မျက်နှာသွင်ပြင်ထက်တွင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များက နေရာယူ နေခဲ့သည်။ ဤကျင့်ကြံသူများမှာ မည်သူများ ဖြစ်ကြောင်း သူမ မသိသော်လည်း အဆုံးမဲ့ ကောင်းကင် နယ်မြေ အတွင်း ဝင်ရောက်ဝံ့သည့် မည်သူ့ကို မဆို အကြင်နာမဲ့စွာ သတ်ဖြတ်ရန် သူမ ရည်ရွယ်ထားသည်။
ထျန်းလင်းယုနှင့် ထျန်းမူယန်တို့ နှစ်ယောက်မှာလည်း ကောင်းကင်ဖျက်ဆီးသူ သင်္ဘော တစ်စင်းစီကို မောင်းနှင် နေကြ၏။ သူတို့မှာ ရေခဲ ကဲ့သို့ အေးစက်သည့် မျက်လုံးများဖြင့် ဦးဆောင်သူ နေရာ၌ ထိုင်နေကြသည်။
အဆုံးမဲ့ ကောင်းကင် နယ်မြေ၏ အတွင်းပိုင်း တစ်နေရာတွင်တော့... အင်ပါယာ ကောင်းကင်နန်းတော်ကြီးမှာ တောက်ပသည့် အလင်းတန်းများကို ထုတ်လွှတ်ရင်း ခန့်ညား ထည်ဝါစွာ ရှိနေခဲ့လေသည်။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခွင်လုံးတွင် အမြင့်မြတ်ဆုံးသော တော်ဝင် သွေးမျိုးဆက်များ နေထိုင်ရာ ခမ်းနားသော နန်းတော်မြို့တော်ကြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ထျန်းတိုက်ကျုံးကို နှစ်ပေါင်း နှစ်သောင်းခန့် တိုင်အောင် အကျဉ်းချ ချုပ်ချယ် ထားခဲ့သော နေရာလည်း ဖြစ်ပေသည်။
ပလ္လင်ခန်းမအတွင်းတွင်တော့ ထျန်းတိုက်ကျုံးမှာ ကြေမွနေသည့် ပလ္လင်အနီးတွင် ရပ်နေ၏။ အံ့ဩစရာကောင်းစွာပင် သူက ဧကရာဇ်၏ ဝတ်စုံကို ဆင်ယင်မထားပါချေ။ ရိုးရှင်းသည့် မီးခိုးရောင် လျှော်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ သူ့ထံတွင် ခမ်းနား ထည်ဝါသည့် အော်ရာများလည်း မရှိချေ။ ထိုအခိုက်၌ သူက အရာရာကို ချေမှုန်းနိုင်သည့် ဧကရာဇ် တစ်ပါးထက် အေးချမ်း ရိုးရှင်းသော ပညာရှိ တစ်ယောက်နှင့်ပင် ပိုမို၍ တူနေခဲ့သည်။ သူက ဆံပင်များကို နောက်၌ စု၍ စည်းနှောင်ထားကာ ခြေဖဝါးများကတော့ ဗလာ ဖြစ်၏။
ဖျပ်... ဖျပ်... ဖျပ်...
နောက်ဖပ်မှ ခြေသံများ ထွက်ပေါ်လာသည်။ လူရိပ် နှစ်ခုမှာ ခန်းမ အတွင်း ဝင်ရောက်လာကြကာ ဘေးချင်းယှဉ်၍ ရပ်လိုက်၏။
“အရှင်မင်းကြီး”
အင်ပါယာ အကြံပေးက ရိုသေလေးစားစွာပင် နှုတ်ဆက်လိုက်၏။
“အရှင်မင်းကြီး”
ထျန်းရှောင်ချွမ်းကလည်း ယဉ်ကျေးပြီး ချိုသာသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။
ထျန်းတိုက်ကျုံးမှာ လွန်ခဲ့သည့် လအနည်းငယ်ကနှင့် လုံးဝ ခြားနားသွားသလို သူတို့ နှစ်ဦးစလုံး ခံစားလိုက်ရသည်။ သူက ရိုးရှင်းသည့် သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း နောက်ကြောမှ ငေးကြည့်လိုက်ရုံဖြင့် သူတို့၏ စိတ်နှလုံးနှင့် ဝိညာဉ်များမှာ အမြုတေတိုင်သည် အထိ လှုပ်ခါ သွားခဲ့ကြသည်။ ကုဋေပေါင်းများစွာသော ဝိညာဉ်များကို အုပ်စိုးခဲ့သည့် နတ်ဘုရား အင်ပါယာ တစ်ပါး အနေဖြင့် ထျန်းတိုက်ကျုံး၏ မွေးရာပါ မြင့်မြတ် ထည်ဝါမှုကို ဖယ်ရှား၍ မရနိုင်ပေ။
“ရိုးရှင်းမှုဆီကို ပြန်သွားတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”
ထျန်းတိုက်ကျုံးက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။ မိန်းကလေး နှစ်ဦး၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ကြ၏။ စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း ၎င်းတို့က နက်နဲသော ပဲ့တင်သံကို သယ်ဆောင်ထားသည်။ ၎င်းက သူတို့ကို လမ်းပျောက်သလို ခံစားရစေသော်လည်း တစ်ချိန်တည်းမှာပင် အလင်းရောင်ကိုလည်း ဆောင်ကျဉ်းပေးသည်။ လုံးဝ ဖော်ပြလို့ မရနိုင်သည့် အခြေအနေပင်။
“အရှင်မင်းကြီး... ဂုဏ်ယူပါတယ်...”
အင်ပါယာ အကြံပေးက လက်နှစ်ဖက်ကို ယှက်ရင်း ပြောကြားလိုက်သည်။
“ဟား... ဟား... ဟား...”
ထျန်းတိုက်ကျုံးက လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်သည်။ ၎င်းသည် လောကကြီးကို ဖိချေမည့် တောင်ကြီးတစ်လုံး၏ အလေးချိန်ကို ဝန်ပိနေစရာ မလိုတော့သော နတ်ဘုရားတစ်ပါးကဲ့သို့ပင်...။
“ဒီလို စကားမျိုး မကြားရတာ ကြာပြီထင်တယ်... ဘယ်လောက် လန်းဆန်းလိုက်သလဲ”
ထျန်းတိုက်ကျုံးက ခေါင်းကို မော့လိုက်ရင်း မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များက အချိန်နှင့် အာကာသကို ထိုးဖောက်သွားကာ ဖီဆန် ပေါက်စ အပေါ်သို့ ကျရောက် သွားခဲ့၏။
“သူ ပြန်ရောက်လာပြီထင်တယ်... ဟုတ်လား...”
“…”
ထျန်းရှောင်ချွမ်းမှာ တိတ်ဆိတ်နေခဲ့၏။
“ငါ မင်းကို ကွာရှင်းပေးသင့်တယ် ထင်တယ်...”
ထျန်းတိုက်ကျုံးက ဝေ့ဝူယင် ကိုယ်စား ကြေညာခဲ့သည့် ဝူယု၏ တောင်းဆိုချက်များကို ပြန်လည်အမှတ်ရလိုက်မိသည်။ ထျန်းရှောင်ချွမ်း၏ အမူအရာက လုံးဝ တည်ငြိမ်နေကာ သူမ၏ အတွေးများကို ဖော်ထုတ်ခြင်း မရှိပေ။
ထျန်းတိုက်ကျုံးက နောက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏ ဟေဇယ်ရွှေရောင် မျက်ဝန်းများဖြင့် ထျန်းရှောင်ချန်း၏ လှပသော မျက်နှာကလေးကို စိုက်ကြည့်လိုက်သည်။
“မင်းပြောချင်တာ ပြောပါ... ကွာရှင်းချင်လား”
“…”
ထျန်းရှောင်ချွမ်းမှာ လုံးဝ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း... သူမက ခေါင်းခါလိုက်သည်။ သူမ မကွာရှင်းလိုပေ။
“မင်း ဘာလို့ သူ့ကို ဒီလောက်တောင် စိတ်ဆိုးအောင် လုပ်လိုက်တာလဲလုပ်လို့ ဒီလောက်တောင် စိတ်ဆိုးအောင် လုပ်လိုက်တာလဲ”
ထျန်းတိုက်ကျုံးက ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏ အမူအရာက ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိသည့် ဧကရာဇ်တစ်ပါးထက် အထီးကျန် ပညာရှိတစ်ပါးနှင့် ပိုမို၍ တူနေခဲ့သည်။
“မင်း ငါ့ရဲ့ အမိန့်အတိုင်း လိုက်နာရင်း အတိုင်းအတာကို ကျော်သွားတာလား”
ထျန်းရှောင်ချွမ်း၏ အကြည့်က ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိ သွားခဲ့သည်။ သူမက ခေါင်းကို ငုံ့ထားခဲ့၏။
***