(ငါ့လက်ကိုကြည့်လိုက်စမ်း…ရိုက်ခံရရင် နာမယ်ထင်လား)
Vol. 3 Ch. 22
“မင်း ဒီလိုမျိုး ပြောချင်တာ ပြောလို့မရဘူးလေ။ ငါတို့က လင်ကျန်းကို အနိုင်ကျင့်နေတာမဟုတ်ဘူး။
ဒီက ကြင်နာတတ်တဲ့ ဂိုဏ်းတူအကို တစ်ချို့က သူ့ရဲ့ကျင့်ကြံမှုတိုးလာအောင် ကြင်နာစွာနဲ့ စမ်းသပ်မှုတစ်ချို့ လုပ်ပေးနေရုံတင်ပဲ။ ကျင့်ကြံရေးလောကမှာ ဒီလို ထိခိုက်ဒဏ်ရာရတယ်ဆိုတာ လုံးဝကို သာမာန်ကိစ္စတစ်ခုပဲလေ။ မင်းမကျေနပ်လို့ အကြီးအကဲမိုကို တင်ပြရင်တောင်မှ ဘာမှဖြစ်လာမှာမဟုတ်ဘူး”
ဝမ်လုချန်၏ မဲ့ရွဲ့နေသော မျက်နှာသည် မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။
“မင်းအတွက်တော့ပြောရရင် မင်းက ဝိဉာဉ်သွေးကြောလေးခုနဲ့ အသုံးမကျတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းက ငါတို့ထက် နှစ်တစ်ချို့ရှေ့ရောက်ပြီး ကျင့်ကြံနိုင်လို့သာ ကျင့်ကြံမှုမြင့်နေတာ။ အဲ့တာကို ငါ့ရှေ့လာပြီး မောက်မာနေရဲလား။ ကိုယ့်နေရာကိုယ်မသိတဲ့ကောင်”
ဝမ်လုချန်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလာကာ…
“မင်းက ဖြေရှင်းချက်လိုချင်နေတယ်ဆိုမှတော့ ကောင်းပြီလေ မင်းဒီနေရာမှာ ဒူးထောက်ပြီးတော့ ခွင့်လွှတ်ဖို့တောင်းပန်မယ်ဆိုရင် အရင်တစ်ခေါက်က မင်းငါ့ကို စိတ်အနှောက်အယှက်ပေးခဲ့တာ အတွက် ငါ ခွင့်လွှတ်ပေးရင် ခွင့်လွှတ်ပေးမှာပေါ့။ ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းလဲ ဒီလင်ကျန်းလိုမျိုး အဆုံးသတ်ရမယ်သာမှတ်။ မင်းရဲ့နေ့ရက်တွေကို ပြင်ပခန်းမမှာ ဆက်မရှင်သန်နိုင်တော့အောင် ငါလုပ်ပစ်မယ်”
ဝမ်လုချန်၏ဘေးမှ အဖော်အဖြစ်လိုက်ပါနေသော
တပည့်ဟောင်းများသည် ချက်ချင်းဆိုသလို အားတတ်သရော ထောက်ခံလာကြ၏။
“ဟုတ်တယ် မင်း ငါတို့ရဲ့ သခင်လေးဝမ်ကို အမြန်တောင်းပန်လိုက်တာကောင်းမယ်နော်။ မဟုတ်ဘူးဆိုရင် နောက်မှနောင်တမရနဲ့”
“ဟဲ ဟဲ သခင်လေးဝမ်၊ ဒီဂိုဏ်းတူညီလေးရဲ့ ကျင့်ကြံမှုကိုကော စမ်းသပ်လိုက်ရမလား”
သူတို့၏လှောင်ပြောင်စကားလုံးများကို ချီယွမ် မပြောင်းမလဲ မျက်နှာထားဖြင့် နားထောင်နေရင်း နူးညံစွာ သက်ပြင်းချလိုက်သည်။
“ဒီတစ်ခေါက်ကိစ္စမှာ တာဝန်မရှိဘူးဆိုပေမဲ့ ငါ့အနေနဲ့ အားနည်းတဲ့မင်းတို့ကို တစ်ကယ်ပဲ အနိုင်ကျင့်ချင်နေပြီ.. ဘယ်လိုလုပ်ရမလဲ”
ချီယွမ် လက်တစ်ဖက် မြှောက်လိုက်ကာ ခပ်ဖြေးဖြေးပြောလိုက်သည်။
“ဒီလက်ကိုကြည့်ထားလိုက် ဒီလက်နဲ့အရိုက်ခံရတဲ့ အချိန်မှာ နာမယ်လို့မထင်ဘူးလား”
“ဒီကောင် ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောနေတာလဲ”
“ကောင်လေး ဒီကိစ္စက မင်းကိုယ်တိုင် တောင်းဆိုပြီးဖြစ်လာတာနော်”
ချီယွမ်၏ရန်ရှာသော စကားလုံးများကြောင့် ကျင့်ကြံမှုတစ်ချို့ရှိသော အပြင်တပည့်များသည် ဒေါသထွက်လာကြကာ စတင်တိုက်ခိုက်ဖို့ကြိုးစားတော့သည်။
ဖြန်း…
ဝမ်လုချန်တစ်ယောက် စူးရှသော နာကျင်မှုကို ပါးပြင်ထက်တွင် ရုတ်တရက် ခံစားလိုက်ရပြီး မသိလိုက်ခင်မှာပဲ မြေပြင်ပေါ်သို့ ဒူးထောက်ပြုတ်ကျသွား၏။
သူ၏အနေအထားကို သဘောပေါက်သွားသည်နှင့် ဝမ်လုချန်၏မျက်နှာသည် ကြီးမားစွာ ပြောင်းလဲ သွားခဲ့သည်။ အသည်းအသန် ရုန်းကန်ကာ မတ်တပ်ပြန်ထဖို့ ကြိုးစားသော်ငြား သူ၏ဒူးနှစ်ဖက်သည် မြေပြင်ပေါ်တွင် သံမှိုဆွဲထားသည့်အလား ရုန်းထလို့ မရနိုင်ခဲ့ပေ။
ထူးဆန်းသော အနေအထားကြောင့် ထိတ်လန့်စွာဖြင့် ဝမ်လုချန် အော်ဟစ်လေတော့သည်။
“မင်းငါ့ကို ဘာလုပ်လိုက်တာလဲ။ ငါဘာကိစ္စ ထလို့မရတော့တာလဲ”
သိပ်မဝေးသောနေရာတွင် ရပ်နေသော ချီယွမ်သည် သူ၏ညာလက်ကို ပုံမှန်လိုမျိုး ပြန်ရုတ်လိုက်ရင်း ရိုးသာစွာ ဖြေကြားပေးလိုက်သည်။
“ငါမသိဘူးလေ ကြည့်ရတာ ငါရိုက်တဲ့အချိန်မှာ အားမထိန်းလိုက်မိလို့ မင်းရဲ့ဒူးကျိုးသွားတာနေမှာပေါ့”
ဝမ်လုချန် အလွန်အမင်းဒေါသထွက်လာကာ အော်ဟစ်တော့သည်။
“မင်းတို့ အဲ့ဒီနေရာမှာ ဘာရပ်လုပ်နေကြတာလဲ။ အဲ့ဒီကောင်ကို ငါ့အစား သင်ခန်းစာပေးပြီး ငါ့ကို လာထူကြစမ်း”
ရုတ်တရက်ဖြစ်ပေါ်သွားသော အဖြစ်အပျက်ကြောင့် ဝမ်လုချန်၏အပေါင်းအဖော်များသည် နေရာမှာတွင် ကြောင်အနေဟန်ရှိသည်။
ဝမ်လုချန်၏အော်ဟစ်မှုကို ကြားသည်နှင့် တစ်ချို့ကအလျင်အမြန်ရှေ့တိုးလာကာ ဝမ်လုချန်ကို ကူညီဖို့ကြိုးစားလိုက်ကြသည်။
ထိုအချိန်မှာပဲ ချီသန့်စင်ခြင်းအဆင့်ငါးရှိသော အပြင်တပည့်သုံးယောက်သည် ချီယွမ်ကို ဒေါသတကြီး ဝန်းရံလိုက်သည်။
“ငါတို့ရဲ့ သခင်လေးဝမ်ကို ဘယ်လိုသတ္တိနဲ့များ လက်တင်ရဲတာလဲ။ မင်းဒီကိစ္စကို ပြန်ပေးဆပ်ရမယ်မှတ်”
စကားသံဆုံးသည်နှင့် ချီယွမ်ကို ဝန်းရံထားသော တပည့်သုံးဦးသည် လက်ဟန်အသုံးပြုရင်း သိုင်းကွက်တစ်ချို့ အသုံးပြုဖို့ ပြင်လိုက်သည်။ သို့ပေမဲ့ သူတို့၏ တိုက်ချက် မကျရောက်လာခင်မှာပဲ ချီယွမ်၏လှုပ်ရှားမှုက မိုးကြိုးလိုမျိုး လျင်မြန်နေခဲ့သည်။ နောက်တစ်စက္ကန့်မှာပင်…
ဘန်း ဘန်း ဘန်း
ချီယွမ်၏ လက်သီးဆုပ်အောက်တွင် ချီသန့်စင်ခြင်းအဆင့်ငါး တပည့်သုံးယောက် စုစည်းထားသော ချီစွမ်းအင်လုံးသည် စက္ကူတစ်စလိုမျိုး ကွဲကြေသွား၏။ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်နှင့် အတူ ထိုသုံးယောက်လုံး အနောက်ဘက်သို့ ပျံတတ်သွားခဲ့ပြီး အဆုံးမှာ မြေပြင်ပေါ်သို့ အင်အားနဲ့ ပြုတ်ကျခဲ့သည်။ နံရိုးများ ကျိုးကြေသွားသောကြောင့် မြေပြင်ပေါ်မှ မထနိုင်တော့ချေ။
မြေပြင်ပေါ်တွေ ညီးတွားနေသောသုံးယောက်ကို ကြည့်ရှုရင်း ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်သည်။
စနစ်၏အကူအညီကြောင့် တိုးတတ်လာခဲ့သော ရုပ်ပိုင်းဆိုင်ရာသန်မာမှု အတွက် အနည်းငယ်တောင် အံ့သြမိသွား၏။
သို့ပေမဲ့ တိမ်ကြွေဂိုဏ်းအတွင်းမှာရှိနေသည့်အတွက် ဘယ်သူ့ကိုမှ သတ်လို့မဖြစ်သေးပေ။
နံရိုးတစ်ချို့ကျိုးသည်က တိုက်ပွဲမှာ အနည်းငယ်လက်လွန်သွားသည်ဟု ဖြေရှင်းချက်ပေးလို့ရသေးသောငြား လေးလံသော ထိခိုက်မှုဖြစ်ပေါ်စေလျှင် ဒုက္ခရောက်နိုင်သည်။ထို့ကြောင့် အခုတစ်ခေါက်တွင် ချီယွမ်အတွက် စိန်ခေါ်မှုသည် ထိုသုံးယောက်ကို အနိုင်ယူရန် မဟုတ်ပဲ.. ထိုသူတွေကို မသတ်မိစေရန် ဘယ်လိုရှောင်ရှားရမလဲဆိုတာပင်။
“ဘာဖြစ်သွားတာလဲ “
လျင်မြန်လွန်းသော အဖြစ်အပျက်ကြောင့် ဒူးထောက်လျက်ရှိနေသော ဝမ်လုချန်တစ်ယောက်
ကြောင်အနေခဲ့ပြီး သူ၏မျက်လုံးကိုပင် မယုံနိုင်တော့ပေ။
(ချီစွမ်းအင် တစ်စက်ကလေးတောင် အသုံးမပြုပဲ ချီယွမ်ဆိုတဲ့ကောင်က ရုပ်ပိုင်းဆိုင်ရာ သန်မာမှုတစ်ခုတည်းနဲ့ ကျင့်ကြံသူသုံးယောက်ကို အနိုင်ယူပစ်လိုက်တာလား။ သူတို့တွေက ချီသန့်စင်ခြင်း အဆင့်ငါး ကျင့်ကြံသူတွေနော်။အဲ့ဒီထဲမှာ အဆင့်ခုနှစ် ကျင့်ကြံသူတစ်ယောက်တောင်ပါနေသေးတယ်
ချီယွမ်ဆိုတဲ့ကောင်က လူရော ဟုတ်သေးရဲ့လား)
ဝမ်လုချန်သာမက ကျန်သောအပြင်တပည့်များလဲ အံ့သြမင်သက်သွားကြသည်။
(သူများတွေပြောတာတော့ ချီတက ဂိုဏ်းကိုရောက်မလာခင်က ဆရာမရှိပဲ တစ်ယောက်တည်း ကျင့်ကြံခဲ့တဲ့ အငယ်တန်းကျင့်ကြံသူတစ်ယောက်တဲ့။ အငယ်တန်းကျင့်ကြံသူတစ်ယောက်က ဒီလို အံ့သြဖွယ်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်တယ်လား။ ဒါဆို အငယ်တန်းကျင့်ကြံသူတွေ အားလုံးက ဒီလိုမျိုး စောက်ဆန်းကြီးတွေလား။ ဒါမှမဟုတ် ဂိုဏ်းထဲမှာရှိတဲ့ တပည့်တွေကပဲ အရမ်းအလေလိုက်လွန်းပြီး အပြင်ကျင့်ကြံရေးကမ္ဘာရဲ့ စစ်မှန်တဲ့အရည်အချင်းကို မမှီနိုင်တော့တာလား)
ထိုအချိန်တွင် မပြောင်းမလဲမျက်နှာထားနှင့် ချီယွမ်ပြောလိုက်သည်။
“ငါမင်းတို့ကို ပြောဖို့မေ့သွားတာ ငါချီတက စစ်မှန်မှုနောက်ကိုပဲ လိုက်တဲ့ ကျင့်ကြံသူအများစုနဲ့ မတူညီဘူး။ ငါက လောကအလယ်ကို လှည့်ပတ်သွားလာနေခဲ့တဲ့အတွက် ကိုယ်ခံပညာအနည်းငယ် တတ်ကျွမ်းထားတယ်။ အကယ်လို့ မင်းတို့ ဆန္ဒ ရှိမယ်ဆိုရင် ငါနဲ့ စိတ်ကြိုက်တိုက်ခိုက်လို့ရတယ်နော်”
ဝမ်လုချန်၏ဘေးရှိ တပည့်များအားလုံးအချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့၏မျက်လုံး အတွင်းတွင် ချီယွမ်ကို ထိတ်လန့်မှုများရှိနေလေရဲ့…။
(ဘုရားရေ အဲ့လောက်အားကောင်းတဲ့ ကိုယ်ခံပညာကို ဒီကောင်က ကိုယ်ခံပညာ နည်းနည်းတတ်ထားတယ်လို့ ပြောလိုက်တာလား။ဒါက နည်းနည်းဆိုတဲ့ အနေအထားလား)
အကြိမ်ကြိမ် အရှက်ခွဲခံရသဖြင့် ဝမ်လုချန်၏မျက်နှာသည် ဝက်အဆုတ်လို နီရဲလာကာ အံကြိတ်လိုက်၏။
“ဒီကောင့်ကိုမေ့လိုက်တော့ လာသွားကြမယ်”
သို့ပေမဲ့ ဝမ်လုချန်၏ ခန္ဓာကိုယ်သည် ကျောက်တုံးတစ်တုံးလို တောင့်တင်းနေခဲ့ပြီး ဘေးမှလူနှစ်ယောက် အကူအညီပေးတာတောင်မှ ထိုထူးဆန်းသောအနေအထားမှ မထနိုင်ခဲ့ပေ။ ဒူးနှစ်ဖက်ထောက်အနေအထားနှင့် ရှက်ရွံစွာဖြင့် မျက်နှာကို လက်တစ်ဖက်နဲ့ ကာလိုက်တော့သည်။
ထိုသို့ဖြင့် အဖြစ်အပျက်ကို လာရောက်ရှုစားသောတပည့်များက တစ်စတစ်စ များပြားလာ၏။ ပိုမိုများပြားလာသော တပည့်များကိုကြည့်ရှုရင်း ဝမ်လုချန် ဒီပုံစံအတိုင်းဆက်သွား၍မဖြစ်တော့မှန်း ရိပ်စားမိလိုက်သည်။ထို့ကြောင့် စိတ်ပိုင်းဖြတ်ပြီးသည်နှင့် နောက်လိုက်တစ်ချို့ကို ဒူးထောက်လျက်အနေအထားဖြင့်ပဲ သယ်ဆောင်သွားဖို့ လုပ်ခိုင်းလိုက်တော့သည်။
မသွားခင်မှာ ချီယွမ်ကို ခြိမ်းခြောက် စကားတစ်ခုတောင် မပြောရဲခဲ့ချေ။
သိပ်မဝေးသောနေရာရှိ လင်ကျန်းလည်း နောက်ဆုံးတော့ မြေပြင်မှ ထနိုင်ခဲ့သည်။ သနားစဖွယ် အနေအထားမှာ ရှိနေသော လင်ကျန်း၏မျက်နှာသည် ကျေးဇူးတင်မှုများ ပြည့်နှက်နေ၏။
“ညီကိုချီ သူတို့တွေကို ငါ့အစား သင်ခန်းစာပေးပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ မင်းလဲ ဝင်မပါတာ ကောင်းမယ်လို့ ငါထင်တယ်။ ဝမ်လုချန်ရဲ့ ဦးလေးကဒီနေရာမှာ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူဖြစ်တဲ့ အပြင် အကြီးအကဲတစ်ယောက်လဲ ဖြစ်တယ်။ ဒီတော့ မင်းကို ပြသာနာတွေထဲ ဝင်မပါစေချင်ဘူး”
ထို့နောက်တွင် လင်ကျန်းသည် ပါးစပ်ထောင့်ရှိ သွေးစတစ်ချို့ကို သုတ်ရင်း ခါးသက်စွာဖြင့် ဆက်ပြောလိုက်သည်။
“သူတို့ဘက်က ငါ့ကိုပိုပြီးတော့ အနိုင်ကျင့်လေလေ သူတို့က ဟောင်ပဲဟောင်တတ်ပြီး မကိုက်ရဲတဲ့ ခွေးတွေဆိုတာ သက်သေပြနေတာပဲ ။ ဒီလိုလူတွေ အများကြီးရှိနေတဲ့နေရာမှာ ငါ့ကို သတ်ရဲမယ်လို့တော့ ငါမယုံဘူး”
ရေစုန်ရှိရင် ရေဆန်ဆိုတာလဲ ရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ သူတို့တွေ အနှစ်သုံးဆယ်လောက် အနိုင်ကျင့်ရင်တောင်မှ သူတို့အနိုင်ကျင့်ခဲ့တာ အားလုံးကို ငါလင်ကျန်းအသက်ရှင်နေသမျှ တစ်ရက်ကျရင် ဆယ်ဆမက ပြန်ပေးဆပ်ခိုင်းမယ်”
(ဟမ်)
ထိုကံကြမ္မာသားတော်၏ ခေါင်းထဲက အတွေးများကို နားမလည်နိုင်စွာပဲ ချီယွမ်အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
(ဘုရားရေ ဒီတိမ်ကြွေဂိုဏ်းမှာ ဝမ်လုချန်အတွက် ကြီးမားတဲ့ အထောက်အပံ့ရှိနေမှန်းသိတာတောင်မှ ဒီကောင်က ဒီဂိုဏ်းထဲကို ရူးမိုက်ပြီးဝင်ခဲ့တာလား။ ဒါက ပြသနာကို မီးခွက်ထွန်းရှာနေတာပဲ မဟုတ်ဘူးလား။ တခြားဂိုဏ်းတစ်ခု ပြောင်းပြီးတော့ သန်မာမှုကို တိုးတတ်စေရင် မကောင်းဘူးလား။ အဲ့အချိန်ကျမှ ပြန်လာပြီးတော့ ရန်သူကိုရင်ဆိုင်လေ.. ဒါကမှ ကျေနပ်စရာကိစ္စတစ်ခုမဟုတ်ဘူးလား။ ဒီတိမ်ကြွေဂိုဏ်းမှာနေ့တိုင်း အရိုက်ခံနေရမှာထက်စာရင် အပြင်လောကမှာ လှည့်ပတ်သွားနေပြီး အလွတ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာတာပိုမကောင်းဘူးလား)
(အနှစ် ၃၀တွေ ဘာတွေ လာပြောမနေနဲ့ ဝမ်လုချန်ရဲ့ အတွင်းခန်းမက အထောက်အပံ့တွေသာ ပါလာရင် သုံးနှစ်အသက်ရှင်နိုင်ရင်တောင် မင်းအတွက် တော်တော်လေး ဆန်းကြယ်နေပြီ)
ချီယွမ် ဘယ်လိုပင်တွေးတောနေပါစေ အပြင်ဘက်မှာတော့ ကောင်းမွန်သော အကြံဉာဏ်တစ်ခုတောင် ထုတ်မပေးခဲ့ပေ။
အနည်းဆုံးတော့ ဤအရာက စစ်မှန်သော ကံကြမ္မာ သားတော်၏ စိတ်နေစိတ်ထား ဖြစ်နေနိုင်သည်။ ထို့သို့သော ပုဂ္ဂိုလ်မျိုးကို သာမာန်သူတစ်ယောက်က တွေးလို့ လိုက်မှီနိုင်မှာလား။
……..