(တည်တည်ငြိမ်ငြိမ်နဲ့ စဥ်းစားပြုမူရမယ်)
Vol. 3 Ch. 24
နောက်တစ်နေ့မနက် တိမ်ကြွေဂိုဏ်း၏ ဆေးဥယျာဉ်အတွင်းတွင် တည်ငြိမ်သောမျက်နှာထားဖြင့် သက်လတ်ပိုင်းအရွယ် အိမ်တော်ထိန်းသည် ချီယွမ်ကို ညွှန်ကြားနေခဲ့သည်။
“ ချီတ အခုကစပြီးတော့ မင်းကဒီဆေးဥယျာဉ်ရဲ့ အကြီးအကဲခန်း လက်အောက်မှာ အလုပ်လုပ်ရမယ်။ မင်းအနေနဲ့ နားမလည်တာရှိရင် ဒီနေရာကဂိုဏ်းတူ အစ်ကိုတွေ၊အစ်မတွေကို သွားမေးလို့ရတယ်။ ဒါပေမဲ့ မင်းရဲ့တာဝန်ကိုတော့ မမေ့နဲ့။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဘယ်ဆေးပင်ကိုမှ နှုတ်ယူလို့မရဘူး။ မဟုတ်ဘူးဆိုရင် ဂိုဏ်းရဲ့စည်းမျဉ်းအရ ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမယ်။ ”
ချီယွမ်သည် လျင်မြန်စွာဖြင့် လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ အိမ်တော်ထိန်းရှီပ၊ အခုလို လိုက်ပြပေးလို့ကျေးဇူးပါ။ ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်။ ”
ဆေးဥယျာဉ်တွင် တာဝန်ပေးခံရသည့်အတွက် ချီယွမ်အလွန်အမင်း ကျေနပ်နေခဲ့သည်။ အနည်းဆုံးတော့ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ကောင်းကောင်းမွန်မွန်နေထိုင်လို့ ရမည်မလား။ ဤနေရာကို ပုံမှန်အားဖြင့် ခွင့်ပြုချက်ဖြင့် ဆေးပင်လာယူသော သူများမှလွဲလျှင် အပြင်တပည့်ဝင်ခွင့်မရှိချေ။
ထိုကြောင့် ဤကောင်းမွန်သော တာဝန်ပေးခံရမှုက သေချာပေါက် လှပသည့်ဂိုဏ်းတူအစ်မနှင့် ဆက်စပ်နေမည်မှန်း ချီယွမ်ရိပ်စားမိလိုက်သည်။
“ ကောင်းပြီ၊ မင်းအကောင်းဆုံးကြိုးစားပါ။ လိုအပ်တာရှိရင် အပြင်ခန်းမက အိမ်တော်ထိန်းအဆောင်ကို လာပြီးတော့လာရှာလိုက်။ ”
ထိုသက်လတ်ပိုင်း အရွယ်အိမ်တော်ထိန်းသည် ချီယွမ်ကို ခေါင်းညိမ့်ပြလိုက်ပြီး ဘေးတွင်ပါလာသော အပြင်တပည့်ဝတ်ရုံနှင့် ငယ်ရွယ်သောအမျိုးသားကျင့်ကြံသူကို ညွှန်ကြားလိုက်သည်။
“ တူလေးလျို ဒီဆေးဥယျာဉ်ရဲ့ ပတ်ပတ်လည်ကို လိုက်ပြပေးလိုက်ပါဦး။ ငါပြန်နှင့်မယ်။ ”
“ ဟုတ်ကဲ့ပါ အကြီးအကဲရှီပ ”
လျိုအမည်ရကျင့်ကြံသူသည် သက်လတ်ပိုင်းအရွယ်အကြီးအကဲ ထွက်သွားသည်အထိ စောင့်နေပြီးမှ ချီယွမ်ကို နွေးထွေးစွာပြောလိုက်သည်။
“ ဂိုဏ်းတူညီလေး ငါ့ရဲ့နာမည်က လျိုထျဲလို့ခေါ်တယ်။ ငါက မင်းလိုမျိုးပဲ ဒီဆေးဥယျာဉ်ကို စောင့်ကြပ်ဖို့တာဝန်ရှိတဲ့ ပြင်ပခန်းမရဲ့တပည့်တစ်ယောက်ပဲ။ မင်းကဒီနေရာမှာ အသစ်ဆိုတော့ ငါလိုက်ပြပေးမယ်။ ”
“ ဂိုဏ်းတူအစ်ကိုလျိုကို ကျေးဇူးပါ ”
ယဉ်ကျေးစွာတုံ့ပြန်ပြီးသည်နှင့် ချီယွမ်သည် ဆေးဥယျာဉ်အတွင်းသို့ လိုက်ဝင်သွားခဲ့သည်။ လမ်းလျှောက်နေရင်းဖြင့် လျိုထျဲက တောက်ပစွာပြုံးပြလာ၏။
“ အိမ်တော်ထိန်းကိုယ်တိုင် မင်းကိုလိုက်ပို့လာတာဆိုတော့ မင်းကပြင်ပခန်းမမှာ တော်တော်လေး တန်ဖိုးထားခံရတယ်နဲ့တူတယ်။ သေချာပေါက် မင်းရဲ့အနာဂတ်က တောက်ပတော့မှာပဲ”
ချီယွမ် စိတ်ထဲမှ မဲ့ပြုံးပြုံးလိုက်သည်။ လျိုထျဲ၏ စကားလုံးမျာက အပေါ်ယံတွင် ချီကျူးနေသည်ဆိုသော်ငြား တစ်ကယ်တော့ စကားနှိုက်ထုတ်နေခြင်းသာ။ သူ၏အခြေအနေကိုသာ နှိမ့်ချပြီးပြောဆိုလိုက်လျှင် ဤဆေးဥယျာဉ်အတွင်း၌ ညစ်ပတ်ပြီးခက်ခဲသောအလုပ်များကို လုပ်ရလိမ့်မည်။ ထိုကြောင့် ချီယွမ်စိတ်ထဲမှာ အကြံအစည်ချရင်း စစ်မှန်စွာပြောကြားလိုက်သည်။
“ဂိုဏ်းတူအစ်ကိုက ကြင်နာလွန်းနေပါပြီ။ တစ်ကယ်တော့ အကြီးအကဲမိုရဲ့ သဘောကျမှုကြောင့်သာ အခုလိုမျိုး ဆေးဥယျာဉ်မှာ အလုပ်လုပ်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ တာဝန်ပေးခြင်းခံခဲ့ခဲ့ရတာရယ်။ တော်တော်လေး ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ။ ဒါကြောင့် အကြီးအကဲမိုရဲ့ ကြင်နာမှုကို အမြန်ဆုံးပြန်ပေးဆပ်နိုင်ဖို့ ကျွန်တော်လည်း မျှော်လင့်နေတာပါ။ “
ဤသို့သောအခြေအနေမျိုးတွင် အနာဂတ်အခက်အခဲများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ရန်အတွက် ကိုယ့်မှာရှိနေသောနောက်ခံကို ပီပြင်စွာပြသထားခြင်းက အကောင်းမွန်ဆုံးပေ။ အိမ်တော်ထိန်းရှီပမှတစ်ဆင့် ဆေးဥယျာဉ်တွင် တာဝန်ပေးအပ်ခံရခြင်းက အကြီးအကဲမို၏ တိုက်ရိုက်အမိန့်မှန်း ချီယွမ်သိထားခဲ့သည်။ ထို့ကြောင့် အတွင်းခန်းမရှိ ပိုင်ရှီရို့နာမည်ကို အသုံးပြုမည့်အစား ပြင်ပခန်းမတွင် ပြောရေးဆိုရေးရှိသူ ရွှေအမြုတေနယ်ပယ် အကြီးအကဲမိုကို သက်သေအဖြစ် သုံးခဲ့သည်။ ထို့အပြင် သူသည်လိမ်ညာနေတာ မဟုတ်ပေ။ အမှန်တိုင်း ပြောဆိုနေခဲ့ခြင်းပင်။
လျိုထျဲ၏မျက်နှာထားသည်လည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ ချီယွမ်ကိုကြည့်နေသော အကြည့်များတွင် ယခင်နှင့်မတူညီစွာ လေးစားမှုများ ပိုမိုတိုးဝင်လာ၏။
“ ဂိုဏ်းတူညီလေးချီ ဒီလိုမျိုးကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတာ တစ်ကယ်ကောင်းတယ်။ ဘယ်လိုပဲဆိုဆို အစ်ကိုတို့ကလည်း ဂိုဏ်းတစ်ခုထဲကပဲလေ။ ညီလေးအခက်အခဲရှိရင် အစ်ကို့ကို အချိန်မရွေးလာမေးနော်။ အစ်ကိုသေချာပေါက် ကူညီပေးမယ်။ ”
တိမ်ကြွေဂိုဏ်း၏ ဆေးဥယျာဉ်သည် တောင်အနောက်ဘက်တွင် တည်ရှိပြီး ကျယ်ပြောသော နေရာထိုင်ခင်းရှိသည်။ ထို့ကြောင့်ဆေးဥယျာဉ်ကို အနောက်ဘက်တောင်ရှိ နတ်ဆိုးသားရဲများ ကျူးကျော်ကာ ဆေးပင်များဖျက်ဆီးခြင်းမှ ကာကွယ်နိုင်စေရန် ပြင်ပခန်းမဘက်မှ အစေခံတပည့်တစ်ချို့နှင့် သာမန်တပည့်တစ်ချို့ စေလွှတ်ရုံတင်သာမက အတွင်းခန်းမမှလည်း အခြေခံတည်ထောင်ခြင်းနယ်ပယ် တပည့်တစ်ယောက်ကို အစောင့်အကြပ်အဖြစ် ပို့ပေးထားသည်။
တောင်အနောက်ဘက်ရှိ နတ်ဆိုးသားရဲအများစုကို တိမ်ကြွေဂိုဏ်းဘက်မှ သေချာမွေးမြူထားခဲ့ပြီး တပည့်များလေ့ကျင့်နိုင်ရန်အတွက် အသုံးပြုသည်။ ထို့ကြောင့် နတ်ဆိုးသားရဲများ အတွင်းတွင် ကျင့်ကြံမှုနည်းပါးကြသည်။ အများစုသည် ချီသန့်စင်ခြင်းနယ်ပယ်သာ ရှိတတ်ပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ် နတ်ဆိုးသားရဲကို တွေ့ဖို့မလွယ်ကူချေ။
“ တစ်ကယ်တော့ ဒီဆေးဥယျာဉ်က ဆေးလုံးခြံဝင်းရဲ့ အကြီးအကဲခန်းလက်အောက်က နေရာတစ်ခုပဲ။ အကြီးအကဲခန်းက များသောအားဖြင့် ဆေးလုံးဖန်တီးနေတတ်ပြီး ဂိုဏ်းအတွင်းမှာ ဝင်ရောက်ပြောဆိုတာ ရှားပါးတယ်။ ဆေးလုံးခန်းမမှာ ဆေးပြတ်သွားရင် တပည့်လွှတ်ပြီး ဆေးယူခိုင်းတာလောက်ပဲ။ ”
“ ပြီးတော့ အဲ့ဒီနားက အဆောက်အဦးသေးသေးလေးကို အကြောင်းမရှိဘဲ မသွားနဲ့နော်။ အတွင်းခန်းမက ဂိုဏ်းတူအစ်မကျန်းက အနှောင့်အယှက်ခံရတာ မကြိုက်ဘူး။ ”
ဥယျာဉ်အနှံ့သို့ လိုက်ပြနေရင်း လျိုထျဲသည် သေးငယ်သောလယ်ကွင်းတစ်ခုအနီးသို့ ခေါ်သွားခဲ့သည်။
“ ဂိုဏ်းတူညီလေးချီ၊ မင်းကဒီအစိမ်းရောင် သစ်ရွက်ဆေးပင်ကို တာဝန်ယူပေးရယ်။ ဒီဆေးပင်တွေကို မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်စွမ်းအင်ပါတဲ့ ရေစင်ပတ်ဖြန်းပြီးတာနဲ့ ကျန်တဲ့အချိန်တွေမှာ မင်းကျင့်ကြံနေလို့ရတယ်။ ”
ထိုသေးငယ်သော လယ်ကွင်းသည် မီတာသုံးရာခန့်ကျယ်ဝန်းပြီး အစိမ်းရောင်သစ်ရွက်ဆေးပင်ဟုခေါ်သော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးထားသည်။ ထိုသစ်ရွက်များက စိမ်းစိုတောက်ပနေပြီး နေရောင်အောက်တွင် အလင်းဖောက်နိုင်ဟန်ပင်။
ထို့အပြင် စိတ်ဝိညာဉ်စမ်းချောင်းသည်လည်း လယ်ကွင်းနှင့်အနီးမှာ ရှိသောကြောင့် ရေလောင်းရမည့်တာဝန်က နာရီဝက်တောင် ကြာမြင့်မည်မဟုတ်ပေ။ တော်တော်လေး သက်သောင့်သက်သာဖြစ်သော တာဝန်တစ်ခုပင်။
စနစ်၏တာဝန်ကို လုပ်ဆောင်နိုင်ရန် အချိန်ပိုရသွားခဲ့သော ဂိုဏ်း၏အလုပ်ခွဲဝေပေးမှုကြောင့် ချီယွမ်အလွန်အမင်း ကျေနပ်သွားခဲ့သည်။
ဝိညာဉ်အခြေတည်နယ်ပယ်သို့ အဆင့်တတ်နိုင်တော့မည်ဖြစ်သည့်အတွက် စနစ်ထံမှ ရမှတ်အချို့ကို အသုံးပြုရင်း အလင်းပွင့်ခြင်းအကျိုးကျေးဇူးကို သုံးနိုင်ရန် ချီယွမ်အလိုအမင်းတောင့်တနေခဲ့သည်။
လိုလောက်သော အလင်းပွင့်မှုကိုရရှိနိုင်ရန် ရမှတ်များစွာလိုအပ်သည့်အတွက် ထိုငတုံးစနစ်မှ ကောင်းမွန်သောတာဝန်များသာ ပေးအပ်လာပြီး နောက်ထပ်အရှုပ်ထုပ်မလုပ်စေရန် တစ်ကယ်ပဲမျှော်လင့်မိပါ၏။
ထိုသို့ဖြင့် မနက်ခင်းပိုင်း အလုပ်ပြီးမြောက်၍ နားနေအဆောင်သို့ ပြန်သွားရာလမ်းတွင် ချီယောင်တစ်ယောက် မမျှော်လင့်ဘဲ လမ်းပျောက်ခဲ့ကာ တောင်အနောက်ဘက်သို့ ရောက်သွားခဲ့သည်။ ဘယ်သူမှသတိမထားမိသည်ကို အခွင့်အရေးယူရင်း မမျှော်လင့်စွာနှင့်ပင် ချီသန့်စင်ခြင်းအဆင့်ရှစ်ရှိသော ကြေးနီရောင်လက်သည်းဝတ်ဝံကို သတ်ဖြတ်ခဲ့ပြီး လမ်းတဝက်မှာတင် မမျှော်လင့်စွာ ဝတ်ဝံအသားကင်ကို စားသုံးခဲ့သည်။
“ တင် တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ရမှတ်-၁၅၀၊ သာလွန်အဆင့်ပျိုမြစ်ခြင်း ဆေးလုံးငါးလုံးနဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၃၀၀ကို အခုပဲပို့ပေးလိုက်ပါပြီ ”
ထိုသို့ဖြင့် ချီယွမ်သည် ဆေးဥယျာဉ်အတွင်း၌ သတိမထားမိစွာ နေထိုင်ခဲ့ပြီး စနစ်၏ပေးအပ်လာသော တာဝန်များကို ဆက်လက်ဆောင်ရွက်ရင်း ရမှတ်များစုဆောင်းနေခဲ့သည်။
“ တင် တာဝန်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ရမှတ် ၁၅၀ နဲ့… ”
“ တင် ပထမဆုံးအခြေခံအစီအရင်ကို တည်ထောင်နိုင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ရမှတ် ၂၀၀ နဲ့…”
“ တင် ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ခြောက်ရှိတဲ့ ရှိန်လောက်စရာရန်သူကို အနိုင်ယူရင်း တိမ်ကြွေဂိုဏ်း အတွင်းမှာ ပထမဆုံးတိုက်ပွဲကို ဆောင်ရွက်ပါဆိုတဲ့ တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ရမှတ် ၃၀၀ နဲ့အတူ…”
“ တင် ပထမဦးဆုံးစိတ်ဝိညာဉ်သုံးသိုင်းပညာကို တတ်ကျွမ်းသွားတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ရမှတ် ၃၀၀ နဲ့အတူ… ”
တာဝန်၏ဆုလာဒ်အပြီးမှာ လျင်မြန်စွာတိုးမြင့်လာခဲ့သော ရမှတ်သည် နောက်ဆုံးတော့ ၃၀၀၀ ကို ကျော်လွန်သွားခဲ့သည်။
“ စနစ် ဘာဖြစ်လို့လဲ။ ဘာလို့ တာဝန်အသစ်တွေ မပို့တော့တာလဲ ”
ဝါးလုံးအိမ်လေးအတွင်းတွင် ဗလာဖြစ်နေသောစနစ်၏ အတွင်းမျက်နှာကိုကြည့်ရင်း ချီယွမ်မသက်မသာဖြစ်လာခဲ့သည်။
“ မြန်မြန်လေး နောက်ထပ်တာဝန်တစ်ခုပေးစမ်းပါ။ ငါထပ်လုပ်ချင်နေပြီ။ ”
လျင်မြန်လာသော တာဝန်များကြောင့် ပျော်ရွှင်နေတုန်းရှိသေးသည်။ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရလေ၏။ အတိတ်မှာတုန်းက တာဝန်အဟောင်းပြီးသည်နှင့် တာဝန်အသစ်ကို တိုက်ရိုက်ဖော်ပြပေးတတ်သည်။ သို့ပေမဲ့ အခုချိန်မှာတော့ စနစ်ထံမှာ တုံ့ပြန်ချက်ရောက်မလာပါချေ။
“ တင် စိတ်ရှည်ပါ၊ ပိုင်ရှင်ရေ အစဦးတာဝန်တွေဖြစ်တဲ့ ပထမတွဲက တရားဝင်ပြီးမြောက်သွားပါပြီ။ ဒါကြောင့် စနစ်ဘက်က အလိုအလျောက်နဲ့ နောက်ထပ်တာဝန်စနစ်တွေကို ဆောင်ရွက်နေပါတယ်။ ”
“ စနစ်ရေ၊ မင်းကကိုယ့်အလုပ်ကိုယ် မလုပ်ဘဲနဲ့ အလေလိုက်နေတာပဲ။ ”
ချီယွမ် အထင်သေးစွာဖြင့် မျက်လုံးလှိမ့်လိုက်တော့သည်။
( ကြည့်ရတာ ဒီရက်ပိုင်းအတွင်း အရမ်းအမြန်ကြီး လုပ်လိုက်မိတော့၊ ဒီဖုန်တတ်နေတဲ့ ငတုံးစနစ်က အလုပ်မလုပ်နိုင်တဲ့ပုံပဲ။ )
( နေဦး ဘာ )
( အလိုအလျောက်စီစဉ်ပေးနေတယ် ဟုတ်လား)
ချီယွမ်၏မျက်လုံးများက ချက်ချင်းဆိုသလို ဝင်းလက်သွားခဲ့သည်။
( နောက်ဆုံးတော့ ငါ့ရဲ့အလုပ်ကြိုးစားမှုက အရာထင်လာပြီ.. စနစ်ဘက်က သာမန်နဲ့ဆင်တူတဲ့ ငါနဲ့ပဲ သက်ဆိုင်တဲ့တာဝန်တွေ ပေးလာတော့မှာများလား။ )
ထိုအတွေးဖြင့် ချီယွမ်တစ်ယောက် စိတ်လှုပ်ရှားစွာ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း စနစ်ကိုမျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။
( ငတုံးစနစ်ရေ မင်းနောက်တစ်ခေါက် တာဝန်တွေပေးတဲ့အခါမှာ မျက်လုံးဖွင့်ပြီးတော့ ကမ္ဘာကြီးကိုကြည့်ရှုစမ်းပါ။ မင်းသာတိုးတတ်လာမယ်ဆိုရင် ငါမင်းကို နောက်ထပ်မဆဲတော့ဘူးလို့ ကတိပေးတယ်။ )
အချိန်အများကြီးကြာပြီးနောက်တွင် ကြာမြင့်စွာတိတ်ဆိတ်နေခဲ့သော စနစ်၏မျက်နှာပြင်သည် နောက်ဆုံးတော့ လှုပ်ရှားမှုများ ပြသလာခဲ့သည်။ ထိုသို့ဖြင့် တောက်ပသောစာကြောင်းများက မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာ၏။
( ရောက်ပြီ )
ချီယွမ်၏ စိတ်ဝိညာဉ်တစ်ခုလုံး တတ်ကြွသွားကာ အလျင်စလို စစ်ဆေးချင်ခဲ့သည်။ သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူ့၏မျက်နှာက လုံးဝဆွံ့အသွားလေရဲ့။
( ချီးပဲဟေ့ ကျက်သရေကိုမရှိဘူး)
………