(နင်လိမ်ထားတာ ပေါ်ကုန်ပြီ)
Vol. 3 Ch. 25
ချီယွမ်တစ်ယောက် ခေါင်းမူးလာသလို ခံစားလိုက်ရသည်။ ထိုအချိန်မှာပဲ အပြင်ဘက်မှ ခြေသံတစ်ချို့ကိုကြားလိုက်ရ၏။ တစ်ဆက်တည်းဆိုသလို တစ်စုံတစ်ယောက်၏ ကျယ်လောင်သော အော်သံထွက်လာခဲ့သည်။
"အဲ့ဒီအစေခံတပည့် ချီတက ဒီနေရာမှာနေတာ"
ချီယွမ် မျက်မှောင်ကျုံ့သွားကာ အတွေးများကိုစုစည်းပြီး ချက်ချင်းဆိုသလို တံခါးပေါက်သို့သွားလိုက်သည်။ ခက်ထန်သော အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်သည့် လူတစ်အုပ်က သူ၏မြင်ကွင်းကို လာရောက်နှုတ်ဆက်နေ၏။
ထိုသူအားလုံးသည် ပြင်ပခန်းမ၏ သာမန်တပည့်ဝတ်ရုံကို ဝတ်ဆင်ထားကြကာ ရင်ဘက်တွင် စည်းကမ်းထိန်းသိမ်းရေး ခြံဝန်း၏ တံဆိပ်ကို ချည်ထိုးထားကြသည်။ ထိုသူတွေအားလုံးက ပြင်ပခန်းမအတွင်းရှိ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းအတွက် အလုပ်လုပ်ကြမှန်းသိသာပါ၏။ ထိုသူတို့၏ သရုပ်မှန်ကြောင့် ချီယွမ်ခဏတာ စဉ်းစားလိုက်ကာ နက်ရှိုင်းစွာဖြင့် မေးလိုက်သည်။
"မင်းတို့ငါ့ဆီကနေ ဘာလိုချင်တာလဲ"
ထိုအုပ်စု၏ ခေါင်းဆောင်သည် အသက် ၁၇ ၁၈သာ ရှိဟန်ရသော မိန်းကလေးတစ်ယောက်ပင်။ လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ထင်သာသော မျက်နှာကြောင့် ဆွဲဆောင်မှုရှိလှသည်။ သို့ပေမယ့် သူမ၏ အေးစက်သော အရှိန်အဝါက လူတွေအားလုံးကိုအနားမကပ်ရဲအောင် ခြိမ်းခြောက်နေသည်။ သူမကချီယွမ်ကို လှမ်းကြည့်လိုက်ရင်း ခံစားချက်မဲ့စွာ ပြောလာခဲ့သည်။
"ချီတ မင်းရဲ့ကိစ္စကို ဖော်ထုတ်ခံလိုက်ရပြီ။ ငါတို့နဲ့အခုပဲလိုက်ခဲ့ပါ။"
(ဖော်ထုတ်ခံလိုက်ရတယ်ဟုတ်လား)
ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားပြီး မျက်လုံးများကျဉ်းမြောင်းရင်း အခြေအနေကိုလျင်မြန်စွာ တွေးတောလိုက်သည်။
ပထမဦးဆုံးအားဖြင့် ပြောရမည်ဆိုလျှင် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သော သူ၏သရုပ်မှန်သာ ဖော်ထုတ်ခံလိုက်ရလျှင် တိမ်ကြွေဂိုဏ်းက သတ္တိဆယ်ဆ ရှိနေရင်တောင်မှ အခုလိုမျိုးဆန့်ကျင်ရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမယ့် ထိုသတင်းသာ အမှန်ဖြစ်လို့ကတော့ တိမ်ကြွေဂိုဏ်းအတွင်းမှာ စနစ်၏တာဝန်များကို ဆက်လက်ဆောင်ရွက်ရန် ခက်ခဲသွားမည့်အပြင် ထိုက်ရွှမ်းသန့်စင် နယ်မြေဘက်မှ ထုတ်လာသော မေးခွန်းများကိုလည်း ရင်ဆိုင်ဖို့လွယ်ကူမည် မဟုတ်ချေ။ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်က မှန်းဆလို့မရနိုင်ဘူး။ ဘယ်လိုပဲဆိုဆို ထိုင်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သောသူက သေးငယ်သော တိမ်ကြွေဂိုဏ်းအတွင်းသို့ အစေခံတပည့်အဖြစ် ဝင်ရောက်လာသော အကြောင်းအရင်းကို ရှင်းပြဖို့လွယ်ကူမည် မဟုတ်ချေ။
(ဒါဆိုရင် သူတို့ကို ဒီနေရာမှာပဲ နှုတ်ပိတ်လိုက်ရမလား။ သူတို့ရဲ့မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်ရင် လွယ်ကူလောက်မလား )
ချီယွမ်၏ တိတ်ဆိတ်နေမှုကြောင့် ခေါင်းဆောင်ဖြစ်သော ကောင်မလေး၏ အနောက်တွင်ရပ်နေသော မိန်းကလေးသည် အေးစက်စွာ အော်ဟစ်လာခဲ့သည်။
"ချီတ နင့်ကိုနင် အပြစ်ကင်းတဲ့ပုံစံ ဟန်ဆောင်နေတာလား။ ငါပြောမယ် ငါတို့က နင့်ကိုလာဖို့ ခေါ်နေပြီဆိုမှတော့ နင်က လင်ကျန်းနဲ့ ပူးပေါင်းပြီး ဆေးဥယျာဉ်ထဲက ဆေးပင်တွေခိုးယူထားတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေရှိနေလို့ပဲ။ အခုနင့်ကို ကောင်းကောင်းမွန်မွန် ခေါ်သွားပေးနေတာကလည်း နင့်ရဲ့အပြစ်ကို ကောင်းကောင်းမွန်မွန် ဝန်ခံနိုင်ဖို့ အခွင့်အရေးပေးနေတာနော်။ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းက ဒီလိုပဲတင်းကြပ်တယ်။ နင်က ဘာကောင်ကြီးဖြစ်နေပါစေ ငါတို့ ဂရုမစိုက်ဘူး”
(ဘာ ဆေးပင်ခိုးယူတယ် ဟုတ်လား)
ထိုအချိန်မှသာ ချီယွမ် လေးလံစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏ သရုပ်မှန်ကို ဖော်ထုတ်ခံလိုက်ရမှန်း ထင်လိုက်မိသော်ငြား ကံကောင်းစွာဖြင့် ထိုသို့မဟုတ်နေခဲ့ပေ။ အကယ်လို့ သူသာ မလိုအပ်ဘဲ ခုခံခဲ့လိုက်လျှင်တော့....
ချီယွမ် နောက်ဆုံးတော့ သတိဝင်သွားကာ လက်နှစ်ဖက်ယှက် အရိုအသေပေးရင်း တောင်းပန်စွာပြုံးပြလိုက်သည်။
"တောင်းပန်ပါတယ် ဂိုဏ်းတူ အကိုတို့အမတို့ ရုတ်တရုက်ကြီး အကိုတို့ရောက်လာတော့ ကျွန်တော်လည်း လန့်သွားလို့ပါ။ ကျွန်တော် ရိုင်းသွားရင် ခွင့်လွှတ်ပေးပါဦး။ ဒါပေမယ့် အစ်မပြောသွားသလို ဆေးပင်ကို ကျွန်တော် မခိုးယူခဲ့ဘူး။ ဒါကြောင့် တစ်ယောက်ယောက် မတရားစွပ်စွဲတာပဲ ဖြစ်မှာပါ”
စည်းကမ်းထိန်းသိမ်းရေး ခြံဝန်း၏ တပည့်များကတော့ အခုပဲ ငရဲပြည်ကိုဖြတ်ကျော်ရတော့မည့်ပုံစံနှင့် စိတ်မရှည်သော မျက်နှာထားများ ဖော်ပြလာလေရဲ့။
"လေပေါနေတာ တော်လိုက်တော့ ငါတို့နဲ့သာမြန်မြန် လိုက်ခဲ့စမ်းပါ"
.....
ပြင်ပခန်းမ၏ ပင်မဆောင်ကိုရောက်သည်နှင့် ကြိုးတုတ်ကာဒူးထောက်ခံထားရသော လင်ကျန်းနှင့်အတူ အရှေ့တွင် လတ်လတ်ဆတ်ဆတ် ထုပ်ပိုးထားသော အစိမ်းရောင်သစ်ရွက်ဆေးပင်တစ်ထုပ်ကို ချီယွမ်မြင်လိုက်ရသည်။ ချီယွမ်ကိုမြင်သည်နှင့် လင်ကျန်းက ချက်ချင်းဆိုသလို ရုန်းကန်ကာ အော်ဟစ်လာလေ၏။
“အကိုချီ ဒီအစိမ်းရောင် သစ်ရွက်ဆေးပင်က ဘာလို့ ငါ့အခန်းထဲမှာပေါ်လာမှန်း ငါလည်းပဲမသိဘူး။ ဒါက သေချာပေါက် ဝမ်လုချန်ရဲ့ လုပ်ရပ်ပဲဖြစ်မှာ.. သူငါတို့ကို စွပ်စွဲဖို့ကြံစည်နေတာ”
လင်ကျန်း၏စကားဆုံးသည်နှင့် လူအုပ်ထဲမှာ ရှိနေသော ဝမ်လုချန်က ချက်ချင်းဆိုသလို ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။
"အဓိပ္ပါယ်မရှိတာ၊ ဒီအစိမ်းရောင်သစ်ရွက်ဆေးပင်ကို မင်းရဲ့အခန်းထဲမှာရှာတွေ့ခဲ့တာ။ အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ"
"အခုဆိုရင် သူခိုးနဲ့အတူ ကြံရာပါပစ္စည်းကိုပါ ရှာတွေ့ခဲ့တယ်။ အခုလို လက်ပူးလက်ကျပ် မိထားတဲ့အခြေအနေကို မင်းက ငြင်းဆိုချင်နေတာလား"
လင်ကျန်းသည် သွေးပေါက်ထွက်တော့မတက်နီရဲနေသော မျက်လုံးများဖြင့် ဝမ်လုချန်ကို ဆူးနေအောင်စိုက်ကြည့်ကာ အံကြိတ်လိုက်သည်။
"ဝမ်လုချန် မင်းငါ့ကို ချောက်ချတာ ထားပါ။ ဘာကိစ္စ အကိုချီကိုပါဆွဲခေါ်ရတာလဲ။ မင်းကအရှက်မရှိတဲ့ လူစားပဲ။"
လင်ကျန်းသည် ပြောပြီးသည်နှင့် ဝမ်လုချန်၏ ဘေးတွင်ရပ်နေသော လျိုယင်းယင်းကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာထားသည် ချက်ချင်းဆိုသလို အထီးကျန်ဝမ်းနည်းသွား၏။
"ဒါဆိုရင် မင်းလား။ ဒါကြောင့် မင်းငါ့ရဲ့အခန်းကို လာလည်ခဲ့တာလား။ ငါကတော့ မင်းစိတ်ပြောင်းသွားပြီး ငါ့ကိုပြန် အခွင့်အရေးပေးနေတယ်ထင်ခဲ့တာ။ မင်းကငါ့ကို အကောက်ကြံခဲ့တာပဲ။"
"လင်ကျန်း ငါနင့်ကိုဒီလိုလူမျိုးမှန်း ထင်မထားခဲ့ဘူး။ ငါတုံးအလို့သာ နင်လိုလူမျိုးနဲ့ နှစ်တွေအကြာကြီး မိတ်ဆွေဖြစ်ခဲ့တာ။"
လျိုယင်းယင်းသည်လည်း အေးစက်စွာ ပြန်လည်တုံ့ပြန်လာခဲ့သည်။
"နင်မြန်မြန် ဝန်ခံလိုက်တော့။ အမှားဝန်ခံမယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းကလည်း နင့်ရဲ့အပြစ်ကို လျှော့ပေါ့ပေးလိမ့်မယ်။"
တစ်ဆတစ်ဆပြင်းထန်လာသော အခြေအနေများကြောင့် ပြင်ပခန်းမ၏ တာဝန်ရှိအကြီးအကဲမိုးကျန်းယန်သည် မျက်မှောင်ကျုံ့လာတော့သည်။
"တိတ်တိတ်နေကြစမ်း။ ဒါဘယ်လိုအပြုအမူမျိုးလဲ။ လူကြားထဲမှာ ပြဿနာရှာနေကြတာလား။"
တိတ်ဆိတ်သွားသော လူအုပ်ကို မိုကျန်းယန် အသေးစိတ်စိုက်ကြည့်ပေးလိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်သည် ချီယွမ်ရှိရာသို့ကျရောက်သွားခဲ့သည်။
"ချီတ မင်းလုပ်ခဲ့သလား"
မိုးကျန်းယန်၏ လေသံသည် ပျော့ပျောင်းနေခဲ့ပြီး အကြီးအကဲတစ်ယောက်၏ မေးခွန်းထုတ်နေသံထက် သာမန်မိတ်ဖြစ်ဆွေဖြစ် လေသံနှင့် ဆင်တူသည်။
ထိုအချင်းအရာကြောင့် ယုံကြည်ချက်ရှိနေခဲ့သော ဝမ်လုချန်သည် ရုတ်တရက်မသက်မသာ ခံစားလိုက်ရသည်။
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်လေကာ
"ဦးလေးမိုကို တင်ပြပါတယ်။ ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။"
ချီယွမ်၏ တိုက်ရိုက်ငြင်းဆိုချက်ကြောင့် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တပည့်များအားလုံး စိတ်လှုပ်ရှားလာတော့သည်။ ခေါင်းဆောင်ဖြစ်သော မိန်းကလေးက ချက်ချင်းဆိုသလို အရှေ့တိုးလာပြီး ဆေးပင်စည်းကို လက်ညှိုးထိုးလိုက်ကာ
"ချီတ လိမ်နေတာ ရပ်လိုက်တော့။ နင်က ဒီအစိမ်းရောင်သစ်ရွက်ဆေးပင်ကို စောင့်ကြပ်ဖို့ တာဝန်ရှိတဲ့သူပဲ။ လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ ဆေးပင် ဆယ်ပင်က နင့်ရဲ့မိတ်ဆွေအခန်းထဲမှာ ရှာတွေ့ခဲ့တာ။ ဒီကိစ္စကနင်နဲ့ မသက်ဆိုင်ဘူးလို့ပြောနေတာလား။"
မထင်ထားစွာပင် အဓိကတရားခံဖြစ်သော ချီယွမ်မငြင်းဆိုရခင်မှာပဲ တာဝန်ရှိမိုကျန်းယန်က ခေါင်းရမ်းကာ တည်ငြိမ်စွာပြောလိုက်သည်။
"မင်းတို့ ထပ်မေးဖို့မလိုတော့ဘူး။ ချီတကမလုပ်ဘူးလို့ပြောနေမှတော့ သူ မလုပ်ခဲ့လို့ပဲပေါ့။ သူ့ကိုဒီနေရာအထိ ခေါ်ခိုင်းလိုက်တာကလည်း လူသိရှင်ကြား နာမည်ရှင်းလင်းပေးဖို့ပဲ။ ဒါမှနောက်ပိုင်း သတင်းဖြန့်တဲ့အချိန် သူ့ရဲ့ဂုဏ်သတင်းကိုမထိပါးစေမှာ။"
ထို့နောက်တွင် မိုကျန်းယန်က ချီယွမ်ကို လှမ်းကြည့်လိုက်သည်။
"ချီတ ငါတို့ရဲ့ တိမ်ကြွေဂိုဏ်းက ကျေးဇူးကြွေးကို ကောင်းမွန်စွာ တုံ့ပြန်တတ်တယ်။ ရှေ့ရက်က ဂိုဏ်းဘက်ကနေ မင်းကိုဘယ်လောက်တောင်မှ ဆုချီးမြှင့်ခဲ့လဲ ပြောပြလိုက်"
ချီယွမ် နှာခေါင်းကို တို့လိုက်ရင်း အနည်းငယ် ရှက်ရွံ့ဟန်ဖြင့်ဖြေကြားလိုက်သည်။
"ကျွန်တော် ကံကောင်းပြီးတော့ နည်းနည်း ကူညီနိုင်ခဲ့တာပါ။ ဒါပေမယ့် ဂိုဏ်းဘက်ကနေ ဝိဉာဉ်ကျောက်တုံး သုံးထောင်တောင် ဆုချလာမယ်လို့ တစ်ကယ်မမျှော်လင့်ခဲ့မိဘူး။ အဲ့တာအပြင် ထိပ်သီးအဆင့် ချီစုပ်ယူခြင်း ဆေးလုံးငါးဆယ်နဲ့ အလယ်အလတ်အဆင့် မှော်လက်နက်တစ်ခုလည်းပေးခဲ့တယ်။ ကျွန်တော်နဲ့ တစ်ကယ်ကို မတန်ပါဘူး။"
ချီယွမ်၏ စကားဆုံးသည်နှင့် လူထုကြားထဲတွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကာ မယုံနိုင်စွာပြူးကျယ်လာသော မျက်လုံးများစွာသည် ချီယွမ်ကို မနာလိုဝန်တိုမှုများဖြင့် ကြည့်ရှုလာကြ၏။
(ဒီလောက်များတဲ့ ဆုလာဘ်ရလာအောင် ဒီကောင်ဘာတွေလုပ်ခဲ့တာလဲ။ ဝိဉာဉ်ကျောက်တုံးသုံးထောင်အပြင် ထိပ်သီးအဆင့် ချီစုပ်ယူခြင်းဆေးလုံးငါးဆယ်နဲ့ အလယ်အလတ်အဆင့် မှော်လက်နက်တစ်ခုတောင် ပါနေသေးတယ်။ ဂိုဏ်းကိုရောက်လာတာ ရက်ပိုင်းပဲရှိသေးတဲ့ အစေခံတပည့်တစ်ယောက်အတွက် ဒီလောက်များပြားတဲ့ ဆုလာဘ်ကြီးက တော်တော်လေး အံ့ဩစရာကောင်းတာပဲ။)
မိုကျန်းယန်ခေါင်းညိမ့်ကာ.....
“အစိမ်းရောင်သစ်ရွက်ဆေးပင်က ချီစုပ်ယူခြင်းဆေးလုံးဖန်တီးတဲ့နေရာမှာ ပင်မပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက် ဈေးကွက်မှာ ရောင်းချဖို့လွယ်ကူတယ်။ ဒါပေမယ့် အဲ့ဒီဆေးပင် ဆယ်ပင်ထဲဆိုရင် ဝိဉာဥ်ကျောက်တုံး လေး ငါးတုံးပဲ လဲလှယ်လို့ရနိုင်လိမ့်မယ်။”
“အနာဂတ်ကောင်းကိုရထားတဲ့ တပည့်တစ်ယောက်က ဒီလောက်နည်းပါးတဲ့ ဝိဉာဉ်ကျောက်တုံးလေးအတွက်နဲ့ ဂိုဏ်းကနေ ထုတ်ပယ်ခံရမယ့် လုပ်ရပ်ကို လုပ်ပါ့မလား။ သူ့မှာ ဝိညာဥ်ကျောက်တုံး သုံးထောင်ရှိရက်နဲ့လေ…။ သူ့ရဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ဝိဉာဉ်ကျောက်တုံးလေး ငါးတုံးလောက်နဲ့ စွန့်လွှတ်ပါ့မလား။ မမေ့နဲ့၊ သူကဝိဉာဉ်ကျောက်တုံး သုံးထောင်တောင် လက်ခံရထားတဲ့သူတစ်ယောက်နော်။"
……..