(ငါ့တပည့်အခြေအနေကို ကြည့်လိုက်အုံး)
Vol. 3 Ch. 26
အကြီးအကဲမိုကျန်းယန်၏ စကားလုံးများကြောင့် အံ့ဩမှင်သက်နေခဲ့သော လူအုပ်ကြီးသည် ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။
အကြီးအကဲမိုကျန်းယန် တွက်ချက်ပြသွားခဲ့သည့်အတိုင်းပင် အကျိုးနှင့် ဆိုးကျိုးက ကွဲပြားပါ၏။ ထို့ကြောင့် ချီယွမ်အတွက် ဆေးပင်ခိုးယူရောင်းချခြင်းသည် မဖြစ်နိုင်ပေ။
အစေခံတပည့်တစ်ယောက်၏ လစဉ်ဝင်ငွေသည် ဝိညာဉ်ကျောက်တုံး နှစ်တုံးသာဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံးသုံးထောင်သည် နှစ်ပေါင်းတစ်ရာ့ငါးဆယ်စာ အလုပ်လုပ်ထားသည့် ပမာဏနှင့် ညီမျှ၏။ ယခုလိုများပြားသည့် ဝိညာဉ်ကျောက်တုံးပမာဏကို ရရှိထားသော လူတစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံး ငါးတုံးခန့်ရနိုင်ဖို့ ခိုးယူရောင်းချရန် မလိုအပ်ပါချေ။
သို့ပေမဲ့ လောကတွင် ခိုးယူရခြင်းကို စွဲလမ်းနေသည့် လူတစ်ချို့ ရှိနေသေးသည့်အတွက် ပြီးပြည့်စုံစွာ ကောက်ချက်ချလို့လည်း မရသေးပေ။ တစ်ဖက်က စဉ်းစားကြည့်ပြန်လျှင်လည်း ချီတသည် ဂိုဏ်းထဲဝင်စဉ်တွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်းကို ပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ချီတ၏ပုံစံကလည်း ခိုးယူခြင်းကို စွဲလမ်းနေသော အရူးတစ်ယောက်နှင့် မတူညီပေ။
ထို့ကြောင့် အကုန်လုံးထံမှ ငြင်းဆိုချက် ထွက်မလာတော့ဘူး။
ချီယွမ်၏ နာမည်ကို အောင်မြင်စွာ ရှင်းလင်းနိုင်သည့်အတွက် ကြိုးတုပ်ခံထားရသော လင်ကျန်း အလွန်ပျော်ရွှင်သွားတော့သည်။
"ငါမပြောဘူးလား ချီတနဲ့ငါက စွပ်စွဲခံရတာပါဆို၊ အဲဒီအစိမ်းရောင်သစ်ရွက်ဆေးပင်ကို ငါတို့ဘယ်တုန်းကမှ မခိုးယူခဲ့ဘူး၊ ငါ့ကိုပြန်လွှတ်ပေးတော့"
ပြောပြီးသည်နှင့် လင်ကျန်းသည် ထရပ်ဖို့ ပြင်လိုက်သည်။
"အဲ့ဒီနားမှာ နေနေစမ်း"
အနီးနားတွင် ရှိနေသော စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တပည့်တစ်ယောက်သည် ရုတ်တရက်ဆိုသလို ရှေ့တိုးလာကာ လင်ကျန်းကို တွန်းလွှတ်လိုက်သည်။ ထိုကောင်မလေးက လင်ကျန်းကို အေးစက်စွာ စိုက်ကြည့်လာခဲ့ပြီး...
"ဘာနေနေ ဒီအစိမ်းရောင်သစ်ရွက်ဆေးပင်ကို နင့်ရဲ့အခန်းမှာ ရှာတွေ့ခဲ့တာ၊ နင့်ရဲ့ ဂိုဏ်းတူအကိုချီက မလုပ်ခဲ့ဘူးဆိုရင်တောင်မှ နင်ကတော့ ပြေးမလွတ်ဘူး၊ ဒါပေမဲ့ အစေခံတပည့်တစ်ယောက်ဖြစ်တဲ့ နင်က ဆေးဥယျာဉ်ထဲ ဝင်ပြီးတော့ ဆေးပင်ကိုယူဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် နင့်ရဲ့ကြံရာပါက ဘယ်သူလဲဆိုတာ မြန်မြန်ပြောလိုက်၊ ဒီလိုမှမဟုတ်ဘူးဆိုရင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းထဲအထိ နင့်ကိုဆွဲခေါ်သွားမှာနော်။ နင့်ကို ဝန်ခံလာအောင်လုပ်ဖို့ ငါတို့မှာ နည်းလမ်းတွေအများကြီး ရှိတယ်”
လင်ကျန်း လှောင်ပြောင်စွာ ရယ်မောလိုက်တော့သည်။
"ကြည့်ရတာ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းကလည်း ဘာမှမဟုတ်ဘူးနဲ့ တူတယ်၊ ဒီလောက်ရိုးရှင်းတဲ့ မတရားမှုဖြစ်စဉ်ကိုတောင်မှ အမှန်အတိုင်း မဖော်ထုတ်နိုင်ဘူးဘဲ"
"နင်ဘယ်လိုတောင် ပြောရဲတာလဲ"
ထိုကောင်မလေးသည် အလွန်ဒေါသထွက်သွားကာ မျက်ခုံးနှစ်ဖက် စုကြုံ့သွားခဲ့သည်။ လက်တစ်ဖက်မြှောက်လိုက်ပြီး လင်ကျန်းကို ရိုက်ဖို့ အသင့်ပြင်လိုက်ချိန်မှာပဲ သူမ၏လက်ကောက်ဝတ်ကို ကြီးမားသော လက်တစ်ဖက်က တားလာခဲ့သည်။ သူမ ချက်ချင်းလှည့်ကြည့်လိုက်ချိန်တွင် သူမလက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသော ချီယွမ်ကို မြင်တွေ့လိုက်ရ၏။ သူမ၏လှပသော မျက်နှာထက်တွင် ဒေါသများ ဝင်ရောက်လာတော့သည်။
"ချီတ နင်ဘာလုပ်တာလဲ"
သူမက ပြောနေရင်းနဲ့ ရုန်းထွက်ဖို့ ကြိုးစားသော်ငြား သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသော ကြီးမားသောလက်က သံပြုတ်တူတစ်ခုနှယ် တင်းကျပ်စွာ ကိုင်ထားလေရာ ဘယ်လိုမှ လွတ်မြောက်ဖို့ မစွမ်းနိုင်ခဲ့ချေ။ ကျန်သော စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တပည့်များလည်း ဒေါသထွက်လာကာ ချီယွမ်တို့ကို ဝန်းရံလိုက်သည်။
"ငါတို့ ဂိုဏ်းတူအမကို ဘယ်လိုတောင် လက်ပါရဲတာလဲ"
"ဂိုဏ်းတူအမကို အခုလွှတ်လိုက်စမ်း"
ချီယွမ်သည် လင်ကျန်းကို တစ်ချက်လှည့်ကြည့်ပြီး ထိုကောင်မလေးကို တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့ရဲ့မိတ်ဆွေက ဒီအစိမ်းရောင်သစ်ရွက်ဆေးပင်ကို ခိုးယူခဲ့လား မခိုးယူခဲ့သလားဆိုတာက မင်းရောငါရော တန်းဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး၊ အချက်အလက်တစ်ခုချင်းစီကို အသေးစိတ်စစ်ဆေးပြီးတော့ ကောင်းကောင်းစုံစမ်းကြရအောင်လား"
ပြောပြီးသည်နှင့် ချီယွမ် ခပ်ဖွဖွပြုံးပြရင်း ထိုကောင်မလေး၏လက်ကို လွှတ်ပေးလိုက်သည်။
"ဒီအစိမ်းရောင်သစ်ရွက်ဆေးပင်က ချီစုပ်ယူခြင်းဆေးလုံးမှာ အဓိကအသုံးပြုရပြီး သုံးတဲ့အချိန်မှာလည်း အများကြီးထည့်ရတယ်၊ ဆေးဥယျာဉ်ကို စောင့်ကြပ်ရတဲ့ ကျွန်တော့်ရဲ့တာဝန်က လယ်ကွက်တစ်ကွက်စာပဲ ရှိတယ်၊ အကယ်၍ တစ်စုံတစ်ယောက်က ကျွန်တော့်ကို အပြစ်တင်ချင်ခဲ့တာဆိုရင် ဒီဆေးပင်ဆယ်ပင်ကို ကျွန်တော့်ရဲ့တာဝန်ကျ လယ်ကွက်အတွင်းက ယူခဲ့တာပဲ ဖြစ်လိမ့်မယ်၊ ချန်အချိန်မှာ ကျွန်တော့်ရဲ့တာဝန်ကို စတင်ခဲ့ပြီး ယိုအချိန်ကို ရောက်တဲ့အချိန်မှာ ကျွန်တော် နားနေဆောင်ကို ပြန်သွားခဲ့တယ်၊ ဒီတော့ မနက်ခင်း ၁၂ နာရီကနေ ၆ နာရီက ကျွန်တော် ခြံဝန်းထဲမှာ ရှိမနေခဲ့ဘူး၊ ဒါကြောင့် ဆေးပင်ကိုယူမယ်ဆိုရင် အဲဒီလူက ကျွန်တော်မရှိတဲ့အချိန်မှာပဲ ယူရလိမ့်မယ်"
နျိုစွေ့လန်သည် အရှက်ရမှုနှင့် ဒေါသများပြည့်နှက်စွာဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။
"ဒါတွေအားလုံး ပြောနေတော့ ဘာထူးမှာမလို့လဲ။ နင်က အဲဒီမှာ ရှိမနေခဲ့ဘဲနဲ့ ဘယ်သူလုပ်ခဲ့တာလဲ သိမှာမလို့လား”
အမှန်တော့ နျိုစွေ့လန်သည် တိတ်တဆိတ် ထိတ်လန့်နေခဲ့တာပင်။ သူမသည် ချီသန့်စင်ခြင်း အဆင့်ရှစ်ကို ရောက်ရှိထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့ ထိုပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်လိုက်စဉ်တွင် ဘယ်လိုမှ အင်အားမသုံးနိုင်ခဲ့ပေ။ အားလုံး၏ မျက်စိအောက်မှာ ဖြစ်ခဲ့သည့်အတွက် သူမ အလိုအလျောက် ရှုံးနိမ့်နေသလို ခံစားရပြီး ဘာကြောင့်ရယ်မသိ ထိုအစေခံတပည့်ကို ထိပ်တိုက်ရင်မဆိုင်ချင်တော့ချေ။
"အဲဒီနေရာမှာ ရှိမနေတာနဲ့ပဲ လက်သည်တရားခံကို ရှာမတွေ့နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာမို့လို့လဲ"
ချီယွမ်၏ နှုတ်ခမ်းထောင့်သည် အပေါ်ဘက်ကို အနည်းငယ် တက်သွားခဲ့သည်။
"ကျွန်တော်က အမြဲတမ်း ကျိုးကြောင်းသင့်တဲ့ လူတစ်ယောက်ပဲ၊ အလုပ်ကိုလည်း ကောင်းကောင်းလုပ်တယ်၊ ဂိုဏ်းဘက်ကနေ ကျနော့်ကို တာဝန်ပေးထားတယ်ဆိုမှတော့ ကျွန်တော့်ရဲ့တာဝန်ကို အောင်မြင်အောင် လုပ်ရမှာပေါ့"
"ဒါကြောင့် အဲဒီအစိမ်းရောင်သစ်ရွက်ဆေးပင် လယ်ကွင်းကို ကောင်းကောင်းမွန်မွန် ကြီးထွားလာပြီး မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လာတာကနေ ရှောင်ကြဉ်နိုင်အောင် ကျွန်တော်က အဲဒီနေရာမှာ အဆင့်နိမ့်ပုံရိပ်ဖမ်း အဆောင်စာရွက်တစ်ခုကို ထားခဲ့တယ်၊ကျွန်တော့်ရဲ့တာဝန်ပြီးသွားလို့ နားနေဆောင်ကို ပြန်တဲ့အချိန်တိုင်းမှာ သစ်ပင်ပေါ်မှာတင်ထားတဲ့ အဲဒီအဆောင်စာရွက်က နေ့စဉ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးတယ်"
"အဲဒီနည်းလမ်းနဲ့ ကျွန်တော်က လယ်ကွင်းမှာ ရှိမနေရင်တောင်မှ လယ်ကွင်းရဲ့ကြီးထွားမှုကို တစ်ညလုံး စောင့်ကြပ်လို့ရသွားတယ်၊ ဒါကြောင့် ကျွန်တော်မရှိတဲ့အချိန်မှာ တစ်ယောက်ယောက်ကသာ ခိုးဝင်ပြီး ဆေးပင်ခိုးဖို့ ကြိုးစားခဲ့မယ်ဆိုရင် သေချာပေါက် အဆောင်စာရွက်က ပုံရိပ်ဖမ်းထားပေးမှာပဲ"
ချီယွမ် ပြောပြီးသည်နှင့် အင်္ကျီအတွင်းမှ အဖြူရောင်အလင်းများ ဖျော့တော့စွာ ထွက်ပေါ်နေသော အဆောင်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက မနေ့က မှတ်တမ်းတင်ထားတဲ့အရာပါ၊ ဒါပေမဲ့ တာဝန်ပြီးလို့ အနားယူပြီး အခုမနက် နိုးလာလို့ ကြည့်တော့မယ့်အချိန်မှာ ဂိုဏ်းတူအစ်မတို့ ဆွဲခေါ်သွားလို့ ကျွန်တော် မကြည့်လိုက်ရဘူး"
အကုန်လုံး၏ ထူးဆန်းသော မျက်လုံးများသည် ချီယွမ်၏ လက်အတွင်းရှိ ပုံရိပ်ဖမ်း စာရွက်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝိုး၊ ပုံရိပ်ဖမ်းအဆောင်စာရွက်က ဒီလိုမျိုး အသုံးဝင်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ"
ဖော်ပြခဲ့သည့်အတိုင်းပင် ပုံရိပ်ဖမ်းအဆောင်စာရွက်သည် အချိန်ကာလတစ်ခုအတွင်းမှာ ထွက်ပေါ်လာခဲ့သော ပုံရိပ်ကို ဖမ်းနိုင်ပါ၏။ အသံမပါဝင်သော်ငြား ရှင်းလင်းပြတ်သားသော ပုံရိပ်ကြောင့် ကျင့်ကြံရေးလောကတွင် အသုံးများကြသည်။ ထိုအဆောင်စာရွက်ကို သတင်းဖလှယ်ခြင်းနှင့် ဖူးစာဖက် ရှာဖွေခြင်းမှာသာ အသုံးများခဲ့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ လုပ်နိုင်စွမ်းများကို ဖြည့်စွက်ကာ အသုံးပြုမှု ချဲ့ထွင်လာခဲ့သည်။ ဥပမာ ပြောရမည်ဆိုလျှင် အနီးကပ်တိုက်ပွဲနဲ့ နှစ်ယောက်ချင်းတိုက်ပွဲများကို မှတ်တမ်းတင်ထားပြီး အသေးစိတ်လေ့လာမှုတွင် အသုံးပြုကြသည်။ တစ်ချို့ဆိုလျှင် ပုံရိပ်ဖမ်းအဆောင်စာရွက်ကို သီးသန့်ဆန်ပြီး လှုံ့ဆော်မှုမြင့်မားသော သီးသန့်မြင်ကွင်းတစ်ချို့အတွက် မှတ်တမ်းတင်ထားပြီး အဆင့်မြင့်စျေးနှုန်းနှင့် ရောင်းချကြသည် (ဥပမာ အမျိုးသမီးရေချိုးကန်)။ ပြည်သူလူထုအကြား နာမည်ကြီးသော လူသားဗေဒဆိုင်ရာ သဘာဝတရားကြီး၏ သိုင်းကျမ်းအသွယ်သွယ် စာအုပ်များနှင့်ပါ စျေးကွက်လုမလို ဖြစ်ခဲ့ဖူး၏။
သို့ပေမဲ့ ဘယ်သူကမှ ချီယွမ်လိုမျိုး ပုံရိပ်ဖမ်းအဆောင်စာရွက်ကို ပျင်းစရာကောင်းသော အပင်တစ်ပင်၏ ကြီးထွားမှုစောင့်ကြည့် မှတ်တမ်းအတွက် အသုံးပြုလိမ့်မည် မဟုတ်ချေ။
ချီယွမ် အသုံးပြုခဲ့သော အဆင့်နိမ့်ပုံရိပ်ဖမ်းစာရွက်သည် အလွန်စျေးပေါကာ ကျင့်ကြံရေးလောကတွင် ဝယ်ယူဖို့ လွယ်ကူသည် ဆိုသော်ငြား အဆောင်စာရွက်တစ်ရွက်ကို ဝိညာဉ်ကျောက်တုံး သုံးတုံး ကျသင့်၏။ တစ်ရက်လျှင် အဆောင်စာရွက်တစ်ရွက် အသုံးပြုခြင်းက တစ်လကို ဝိညာဉ်ကျောက်တုံး ၉၀ အသုံးပြုခြင်းပင်။
အစေခံတပည့်တစ်ယောက်၏ လစာသည် ဝိညာဉ်ကျောက်တုံး နှစ်တုံးသာဖြစ်ပြီး ထိုကောင်လေး၏ အလုပ်ကြိုးစားမှုက တစ်လကို ဝိညာဉ်ကျောက်တုံး ၈၈ တုံး အနုတ်သဘော ပြစေလိမ့်မည်။
ထို့ကြောင့်ပင် ဂိုဏ်းထံမှ ချီယွမ်ကို ပေးအပ်ခဲ့သော ဝိညာဉ်ကျောက်တုံး သုံးထောင်ဟူသည့် ဆုလာဘ်သည် မသင့်တော်သော ကိစ္စတစ်ခုမဟုတ်မှန်း အကုန်လုံး တိတ်တဆိတ် သဘောပေါက်လိုက်ကြသည်။
အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် အကြီးအကဲမိုကျန်းယန်က ဦးစွာ တုံ့ပြန်ခဲ့၏။ ချီယွမ်ကို အရှေ့တိုးလာဖို့ အချက်ပြလိုက်ရင်း တစ်ဆက်တည်းမှာပဲ နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ကြည့်ကြရအောင်လေ"
"ဟုတ်ကဲ့ပါ"
ချီယွမ်သည် လေးစားစွာ ဖြေကြားပြီးသည်နှင့် ပုံရိပ်ဖမ်းအဆောင်စာရွက်ကို လှမ်းပေးလိုက်သည်။ အကြီးအကဲမိုကျန်းယန် လက်အတွင်းသို့ အဆောင်စာရွက် ရောက်သွားသည်နှင့် အစေခံတပည့်တစ်ယောက်သည် ရုတ်တရက်ဆိုသလို ဖြူဖွေးသွားသော မျက်နှာနှင့် အကြမ်းပတမ်း တုန်ယင်လာတော့၏။
"ဝမ်ထောင် မင်းဘာဖြစ်နေတာလဲ"
ထိုကောင်လေး၏ မူမမှန်သော မျက်နှာထားကြောင့် ဘေးမှာရှိနေသော တပည့်သည် လျှင်မြန်စွာ အရှေ့တိုးလာကာ ကူညီပေးလိုက်သည်။ သို့ပေမယ့် ဝမ်ထောင်အမည်ရ တပည့်က ဘာကိုမှ သတိမထားမိဟန်ဖြင့် အသိစိတ်မကပ်စွာ ရေရွတ်နေလေရဲ့..။
"မကောင်းတော့ဘူး ဘယ်လိုလုပ် ဒီလိုဖြစ်ကုန်တာလဲ...."
"ဒါဆိုရင် မင်းပေါ့"
ချီယွမ်သည် ရုတ်တရက်ဆိုသလို လျင်မြန်စွာ ရှေ့တိုးသွားခဲ့ပြီး လူအုပ်ထဲက ထိုကောင်လေးကို ဆွဲခေါ်ရင်း အကြီးအကဲမိုကျန်းယန် ရှေ့သို့ တွန်းလွှတ်လိုက်သည်။
"အကြီးအကဲမို ဒီစာရွက်ကို စစ်ကြည့်ဖို့ မလိုတော့ဘူး၊ အစိမ်းရောင်သစ်ရွက်ဆေးပင်ကို ခိုးယူခဲ့တဲ့သူက သူပဲ"
ထိုအချိန်တွင် ထိုအစေခံတပည့်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန်အမင်း ဆိုးရွားနေခဲ့ပြီး မြေကြီးပေါ်မှာ ဒူးထောက်ချကာ တဆတ်ဆတ် တုန်ယင်နေ၏။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ အကြီးအကဲမို၊ ဒါကျွန်တော့်ရဲ့အမှား မဟုတ်ပါဘူး၊ ဝမ်လုချန်... အဲဒီ ဝမ်လုချန်က ဆေးဥယျာဉ်မှာ ကျွန်တော်အလုပ်လုပ်နေတာကို တွေ့သွားခဲ့ပြီး ဆေးပင်ကို ခိုးယူဖို့အတွက် ဝိညာဉ်ကျောက်တုံးဆယ်တုံး ပေးမယ်လို့ ပြောခဲ့ပါတယ်၊ ကျတော် ခဏတာ တွေဝေသွားခဲ့တာပါ"
ထိုစကားကြောင့် လူထုတစ်ခုလုံး ဆူညံပွက်လောရိုက်သွားကာ ဝမ်လုချန်၏ အနားမှာရှိနေသော လူတွေအားလုံးက သိသာစွာဖြင့် ဝမ်လုချန်၏ အဝေးသို့ ရှောင်ကြဉ်လိုက်ကြသည်။ ဝမ်လုချန်၏ မျက်နှာက လွန်စွာ ပြောင်းလဲသွားကာ ထိုအစေခံတပည့်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
"မင်း ငါ့ကို မဟုတ်မမှန် မစွပ်စွဲနဲ့၊ ငါမင်းကို မြင်တောင်မမြင်ဖူးဘူး၊ ငါ့ကိုဒီလိုပြောရအောင် မင်းမှာ သက်သေရှိလို့လား"
ဝမ်ထောင်း အော်ဟစ်ငိုယိုတော့သည်။
"ဝမ်လုချန် မင်းအခုမှ မငြင်းပါနဲ့၊ အဲဒီတုန်းက မင်းလူလွှတ်ပြီးတော့ ဝိညာဉ်ကျောက်တုံးဆယ်တုံး ပေးခိုင်းလိုက်တာလေ"
"လုံလောက်ပြီ"
မိုကျန်းယန် ဒေါသထွက်စွာ အော်ဟစ်လိုက်ရင်း ပတ်ဝန်းကျင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ငတုံးတစ်သိုက် မင်းတို့ကိုယ်မင်းတို့ အရှက်ခွဲရတာ မလုံလောက်သေးဘူးလား"
ရှိနေသော လူအကုန်လုံး ပါးစပ်ပိတ်သွားကြပြီး အသံမထွက်ရဲတော့ချေ။ အချိန်တစ်ခုကြာပြီးနောက်မှာ မိုကျန်းယန်သည် နျိုစွေ့လန်ကို စိုက်ကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။
"တူမလေးနျို၊ ဝမ်ထောင်ကို စည်းကမ်းထိန်းသိမ်းရေးခြံဝန်းဆီ ခေါ်သွားပြီး သေချာစစ်ဆေးလိုက်ပါ၊ အမှန်တရားကို သေချာရှာဖွေပြီး ဂိုဏ်းရဲ့စည်းမျဉ်းကို ဆန့်ကျင်တဲ့သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်"
ထို့နောက်တွင် အကြီးအကဲမို၏ အကြည့်က ချည်နှောင်ခံထားရသော လင်ကျန်းထံသို့ ပြောင်းရွှေ့သွားခဲ့ပြီး...
"လင်ကျန်းကတော့ လက်ရှိမှာ သက်သေမလုံလောက်တဲ့အတွက် လွှတ်ပေးလိုက်၊ ဝမ်ထောင်ကို စစ်ဆေးမှုပြီးတဲ့အချိန်ကျမှ လင်ကျန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်မယ်"
"အကြီးအကဲရဲ့ အမိန့်ကို နာခံပါ့မယ်"
နျိုစွေ့လန်သည် ဝမ်လုချန်ကို ရွံရှာစွာ လှမ်းကြည့်လိုက်ပြီး လက်တစ်ဖက် ယမ်းပြလိုက်သည်။ ထို့နောက်တွင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ များစွာသော တပည့်များက ကျွမ်းကျင်စွာဖြင့် ဝမ်ထောင်းကို ဖမ်းချုပ်လိုက်သည်။
မိုကျန်းယန်လည်း လက်ထဲတွင် ကိုင်ထားသော ပုံရိပ်ဖမ်းအဆောင်စာရွက်ကို ချီယွမ်ထံ ပြန်ပေးလိုက်ရင်း ပြောမိသွား၏။
"ကောင်စုတ်လေး၊ ဘာမှမပါတဲ့ အဆောင်စာရွက်နဲ့ ငါ့ကိုလှည့်စားဖို့ လုပ်နေတာလား။ အကယ်၍ ဝမ်ထောင်းသာ ကိုယ့်ကိုယ်ကို မဖော်ထုတ်ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲ"
ချီယွမ် ရယ်လိုက်ကာ
"မဖြစ်နိုင်တာ အကြီးအကဲရာ၊ အကြီးအကဲလည်း အမြင်စူးရှတဲ့ လူတစ်ယောက်ပဲ၊ အကြီးအကဲကိုယ်တိုင် စစ်ဆေးဖို့ လုပ်လိုက်တဲ့အချိန်မှာ အဲဒီသူခိုးတွေ သေလောက်အောင် ကြောက်သွားမလဲ တွေးမိမှာပါ။ ဘယ်လိုလုပ် သူတို့ကိုသူတို့ မဖော်ထုတ်ဘူးဆိုတာ ဖြစ်နိုင်မှာလဲ”
[ဗလာစာရွက်ဟုတ်လား]
ချက်ချင်းဆိုသလို နေရာတွင်ရှိနေသော လူတွေအားလုံး၏ မျက်နှာထားသည် အေးခဲသွားကြကာ မျက်လုံးများ ပြူးကျယ်သွားလေရဲ့..။
…..