အကြီးအကျယ် ရှာဖွေဖမ်းဆီးခြင်း
Vol. 18 Ch. 260
~နတ်ဘုရား ဆေးလုံး သခင်ကြီး အမျက်တော်ရှနေလေ၏။ သူက ဖုန်းဝူချန်အား မြို့လုံးကျွတ် ရှာဖွေဖမ်းဆီးရန် အမိန့် ချမှတ်လိုက်သည်။
မြို့တော်ချုပ်မှ အင်အားကြီး ပုဂ္ဂိုလ် အမြောက်အမြား ထွက်ခွာလာကြသည်။ မြို့တော်ချုပ်ကို ဗဟိုပြု၍ တန်ခိုးအရှိန်အဝါများက အရပ်လေးမျက်နှာလုံးသို့ လွှမ်းခြုံ ပျံ့နှံ့သွား၏။
ထျန်းယွမ်ဘုံ ကျင့်ကြံသူ ဆယ်ကျော်ခန့်သည် နတ်ဘုရား ဆေးလုံးမြို့တော် အနှံ့တွင် နေရာယူလိုက်ကြပြီး သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါ များက နှလုံးသားများကို တုန်လှုပ်စေသည်။
ယခု နတ်ဘုရား ဆေးလုံး သခင်ကြီး၏ အမျက်ဒေါသမှာ ထိုအချိန်က ပေမင် ဘိုးဘေး ကဲ့သို့ပင် ဖြစ်နေပြီး ဖုန်းဝူချန်ကို ကိုယ်တိုင် အစိမ်းလိုက် ဆုတ်ဖြဲပစ်ချင်နေတော့သည်။
မြို့တော်ချုပ်မှ အင်အားကြီး ပုဂ္ဂိုလ်များစွာ စုစည်းလှုပ်ရှားလာခြင်းက နတ်ဘုရား ဆေးလုံးမြို့တော်ကို တုန်လှုပ်စေခဲ့သည်။ နတ်ဘုရား ဆေးလုံး သခင်ကြီး ဒေါသထွက်မည်ကို လူတိုင်း မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ဤမျှလောက် ကြီးမားသော အတိုင်းအတာ ဖြစ်လာလိမ့်မည်ဟုတော့ သူတို့ ထင်မထားခဲ့ကြပေ။
ကျိုကျိုးနယ်တွင် ဂုဏ်သတင်း ကြီးမားလှသော ပုဂ္ဂိုလ်တစ်ဦး၊ ကျိုကျိုး၏ အထူးချွန်ဆုံး ဆေးပညာရှင်ဖြစ်သည့် နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်ထံတွင် အလွန်တရာ ကျယ်ပြန့်သော ဆက်သွယ်မှုကွန်ရက် ရှိနေသည်။
သူ၏ အမိန့်တစ်ခွန်းအောက်တွင် မြို့တော်ချုပ်မှ ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ ဆယ်ကျော်ခန့်နှင့် ယွမ်တန်ဘုံ ကျွမ်းကျင်သူ ရာပေါင်းများစွာအပြင်၊ နတ်ဘုရား ဆေးလုံးမြို့တော်မှ အဓိက မိသားစုကြီး ငါးခုနှင့် မရေမတွက်နိုင်သော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများကပါ ကူညီရန် တက်ကြွစွာ လူများ စေလွှတ်ခဲ့ကြသည်။
ခဏတာအတွင်းမှာပင် နတ်ဘုရား ဆေးလုံးမြို့တော် တစ်ခုလုံးသည် ဖုန်းဝူချန်ကို လိုက်လံရှာဖွေနေသော ကျင့်ကြံသူများဖြင့် ပျားပန်းခပ်သွားပြီး ကြောက်မက်ဖွယ်ရာ ကြီးမားလှသော အင်အားစုကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
"အစ်ကိုကြီးဖုန်း ဒီတစ်ခါတော့ ဒုက္ခအကြီးအကျယ် တွေ့ပြီပဲ။ တစ်မြို့လုံးက ကျွန်မတို့တွေကို လိုက်ရှာနေတယ်။ ကျန့်လင်တောင်ကြားက ကျင့်ကြံသူတွေလည်း မကြာခင် ရောက်လာကြတော့မှာ။ အစ်ကိုကြီးဖုန်း မစိုးရိမ်ဘူးလား။" လင်ရှောင်ရှောင်က မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"တို့တွေသာ ထွက်သွားချင်ရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒါက ဖုန်းမိသားစုနဲ့ အင်ပါယာကိုပါ သွားထိခိုက်လိမ့်မယ်။ အခုက ဖုန်းမိသားစုနဲ့ ကောင်းကင်ဗိမာန်တို့ ကျင့်ကြံဖို့ အခွင့်အရေးရနေတဲ့ အချိန်။ ဘယ်သူ့ကိုမှ ဝင်နှောင့်ယှက်ခွင့် မပေးချင်ဘူးလေကွာ၊ ဘာပဲဖြစ်ဖြစ် ဒီအခက်အခဲကို ငါတို့တွေ
ကျော်ဖြတ်ရလိမ့်မယ်"
လေလံရုံမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် မြို့အပြင်ဘက်ရှိ တောအုပ်တစ်ခုသို့ ရောက်ရှိလာပြီး တောင်တန်းများထဲသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။
မြို့ထဲတွင် မလုံခြုံပေ။
ကျန့်လင်တောင်ကြားနှင့် နတ်ဘုရား ဆေးလုံးမြို့တော်မှ ကျင့်ကြံသူများ အချိန်မရွေး ပေါ်လာနိုင်သည်။ ဖုန်းဝူချန်၏ စွမ်းအားနှင့်ပင် ဤမျှများပြားသော အင်အားကြီး ပုဂ္ဂိုလ်များကို ယှဉ်နိုင်သည်ဟု သူ မပြောရဲပေ။
"အစ်ကိုကြီးဖုန်း ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်က အစ်ကိုကြီးဖုန်းရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားတွေပါ။ သူတို့ရဲ့ တိုးတက်မှုက အံ့ဩစရာပဲ။ အစ်ကိုကြီးဖုန်းရဲ့ ပြုစုပျိုးထောင်မှုနဲ့ဆို သူတို့တွေ အနာဂတ်မှာ ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူတွေ ဖြစ်လာမှာ သေချာတယ်။ သူတို့ကို အစ်ကိုကြီးဖုန်း အပြည့်အဝ ယုံကြည်လို့ရပါတယ်။ ဒါပေမဲ့ အစ်ကိုကြီးဖုန်းက သူတို့အပေါ်မှာ စိုးရိမ်ပူပန်နေပုံပဲ။" လင်ရှောင်ရှောင်က ဤအချက်ကို နားမလည်နိုင်စွာ ပြောလိုက်သည်။
ဖုန်းဝူချန်၏ အရည်အချင်းများဖြင့် သူသည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်ကို ပိုမို အင်အားကြီးမားလာအောင်၊ အစွမ်းထက် ကျင့်စဉ်များနှင့် သိုင်းပညာများ တပ်ဆင်ပေးနိုင်ပြီး သူတို့၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သော်လည်း ဖုန်းဝူချန်က ထိုသို့ မပြုလုပ်ခဲ့ပေ။
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ဟွမ်ယန်နဲ့ တခြားသူတွေက တကယ်ကို ထူးချွန်ကြပါတယ်။ သူတို့က ငါ့လက်အောက်ငယ်သားတွေ ဆိုပေမဲ့ တကယ်တမ်းမှာတော့ အင်ပါယာရဲ့ စစ်သားတွေပဲမလား။ ငါ့ဘဝက သာမန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ။ အင်ပါယာထဲမှာပဲ တစ်သက်လုံး ဘယ်လိုလုပ် နေနိုင်မှာလဲ။ ငါ အစကတည်းက အားလုံးကို စီစဉ်ပြီးပြီ။ ကိစ္စတွေအားလုံး ပြီးစီးသွားပြီး လုံးဝ လုံခြုံစိတ်ချရပြီဆိုတာနဲ့ 'တိုက်ကြီး' ကို စွန့်စားထွက်ခွာဖို့ လုပ်ထားတာ။ ဒါကြောင့် သူတို့ကို ငါနဲ့အတူ ခေါ်သွားဖို့ မဖြစ်နိုင်ဘူး
လေ"
ဖုန်းဝူချန်က ထိုသို့ တွေးထင်နေသော်လည်း ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်မှ စစ်သားများကတော့ ထိုသို့ တွေးချင်မှ တွေးပေလိမ့်မည်။
ခဏရပ်လိုက်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။ "ဒါပေမဲ့ အင်ပါယာက မထွက်ခွာခင်မှာတော့ သူတို့အတွက် တစ်ခုခုတော့ ထားခဲ့ပေးမှာပါ။ သူတို့ရဲ့ အနာဂတ်လမ်းကြောင်းကတော့ သူတို့ကိုယ်တိုင် ရွေးချယ်ရမှာပဲ။ ငါ့မှာလည်း လျှောက်ရမယ့် ကိုယ်ပိုင်လမ်း ရှိသေးတယ်။ ကောင်းကင်ဗိမာန်ကိုတော့ ငါ သွမ့်ဝူချင်းကိုပဲ လွှဲပေးဖို့ စီစဉ်ထားတယ်။ သူက မကြာခင်မှာ ထီးနန်းကို ဆက်ခံရတော့မှာ ဆိုပေမဲ့၊ ငါ့အစ်ကိုနှစ်ယောက်ကလည်း ဖုန်းမိသားစုကို စီမံခန့်ခွဲရဦးမယ်။ သွမ့်ဝူချင်း တစ်ယောက်ပဲ အသင့်တော်ဆုံး ရှိတယ်"
"ဒါဆို အခု အစ်ကိုကြီးဖုန်းရဲ့ အစီအစဉ်က ဘာလဲ။" လင်ရှောင်ရှောင်က သူမ၏ မေးစေ့လေးကို လက်ဖြင့်တို့ထိရင်း ထပ်မေးလိုက်သည်။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး
"ကျိုကျိုးနယ်ကို သိမ်းပိုက်ဖို့ပဲ"
ထိုအခါ လင်ရှောင်ရှောင်က ခစ်ခနဲ ရယ်မောလိုက်ပြီး
"အစ်ကိုကြီးဖုန်းရဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူနဲ့ စတုတ္ထအဆင့် ဆေးပညာရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို စုစည်းနိုင်တာပဲ။ ကျိုကျိုးနယ်ကို သိမ်းပိုက်တာက လက်ဖဝါးလှန်လိုက်သလို လွယ်ကူနေမှာပဲ။ တခြားလူသာဆိုရင် ကျိုကျိုးနယ်ကို သိမ်းပိုက်ဖို့ ဒီဂုဏ်ပုဒ်ကို အစောကြီးကတည်းက သုံးနေလောက်ပြီ"
ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ဦး၏ ကြောက်မက်ဖွယ် ဆွဲဆောင်နိုင်စွမ်းနှင့်ဆိုလျှင် ဖုန်းဝူချန်က စကားတစ်ခွန်း ဟလိုက်သည်နှင့် ကျင့်ကြံသူပေါင်းများစွာက သူ့ထံ သစ္စာခံကြပေလိမ့်မည်။
"ကိုယ်ပိုင်စွမ်းအားမှ မဟုတ်ဘဲ ဘာအသုံးကျမှာလဲ။ ငါက အင်အားကြီး ပုဂ္ဂိုလ်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့ရင်တောင် သူတို့က ကိုယ်ကျိုးစီးပွားအတွက် လာကြတာ။ သူတို့က ငါ့အောက်မှာ တကယ် 'လက်နက်ချ' အညံ့ခံတာမှ မဟုတ်တာ။" ဖုန်းဝူချန်က ပြုံးရင်း ဆိုသည်။
ဖုန်းဝူချန် လိုချင်သည်မှာ 'လက်နက်ချ' အညံ့ခံခြင်း၊ အတူတကွ သေအတူ ရှင်မကွဲ နေမည့် စစ်မှန်သော သူငယ်ချင်းများနှင့် ညီအစ်ကိုများ ဖြစ်သည်။ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သောသူများ မဟုတ်ပေ။
ဖုန်းဝူချန် ကျိုကျိုးနယ်ကို သိမ်းပိုက်လိုလျှင် ကျိုကျိုးနယ်မှ အင်အားစု အကြီးအသေးတိုင်းကို သတိထားလာစေနိုင်လောက်သည့် လုံလောက်သော စွမ်းအား သူ့ထံတွင် ရှိရမည်။
ဖုန်းဝူချန်က ပေမင်ခုံအား သတ်ဖြတ်ပြီး ကျန့်လင်တောင်ကြားကို ဒေါသထွက်စေခဲ့ခြင်းသည် ကျိုကျိုးနယ်ကို သိမ်းပိုက်ရန် သူ၏ ကြိုးပမ်းမှု၏ အစပျိုးခြင်းသာ ဖြစ်သည်။
ဖုန်းဝူချန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း လင်ရှောင်ရှောင်က ပြုံးကာ မေးလိုက်သည်။
"အစ်ကိုကြီးဖုန်းက 'ကြက်ကိုသတ် မျောက်ကိုခြောက်' မလို့ စီစဉ်နေတာလား"
"အင်း၊ ဒါတင်မကဘူး။ ဟွမ်ဖူမိသားစုကိုလည်း အမြစ်ပြတ် ရှင်းပစ်ရမယ်။" ဖုန်းဝူချန်က ရက်စက်စွာ ဆိုသည်။
ဟွမ်ဖူထျန်းပါးသည် ထျန်းယွမ်ဘုံသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
သူ့ကိုသာ မရှင်းလင်းပစ်ခဲ့လျှင် မိမိ အင်ပါယာမှ ထွက်ခွာသွားသည်နှင့် သူတို့သည် ဖုန်းမိသားစုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
ထိုအခိုက်တွင် နတ်ဘုရား ဆေးလုံးမြို့တော်၌ ဖုန်းဝူချန်ကို လိုက်လံရှာဖွေနေသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူတို့ နတ်ဘုရား ဆေးလုံးမြို့တော်ကို မည်မျှပင် ပိုက်စိပ်တိုက် စစ်ဆေးစေကာမူ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို မတွေ့ရှိခဲ့ကြ။ မြို့အပြင်ဘက်သို့ ဖြန့်ခွဲ ရှာဖွေသည့်တိုင် ဘာမှ မတွေ့ခဲ့ကြပေ။
ဖုန်းဝူချန်ကို ရှာမတွေ့သောအခါ မော့ယန်မှာ ဒေါသထွက်လွန်း၍ အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေသည်။
"ဝူး..ဝူး"
နတ်ဘုရား ဆေးလုံးမြို့တော်၏ အထက် ကောင်းကင်ယံတွင် အင်အားကြီး ပုဂ္ဂိုလ် ရှစ်ဦး ပေါ်ထွက်လာသည်။ လူတိုင်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါ များက ကျယ်ပြန့်လှသော နတ်ဘုရား ဆေးလုံးမြို့တော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ဖြစ်နေပြီး အတွင်းရှိ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
သေစေနိုင်သော သတ်ဖြတ်လိုသည့် အရှိန်အဝါ များ ဖိနှိပ်လာရာ နတ်ဘုရား ဆေးလုံးမြို့တော်မှ လူများကို ပို၍ပင် ကြောက်ရွံ့သွားစေခဲ့သည်။
"ကျန့်လင်တောင်ကြားက ပေမင် ဘိုးဘေး"
"ပြီးတော့ ပေမင်ကျန်းလည်း ပါလာတယ်။ ပေမင်ကျန်း တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီ တကယ့် တကယ့်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ"
"ကျန့်လင်တောင်ကြားက ကျင့်ကြံသူတွေ ရောက်လာကြပြီ ၊ သူတို့ ပုံတူပန်းချီထဲက လူကို လာရှာတာပဲ ဖြစ်ရမယ်"
နတ်ဘုရား ဆေးလုံးမြို့တော်မှ လူများသည် ကောင်းကင်ပြင်ကို ကြောက်ရွံ့တုန်လှုပ်စွာ မော့ကြည့်နေကြ၏။
ကျန့်လင်တောင်ကြားမှ ထျန်းယွမ်ဘုံ ကျင့်ကြံသူ ရှစ်ဦးသာ စေလွှတ်လိုက်သော်လည်း သူတို့၏ စွမ်းအားမှာ နတ်ဘုရား ဆေးလုံးမြို့တော်မှ စုစည်းထားသူများထက် များစွာ ပို၍ သန်မာလှသည်။
ပေမင် ဘိုးဘေးနှင့် အခြားသူများ၏ အရှိန်အဝါ ကို ခံစားမိသောအခါ နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန် လူလုံးပြ ပေါ်ထွက်လာသည်။
"နတ်ဘုရား ဆေးလုံး သခင်ကြီး။" ပေမင် ဘိုးဘေးက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
နတ်ဘုရား ဆေးလုံး သခင်ကြီး၏ မျက်နှာမှာ မဲမှောင်နေပြီး ဒေါသတကြီး အံကြိတ်ကာ
"ဖုန်းဝူချန်က နတ်ဘုရား ဆေးလုံးမြို့တော်က ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်သွားတယ်။ သူ့ကို ခွင့်လွှတ်လို့ မရဘူး။ ဒီကောင်စုတ်က နတ်ဘုရား ဆေးလုံးမြို့တော်မှာ လူသတ်ရဲတယ်ဆိုတာ ငါ့ကို လုံးဝ အလေးမထားတာပဲ"
မော့ယန်သည် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်၏။
လူတစ်ယောက်၏ ဂုဏ်ပုဒ်နှင့် အာဏာ မြင့်မားလေလေ၊ မထီမဲ့မြင် ပြုခံရခြင်းကို သည်းခံနိုင်မှု နည်းလေလေ ဖြစ်သည်။
ဖုန်းဝူချန်က နတ်ဘုရား ဆေးလုံးမြို့တော်မှ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် လေလံရုံသို့ပင် သွားခဲ့သေးသည်။ သည်အဖြစ်က မော့ယန်၏ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
"နတ်ဘုရား ဆေးလုံးမြို့တော် တစ်ခုလုံးကို ရှာပြီးသွားပြီ။ သူ့ကို ခုထိ ရှာမတွေ့သေးဘူး။ အဲ့ဒီ ကောက်ကျစ်တဲ့ ကောင်စုတ် ပုန်းနေတာပဲ ဖြစ်ရမယ်။" မော့ယန်က မာကျောစွာ ပြောလိုက်ရာ သူ၏ အဘိုးကြီး မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေသည်။
"သူ သိပ်ဝေးဝေး မရောက်သေးလောက်ဘူး။ မြေကြီးအောက် သုံးပေထိ တူးရတူးရ၊ သူ့ကို ငါ့အတွက် ရှာတွေ့အောင် ရှာကြ။" ပေမင်ကျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဟုတ်ကဲ့"
ကျန့်လင်တောင်ကြားမှ အင်အားကြီး စစ်သည်တော်များ အရပ်မျက်နှာ အသီးသီးသို့ တဟုန်ထိုး ထွက်ခွာသွားကြသည်။
မကြာမီမှာပင် ကျန့်လင်တောင်ကြားမှ ယွမ်တန်ဘုံ ကျင့်ကြံသူ အများအပြား ထပ်မံ ရောက်ရှိလာပြီး ဖုန်းဝူချန်ကို လိုက်လံရှာဖွေမှုတွင် ပူးပေါင်းလာကြသည်။
အင်အားစုကြီးမှာ လူပေါင်း ထောင်ချီအထိ တိုးပွားလာသည်။ ကျန့်လင်တောင်ကြားမှ တပည့်များ ပိုမို ပါဝင်လာသည်နှင့်အမျှ အရေအတွက်မှာ ပို၍ ပို၍ ကြီးမားလာကာ လူပေါင်း သုံးသောင်းခန့်အထိ ရှိလာသည်။
ဖုန်းဝူချန်ကို ရှာဖွေဖမ်းဆီးမှုမှာ အကြီးအကျယ် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
လေလံရုံတွင်လည်း နတ်ဘုရား ဆေးလုံးမြို့တော်မှ ဆူညံလှုပ်ရှားမှုများနှင့် ကျန့်လင်တောင်ကြားမှ ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ် အရှိန်အဝါ ၊ သတ်ဖြတ်လိုစိတ်များကြောင့် ဥက္ကဋ္ဌနှင့် အကြီးအကဲများပင် သတိပြုမိသွားကြသည်။
"ပေမင်ကျန်းရဲ့ အရှိန်အဝါ က အချိန်နဲ့အမျှ ပိုပြီး ကြောက်စရာကောင်းလာတယ်။ သူ့စွမ်းအားက ပေမင် ဘိုးဘေးထက် မနိမ့်လောက်ဘူး။" လေလံရုံ ဥက္ကဋ္ဌ ချူချန်ခုံးက တည်ကြည်လေးနက်စွာ မှတ်ချက်ချသည်။ ဥက္ကဋ္ဌ ဖြစ်သော သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းယွမ်ဘုံ တတိယအလွှာတွင်သာ ရှိသေးသည်။
သို့သော် လေလံရုံ ဥက္ကဋ္ဌသည် ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးလည်း ဖြစ်ရာ သူက ကျိုကျိုးနယ်တွင် မြင့်မားသော ဂုဏ်ပုဒ် ရှိသူ ဖြစ်သည်။
စတုတ္ထအဆင့် လက်နက်သန့်စင်သူမှာ အကြီးအကဲ ထျန်းကျိဇီ ဖြစ်ပြီး သူသည် ဆံပင်ဖြူများဖြင့် အဘိုးအို တစ်ဦး ဖြစ်သော်လည်း လျှော့တွက်၍ မရသူ ဖြစ်သည်။
ဤ ဧရာမ ပုဂ္ဂိုလ်ကြီး နှစ်ဦး ရှိနေခြင်းကြောင့် လေလံရုံသည် ကျိုကျိုးနယ်မှ အင်အားစု အကြီးအသေး အားလုံးကို သတိထားစေ
နိုင်လောက်သည့် အစွမ်း ရှိနေသည်။
ထျန်းကျိဇီက မျက်မှောင်ကြုတ်လိုက်ပြီး
"ဖုန်းဝူချန်က တကယ်ကို မောက်မာလွန်းတာပဲ။ ဒါပေမဲ့ သူက ကျန့်လင်တောင်ကြားရော၊ နတ်ဘုရား ဆေးလုံး သခင်ကြီးကိုပါ ပြိုင်တူ စော်ကားရလောက်အောင် မိုက်မဲလိမ့်မယ်လို့တော့ ငါ မထင်ဘူး။ ကျိုကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်က တကယ်ပဲ အဲ့လောက်တောင် မိုက်မဲပါ့မလား"
ကျိုကျိုးနယ်မှ အင်အားစု အသီးသီးနှင့် ကျင့်ကြံသူ အများအပြားသည် ဖုန်းဝူချန်က ပေမင်ဘိုးဘေးကို သတ်ခဲ့ကြောင်း သိကြသော်လည်း အဘယ်ကြောင့် သတ်ခဲ့သည်ကို မသိကြသလို၊ သူနှင့် ကျန့်လင်တောင်ကြားကြားတွင် မည်သို့သော ရန်ငြိုးများ ရှိသည်ကိုလည်း မသိကြပေ။
"ဥက္ကဋ္ဌကြီး၊ အကြီးအကဲ နောက် သုံးရက်နေရင် ဖုန်းဝူချန် လေလံရုံကို လာပါလိမ့်မယ်။ သူက မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို မျက်စိကျနေပါတယ်။" ဟု လေလံမှူး မူချိုင်ယီက အသိပေးလိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာ အလှကို မည်သူမျှ မျက်ကွယ်မပြုနိုင်ပေ။
"နောက် သုံးရက်နေရင် ကျိုကျိုးတစ်ခွင်က အင်အားစု အကြီးအသေး အားလုံးက ကျင့်ကြံသူတွေ စုဝေးမယ့် လေလံရုံမှာ ဖုန်းဝူချန် ပေါ်လာဦးမယ်ဆိုရင် ဒါ သူ့သေတွင်း သူ တူးတာ မဟုတ်ဘူးလား။" ချူချန်ခုံးက အနည်းငယ် မျက်မှောင်ကြုတ်
လိုက်သည်။
မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းသည် အဓိက အင်အားစုကြီးတိုင်း ရအောင် ယူရမည့် ရတနာ ဖြစ်သည်။
ဖုန်းဝူချန်သည် ကျန့်လင်တောင်ကြား၊ နတ်ဘုရား ဆေးလုံး သခင်ကြီးတို့နှင့် ရန်ဖြစ်နေပြီး ဖြစ်လျက်၊ ယခု မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက် တိုက်ပွဲတွင် ဝင်နှောင့်ယှက်ဦးမည် ဆိုလျှင် ကျိုကျိုးမှ အဓိက အင်အားစုကြီး အားလုံးကို ရန်သူအဖြစ် ကြေညာလိုက်ခြင်း မဟုတ်လော။
ဖုန်းဝူချန်၏ လုပ်ရပ်သည် မိုက်မဲခြင်းလော၊ သို့တည်းမဟုတ် အဓိက အင်အားစုကြီး ငါးခုလုံးနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအား သူ့ထံတွင် ရှိနေခြင်းလော။
ထိုအချိန်မှာ ၊မူချိုင်ယီက ဝင်ရောက် အကြံပြုသည်။ "ဥက္ကဋ္ဌကြီး ဖုန်းဝူချန်က လွယ်လွယ်နဲ့ ကစားလို့ရမယ့်လူ မဟုတ်ပါဘူး။ သူ့ရဲ့ ကြောက်စရာကောင်းမှုက ကျွန်မတို့ ထင်ထားတာထက်တောင် ပို ကြီးမားနိုင်ပါတယ်။ ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်နိုင်ပြီး ပေမင်ဘိုးဘေးကိုပါ သတ်နိုင်တဲ့ စွမ်းအားမျိုးကို လျှော့မတွက်သင့်ပါဘူး။ ကျွန်မထင်တာကတော့ လေလံရုံအနေနဲ့ ဒီကိစ္စမှာ ဝင်မပါဘဲ ရှောင်နေသင့်ပါတယ်"
ခဏရပ်ပြီးနောက် မူချိုင်ယီက ထပ်ဖြည့်စွက်လိုက်သည်။
"'အတွေးဖြင့် ပုံဖော်ခြင်း' ကို သုံးနိုင်တဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ၊ စတုတ္ထအဆင့် ဆေးပညာရှင် ဒီလို ပါရမီရှင်မျိုးရဲ့ နောက်ကွယ်မှာ လူတစ်ယောက်ယောက် မရှိဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲရှင်"
ထ်ိုစကားအား ကြားသော်၊ ချူချန်ခုံးနှင့် ထျန်းကျိဇီ အပါအဝင် အခြားသူများ ဆက်မပြောကြတော့ပေ။
သူတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်သွားပြီး မူချိုင်ယီ ပြောသည်မှာ အဓိပ္ပာယ် ရှိသည်ဟု အားလုံးက ခံစားလိုက်ရသည်။
"ဖုန်းဝူချန်။ ထွက်ခဲ့စမ်း"
ဒေါသပေါက်ကွဲနေသော ပေမင်ကျန်းက နတ်ဘုရား ဆေးလုံးမြို့တော် အထက်မှ တိုက်ရိုက် ဟိန်းဟောက် ကြိမ်းမောင်းလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ် စွမ်းအင်ကြောင့် ထို အော်ဟစ်သံမှာ နားကွဲမတတ် ကျယ်လောင်လှသည်။
ထို ဟိန်းဟောက်သံကြီးက နတ်ဘုရား ဆေးလုံးမြို့တော် တစ်ခွင် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။
နတ်ဘုရား ဆေးလုံးမြို့တော် အပြင်ဘက် တောင်တန်းများထဲတွင် ကျင့်ကြံနေကြသော ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ထို ဟိန်းဟောက်သံကို ကြားသောအခါ မျက်လုံးများ ဖွင့်ကြည့်လိုက်ကြသည်။
"ထျန်းယွမ်ဘုံ ပဉ္စမအလွှာပဲ။ တော်တော် အစွမ်းထက်တဲ့ ပါဝါပဲ။ သူ့စွမ်းအားက ပေမင် ဘိုးဘေးထက် မနိမ့်လောက်ဘူး။" ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုကြီးဖုန်း သူက ပေမင်ဘိုးဘေးရဲ့ အဖေ၊ ပေမင်ကျန်း ဖြစ်နိုင်မလား။" လင်ရှောင်ရှောင်က ခန့်မှန်းလိုက်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး "သူပဲ ဖြစ်ရမယ်။ သံသယ မရှိဘူး။ ပေမင် ဘိုးဘေးနဲ့ တန်းတူ ရှိနိုင်တာ ကျန့်လင်တောင်ကြားမှာ ပေမင်ကျန်း တစ်ယောက်ပဲ ရှိတယ်။ တကယ်ပဲ သူ့စွမ်းအားက လွယ်တာတော့ မဟုတ်ဘူး"
ပေမင်ကျန်း၏ အတိုင်းအဆမရှိသော အမျက်ဒေါသနှင့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသောအခါ ဖုန်းဝူချန်၏ နှလုံးသားထဲတွင် တိုက်ခိုက်လိုသော စိတ်ဓာတ်များ စတင် တက်ကြွလာသည်။ သူ ပေမင်ကျန်း၏ စွမ်းအားကို အမှန်တကယ် စမ်းသပ်ကြည့်ချင်နေသည်။
ဖုန်းဝူချန်၏ တိုက်ခိုက်လိုစိတ်ကို သတိပြုမိသောအခါ လင်ရှောင်ရှောင်က ခစ်ခနဲ ရယ်မောလိုက်ပြီး ပြန်ပြောလာ၏။
"အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကို ရှုံးချင်မှ ရှုံးမှာပါ"
ဖုန်းဝူချန်က ပခုံးတွန့်လိုက်သည်။
"အဲ့ဒါကတော့ စမ်းကြည့်မှပဲ သိမှာပေါ့"
"အစ်ကိုကြီးဖုန်း နောက် သုံးရက်နေရင် လေလံရုံမှာ ကျန့်လင်တောင်ကြားနဲ့ နတ်ဘုရား ဆေးလုံး သခင်ကြီးကို ဘယ်လို ရင်ဆိုင်ဖို့ စီစဉ်ထားလဲ။ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက အဓိက အင်အားစုကြီးတွေ အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ ရတနာပဲ။ အစ်ကိုကြီးဖုန်းသာ ဝင်နှောင့်ယှက်ရင် အဓိက အင်အားစုကြီး ငါးခုလုံးကို ရန်သူအဖြစ် ကြေညာလိုက်တာနဲ့ အတူတူပဲ နော်။"
လင်ရှောင်ရှောင်က သူမ၏ နူးညံ့သော မျက်ခုံးလေးများ တွန့်ချိုးကာ တည်ငြိမ်စွာ မေးလာသည်။
"အင်း…မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက ရှားပါး ရတနာ တစ်ပါးပဲဟာ။ အဓိက အင်အားစုကြီး ငါးခုလုံးကို ရန်သူအဖြစ် ကြေညာရမယ် ဆိုရင်တောင်မှ အစ်ကိုက ဒါကို ရအောင် ယူရမှာပေါ့။"
ဖုန်းဝူချန်က အဓိက အင်အားစုကြီး ငါးခုလုံးကို ရန်သူအဖြစ် ကြေညာရမည့် အလားအလာကို လုံးဝ မကြောက်ရွံ့ဘဲ တုံ့ပြန်လိုက်လေသည်။