(တစ်ခုခု မှားနေပြီ)
Vol. 3 Ch. 27
ကြိုးဖြည်ပြီးနောက်တွင် လင်ကျန်းသည် မည်းမှောင်သောမျက်နှာနှင့် ရပ်နေသော ဝမ်လုချန်နှင့် လျိုယင်းယင်းကို လျစ်လျူရှု့ကာ ချီယွမ်ရှိရာသို့ တပ်မတ်စွာ လျှောက်သွားလိုက်သည်။ လင်ကျန်း၏ မျက်လုံး အတွင်းတွင် ကျေးဇူးတင်မှုကြောင့် မျက်ရည်များ ပြည့်နေ၏။
“အကိုချီ ကျွန်တော့်ကို ကူညီပေးတာ ဒါတတိယမြောက် အကြိမ်ပဲ။ အစ်ကို့ရဲ့ကြီးမားတဲ့ ကျေးဇူးတရားတွေကို ကျွန်တော် ဘယ်လို ပြန်ဆပ်ရမလဲ မသိတော့ဘူး”
ချီယွမ်သည် လက်တဖက် ယမ်းပြပြီး နွေးထွေးစွာ ပြောလိုက်သည်။
“ငါတို့က ညီအစ်ကိုတွေပဲ ကျေးဇူးတင်နေဖို့ မလိုပါဘူး”
လင်ကျန်း လေးလံစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက်တွင် တစ်ခုခုကို သတိရသွားသည်နှယ် မျက်နှာထား ပြောင်းလဲသွားခဲ့ပြီး…
အချိန် တခဏကြာ တွန့်ဆုတ်ပြီးနောက်မှသာ စိတ်ပိုင်း ဖြတ်လိုက်ဟန်ဖြင့် တည်ငြိမ်စွာ ပြောလာခဲ့သည်။
“အစ်ကိုချီရဲ့ ကျေးဇူးတရားက ကျွန်တော့် အတွက်တော့ တောင်တစ်တောင်လိုပဲ မြင့်မားတယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာ တစ်ခုရှိတယ်”
“အို့ ဟုတ်လား”
ချီယွမ်၏ မျက်နှာထားလည်း တည်ငြိမ်သွားကာ နက်ရှိုင်းသော အသံဖြင့် မေးလိုက်သည်။
“ဒီနေရာမှာ လူတွေ အများကြီးရှိတယ်။ အကို့ရဲ့ နားနေဆောင်ထဲ သွားပြီး ပြောကြမလား”
အကယ်လို့ လင်ကျန်း နေရာမှာ တခြားသူသာဆိုလျှင် သူ့လိုမျိုး ထိုက်ရွှန်း သန့်စင်နယ်မြေ၏ တာအိုသားတော် တစ်ယောက်ကို စိတ်ဝင်စားစရာ သတင်းတစ်ခု ပေးလာလိမ့်မည်ဟု ချီယွမ် မျှော်လင့်မည် မဟုတ်ချေ။ သို့ပေမဲ့ အခုပြောဆိုလာသူသည်လင်ကျန်း ဖြစ်သည်။ ကောင်းကင်ဘုံ၏ ကောင်းချီးပေး ခံထားရသော ကံကြမ္မာ သားတော်က ဘယ်လို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်း အချက်အလက်ကို ထုတ်ပေးလာမလဲ ဘယ်သူ မှန်းဆနိုင်မှာမလို့လဲ..။
အကယ်၍ လင်ကျန်းသည် ရက်ပိုင်းအတွင်းမှာ အင်မော်တယ် တစ်ယောက် ဖြစ်လာနိုင်တော့မည်ဟု ပြောလာရင်တောင်မှ ချီယွမ်အနေနဲ့ အရင်ဦးဆုံး ယုံကြည်ပေးရမည် ဖြစ်သည်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်သည် ချီယွမ်၏ နားနေရာ ဝါးလုံးအိမ် အတွင်းသို့ ရောက်လာခဲ့သည်။ အိမ်အတွင်းသို့ ဝင်ရောက်ပြီး ထိုင်ခုံတွင် နေရာယူ ပြီးသည်နှင့် ချီယွမ်သည် နားထောင်မှု ပြင်းပြစွာဖြင့် အရှေ့ တိုးလိုက်သည်။
“ညီလေးလင် စိတ်အေးအေးထားပြီး လွတ်လွတ်လပ်လပ် ပြောပါ”
လင်ကျန်း ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်ပြီးလျှင် အရင်ဦးဆုံး ခေါင်းငြိမ့်လိုက်သည်။ တံခါးရှိရာသို့ လှမ်းကြည့်ပြီး ဘယ်သူမှ ရှိမနေတာ အတည်ပြုပြီးနောက်မှသာ ခပ်တိုးတိုး ပြောလာ၏။
“အကိုချီ တစ်ကယ်တော့ အကို စောင့်ရတဲ့ အစိမ်းရောင်သစ်ရွက်ဆေးပင်က တစ်ခုခုမှားနေတယ်”
“ဘယ်လို ပြဿနာမျိုး ဖြစ်နေလို့လဲ”
ချီယွမ် အနည်းငယ် အံ့ဩသွားခဲ့သည်။ အခုဆိုလျှင် ထိုလယ်ကွက် အသေးစားကို စောင့်ကြပ်လာတာ ငါးရက်ခြောက်ရက် ကြာခဲ့ပြီ။ သို့တိုင်အောင် လင်ကျန်း ပြောသွားသလိုမျိုး မူမမှန်သည့် ကိစ္စရပ်ကို ချီယွမ် ရှာမတွေ့ခဲ့ချေ။ ထိုဆေးပင် လယ်ကွက်နှင့် ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ခြင်းက....... ပြဿနာရပ်သည် အလွန်အမင်း အဆင့်မြင့် နေလို့သာ ဖြစ်နိုင်သည်။
လင်ကျန်းက အသက်တစ်ချက် ရှုသွင်းပြီးမှသာ ဆက်ပြောလာခဲ့သည်။
“ကျွန်တော် တစ်ခါက ဆေးစာအုပ်တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ ဝိညာဥ်ရှိတဲ့ အပင် ဒါမှမဟုတ် သစ်ပင်ကြီး တစ်ခုပေါ်ပေါက်လာပြီ ဆိုတိုင်း အဲ့ဒါရဲ့ အနီးအနားမှာ အသန့်စင်ဆုံး ချီစွမ်းအင်ဓာတ် ရှိတဲ့ ယင်သစ်သားကို တွေ့ရတတ်တယ်။ ဒီနေ့ကျွန်တော့်ကို စွပ်စွဲဖို့ သူတို့ ဖန်တီးခဲ့တဲ့ အစိမ်းရောင်သစ်ရွက် ဆေးပင်အစည်းထဲမှာ အသန့်စင်ဆုံး ချီစွမ်းအင်ဓာတ်ကို အရိပ်အမြွတ် ခံစားမိလိုက်တယ်”
“အဲဒါရဲ့ဆိုလိုရင်းက အကိုစောင့်ကြပ်နေတဲ့ ဆေးလယ်ကွင်း အသေးစားက အရမ်းကို ကောင်းမွန်တဲ့ အပင်ဝိညာဥ်တစ်ခုကို ဖုံးကွယ်ပေးထားတယ် ဆိုတာပဲ။ အဲ့ဒီအပင်ရဲ့ သက်တမ်းက နှစ်ရှစ်ထောင်လောက် ဒါမှမဟုတ် နှစ်တစ်သောင်းလောက် ရှိနိုင်တယ်”
လင်ကျန်းသည် ချီယွမ်ကို တောက်လောင် နေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ချီယွမ်၏ တုန့်ပြန်မှုကို အကဲခတ်လိုက်သည်။
( နှစ်တစ်သောင်း သက်တမ်းရှိတဲ့ အပင်ဝိညာဥ် ဟုတ်လား )
ထိုစကားလုံးကြောင့် ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွားသလို မနေနိုင်စွာဖြင့် အသက်တစ်ချက် ရှုသွင်းလိုက်သည်။ အလွန်ကို သာမန်ဆန်လှသော တိမ်ကြွေဂိုဏ်း၏ လယ်ကွင်းငယ် တစ်ချို့အတွင်းမှာ နတ်တပါးလို ခမ်းနားသည့် တည်ရှိမှုကို အခုလို မြင်တွေ့ရမည်ဟု ချီယွမ် မမျှော်လင့်ခဲ့မိချေ။
လင်းကျန်း ပြောသွားသည်သာ အမှန်အတိုင်း ဖြစ်နေလျှင် အဆင့် အလွန်မြင့်သော ကျင့်ကြံသူများတောင် အရှက်မဲ့စွာဖြင့် လာရောက်ခိုးယူ ကြလိမ့်မည်။
နှစ်တစ်သောင်း သက်တမ်းရှိ အပင်ဝိညာဥ်အိုသည် သေးငယ်သော အစိမ်းရောင် သစ်ရွက် ဆေးပင်တစ်ပင် ဖြစ်နေလျှင်တောင်မှ ထိုအရာက လူတစ်ဦး၏ ခန္ဓာကိုယ်ကို သန့်စင်ကာ ထိုသူ၏ ကျင့်ကြံမှုကို အလွန်အမင်း မြင့်တက်စေနိုင်သည်။
ချီယွမ် ချက်ချင်းဆိုသလို လင်ကျန်းကို လှမ်းကြည့်လိုက်သည်။ ကံကြမ္မာသားတော် ဆိုသည့်အတိုင်းပင် အကြိမ်ရေအနည်းငယ် ကူညီပေးရုံဖြင့် အခုလောက် ကြီးမားသည့် ဆုလာဒ်ကို ပြန်ပေးလာခဲ့သည်။ သို့ပေမယ့်လင်ကျန်း ပြောသွားသော စကားလုံးများ အားလုံးကိုတော့ ချီယွမ် မယုံကြည်ပါချေ။
လင်ကျန်း၏ နောက်ခံသည့် အလွန်သာမန် ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအင်ကိုတောင် မနည်းဆုတ်ယူ နေရသည်။ အဆုံးမဲ့ သန့်စင်သော ချီစွမ်းအင် ပါဝင်သည့် ယင်သစ်သားကို အစိမ်းရောင်သစ်ရွက် ဆေးပင် အနည်းငယ်မှ အရိပ်အငွေ့ ခံစားလိုက်ရအောင် အကဲဆက်သည့် တုန့်ပြန်စွမ်းမရှိနိုင်ချေ။ ဖြစ်နိုင်သည်မှာ ဤကံကြမ္မာ သားတော်သည် အထူးစွမ်းအင် တစ်ချို့နိုးထခဲ့ပြီး ထိုအရာကို ဖော်ထုတ်လို့မရသဖြင့် ရှေးစာအုပ်ကို ဆင်ခြေအဖြစ် အသုံးပြုခဲ့တာ ဖြစ်ရမည်။
ချီယွမ် ကောင်းမွန်စွာ နားလည်ပါသည်။ သူ့အနေနှင့် တုံးအပြီးလင်ကျန်းကို မေးခွန်းထုတ်လိမ့်မည် မဟုတ်ချေ။ ဘယ်လိုပဲဆိုပါစေ လျှို့ဝှက်စွမ်းရည် ဖော်ထုတ် ခံရမည်ကို စွန့်စားရင်းဖြင့် ထိုသတင်း အချက်အလက်ကို ပေးလာပုံကြည့်ရလျှင် ဤလင်ကျန်းသည် တော်တော်လေးသစ္စာရှိသည်ဟု ပြောရမည်။ အနည်းဆုံးတော့ ကျေးဇူးကန်းသည့် ငမိုက်သားတစ်ယောက် မဟုတ်ပါချေ။
အတွေးများစွာဖြင့် ချီယွမ်သည် လင်ကျန်း၏ ပုခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။
“အကို့ကို သတိပေးပေးလို့ ကျေးဇူးပါ ညီလေးလင်။ ဒီကိစ္စကို အကို စုံစမ်းလိုက်မယ်။ တစ်ကယ်ပဲ အကို စောင့်ကြပ်ရတဲ့ လယ်ကွင်းထဲမှာ နှစ်တစ်သောင်း သက်တမ်းရှိ အပင်ဝိညာဥ်အို ရှိနေမယ်ဆိုရင် မင်းကိုလည်း အကျိုးအမြတ် တစ်ချို့ပေးမှာပါ”
“အစ်ကိုချီ အထင်မှားနေပြီ”
လင်ကျန်းသည် အနည်းငယ် ပြောင်းလဲသွားသော မျက်နှာထားဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“အကယ်လို့ အဲ့ဒါက အမှန်ပဲဆိုရင်တောင်မှ တခြားလူတွေကို ပြောလိုက်လို့ မဖြစ်ဘူး။ ပြီးတော့အဲ့ဒီ စိတ်ဝိညာဉ်ကိုလည်း ရန်စလိုက်လို့ လုံးဝမဖြစ်ဘူးနော်။ များသောအားဖြင့် အပင်ဝိညာဉ်က တိုက်ခိုက်ရည် အားနည်းတယ် ဆိုတာမှန်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့လို ချီသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံသူငယ်လေးတွေ ရန်စလို့ရတဲ့ သူတွေတော့ မဟုတ်ဘူး။ ဒါကြောင့် အကို ဆေးဥယျာဥ်ထဲ ရောက်တဲ့အခါမှာ သတိထားပါ။ ဂရုမစိုက်ပဲ မပြုမူနဲ့”
လင်ကျန်း၏ စိတ်အား ထက်သန်နေသော စကားလုံးများကြောင့် ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ အနည်းငယ် ရယ်မောလိုက်သည်။
“ကောင်းပြီ အကို ဂရုစိုက်ပါ့မယ်”
လင်ကျန်း ထွက်သွားသည်ကို ကြည့်နေရင်း ချီယွမ် ထိုင်ခုံမှာ ထိုင်ကာ အတွေးများသွားသည်။
( ကြည့်ရတာ အစိမ်းရောင် သစ်ရွက် လယ်ကွင်းငယ် အနားမှာတကယ်ပဲ ပုံရိပ်ဖမ်း အဆောင် စာရွက်ကို ထားရတော့မဲ့ပုံပဲ။ ဒါပေမယ့် အဲ့ဒါမတိုင်ခင် ငတုံးစနစ်ရဲ့ ကျက်သရေတုံးလှတဲ့ တာဝန်ကြီးကို ပြီးအောင် လုပ်ရဦးမယ် )
တွေးလိုက်ရုံနှင့် ချီယွမ်တစ်ယောက် ဒေါသ လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။
( ငတုံးစနစ်ရဲ့ တာဝန်တွေက ပိုပြီးတော့ သာမန်နဲ့ ဆန်လာရမှာ မဟုတ်ဘူးလား။ ဘာကြောင့် ပိုပိုပြီး ရှုပ်ထွေးလာ ရတာလဲ )
ထိုညတွင် ချီယွမ် တစ်ယောက် စိတ်ပျက်ခြင်း ကြီးစွာဖြင့် သူခိုးများ ဝတ်ဆင်သော အနက်ရောင် ဝတ်စုံကိုဝတ်စုံပြီး မျက်နှာကိုလည်း အနက်ရောင် အဝတ်စဖြင့် ဖုန်းကွယ်ကာ ညအမှောင်ထဲတိုးဝင်သွားခဲ့သည်။
………