← Chapters

လေလံရုံ

Vol. 18 Ch. 261

လေလံရုံ

Vol. 18 Ch. 261

~လက်ရှိ အခြေအနေတွင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကသာ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး ရတနာ ဖြစ်နေသည်။

အကြောင်းမှာတော့ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းတွင် ကြီးမားပြီး သန့်စင်သော စွမ်းအင်များ ပိုင်ဆိုင်ထားပြီး၊ ၎င်းက သူ၏ လက်ရှိအဆင့်တွင် ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး တိုးတက်စေမည့် နည်းလမ်း ဖြစ်နေသောကြောင့်တည်း။

ထျန်းယွမ်ဘုံသို့ ရောက်သည့်အခါ ကျင့်ကြံခြင်းအဆင့် တိုးတက်ရန်မှာ အလွန်တရာ ခက်ခဲသွားပြီ ဖြစ်သည်။ လုံလောက်သော အစွမ်းထက် စွမ်းအင် အထောက်အပံ့များ မရှိဘဲ၊ သဘာဝတရားထဲမှ ဝိညာဉ်စွမ်းအင်ကိုသာ စုပ်ယူနေရုံဖြင့် ကျင့်ကြံခြင်းကို ရှေ့ဆက်တိုးရန်မှာ မလွယ်ကူတော့ပေ။

ပါရမီရှင်ဟု ဆိုကြသူများပင် ကောင်းကင်ဘုံ ရတနာများနှင့် ဆေးလုံးများ၏ အကူအညီမပါဘဲ မိမိတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ခက်ခဲလှ၏။

ပါရမီရှင် ဆိုသည်မှာလည်း ကျင့်ကြံရန်အတွက် ကောင်းကင်ဘုံ ရတနာများအပေါ် မှီခိုနေရဆဲပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ အချိန်က ကုန်ဆုံးသွားခဲ့သည်။ ကျိုကျိုး လေလံရုံသို့ ကျိုကျိုးနယ်မှ အဓိက အင်အားစုကြီး ငါးခု၏ အကြီးအကဲများနှင့် အခြားသော စွမ်းအားရှင် အများအပြား စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ နတ်ဘုရား ဆေးလုံးမြို့တော် တစ်ခုလုံး လူများဖြင့် ပြည့်နှက်နေပြီး လေလံရုံ ခန်းမကြီးမှာလည်း နေရာလပ် မရှိအောင် ပြည့်ကျပ်နေတော့သည်။

လေလံရုံရှိ သီးသန့်ခန်း တစ်ခန်းချင်းစီတွင် ကျိုကျိုးမှ အဓိက အင်အားစုများ၏ စွမ်းအားရှင်များ နေရာယူထားကြ၏။

ထိုအထဲတွင် တတိယထပ်ရှိ သီးသန့်ခန်းများ၌ ကျိုကျိုး အဓိက အင်အားစုကြီး ငါးခုမှ ထိပ်သီးများ ဝင်ရောက် နေရာယူထားကြပြီး လေလံရုံ စတင်ရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ဒုတိယထပ်မှ သီးသန့်ခန်းများစွာသည်လည်း နေရာလပ် မရှိတော့ဘဲ လေလံရုံ ခန်းမကြီး တစ်ခုလုံး ဆူညံ ပွက်လောရိုက်နေ၏။

ဤမျှ များပြားသော လူအုပ်ကြီး ရောက်ရှိလာကြခြင်းမှာ ရတနာများ အတွက်သာမကဘဲ၊ မုချိုင်ယီ အတွက်ပါ ပို၍ ဖြစ်လေသည်။

မုချိုင်ယီသည် မရေမတွက်နိုင်သော ယောက်ျားသားတို့၏ နှလုံးသားထဲမှ နတ်သမီးတစ်ပါး ဖြစ်သည်။ သူမ၏ အချစ်ကို မရနိုင်လျှင်တောင်မှ ထိုလှပသူလေး၏ အပြုံးတစ်ချက်ကို မြင်ရလျှင်ပင် တန်သည်ဟု သူတို့ ယူဆကြ၏။

"သခင်လေး ဖုန်းဝူချန်တို့ ဘာလို့ ခုထိ ပေါ်မလာသေးတာလဲ"

ဒုတိယထပ်မှ သီးသန့်ခန်း တစ်ခန်းထဲတွင် အစောင့်တစ်ယောက်၏ စိုးရိမ်စိတ်ရော ကြောက်စိတ်ပါ ရောထွေးနေသော အသံက ထွက်လာသည်။

"ငါက ဘယ်လိုလုပ် သိမှာလဲ"

ကျန်းခွေ့က ဒေါသတကြီး ပြန်အော်လိုက်၏။ သူ့မျက်နှာမှာလည်း ကြောက်စိတ်တို့ လွှမ်းခြုံနေသည်။

"သ သခင်လေး သူက သူက ယန်ဟော်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဖုန်းဝူချန် အစစ်လား"

အစောင့်က ကြောက်ကြောက်လန့်လန့် ထပ်မေးပြန်သည်။

"ငါ ဘယ်လိုသိမလဲလို့ ပြောနေတယ်မလား"

ကျန်းခွေ့က အစောင့်ကို မျက်စောင်းတစ်ချက် ပစ်သွင်းရင်း ထပ်မံ ဆူပူလိုက်၏။

နတ်ဘုရား ဆေးလုံးမြို့တော်မှ အဓိက မိသားစုကြီး ငါးခုထဲမှ တစ်ခု ဖြစ်သည့်အလျောက်၊ ကျန်းမိသားစုသည်လည်း သတင်းကို ရရှိထားပြီး ဖြစ်သည်။ ထိုအခါ ကျန်းခွေ့သည် လေလံရုံတွင် သူတွေ့ဆုံခဲ့သော လူနှစ်ယောက်ကို ချက်ချင်း ပြန်တွေးမိသွားတော့သည်။

ဖုန်းဝူချန်၏ သရုပ်မှန်ကို သိရှိသွားသောအခါ ကျန်းခွေ့သည် ဖုန်းဝူချန်ကို သူတို့နှင့် လာပူးပေါင်းရန် ဖိတ်ခေါ်ခဲ့မိသည့်အတွက် အပြင်းအထန် နောင်တရသွားသည်။ ဒါက လူသတ်နတ်ဆိုး တစ်ကောင်ကို အဖော်ခေါ်လိုက်သလိုပင် မဟုတ်ပါလား။

သူ၏ မူလ အကြံအစည်ကို အကောင်အထည်ဖော်ရန် ကျန်းခွေ့သည် သီးသန့်ခန်း တစ်ခန်းကိုပင် ကြိုတင် မှာယူထားခဲ့သေးသည်။

ကျန်းခွေ့၏ မူလ ယုတ်မာသော အတွေးအကြံများမှာ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။ သူ့အသက်ကို သူ တန်ဖိုးမထားတော့ဘူး ဆိုလျှင်တောင်မှ ထိုအတွေးမျိုးကို သူ မတွေးရဲတော့ပေ။

သတင်းက အချိန်မီ ပျံ့နှံ့လာခဲ့သည့်အတွက် ကျန်းခွေ့တစ်ယောက် ကျိတ်၍ ကျေးဇူးတင်နေမိသည်။

မဟုတ်လျှင် ငရဲမင်းကတောင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားနှင့် ဆိုလျှင် ကျန်းမိသားစုကို သူက ထည့်တွက်နေမည် မဟုတ်သည်မှာ သေချာသည်။

ကျန်းခွေ့ အခု လိုချင်နေသည်မှာ ဖုန်းဝူချန်နှင့် အဝေးဆုံးမှာ နေရန်သာ ဖြစ်သည်။ သို့သော် ဖုန်းဝူချန်ကို ကူညီမည်ဟု သူ ဝန်ခံထားပြီး ဖြစ်ရာ၊ ယခုအခါ စကားကို ပြန်မရုတ်ရဲတော့ဘဲ ကြောက်လန့်တကြား နှလုံးသားဖြင့်သာ ထိုင်စောင့်နေရတော့သည်။

ဖုန်းဝူချန်၏ အထောက်အထားနှင့် သူ၏ ကြောက်မက်ဖွယ် စွမ်းအားကို သိရှိသွားပြီးနောက် ကျန်းခွေ့သည် သွားဆွရန် မဝံ့ရဲတော့ပေ။

သို့သော်လည်း ကျန်းခွေ့၏ စိတ်အတွင်းထဲတွင် မျှော်လင့်ချက် အလင်းတန်း သေးသေးလေးတစ်ခုတော့ ရှိနေသေးသည်။ အကြောင်းမှာတော့ ဤနေရာတွင် ကျိုကျိုးနယ်မှ အဓိက အင်အားစုများ၏ စွမ်းအားရှင်များ ပြည့်နှက်နေပြီး၊ ဖုန်းဝူချန်၏ ရန်သူများလည်း ရှိနေသောကြောင့် ဖြစ်သည်။

ခဏအကြာတွင် သီးသန့်ခန်းထဲမှနေ၍ အဝင်ဝကို ကြည့်နေသော ကျန်းခွေ့သည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောအခါ၊ သူ၏ ခန္ဓာကိုယ်က ပထမ တုန်ခနဲ ဖြစ်သွားပြီးနောက် သီးသန့်ခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားတော့သည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် လေလံရုံသို့ နောက်ဆုံးမှ ဝင်ရောက်လာသော လူအုပ်စုထဲတွင် ပါလာသည်။ သူတို့နောက်မှ လာသော မည်သူ့ကိုမဆို အပြင်မှာ တားမြစ်ထားလိုက်တော့သည်။ အကြောင်းမှာ ခန်းမထဲတွင် လူ ပြည့်သွားပြီ ဖြစ်သောကြောင့်တည်း။

ဖုန်းဝူချန်သည် အနားသားကျယ် ဦးထုပ်ကြီးကို ဆောင်းထားပြီး သူ၏ ဝိညာဉ်စွမ်းအား အရှိန်အဝါ ကိုလည်း ရုပ်သိမ်းထားရာ သူ့ကို မည်သူမျှ မှတ်မိသူ မရှိပေ။

"အစ်ကိုကြီးဖုန်း၊ နတ်သမီးလေး ဒီဘက်ကို ကြွပါ"

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ရောက်လာသည်နှင့် ကျန်းခွေ့က ရှေ့သို့ထွက်ကာ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်ရင်း သူတို့ကို သီးသန့်ခန်းဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားသည်။

ကျန်းခွေ့၏ အမူအရာမှာ အလွန်တရာ ရိုကျိုးနေပြီး၊ ယခင်က ဖုန်းဝူချန်အပေါ် မထီမဲ့မြင် ပြုခဲ့သော ဟန်ပန်များမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အနားသားကျယ် ဦးထုပ် ဆောင်းထားသော ဖုန်းဝူချန်က နောက်ဆုံးမှ ဝင်လာသူ ဖြစ်သည်။ ထိုနေရာတွင် ရှိနေသော အဓိက အင်အားစု အသီးသီးမှ စွမ်းအားရှင်များ သူ့ကို မမှတ်မိကြပေ။ အမှန်တကယ်တော့ သူတို့ ဖုန်းဝူချန်ကို မြင်ပင် မမြင်လိုက်ကြခြင်း ဖြစ်သည်။

သီးသန့်ခန်းထဲ ရောက်သောအခါ ကျန်းခွေ့က ဖုန်းဝူချန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ရင်း လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သည်။

"အရင်တုန်းက အစ်ကိုကြီးဖုန်းရဲ့ ဂုဏ်ပုဒ်ကို မသိခဲ့လို့ ကျွန်တော် တစ်ချို့နေရာတွေမှာ စော်ကားမိတာ ရှိခဲ့ပါတယ်။ အစ်ကိုကြီးဖုန်း စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်"

ထိုအခါ၊ ဖုန်းဝူချန်က သူ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

"မင်း အခု ငါ့အကြောင်း သိသွားပြီ ငါနဲ့ ပေါင်းသင်းလို့ ဒုက္ခရောက်မှာ မကြောက်ဘူးလား"

ထိုစကားကို ကြားသောအခါ ကျန်းခွေ့က အလျင်အမြန် ဖြေသည်။

"ကျွန်တော် မပြောဘူး၊ အစ်ကိုကြီးဖုန်းလည်း မပြောဘူးဆိုရင် ဘယ်သူက သိမှာလဲဗျ"

"မင်းမှာ ဒီသီးသန့်ခန်း ရှိနေတဲ့အတွက်တော့ ငါ မင်းရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားပါ့မယ်"

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။

"ကျေး..ကျေးဇူးတင်ပါတယ်ဗျာ"

ကျန်းခွေ့က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ရသည်။

ထိုအချိန်တစ်လျှောက်လုံး ကျန်းခွေ့သည် လင်ရှောင်ရှောင်ကို တစ်ချက်လေးတောင် မဝံ့မရဲ ခိုးမကြည့်သလို၊ သူ၏ စိတ်ထဲတွင်လည်း မည်သည့် မရိုးသားသော အကြံအစည်မျှ မရှိတော့ပေ။

ဆူညံနေသော လေလံရုံ ခန်းမကြီးသည် မုချိုင်ယီ လေလံစင်မြင့်ပေါ်သို့ တက်လှမ်းလာသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။ မျက်လုံးအားလုံးသည် သူမ၏ ဆွဲဆောင်မှုရှိပြီး လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများပေါ်သို့ စုပြုံ ကျရောက်သွား၏။

မီးလျှံကဲ့သို့ အနီရောင် ချီဖောင် ဝတ်စုံရှည်၏ ကွဲကြောင်းအောက်မှ ဖြူဖွေး သွယ်လျသော ခြေတံများက အစုံစုံသော အတွေးများကို ဖြစ်ပေါ်စေသည်။ ယောက်ျားသား အများအပြားမှာ သွားရည်ကျမတတ် ဖြစ်နေကြပြီး သူတို့၏ အကြည့်များမှာ မုချိုင်ယီ၏ ထင်ရှားလှသော ရင်အုံ သို့မဟုတ် ခြေတံများ၏ လှစ်ဟသွားသော မြင်ကွင်းများဆီတွင် စူးစိုက်နေကြသည်။

[ချီဖောင် သို့မဟုတ် ချုံဆမ် (Qipao / Cheongsam)

- ကိုယ်ကျပ်ပြီး ဘေးကွဲပါတဲ့ ဂါဝန် ပုံစံမျိုး ဖြစ်ပါတယ်။]

လူအုပ်ကြီး၏ အကြည့်များကိုတော့ မုချိုင်ယီက ကျင့်သားရနေခဲ့တာ ကြာပြီ ဖြစ်သည်။ သူမ၏ ညှို့အားပြင်းသော မျက်နှာလေးပေါ်တွင် စိတ်အနှောင့်အယှက် ဖြစ်ဟန် မရှိဘဲ၊ စွဲမက်ဖွယ်ရာ ကောင်းပြီး လှုပ်ရှားစေနိုင်သော အပြုံးတစ်ခုကိုသာ ချိတ်ဆွဲထားလေသည်။

"အစ်ကိုကြီးဖုန်း ၊ မုချိုင်ယီက နာမည်ကြီး အလှပဂေးနော်ဗျ။ သူ့ကျင့်ကြံအဆင့်က သာမန်လို့ မထင်လိုက်နဲ့ သူ့နောက်မှာ ထျန်းယွမ်ဘုံ စွမ်းအားရှင်တွေက လျှို့ဝှက် ကာကွယ်ပေးထားတာ။ ကျိုကျိုးမှာ ဘယ်သူမှ သူ့ကို မထိရဲဘူးဗျ"

ကျန်းခွေ့က ပြုံးရင်း ဆိုသည်။ သူ၏ အကြည့်များမှာတော့ မုချိုင်ယီထံမှ တစ်ချက်မခွာဘဲ စူးစိုက်ထားသည်။

"သူက တကယ် လှတာပဲနော်"

လင်ရှောင်ရှောင်ကပင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ထိုအခါ၊ ကျန်းခွေ့က အလျင်အမြန် မြှောက်ပင့်လိုက်သည်။

"နတ်သမီးလေးရဲ့ အလှကလည်း သူ့ထက် မလျော့ပါဘူး"

လင်ရှောင်ရှောင်၏ အလှသည် အမှန်တကယ်ပင် မုချိုင်ယီနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။ တစ်ယောက်က စွဲမက်ဖွယ်ရာ ရင့်ကျက်ပြီး၊ နောက်တစ်ယောက်က နုပျို လန်းဆန်းသည် ဆိုသော အချက်မှလွဲ၍ နှစ်ဦးလုံးမှာ အလှချင်း တူညီကြသည်ဟု ဆိုနိုင်ပါ၏။

ဖုန်းဝူချန်ကတော့ ထိုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးဘဲ တိတ်ဆိတ်စွာ နေလိုက်သည်။

မုချိုင်ယီ၏ ပြိုင်ဘက်ကင်းသော အလှတရားကို ကျိုကျိုးရှိ လူတိုင်း သိကြပြီး၊ သူမကို ကျိုကျိုး၏ အလှလေးပါးထဲမှ တစ်ပါးအဖြစ် သတ်မှတ်ထားကြသည်။

"လေလံရုံ စတင်ပါပြီ"

တတိယထပ် သီးသန့်ခန်း တစ်ခုမှ ဥက္ကဋ္ဌ ချူချန်ခုံး၏ အသံ ထွက်ပေါ်လာသည်။

လေလံစင်မြင့်ထက်တွင် မုချိုင်ယီက ညင်သာစွာ ရယ်မောရင်း ဆိုသည်။

"ကျွန်မကတော့ မုချိုင်ယီပါ။ လူအများစုက ကျွန်မကို သိကြမယ်လို့ ယုံကြည်ပါတယ်။ ဒီတစ်ခေါက် လေလံရုံမှာ ရတနာ( ၆၈ )ပါး ပါဝင်ပြီး၊ တစ်ခုချင်းစီက မယုံနိုင်လောက်အောင် အဖိုးတန်ပါတယ် ရှင့်။ ကိုယ်သဘောကျတာလေးကို လက်လွတ်မခံမိစေနဲ့နော်"

စကားဆုံးသည်နှင့် မုချိုင်ယီ၏ နူးညံ့သော လက်ကလေးများ လှုပ်ရှားသွားပြီး၊ ရတနာတစ်ခုက လေထဲတွင် အလိုလို ပေါ်ထွက်လာသည်။

"ပထမဆုံး ပစ္စည်းကတော့ နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား ကျင့်စဉ်တစ်ခု ဖြစ်တဲ့ 'မီးအခြေပြု ကျင့်စဉ်' ပါ။ ဒါက တော်တော်လေး ရှားပါးပါတယ်။ စတင် လေလံဈေးက ရွှေဒင်္ဂါးငါးသန်း ဖြစ်ပြီး၊ တစ်ခါ ဈေးတိုးမြှင့်တိုင်း ရွှေဒင်္ဂါး တစ်သိန်းထက် မနည်းရပါဘူး"

မုချိုင်ယီက ကျမ်းလိပ်ကလေးကို လက်ဖဝါးထဲ ထည့်ထားရင်း ညင်သာစွာ ရယ်မောကာ ကြေညာလိုက်သည်။

နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား ကျင့်စဉ်ဆိုသည်မှာ ကျိုကျိုးနယ် တစ်ခွင်လုံးတွင်ပင် အစွမ်းထက်သော ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ မီးအခြေပြု အစစ်အမှန်ယွမ် ပိုင်ဆိုင်သော ကျင့်ကြံသူများအတွက်မူ သူတို့၏ ကျင့်ကြံခြင်းအရှိန်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ခန်းမကြီးထဲတွင် လူအုပ်ကြီးက စတင် စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ သာမန် ကျင့်ကြံသူများအတွက် နက်နဲခြင်းအဆင့် ကျင့်စဉ်ဆိုသည်မှာ အလွန်တရာ အစွမ်းထက်သော ပိုင်ဆိုင်မှုတစ်ခုပင်တည်း။

"ခြောက်သန်း"

မုချိုင်ယီ၏ စကားသံ မဆုံးသေးမီမှာပင် တစ်စုံတစ်ယောက်က ချက်ချင်း ဈေးစပေးလိုက်သည်။

"ရွှေဒင်္ဂါး ခြောက်သန်း နှစ်သိန်း"

"ခြောက်သန်းခွဲ" ( ခြောက်သန်း ငါးသိန်းပါ)

တစ်ယောက်ပြီးတစ်ယောက် ဈေးပေးသံများက ဆက်တိုက် ထွက်ပေါ်လာပြီး လေလံရုံကို အလွန်တက်ကြွ စည်ကားသွားစေသည်။

လူတိုင်းက ထိုမိန်းမလှလေး၏ အပြုံးတစ်ချက်ကို ရရှိရန် ကြိုးစားနေကြသကဲ့သို့ အပြိုင်အဆိုင် ဈေးပေးနေကြ၏။

ဒုတိယထပ်နှင့် တတိယထပ် သီးသန့်ခန်းများမှတော့ ဈေးပေးသံ တစ်ချက်မှ ထွက်မလာပေ။ ထင်ရှားသည်မှာ ထိုနေရာမှ လူများက ဤကျင့်စဉ်ကို စိတ်မဝင်စားကြခြင်း ဖြစ်သည်။

ဖုန်းဝူချန်ကတော့ မကြားသလို ဟန်ဆောင်နေပြီး၊ တိတ်တဆိတ်

ထိုနေရာတွင် ရှိနေသော အဓိက အင်အားစုကြီး ငါးခု၏ စွမ်းအားကို အကဲဖြတ်နေသည်။

အားအကြီးဆုံးမှာ နန်းကုန်းမိသားစုနှင့် ဖုန်းလန်ဂိုဏ်းတို့ ဖြစ်သည်မှာ ယုံမှားဖွယ် မရှိပေ။

ရှောင်မိသားစု၊ ကျန့်လင်တောင်ကြားနှင့် ရှီဝမ်ဂိုဏ်းတို့မှာမူ စွမ်းအားချင်း အတူတူလောက်ပင် ရှိကြ၏။

'မုရုန်ထျန်းရဲ့ အရှိန်အဝါပါလား။'

ဖုန်းဝူချန်သည် မုရုန်ထျန်း၏ ထူးခြားပြီး ဆိုးရွားသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းက မုရုန်ထျန်းသည် ယန်ဟော်အင်ပါယာမှ ကျိုကျိုးသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေလေ၏။

ဤသတင်းက ဖုန်းဝူချန်၏ စိတ်ကို အနည်းငယ် သက်သာရာ ရသွားစေသည်။ အနည်းဆုံးတော့ မုရုန်ထျန်းက ဖုန်းမိသားစုကို သွားရောက် တိုက်ခိုက်တော့မည် မဟုတ်ပေ။

'မုရုန်ထျန်းရဲ့ အရှိန်အဝါ ကလည်း အများကြီး အားကောင်းလာတယ် ထျန်းယွမ်ဘုံ ပဉ္စမ အလွှာနဲ့ သိပ်မကွာတော့ဘူး။'

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း တိုးတိုး ရေရွတ်လိုက်၏။ မုရုန်ထျန်း၏ စွမ်းအားအပေါ် သူ အနည်းငယ် စိုးရိမ်မိသွား၏။

ထို့အပြင် ဖုန်းဝူချန်တွင် အခြား ရန်သူများ ဖြစ်သော ဟွမ်ဖူထျန်းပါးနှင့် ကျန့်လင်တောင်ကြားမှ စွမ်းအားရှင်များလည်း ရှိနေသေးသည်။

ဒီတစ်ခေါက် လေလံရုံ ခရီးစဉ်က အန္တရာယ်တွေနှင့် ပြည့်နှက်နေသည်။ အကယ်၍ သတိမထားမိလျှင် ဖုန်းဝူချန် ဤနေရာတွင် သေဆုံးသွားနိုင်လေသည်။

အန္တရာယ်များ ရှိနေသော်ငြားလည်း ဖုန်းဝူချန်၏ မျက်နှာ အမူအရာတွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘဲ၊ အခြေအနေကို လက်ခံထားဟန်ဖြင့် တည်ငြိမ်နေခဲ့သည်။

အချိန် ကြာလာသည်နှင့်အမျှ ရတနာများ တစ်ခုပြီး တစ်ခု လေလံတင် ရောင်းချသွားပြီး၊ ခန်းမထဲမှ လေထုကလည်း ပွက်လောရိုက်လာတော့သည်။

ပစ္စည်းတစ်ခုချင်းစီ၏ ဈေးနှုန်းမှာ ကြီးမားလှသော ကိန်းဂဏန်းများ ဖြစ်နေပြီး လူအုပ်ကြီးကို အံ့အားသင့်စေကာ စိတ်လှုပ်ရှားစေခဲ့၏။

နောက်ပိုင်း ရောက်လေလေ၊ ရတနာများ၏ ဈေးနှုန်းက ပိုမြင့်လာလေလေ ဖြစ်ပြီး၊ စိတ်ကူးထဲတွင်ပင် မမှန်းဆနိုင်လောက်အောင် ကြီးမားသော ပမာဏများအထိ တက်သွားခဲ့သည်။

ဤအချိန်အတွင်း ဒုတိယထပ်မှ အချို့သော အင်အားစုများလည်း လေလံဆွဲရာတွင် ပါဝင်လာကြပြီး၊ အဖိုးတန် ဆေးလုံးများနှင့် သိုင်းပညာ ကျင့်စဉ်များစွာကို သူတို့က ရရှိသွားခဲ့ကြ၏။

သို့သော်လည်း အဓိက အင်အားစုကြီး ငါးခုကတော့ လေလံဆွဲခြင်းတွင် လုံးဝ ပါဝင်လာခြင်း မရှိသေးပေ။ သူတို့အားလုံးသည် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကိုသာ စိတ်ဝင်စားနေကြဟန် ရှိပြီး၊ အခြား ရတနာများကိုတော့ လျစ်လျူရှုထားကြသည်။

"ကြည့်ရတာ အဓိက အင်အားစုကြီး ငါးခုလုံးက မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက်ပဲ လာကြပုံပဲနော်၊ ဒါပေမဲ့ ဒါက ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကတော့ ကိုယ့်အရည်အချင်းပေါ်ပဲ မူတည်တော့မှာပဲရှင့်၊ ခစ်ခစ်…"

မုချိုင်ယီက ညင်သာစွာ ရယ်မောလိုက်ပြီး နောက်ထပ် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

နူးညံ့သော သိုလှောင်လက်စွပ် တစ်ကွင်းက မုချိုင်ယီ၏ လက်ထဲတွင် ပေါ်လာသည်။ ၎င်းထံမှ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေသည် ဒါက အဆင့်မြင့် ရတနာ တစ်ကွင်းပင်။

သိုလှောင်လက်စွပ်ကို မြှောက်ကိုင်လိုက်ရင်း မုချိုင်ယီက ပြုံးကာ ကြေညာလိုက်သည်။

"ပစ္စည်း နံပါတ် ၆၆ အဆင့်မြင့် ရတနာ သိုလှောင်လက်စွပ် တစ်ကွင်းပါ။ ဒီ သိုလှောင်လက်စွပ်က သာမန် ပစ္စည်း မဟုတ်ပါဘူး။ ကြီးမားတဲ့ သိုလှောင် နေရာ ပါဝင်တဲ့အပြင်၊ အစွမ်းထက်တဲ့ ခုခံကာကွယ်မှု စွမ်းအားလည်း ပိုင်ဆိုင်ထားပါတယ် ဒီစွမ်းရည်တွေက သာမန် သိုလှောင်လက်စွပ်တွေမှာ မတွေ့ရပါဘူး။ စိတ်ဝင်စားတဲ့သူတွေ လုံးဝ လက်လွတ်မခံသင့်ဘူးနော်"

"စတင် လေလံဈေးက ရွှေဒင်္ဂါး သန်းငါးဆယ်ပါ။ တစ်ခါ ဈေးတိုးမြှင့်တိုင်း ရွှေဒင်္ဂါး တစ်သန်းထက် မနည်းရပါဘူး"

မုချိုင်ယီက ဆက်လက် ကြေညာလိုက်သည်။

"အဘိုးကြီးက သန်းခြောက်ဆယ် ပေးတယ်"

ဒုတိယထပ် သီးသန့်ခန်း တစ်ခုမှ အဘိုးအို တစ်ဦး၏ အသံက ပထမဆုံး ဈေးပေးလိုက်ခြင်း ဖြစ်ပါ၏။

"သန်း ခုနစ်ဆယ်"

"သန်း ရှစ်ဆယ်"

"သန်း တစ်ရာ"

ဒုတိယထပ်မှ သီးသန့်ခန်းများတွင် အပြင်းအထန် ဈေးဆွဲသံများ ပေါက်ကွဲ လာပြီး၊ ခန်းမကြီးထဲမှ လူများကို လက်ဖျားခါသွားစေသည်။

ဤကဲ့သို့ ဈေးနှုန်းမြင့်မားသော ရတနာများအတွက် သူတို့မှာ ယှဉ်ပြိုင်ရန် အရင်းအမြစ် လုံးဝ မရှိတော့ပေ။ ဈေးနှုန်းက သူတို့ တတ်နိုင်သော ပမာဏထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့် သိုလှောင်လက်စွပ်များက အမှန်တကယ် ရှားပါးပြီး၊ ခုခံကာကွယ်မှု စွမ်းရည်များ ထပ်မံ ပါဝင်လာခြင်းက ဤရတနာကို အဓိက အင်အားစုကြီးများအတွက်ပင် ဆွဲဆောင်မှု ရှိစေခဲ့သည်။

"သန်း သုံးရာ"

မလွဲဧကန်ပင် ရှောင်မိသားစု၏ သီးသန့်ခန်းမှ ရှောင်ရန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

ရှောင်ရန် စကားတစ်ခွန်းတည်း သန်းနှစ်ရာကို ချက်ချင်း ပေါင်းထည့်လိုက်ခြင်းက လူတိုင်းကို နှိပ်ကွပ်လိုက်သလိုပင်။

နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး၊ ဒုတိယထပ် သီးသန့်ခန်း အသီးသီးမှ ယှဉ်ပြိုင် ဈေးဆွဲနေသော အသံများလည်း ရပ်တန့်သွားသည်။

ရှောင်မိသားစု၏ ပြတ်သားမှုက လူတိုင်းကို ကြောက်ရွံ့သွားစေပြီး မမီနိုင်သော အရာတစ်ခုဟု ခံစားလိုက်ရသည်။ ဒုတိယထပ် သီးသန့်ခန်းများမှ ထိုအင်အားစုများသည် ထိုပစ္စည်းကို အလွန် လိုချင်နေကြသော်လည်း၊ ရှောင်မိသားစုကို မစော်ကားလိုသောကြောင့် ဆက်လက် ဈေးမဆွဲရဲကြတော့ပေ။

လေလံမှူး မုချိုင်ယီပင် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ ရွှေဒင်္ဂါး အများအပြားကို မြင်တွေ့ဖူးသော်လည်း၊ တစ်ကြိမ်တည်းနှင့် သန်းနှစ်ရာ တိုးမြှင့် ဈေးပေးခြင်းမျိုးကိုတော့ သူမ၏ လေလံရုံ အတွေ့အကြုံ တစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ပါသည်။

အခြား အဓိက အင်အားစုကြီး လေးခုမှ လူများလည်း အတော်လေး အံ့အားသင့်သွားပြီး ရှောင်မိသားစု၏ သီးသန့်ခန်းဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

"စိတ်မကောင်းပါဘူး လူကြီးမင်းတို့။ ကျွန်တော့်သားက ဒီလို ရတနာမျိုးတစ်ခု လိုအပ်နေလို့ပါ။ ဒီတစ်ခါတော့ ကျွန်တော်တို့ကို မျက်နှာသာပေးကြပါဦး"

ရှောင်ရန်က သူ၏ သီးသန့်ခန်း ပြတင်းပေါက်သို့ လမ်းလျှောက်လာရင်း လူအုပ်ကြီးကို ပြုံးကာ ပြောပြလိုက်သည်။

"မိသားစုခေါင်းဆောင် ရှောင် ကိုယ်တိုင်က နှုတ်ဖွင့်ပြီ ဆိုမှတော့ ကျွန်တော်တို့လည်း နောက်ဆုတ်ရတော့မှာပေါ့"

ဟု ဒုတိယထပ်မှ စုန့်မိသားစု သီးသန့်ခန်းမှ မိသားစုခေါင်းဆောင် စုန့်က တည်ငြိမ်စွာ ပြုံးရင်း ဆိုသည်။

ရှီဝမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ညင်သာစွာ ပြုံးရင်း ပြန်ပြောလိုက််သည်။

"ဒီ သိုလှောင်လက်စွပ်က တကယ် ကောင်းတဲ့ ရတနာတစ်ခုပဲ။ ရွှေဒင်္ဂါး သန်းသုံးရာကလည်း တကယ် တန်တဲ့ဈေးပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဝယ်ဖို့ စဉ်းစားထားတာ ဒါပေမဲ့ မိသားစုခေါင်းဆောင် ရှောင်က အရင် နှုတ်ဖွင့်လိုက်ပြီ ဆိုတော့လည်း ဓားဆွဲပြီး အချစ်ကိုတော့ မလုချင်တော့ပါဘူး"

"အားလုံးကို ကျေးဇူးတင်ပါတယ်"

ရှောင်ရန်က လက်နှစ်ဖက်အား ဆုပ်ကာ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

သို့သော်

ရှောင်ရန်က သူ လေလံ အောင်မြင်ပြီဟု ထင်မှတ်နေပြီး၊ မုချိုင်ယီကလည်း ကြေညာမည့်ဆဲဆဲမှာပင်

ခပ်တိုးတိုး အသံ တစ်ခုက ခန်းမထဲ ပျံ့နှံ့လာခဲ့လေသည်။

"သန်းငါးရာ"

All Chapters