← Chapters

တမင်သက်သက် အတားအဆီး ပြုခြင်း

Vol. 18 Ch. 262

တမင်သက်သက် အတားအဆီး ပြုခြင်း

Vol. 18 Ch. 262

~တည်ငြိမ်သော အသံ တစ်ခု ထွက်ပေါ်လာသည်။

ခန်းမကြီး တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့၏။

အချိန်တောင် ရပ်တန့်သွားသလိုပင်။

လူတိုင်း၏ မယုံနိုင်သော မျက်နှာထားများက ထိုအသံ ထွက်ပေါ်လာရာ နေရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

မုချိုင်ယီ၏ အံ့အားသင့်နေသော မျက်နှာလေးပင် ဒုတိယထပ်ဆီသို့ မော့ကြည့်မိသွားလေ၏။

တစ်ယောက်ယောက်က သန်းငါးရာတောင် ဈေးပေးလိုက်တယ်။

ရှောင်မိသားစုနဲ့ ယှဉ်ပြိုင်ပြီး ဈေးဆွဲရဲတဲ့လူ ရှိနေသေးတယ်။

'ဘယ်သူလဲ ဒီလောက်တောင် သတ္တိရှိနေရတာ။'

'ရှောင်မိသားစုကို စိန်ခေါ်ပြီး ဈေးဆွဲတယ်၊ ဒီလူ သေချင်နေတာလား။'

ရှောင်ရန်က သိုလှောင်လက်စွပ်ကို သူ မရရအောင် ယူမည်ဆိုသော အမူအရာဖြင့် ဈေးကို သန်းနှစ်ရာ တစ်ချက်တည်း ခုန်တက်လိုက်ခြင်း ဖြစ်သည်။

အခြားသော အဓိက အင်အားစုကြီးများပင် သူ၏ အရှိန်ကို ခဏ ရှောင်ဖယ်ပေးရမည်၊ ဒုတိယထပ်မှ မိသားစုကြီးများနှင့် အင်အားစုများ ဆိုလျှင် ပြောစရာပင် လိုတော့မည် မဟုတ်ပေ။

သို့သော်ငြားလည်း ယခု တစ်စုံတစ်ယောက်က ဈေးဆွဲလိုက်သည်။ ထိုမျှမက သန်းငါးရာ ဆိုသော အိပ်မက်ဆန်သော တန်ကြေးကို အော်ဟစ်လိုက်သေးသည်။

ဒါက ရှောင်မိသားစုကို တိုက်ရိုက် မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ ကြံရွယ်နေခြင်းပင်။

ရှောင်ရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအချိန်တွင် ရှောင်မိသားစုနှင့် ယှဉ်ပြိုင်မည့်သူ ရှိနေလိမ့်မည်ဟု သူလည်း မယုံနိုင်ပေ။

ထိုသူက ဈေးကို သန်းနှစ်ရာ တစ်ချက်တည်း ခုန်တက်လိုက်သေးသည်။

ဒုတိယထပ် သီးသန့်ခန်းမှ ဈေးဆွဲလိုက်သူ၏ အသံက တည်ငြိမ်လှပြီး ရုတ်တရက်ကြီး ဝင်ရောက်လာခြင်း ဖြစ်ရာ မည်သူမည်ဝါမှန်း ဘယ်သူမှ မသိကြ။ သို့သော် လူငယ်တစ်ယောက်၏ အသံ ဖြစ်သည်မှာတော့ ထင်ရှားနေ၏။

"အဓိက အင်အားစုကြီး လေးခုလုံးကတောင် ငါတို့ ရှောင်မိသားစုကို ရှောင်ဖယ်ပေးထားတာ ကျိုကျိုးမှာ တခြား ဘယ်ကောင်က ဒီလောက် သတ္တိရှိနေသေးတာလဲ"

ဟု ရှောင်ထျန်းချန်က လေသံမာမာဖြင့် ဆိုလိုက်သည်။

သူ၏ အိုမင်းသော မျက်လုံးများထဲတွင် အေးစက်သော အရောင်များ လက်ခနဲ ဖြတ်ပြေးသွားပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေ၏။

ဒါက ရှောင်မိသားစု ဈေးဆွဲနေမှန်း သိသိကြီးနှင့် တစ်စုံတစ်ယောက်က ဈေးဆက်ပေးရဲသေးသည်။ ရှင်းရှင်းပြောရလျှင် ရှောင်မိသားစုကို မျက်နှာသာ မပေးခြင်းဖြစ်သလို၊ ရှောင်မိသားစုကို ထည့်တွက်စရာ မလိုဟု ယူဆလိုက်ခြင်းပင် ဖြစ်သည်။

"ဘယ်သူပဲ ဖြစ်ဖြစ် အဓိက အင်အားစုကြီး လေးခုထဲက တစ်ခု မဟုတ်သ၍ ဒီကောင် သေတော့မှာပဲ"

ရှောင်ယွင်က ခပ်ပြတ်ပြတ် ဆိုလိုက်ပြီး သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ဟန်ပန်ဖြင့် ကျဉ်းမြောင်းသွားသည်။

နန်းကုန်းမိသားစုမှ အကြီးအကဲ တစ်ဦးက စူးစမ်းလိုသော အပြုံးဖြင့်

"တကယ်ကို အံ့ဩစရာပဲ ရှောင်မိသားစုနဲ့ ယှဉ်ပြိုင်ရဲတဲ့သူက ဘယ်သူများလဲ"

ရှီဝမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြုံးရင်း

"ကြည့်ရတာ ရှောင်မိသားစု ဒီတစ်ခါ သွေးအကြီးအကျယ် ထွက်ရတော့မယ် ထင်တယ်"

အခြား သီးသန့်ခန်း တစ်ခုတွင် ရှိနေသော ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း တည်ငြိမ်စွာ မှတ်ချက်ချ၏။

"ရှောင်ရန်က ဒီရတနာကို လက်လွှတ်မလား ဒါမှမဟုတ် ဈေးဆက်တင် မလား စောင့်ကြည့်ရမှာပဲ။ ပြီးတော့ ဒီလောက် သတ္တိရှိတဲ့သူက ဘယ်သူလဲ ဆိုတာကိုလည်း ငါ စိတ်ဝင်စားနေပြီ"

ဒုတိယထပ်မှ သီးသန့်ခန်းကတော့ ကျိုကျိုး၏ အဓိက အင်အားစုကြီး ငါးခုထဲမှ တစ်ခု မဟုတ်သည်မှာ သေချာသည်။ အကယ်၍ ရှောင်ရန်သာ နောက်ဆုတ်လိုက်မည် ဆိုလျှင် ရှောင်မိသားစုက ကြောက်ရွံ့သွားသည်ဟု အဓိပ္ပာယ် သက်ရောက်သွားမည် မဟုတ်လော။

ဤသို့ အရှက်ရဖွယ်ရာ အပြုအမူကို ရှောင်မိသားစုက မကျူးလွန်ရဲပေ။ ရှောင်မိသားစု ဤမျက်နှာကို အဆုံးရှုံး မခံနိုင်။

သို့သော် ရှောင်မိသားစုကသာ ဈေးဆက်ဆွဲမည် ဆိုလျှင် ငွေကုန်ကြေးကျ များမည်မှာ သေချာပြီး၊ အဆုံးတွင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက် ယှဉ်ပြိုင်သည့်အခါ ကျန် အဓိက အင်အားစုကြီး လေးခုကို သူတို့ ယှဉ်နိုင်တော့မည် မဟုတ်ပေ။

ရှောင်မိသားစု သွေးထွက်သံယို ဖြစ်လေ ကျန် အဓိက အင်အားစုကြီး လေးခုက ကျိတ်၍ ပျော်ရွှင်လေ ဖြစ်သည်။ ရှောင်မိသားစု၏ ခြိမ်းခြောက်မှုက သိသိသာသာ လျော့နည်းသွားမည်လေ။

"ငါ စိုးရိမ်တာက ကျန်တဲ့ အင်အားစုကြီး လေးခုထဲက တစ်ခုက တိတ်တိတ်လေး ဒုက္ခပေးနေမှာပဲ ၊ တမင်သက်သက် လုပ်နေတာ ဖြစ်ရမယ်"

ရှောင်ရန်က မျက်မှောင်ကြုတ်ရင်း တွေးဆလိုက်သည်။ ပြိုင်ဘက်တစ်ယောက် လျော့သွားလျှင် ကျန် အဓိက အင်အားစုကြီး လေးခုအတွက် မျှော်လင့်ချက် ပိုများလာမည် မဟုတ်လား။

ဤအချက်မှလွဲ၍ ရှောင်ရန်သည် ကျိုကျိုးတွင် ရှောင်မိသားစုကို ဆန့်ကျင်ရဲမည့် အခြား မည်သူ့ကိုမျှ စဉ်းစား၍ မရတော့ပေ။

ထိုနေရာတွင် ရှိနေသူ အားလုံးက ဈေးဆွဲသူမှာ မည်သူ ဖြစ်သည်ကို အလွန် သိချင်နေကြသည်။

လူအုပ်ကြီးက ထိုသီးသန့်ခန်းမှ ယွမ်တန်ဘုံ တတိယအလွှာနှင့် အဋ္ဌမအလွှာ အရှိန်အဝါ ကိုသာ ခံစားမိကြသည်။ ကျန်နှစ်ယောက်ထံမှတော့ မည်သည့် စွမ်းအင် လှုပ်ရှားမှုမျှ ထွက်ပေါ်မနေခဲ့ပေ။

ဤအချက်က လူတိုင်းကို အတွေးပွားသွားစေသည်။ စွမ်းအင် လှုပ်ရှားမှု မရှိဘူး ဒါ သာမန်လူတွေ ဖြစ်နိုင်မလား။

တကယ်လို့ သာမန်လူတွေသာ ဖြစ်လျှင် ယွမ်တန်ဘုံ အဋ္ဌမအလွှာ ရှိသူ တစ်ယောက်တည်းက ရှောင်မိသားစုကို ဆန့်ကျင်ရဲလောက်အောင် သတ္တိ ရှိနေသည်လား။

"သန်း သန်းငါးရာ"

"အဲ့ဒီကောင်လေး ဘယ်သူလဲ ရွှေဒင်္ဂါး သန်းငါးရာတောင် ဈေးပေးရဲတယ်"

"ငါ့အထင် သူ အသက်မရှင်ချင်တော့ဘူး ထင်တယ်။ အဓိက အင်အားစုကြီး လေးခုတောင် ရှောင်မိသားစုကို မျက်နှာသာ ပေးနေရတာ ဒီကောင်က သေလမ်းကို ရွေးနေတာပဲ"

"သူ ဘယ်သူလဲ ၊ပြီးတော့ ဘယ်လို ဇာတ်သိမ်းမလဲ ဆိုတာ တကယ် သိချင်နေပြီ"

တိတ်ဆိတ်နေသော ခန်းမကြီးသည် လူများ သတိပြန်ဝင်လာသောအခါ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။ ဆူညံသံများက လှိုင်းလုံးကြီးများနှယ် ပျံ့နှံ့သွား၏။

"သန်း ခြောက်ရာ"

မျက်နှာ မဲမှောင်နေသော ရှောင်ရန်က အတော်ကြာ စဉ်းစားပြီးနောက် ဈေးတစ်ခုကို ပေးလိုက်သည်။ သူ၏ အသံထဲတွင် ဒေါသရိပ် အနည်းငယ် ပါဝင်နေသည်မှာ ထင်ရှားလှသည်။

"သန်း ရှစ်ရာ"

ရှောင်ရန် ဈေးပေးပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယထပ် သီးသန့်ခန်းမှ အသံ ထပ်ထွက်လာပြန်သည်။ ဒီတစ်ခါတော့ မိန်းကလေး တစ်ယောက်၏ အသံ ဖြစ်သည်။

သူတို့ နောက်ထပ် သန်းနှစ်ရာ ထပ်တင်လိုက်ပြန်ပြီ။

"ဘုရား၊ ဘုရား…"

ခန်းမထဲမှ လူများ တုန်လှုပ်စွာ အသက်ရှူ မှားသွားကြသည်။

ဈေးဆွဲသူက ရှောင်မိသားစုကို ပေါ်တင် စိန်ခေါ်နေမှန်း နောက်ဆုံးတော့ သူတို့ နားလည်သွားကြလေပြီ။

"မိန်းကလေး အသံပါလား"

"သူတို့က ဘယ်သူတွေလဲ ရှောင်မိသားစုကို တည့်တည့် တိုးနေတာ ရှင်းနေတာပဲ"

"သူတို့သာ ဒီလို ဈေးဆက်ဆွဲနေရင် ရှောင်မိသားစုမှာ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက် ကျန်တဲ့ အင်အားစု လေးခုနဲ့ ယှဉ်ပြိုင်နိုင်ဖို့ စွမ်းအား ရှိပါတော့မလား"

ခန်းမကြီးတစ်ခုလုံး ထပ်မံ၍ ပွက်လောရိုက်သွားပြန်သည်။

'သူတို့ ဘယ်သူတွေလဲ။'

မုချိုင်ယီပင် ထိုသီးသန့်ခန်းကို ကြောင်ကြည့်နေမိပြီး ဘယ်သူတွေ ဖြစ်နိုင်မလဲဟု သူမ ခန့်မှန်း၍ မရအောင် ဖြစ်နေသည်။

လေလံရုံ ဥက္ကဋ္ဌ ချူချန်ခုံးနှင့် အခြားသူများလည်း အလွန် သိချင်နေကြသော်လည်း မည်သူမျှ သူတို့ မည်သူ ဖြစ်သည်ကို မသိကြပေ။

ဈေးဆွဲသူမှာ သေချာပေါက် ဖုန်းဝူချန်ပင်။

ဒုတိယအကြိမ် ဈေးဆွဲသူမှာတော့ လင်ရှောင်ရှောင် ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် သီးသန့်ခန်းထဲမှာတော့

ကျန်းခွေ့နှင့် သူ၏ သက်တော်စောင့် နှစ်ယောက်လုံး ကြမ်းပြင်ပေါ်တွင် ကြောက်လွန်းလို့ ပျော့ခွေ ကျနေကြပြီ။ သူတို့ တဆတ်ဆတ် တုန်နေကြ၏။

'သေတော့မှာပဲ ငါတို့တော့ သေတော့မှာပဲ'

စွမ်းအားရှင်တွေသာ သူတို့က ဖုန်းဝူချန်နဲ့ အတူတူ ရှိနေမှန်း သိသွားရင် ကျန်းမိသားစု တစ်ခုလုံး သေချာပေါက် ပျက်စီးသွားမှာ။

ဖုန်းဝူချန်က သိုလှောင်လက်စွပ်ကို လိုချင်လို့ ဈေးဆွဲနေခြင်း မဟုတ်။ ရှောင်မိသားစု ဈေးဆွဲနေသောကြောင့်သာ ဝင်ရှုပ်ခြင်း ဖြစ်သည်။

'ရှောင်မိသားစုကို ငါက အရိုးထဲကနေ မုန်းတာ။'

ရှောင်ရန် ဈေးဆွဲလိုက်သည်ကို ကြားသောအခါ ဖုန်းဝူချန် အတော်လေး အံ့အားသင့်သွားသည်။ ရှောင်မိသားစုက ရှောင်ချင်းချင်းအပေါ် ဘယ်လောက်တောင် သံယောဇဉ် မရှိခဲ့သလဲ ဆိုတာကို ပြန်တွေးမိရင်း ဖုန်းဝူချန်က ရှောင်မိသားစုကို သွေးအကြီးအကျယ် ထွက်သွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှောင်မိသားစုသည် ကျိုကျိုး၏ အဓိက အင်အားစုကြီး ငါးခုထဲမှ တစ်ခု ဖြစ်သည့်အလျောက်၊ ဒုတိယထပ်မှ အင်အားစု သေးသေးလေး တစ်ခုကို ဘယ်လိုလုပ် ကြောက်ရွံ့နေမည်နည်း။

ဖုန်းဝူချန်က ရှောင်မိသားစုသည် ဤမျက်နှာကို အဆုံးရှုံး ခံနိုင်မည် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့်ပင် သူက ဈေးကို ချက်ချင်း သန်းနှစ်ရာ ခုန်တက်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ဤသို့ လုပ်လိုက်ခြင်းအားဖြင့် ဖုန်းဝူချန်အတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားမည် မဟုတ်ပါလား။

မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို ဖုန်းဝူချန်ကလည်း မရရအောင် ယူမည်ဟု ဆုံးဖြတ်ထားပြီးသား။

ဤကဲ့သို့သော ရတနာမျိုးကို ဖုန်းဝူချန်က ဘယ်လိုလုပ် တခြားသူ၏ လက်ထဲသို့ အလွယ်တကူ ကျရောက်သွားခွင့် ပေးနိုင်မည်နည်း။

သန်းရှစ်ရာ ဟူသော ဈေးနှုန်းကို ကြားလိုက်ရသည်နှင့် ရှောင်ရန်၏ မျက်နှာမှာ လုံးဝ မဲမှောင်သွားပြီး သူ၏ မျက်နှာ ကြွက်သားများမှာ တဆတ်ဆတ် တုန်နေသည်။ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရောင်များ တဖျပ်ဖျပ် လင်းနေ၏။

"ခွေးမသား"

ရှောင်ယွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ သီးသန့်ခန်းထဲမှ ပြေးထွက်ပြီး ဈေးဆွဲသူကို သွားသတ်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။

"မင်း ဘယ်သူလဲ။ ဘာလို့ ငါ့ရဲ့ ရှောင်မိသားစုကို ရန်သူ ဖြစ်ချင်နေရတာလဲ"

ရှောင်ထျန်းချန်သည် ဒုတိယထပ် လေသာဆောင်သို့ ထွက်လာပြီး ဈေးဆွဲနေသော သီးသန့်ခန်းဘက်သို့ ဒေါသသံ ပါဝင်သော အသံဖြင့် အော်ဟစ် မေးမြန်းလိုက်သည်။

ရှောင်ထျန်းချန် ကိုယ်တိုင် ပေါ်ထွက်လာခြင်းက ခန်းမထဲရှိ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်ပြီး တုန်လှုပ်မှု လှိုင်းလေးတစ်ခု ဖြစ်ပေါ်သွားစေသည်။ ရှောင်မိသားစု ဒေါသထွက်နေပြီ ဆိုသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ။

အဓိက အင်အားစုကြီးများအားလုံးကတော့ ပွဲကြည့် ပရိသတ် ဟန်ပန်ဖြင့်သာ ကြည့်နေကြပြီး မည်သူမျှ ဝင်မစွက်ဖက်ကြပေ။

ခန်းမကြီးတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ မျက်လုံးအားလုံးက ဒုတိယထပ်မှ ထိုသီးသန့်ခန်းဆီသို့ ပြန်လည် စုပြုံကျရောက်သွားပြီး အထဲမှ လူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။

"အကြီးအကဲ ရှောင် လေလံရုံမှာ ပစ္စည်းတွေကို ဘယ်သူမဆို ဈေးပေးခွင့် ရှိတာ မဟုတ်ဘူးလား။ ရှင်တို့ ရှောင်မိသားစုက သဘောကျလို့ ဈေးပေးတယ်။ အခု ကျွန်မကလည်း သဘောကျနေပြန်ရော။ ရှင်တို့ ဈေးပေးလို့ ရရင်၊ ကျွန်မက ဘာလို့ ပေးလို့ မရရမှာလဲ။ အကြီးအကဲရှောင်ရဲ့ စကားက နည်းနည်းတော့ လွန်နေပြီနော်။ တကယ်လို့ ရှင်တို့ ရှောင်မိသားစုမှာ ဒီလောက် အရည်အချင်း မရှိဘူးဆိုရင်တော့ ကျွန်မလည်း အားနာနေမှာ မဟုတ်ဘူး။ သန်း ရှစ်ရာလောက်တော့ ကျွန်မ တတ်နိုင်ပါသေးတယ်"

ထိုသို့၊ လင်ရှောင်ရှောင်၏ မတုန်မလှုပ် တည်ငြိမ်သော အသံက ထွက်ပေါ်လာခဲ့သည်။

"နင်"

ရှောင်ထျန်းချန်၏ မျက်နှာမှာ ချက်ချင်းပင် ပို၍ မဲမှောင်သွားတော့၏။

မောက်မာလိုက်တာ။

အဆုံးစွန်ထိ မောက်မာလိုက်တာ။

မိန်းမငယ်လေး တစ်ယောက်က အကြီးအကဲ ရှောင်ကို ဤသို့သော လေသံဖြင့် ပြောရဲသည်တဲ့။

သို့သော်လည်း ထို လျှို့ဝှက်ဆန်းကြယ်သော မိန်းမပျို၏ လေသံထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စုံတစ်ရာမျှ မပါဝင်ဘဲ၊ သူမက ရှောင်မိသားစု၏ တည်ရှိမှုကို ကောင်းကောင်း သိနေပုံရခြင်းက လူတိုင်းကို သတိထားစေခဲ့သည်။

ရှောင်မိသားစု၏ စွမ်းအားကို ကောင်းကောင်း သိပါလျက်နှင့် သူတို့၏ အင်အားကို မကြောက်မရွံ့ ဈေးဆက်ဆွဲရဲသေးသည်။ ဤအချက်က ထိုလူမှာ သာမန် နောက်ခံ ရှိသူ မဟုတ်ကြောင်း ညွှန်ပြနေသည်။

အကြီးအကဲ ရှောင်ကို ဤကဲ့သို့ မည်သူက ပြောရဲသေးသနည်း။

"ဘာလဲ ကျွန်မ ပြောတာ မှားလို့လား။ တကယ်လို့ ကျွန်မ စကားက စော်ကားမိတယ် ဆိုရင်တောင် အကြီးအကဲ ရှောင်က ဘာလုပ်နိုင်မှာလဲ"

ထိုအမျိုးသမီး၏ မတုန်မလှုပ် အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဤစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ တုန်လှုပ်လွန်း၍ သူတို့၏ ဝိညာဉ်များပင် ခန္ဓာကိုယ်ထဲမှ ခုန်ထွက်သွားတော့မတတ် ခံစားလိုက်ရသည်။

လူတွေက ထိုအမျိုးသမီး နောက်ဆုတ်သွားလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း သူမက ပို၍ပင် ရဲတင်းလာခဲ့သည်။

ဒီအမျိုးသမီးက လုံးဝ မကြောက်မရွံ့ပင်။

ရှောင်ထျန်းချန်ကို ဤမျှလောက် မလေးမစား ပြုရဲသူ ထိုအမျိုးသမီးက တကယ် ဘယ်သူလဲ။

လေလံရုံ ခန်းမထဲတွင် အစေခံ မိန်းကလေး တစ်ဦး၏ မျက်နှာမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေပြီး၊ မျက်နှာမှာ ဖြူဖျော့ကာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်နေလေသည်။

ထို အစေခံ မိန်းကလေးက လင်ရှောင်ရှောင်နှင့် ဖုန်းဝူချန်တို့၏ အသံကို မှတ်မိနေသည်။

သူမသည် လွန်ခဲ့သော သုံးရက်က ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို ဧည့်ခံခဲ့ရသော အစေခံ မိန်းကလေး ဖြစ်ရာ သူတို့၏ အသံကို အလွန် ရင်းနှီးနေခဲ့သည်။

လင်ရှောင်ရှောင်၏ စကားလုံးများမှာ ထက်ရှလှပြီး စကားလုံးတိုင်းက ရှောင်ထျန်းချန်၏ နှလုံးသားထဲသို့ တည့်တည့် ထိုးစိုက်ဝင်ရောက်သွားသလိုပင်။ သူ၏ အဘိုးကြီး မျက်နှာမှာ နီလိုက် မဲလိုက် ဖြစ်လာတော့သည်။

ရှောင်မိသားစု ဒေါသထွက်နေပြီ။ ရှောင်ရန်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ပုံပျက်နေသည်။ လင်ရှောင်ရှောင်က ရှောင်မိသားစုကို လုံးဝ အလေးမထားကြောင်း ပြသလိုက်ခြင်းပင်။

"ဒီ ကောင်မစုတ်။ ငါ့အဘိုးကို မလေးမစား လုပ်ရဲတယ်။ နင် သေချင်နေပြီလား။ ငါ နင့်ကို အခုချက်ချင်း သတ်ပစ်မယ် ဆိုတာ ယုံ မယုံ ကြည့်မလား"

ရှောင်ယွင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သီးသန့်ခန်းမှ ထွက်ပေါ်လာသည်။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါ များက လေထဲတွင် ပြည့်နှက်သွား၏။

"နင် စမ်းကြည့်လေ"

လင်ရှောင်ရှောင်က ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်သည်။ သူမက ရှောင်ထျန်းချန်ကိုပင် မကြောက်၊ ရှောင်ယွင်ကိုတော့ ပို၍ပင် ထည့်တွက်နေမည် မဟုတ်ပေ။

"ရှုး"

အခြေအနေများ ထိန်းမရတော့မည့်ဆဲဆဲတွင် ချူချန်ခုံးက ချက်ချင်း ပေါ်လာပြီး တည်ငြိမ်စွာ ဝင်ပြောသည်။

"သခင်လေးရှောင် စိတ်ကို ထိန်းပါ"

သူ၏ အကြည့်ကို ရှောင်ထျန်းချန်ထံသို့ လွှဲပြောင်းလိုက်ပြီး ချူချန်ခုံးက ဆက်ပြောသည်။ "အကြီးအကဲရှောင် လေလံရုံမှာ ဘယ်သူမဆို ဈေးဆွဲခွင့် ရှိပါတယ်။ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"

"ဟမ့်"

ရှောင်ထျန်းချန်က ဒေါသတကြီး နှာမှုတ်လိုက်ပြီး ဈေးတစ်ခုကို အော်လိုက်သည်။

"သန်း တစ်ထောင် ပေးမယ်။"

"အကြီးအကဲရှောင်က ဒီသိုလှောင်လက်စွပ်ကို ဒီလောက်တောင် သဘောကျနေမှတော့ ဒီက ညီမလေးကပဲ ရှင်တို့ ရှောင်မိသားစုကို လက်လွှတ်ပေးလိုက်ပါတော့မယ်"

ရှောင်ထျန်းချန် ဈေးပေးလိုက်သည်နှင့် တစ်ပြိုင်နက် လင်ရှောင်ရှောင်က အနည်းငယ် လှောင်ပြုံးသံဖြင့် တုံ့ပြန်လိုက်သည်။

"မခံချင်စရာကောင်းလိုက်တာ"

ရှောင်ထျန်းချန် ဒေါသဖြင့် သွေးဆူသွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါ များ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

ရှောင်မိသားစုမှ အကြီးတန်း ပုဂ္ဂိုလ်များလည်း ထိုင်မနေနိုင်ကြတော့ဘဲ အားလုံး ဒေါသဖြင့် ပွက်ပွက်ဆူနေကြ၏။

"ဒီ ဒေါသထွက်စရာ ကောင်မလေး"

ရှောင်ယွမ်ရှန်းက ဒေါသတကြီး ရေရွတ်လိုက်သည်။

'ဒီကောင်မစုတ်။ နင် ဘယ်သူပဲ ဖြစ်ဖြစ်။ လေလံရုံ ပြီးတာနဲ့ ငါ ရှောင်ယွင် နင့်ကို သတ်ကို သတ်ပစ်မယ်။'

ရှောင်ယွင်က စိတ်ထဲမှ ရက်စက်စွာ ကျိန်ဆိုလိုက်သည်။

ဒါက တမင်သက်သက် စိန်ခေါ်တာ။ ပေါ်တင် ရန်စတာ။

ခန်းမထဲမှ လူအုပ်ကြီးမှာ အံ့အားသင့်လွန်း၍ ဆွံ့အသွားကြသည်။ ထို လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ဘယ်သူလဲ။ သူမ ရှောင်မိသားစု၏ စွမ်းအားကို မသိတာလား။ သူမ ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် ကျယ်ပြောသလဲ ဆိုတာ လုံးဝ မသိတာပဲ။

"ဒီကောင်မလေးတော့ သွားပြီ။ ရှောင်မိသားစုကို တမင်သက်သက် ရန်စတာ သူ မနက်ဖြန် နေထွက်တာတောင် မြင်ရမှာ မဟုတ်တော့ဘူး"

"ရှောင်မိသားစုကို စော်ကားမိရင် ကောင်းတဲ့ ဇာတ်သိမ်း မရှိဘူး။ အထူးသဖြင့် လူအများကြီး ရှေ့မှာ ရှောင်မိသားစုကို ဒီလို အရှက်ခွဲတာ"

"အကြီးအကဲ ရှောင်ရဲ့ ဒေါသကို လူတိုင်း ခံနိုင်ရည် မရှိဘူးလေကွာ"

လူအုပ်ကြီးမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

လင်ရှောင်ရှောင်၏ ရဲတင်းမှုက ချူချန်ခုံးကိုပင် အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။

သို့သော် လေလံရုံတွင် စည်းမျဉ်းများ ရှိပြီး၊ မည်သူမဆို လွတ်လပ်စွာ ဈေးဆွဲခွင့် ရှိသည်။ လင်ရှောင်ရှောင်က ဈေးမဆွဲတော့ရန် ရွေးချယ်လိုက်သောအခါ သူ ဘာမှ ပြောစရာ မရှိတော့ပေ။

သို့သော် ဤသို့ ပြုလုပ်လိုက်ခြင်းဖြင့် လင်ရှောင်ရှောင်သည် ရှောင်မိသားစုကို လုံးဝ မျက်နှာမထောက်ဘဲ စော်ကားလိုက်ခြင်းပင် ဖြစ်သည်။

နန်းကုန်းမိသားစု၏ ခေါင်းဆောင်ကလည်း "ဒီကောင်မလေး တော်တော် သတ္တိရှိတာပဲ"

ဟု မှတ်ချက်ချသည်။ သူ အလွန် အံ့အားသင့်သွားပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော မိန်းမပျို၏ သရုပ်သကန်ကို ပို၍ပင် သိချင်လာသည်။

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။

"ဒီမိန်းကလေးမှာ ကြီးမားတဲ့ နောက်ခံ ရှိနိုင်တယ်။ သာမန်လူဆိုရင် ရှောင်မိသားစုကို ဒီလို အရှက်ခွဲရဲမှာ မဟုတ်ဘူး။ ပြီးတော့ သူက ရှောင်မိသားစုကို နည်းနည်းလေးတောင် ကြောက်တဲ့ပုံ မပေါ်ဘူး"

ရှီဝမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဆိုလိုက်သည်။

"ရှောင်မိသားစုတော့ တကယ် သွေးထွက်သံယို ဖြစ်သွားပြီ။ သိုလှောင်လက်စွပ် တစ်ကွင်းကို သန်းတစ်ထောင်တောင် သုံးလိုက်ရတယ်"

သို့သော် သူ၏ စကားမဆုံးသေးခင်မှာပင် ဟွမ်ဖူထျန်းပါးနှင့် ဟွမ်ဖူယွင်ကျုံးတို့၏ မျက်နှာများ မဲမှောင်နေသည်ကို သူ သတိထားမိလိုက်သည်။ သူတို့က စကားပြောသူ၏ သရုပ်မှန်ကို ခန့်မှန်းမိသွားပုံပင်။

အမှန်ပင်။ ဟွမ်ဖူထျန်းပါးက ထိုလျှို့ဝှက်ဆန်းကြယ်သော မိန်းမပျိုမှာ လင်ရှောင်ရှောင် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။

ဟွမ်ဖူမိသားစုသည် ဖုန်းဝူချန်နှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက် တွေ့ခဲ့ဖူးရာ၊ သူတို့သည် လင်ရှောင်ရှောင်၏ အသံကို ရင်းနှီးသည်ထက်ပင် ပို၍ နေခဲ့လေပြီ။

လင်ရှောင်ရှောင် လေလံရုံတွင် ရှိနေသည် ဆိုသည်မှာ ဖုန်းဝူချန်လည်း ဒီမှာ ရှိနေသည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

ပြီးတော့ သန်းငါးရာကို ဈေးစပေးခဲ့သော လူငယ်မှာ ဖုန်းဝူချန် ဖြစ်ရမည်။

All Chapters