← Chapters

(တော်တော် သဘောကောင်းတာပဲ)

Vol. 3 Ch. 29

(တော်တော် သဘောကောင်းတာပဲ)

Vol. 3 Ch. 29

နောက်တစ်နေ့မနက်တွင် ချီယွမ်သည် ဘာမှမ​ဖြစ်ခဲ့သည့်အတိုင်း ဆေးဥယျာဥ်အတွင်းသို့ မနက်စောစောမှာ ရောက်ရှိလာခဲ့သည်။

ပြင်ပခန်းမရှိ ကျင့်ကြံဆင့်အမြင့်ဆုံးသူသည် မိုကျန်းယန်ဖြစ်ပြီး ထိုသူ၏ကျင့်ကြံမှုသည်​ ရွှေရောင် ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့်သာ ရှိသည်။ ကျင့်ကြံမှုနယ်ပယ် တူညီပြီး သေးငယ်သောအဆင့် တစ်ချို့သာမြင့်မားသည့်အတွက် ချီယွမ် မိုကျန်းယန်ကို ဂရုမစိုက်ပဲ ဝိညာဥ်သားရဲ ထိန်းသိမ်းရာ ခြံဝန်းအတွင်းသို့ စိတ်လွတ်ကိုယ်လွတ် သွားရောက်ခဲ့တာပင်။

တစ်ချို့သော အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပေမဲ့ အဆုံးမှာတော့ စနစ်၏တာဝန်ကို

အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ စိတ်ကောင်းဝင်နေသော ချီယွမ်တစ်ယောက် တိမ်ကြွေဂိုဏ်း၏ ဖြတ်သွားဖြတ်လာ တပည့်များကို နှုတ်ဆက်လိုက်သည်။ ဆေးဥယျာဥ်အတွင်း ဝင်ရောက်ပြီးသည်နှင့် တာဝန်ကျနေရာဖြစ်သော အစိမ်းရောင်သစ်ရွက်ဆေးပင် လယ်ကွင်းငယ်ရှိရာသို့ သွားလိုက်သည်။ သောင်းချီအောင်များပြားသော အစိမ်းရောင်သစ်ရွက် ဆေးပင်များပြည့်နှက်နေ့သည့်အတွက် လယ်ကွင်းတစ်ခုလုံးသည် စိမ်းစိုကာ ကြည့်လိုက်တာနှင့် မူမမှန်သည့်ခံစားချက် တစ်ခုမှ ခံစားရလိမ့်မည်မဟုတ်ချေ။

ထိုသို့ဖြင့် သစ်သားရေပုံးကို ယူလိုက်ပြီး အနီးမှာရှိနေသော စိတ်ဝိညာဥ် စမ်းချောင်းသို့ သွားရောက်ကာ ချီယွမ်တစ်ယောက် ကျွမ်းကျင်စွာဖြင့် ရေလောင်းမှု စတင်လိုက်သည်။ ဤတစ်ခေါက်တွင် ချီယွမ်သည် ပိုမိုဂရုစိုက်ခဲ့ပြီး ခြောက်သွေ့နေသော အပင်များတွေ့လျှင် ရေများများကျွေးခဲ့သည်။

လင်ကျန်း၏ သတိပေး​ထားခြင်းကြောင့် ချီယွမ်သည် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ကာ လယ်ကွင်းအတွင်းရှိ သံသယဖြစ်ဖွယ်အပင်ကို တိတ်တဆိတ်ရှာဖွေလိုက်သည်။သို့ပေမဲ့ လယ်ကွင်းတစ်ခုလုံးကို ရေလောင်းပြီးသည့်တိုင်အောင် သာမန် အစိမ်းရောင်သစ်ရွက် ဆေးပင်များကိုသာ ရှာတွေ့ခဲ့ပြီး သံသယဖြစ်ဖွယ် အချက်တစ်ခုကိုမှ မတွေ့ခဲ့ချေ။

ဘာကိုမှ ရှာမတွေ့သည့်အပြင် ချီယွမ်ထူးဆန်းသည့်ခံစားချက်ကို ရနေခဲ့သည်။

(တစ်ယောက်ယောက် ငါ့ကို စောင့်ကြည့်နေတာပဲ )

ထိုအာရုံစိုက်မှုသည် အလွန်အမင်း သိမ်မွေ့သောကြောင့် ချီယွမ်သာ ပတ်ဝန်းကျင်ကို တုံ့ပြန်မှု မြင့်မားခဲ့သည်မဟုတ်လျှင် ရှာတွေ့မည်မဟုတ်ချေ။

(ဘယ်သူလဲ )

(ဒီတိမ်ကြွေဂိုဏ်းက အကြီးအကဲ တစ်ယောက်ယောက်များလား)

ချီယွမ်၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားခဲ့သည်။ အခုလိုမျိုးသတိမထားမိအောင် စောင့်ကြည့်နိုင်သော အရည်အချင်းက သေချာပေါက် မရိုးရှင်းပါချေ။ ထိုသူသည် ဝိညာဥ်အခြေတည်နယ်ပယ်ကို အနည်းဆုံးရောက်ရှိရမည်ဖြစ်သည်။

ချီယွမ်တစ်ယောက် အလွန်အမင်း သတိထားနေခဲ့သောငြား အပြင်ဘက်မှာတော့ တည်ငြိမ်ဟန်ဆောင်ထားသည် ။ ရေလောင်းပြီးနောက်တွင် ရေပုံးကို နေရာတကျပြန်ထားလိုက်ပြီး လယ်ကွင်းဘေးရှိ သစ်ပင်ကြီးအောက်တွင်ထိုင်ကာ ပတ်ဝန်းကျင်၏ စိတ်ဝိညာဥ်စွမ်းအင်များကိုစုပ်ယူပြီး စတင် ကျင့်ကြံတော့သည်။

ထင်သည့်အတိုင်းပင် လယ်ကွင်းနားမှ ထွက်သွားလိုက်သည်နှင့် ထိုဖျော့တော့သော အာရုံခံမှုက မရှိခဲ့သည့်အတိုင်း ပျောက်ကွယ်သွား၏။

ထိုအရာက ချီယွမ်၏ သံသယများကို အတည်ပြုသွားလေသည်။ ထိုဆန်းကြယ်သော စောင့်ကြည့်သူသည် သူ့ကို ပစ်မှတ်ထားနေတာမဟုတ်ပဲ လယ်ကွင်းကို ပစ်မှတ်ထားနေဟန်ပင်။

(တိမ်ကြွေဂိုဏ်းက လူဆိုရင် ဝမ်ထောင်နဲ့ အတူပူးပေါင်းပြီး အစိမ်းရောင်သစ်ရွက် ဆေးပင် ခူးတဲ့ အချိန်မှာ ဘာလို့တစ်ခါတည်း မခူးခိုင်းလိုက်တာလဲ)

ချီယွမ် မျက်မှောင်ကျုတ်ကာ အချိန်ခနကြာသည်အထိ စဥ်းစားပြီးနောက်တွင် လှုပ်ရှားမှု တစ်စုံတစ်ရာမပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အပင်ပေါင်းသောင်းချီကြားထဲရှိ တစ်ခုတည်းသော စိတ်ဝိညာဥ် ပါဝင်သည့်အပင်အိုကို ရှာဖွေရမည့်အစား တိမ်ကြွေဂိုဏ်းအတွင်းမှာပဲ သရုပ်မှန်ကို ဖုံးကွယ်ရင်း စနစ်၏ တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့သာ စဥ်းစားလိုက်သည်။

ထိုအချိန်မှာပဲ သိပ်မဝေးသောနေရာကနေ ချီယွမ်ရှိရာသို့ ရင်းနှီးသော ပုံရိပ်တစ်​ခုသည် ချဥ်းကပ်လာခဲ့သည်။ ပန်းချီကားတစ်ချပ်လိုမျိုးလှပသည့် သူမ၏မျက်နှာထက်တွင် မျက်လုံးသည် နွေဦးစမ်းချောင်းရေလိုမျိုး ကြည်ရှင်းနေကာ ကျော့ရှင်းလှပသည့် အရှိန်အဝါကို ထွက်ပေါ်စေသည်။ သူမကတော့ တိမ်ကြွေဂိုဏ်း၏ အတွင်းခန်းမက ဂိုဏ်းတူအမ ပိုင်ရှီရို့ ပင်။

“ဂိုဏ်းတူအမကို နှုတ်ဆက်ပါတယ်။”

ချီယွမ် ချက်ချင်းပဲ မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ယှက်ပြီး အရိုအသေ ပေးလိုက်သည်။

“ဂိုဏ်းတူမောင်လေးချီ “

ချီယွမ်၏ အရှေ့တွင်ရပ်လိုက်ပြီး အနည်းငယ် ခေါင်းငြိမ့်ပြလာသော သူမ၏လှပသော မျက်လုံးများအတွင်း၌ စိုးရိမ်မှုများ ဝင်ရောက်နေသည်။

“ဒီရက်ပိုင်း ဆေးဥယျာဥ်ထဲမှာ အလုပ်လုပ်ရတာ ဂိုဏ်းတူမောင်လေး အဆင်ပြေရဲ့လား။ ဒီနေရာနဲ့ နေသားကျသွားပြီးလား”

သူမ၏ အသံသည် ကျောက်စိမ်းပြားပေါ်သို့ ပုလဲလုံးများ တစ်စိချင်း ပြုတ်ကျနေသည်နှင့် သံစဥ်တစ်ခုလိုမျိုး အလွန်အမင်း နားဝင်ချိုလှသည်။ ချီယွမ် ချက်ချင်းပဲ မြှောက်ပင့်စကားများကို ပြောဆိုလိုက်၏။

“ဂိုဏ်းတူအမ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီနေရာမှာ အရမ်းအဆင်ပြေနေတယ်။”

ပိုင်ရှီရို့၏ ရောက်ရှိလာမှုသည် လူများစွာ၏ အာရုံစိတ်မှုကိုဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ယောကျာ်းလေးတပည့်များသည် ချီယွမ်ကို မနာလိုစွာစိုက်ကြည့်လာကြ၏။

“ဂိုဏ်းတူမောင်လေး အဆင်ပြေနေရင် ရပါပြီ”

ခပ်ဖွဖွ​ပြုံးနေရင်း ပိုင်ရှီရို့ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက်တွင် သူမ၏မျက်နှာသည် တည်ငြိမ်သွားကာ အနီးတွင်ရှိနေသော လယ်ကွင်းငယ်ကို တစ်ချက်လှမ်းကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။

“ဂိုဏ်းတူမောင်လေးချီနဲ့ လင်ကျန်း မနေ့တုန်းက စွပ်စွဲခံလိုက်ရတာကို အမကြားထားတယ်။ နောက်ဆုံး သံသယကိုဖြေရှင်းနိုင်ခဲ့ပြီး အဲ့ဒီမကောင်းတဲ့သူတွေ အောင်မြင်မှာကို တားမြစ်နိုင်ခဲ့တယ် ဆိုပေမဲ့ ဒါက ဂိုဏ်းအတွင်းမှာဖြစ်ပေါ်သွားခဲ့တဲ့ ပြသာနာတစ်ခုပဲ။ဒါ့ကြောင့် စည်းကမ်းထိန်းသိမ်းရေးခြံဝင်းကနေ အမှန်တရားကို ရှာတွေ့ပြီးနောက်မှာ အလျင်အမြန်ဖြေရှင်းခဲ့တယ်။ တစ်ချို့သောပါဝင်ပုဂ္ဂိုလ်တွေကိုပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တယ်။”

ချီယွမ် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

“ဂိုဏ်းတူအမ ဘာကိုဆိုလိုချင်တာလဲ။”

ပိုင်ရှီရို့ နူးညံ့စွာ သက်ပြင်းချလိုက်လေကာ

“အစေခံတပည့် ဝမ်ထောင်က ဆေးဥယျာဥ်ထဲကနေ ခွင့်ပြုချက်မရှိပဲ ဆေးပင်ရောင်းချဖို့ ကြံစည်ခဲ့တယ်။ ဒါ့ကြောင့် သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးပြီး ဂိုဏ်းအတွင်းက ဖယ်ထုတ်ခဲ့တယ်။ “

“ပြီးတော့ အစေခံတပည့်အသစ် လျိုယင်းယင်းက ခိုးယူထားတဲ့ အစိမ်းရောင်သစ်ရွက်ဆေးပင်ကို လင်ကျန်းရဲ့ အခန်းထဲမှာ သေချာထားထားခဲ့တယ်။ သူမရဲ့ ဂိုဏ်းသူတပည့်အချင်းချင်း မကောင်းကြံစိတ်က ထင်သာတယ်။ ဒါပေမဲ့ သူမက ချီစုပ်ယူခြင်းနယ်ပယ်ကို မစတင်ရသေးတဲ့အတွက် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာသေးဘူး။ ဒါ့ကြောင့် ဂိုဏ်းရဲ့ စည်းမျဥ်းအရ ကျင့်ကြံမှုကိုဖျက်ဆီးတဲ့ နာကျင်မှုကနေ ကင်းလွတ်ခွင့်တော့ ရသွားခဲ့တယ်။ အဲ့ဒီအစား ဂိုဏ်းမှာပေး​ထားတဲ့ အစဦး ကျင့်ကြံရေး သိုင်းကျမ်းတွေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပြီး သူမကိုလဲဂိုဏ်းကနေ မောင်းထုတ်လိုက်တယ်။”

“ဒါပေမဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အစေခံတပည့် ဝမ်လုချန်က အပြစ်ဝန်ခံခဲ့ပြီး ကောင်းမွန်တဲ့ စိတ်နေစိတ်ထားကို ပြသခဲ့တယ်။ ဒါ့အပြင် အတွင်းခန်းမရဲ့ များစွာတဲ့အကြီးအကဲတွေက ကိုယ်တိုင်ကိုယ်ကျတောင်းဆိုခဲ့တဲ့ အတွက် နစ်နာသူကို ဝိညာဥ်ကျောက်တုံး တစ်ထောင် လျော်ပေးစေခဲ့ပြီးတစ်နှစ်တိတိ ပြင်းထန်တဲ့ ဝိညာဥ်သားရဲမွေးမြူရေးခြံဝန်းမှာ အလုပ်လုပ်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့တာဝန်ကိုလည်း ဂိုဏ်းဘက်က လစာပေးမှာမဟုတ်ဘူး”

ချီယွမ် အစပိုင်းတွင် အံ့သြခဲ့သော်ငြား နောက်ဆုံးတွင်တော့ စိတ်ထဲတွင်သာ သက်ပြင်းချလိုက်သည်။

(ဘုရားရေ)

(လူသားတွေရဲ့ကြားမှာ ဆက်ဆံရေးက တော်တော်လေး အရေးပါတာပါလား)

နောက်ကွယ်က ထိန်းချုပ်သူတရားခံသည် ပေါ့ပါးစွာ အပြစ်ပေးခံရပြီး တစ်ခြားသော ကြံရာပါများခမျာ နောက်ခံမရှိခြင်းကြောင့် ပြင်းထန်စွာ အပြစ်ခံရသည့်အပြင် ဂိုဏ်းမှ နှင်ထုတ်ခြင်းခံလိုက်ရသည်။

(တော်တော်လေး အလင်းပွင့်သွားစေတာပဲ)

ဝမ်လုချန်သည် ကျင့်ကြံသူမျိုးရိုးဖြစ်သော ရွှမ်ကလန်မှ ဆင်းသက်လာသည့်အတွက် ဝိညာဥ်ကျောက်တုံးများစွာ ပိုင်ဆိုင်လိမ့်မည်။ ဒဏ်ကြေး အဖြစ် ဝိညာဥ်ကျောက်တုံးတစ်ထောင် ပေးအပ်စေခြင်းသည် ဝမ်လုချန်အတွက်တော့ ကြီးမားတဲ့ရိုက်ချက်တစ်ခု မဖြစ်နိုင်ချေ။ ဝိညာဥ်သားရဲ မွေးမြူသည့်နေရာမှာ အလုပ်ကြမ်းအဖြစ် တစ်နှစ်ထမ်းဆောင်ရမည်ဟု တာဝန်ပေးအပ်ခြင်းက ပိုမိုရယ်ချင်စဖွယ်ကောင်းလှသည်။ ထိုဖက်တီးပုတ် ဝမ်လုချန်သည် ပြင်ပခန်းမ၏ အကြီးအကဲမှူး မိုကျန်းယန်ထံမှ မျက်နှာသာမပေးခံရခြင်းကြောင့် အစောကတည်းက ဝိညာဥ်သားရဲခြံဝင်းတွင် အလုပ်လုပ်နေရသည်မဟုတ်ပါလား။ ထို့ကြောင့် အရာအားလုံးကို တွက်ချက်ကြည့်လိုက်လျှင် ဝမ်လုချန်၏ အခြေအနေသည် အပြစ်မပေးခံရသည့်အတိုင်းပင်။

ချီယွမ်၏အနည်းငယ် ထူးဆန်းနေသော မျက်နှာထားကြောင့် ဤဆုံးဖြတ်မှုကို သေချာပေါက် မကျေနပ်နေတာဖြစ်လိမ့်မည်ဟု ပိုင်ရှီရို့ တွေးတောလိုက်ကာ နူးညံစွာတောင်းပန်လာခဲ့သည်။

“ဂိုဏ်းတူမောင်လေးချီ အဲ့ဒီ ဝမ်လုချန်မှာ ရှားပါးတဲ့ ဝိညာဥ်သွေးကြောကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ဝိညာဥ်သွေးကြောက ဒြပ်စင် နှစ်မျိုး လေ့ကျင့်လို့ရတယ်။ ဒါ့ကြောင့် အတွင်းခန်းမက အကြီးအကဲတွေအများကြီးက သူ့ကို မျှော်လင့်ချက်ထားထားကြတယ်။ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းကလည်း ဘာမှမတတ်နိုင်ပဲ သူ့ကိုအခွင့်အရေး ပေးခဲ့ရတာပဲ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် အဲ့ဒီအကြီးအကဲတွေကို ဆန့်ကျင်ရမယ်ဆိုရင်တောင်မှ အမ သေချာပေါက် ဝင်ပါပေးပါမယ်။”

ချီယွမ် ခေါင်းယမ်းလိုက်လေကာ

“ဂိုဏ်းရဲ့ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောလိုပါဘူး “

ပြောရလျှင် ဝမ်လုချန်သည် ချီယွမ်အတွက်တော့ ဘာမှမဟုတ်ပါချေ။ သေးငယ်သော ခြိမ်းခြောက်မှုတစ်ခုတောင် မဖြစ်နိုင်ဘူး။ ဝမ်လုချန်ကို ဂိုဏ်းအတွင်းမှာ ရှိနေစေခြင်းက လင်ကျန်းအတွက်ခြေနင်းခံကျောက်တုံးတစ်ခုသာ ဖြစ်လာလိမ့်မည်။ ထို့အပြင် သူ့အတွက်လဲ အရန်တာဝန်တစ်ချို့ကို နိုးဆွပေးနိုင်သည့်အတွက် မကောင်းသည့် ကိစ္စတစ်ခုမဟုတ်ပေ။

အကယ်၍ ထိုဝမ်လုချန်သည် ယင်ကောင်တစ်ကောင်လိုမျိုး အနားမှာ တဝီဝီ နားငြီးနေမည်ဆိုလို့ကတော့ မောင်းထုတ်ရလဲ ချီယွမ် ဂရုမစိုက်ပါချေ။

“ကောင်းပါပြီ။ ဒါဆို အမ

စိတ်သက်သာသွားပြီ”

ထိုအချိန်မှသာ ပိုင်ရှီရို့အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ရှိပြီး စကားလမ်းကြောင်းပြောင်းလဲလိုက်သည်။

“ဂိုဏ်းတူမောင်လေးချီ ဟိုတစ်ခေါက်တုန်းက အစီအရင်ဝိညာဥ်နဲ့ ပြောခဲ့တဲ့ သူခိုးကိစ္စလေ…

အဲ့တာက ဂိုဏ်းရဲ့ တပည့်တွေလုပ်ခဲ့တာမဟုတ်ဘူးလို့ အမ အတည်ပြုနိုင်သွားပြီ။ ဂိုဏ်းကို ကာကွယ်နိုင်တဲ့ အစီအရင်ရဲ့ ပင်မသော့ချက်ကို ရတနာခြံဝန်းထဲမှာ အထပ်ထပ် သိမ်းဆည်းထားခဲ့တယ်။ အဲ့ဒီအပေါ်မှာလဲ ဘိုးဘေးဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် ဖန်တီးထားတဲ့ ကန့်သတ်ချက် စည်းတံဆိပ်တွေ အများကြီးရှိတယ်။ အဲ့ဒီစည်းကို ဘယ်သူမှ မထိထားတာ နှစ်တစ်ထောင်ကျော်နေပြီ”

“ပင်မ သော့ချက်မရှိဘူးဆိုရင် အစီအရင်ရဲ့ ပင်မနေရာကို ဝင်ဖို့က လွယ်ကူမှာမဟုတ်ဘူး။ကျင့်ကြံဆင့် မြင့်ဖို့တင်မကဘူး အဲ့ဒီနေရာကို သော့ချက်မရှိဘဲ ဝင်ချင်တယ်ဆိုရင် အစီအရင်တွေနဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့နားလည်မှုကို ရှိထားမှရမယ်။ အဲ့လိုပုဂ္ဂိုလ်မျိုးသာ ဂိုဏ်းထဲမှာရှိနေမယ်ဆိုရင် အမတို့ တိမ်ကြွေဂိုဏ်းက ဒီလိုအခြေ​အနေထိ ရောက်နေမှာ မဟုတ်ဘူး။”

ပိုင်ရှီရို့၏စကားလုံးများကို ချီယွမ်ထောက်ခံစွာ ခေါင်းငြိမ့်လိုက်သည်။အစီအရင်ပိုင်းတွင် ထူးချွန်စွာ မတတ်မြောက်သော်ငြား အခြေခံနားလည်မှုတော့ရှိပါသေး၏။ ဂိုဏ်းတစ်ခု၏ အစီရင်အတွင်းသို့ တားမြစ်စည်းကို မချိုးဖြတ်စေဘဲ ခိုးဝင်ခြင်းက သာမန်ကျင့်ကြံသူ​တစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ချေ။ သို့ပေမဲ့ ထိုသို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် အစီအရင်ပိုင်းတွင် တစ်ဖက်ကမ်းခတ် ထူးချွန်သော အစီအရင်ဆရာကြီးတစ်ယောက်က သာမန်အစီအရင်ဝိညာဥ်၏ သေးငယ်သော ပိုင်ဆိုင်မှုအတွက်နှင့် အခုလို စိတ်ဝင်တစားပြုမူလိမ့်မလား။

……….

All Chapters