တိုက်ရိုက် ရင်ဆိုင်ခြင်း
Vol. 18 Ch. 264
~ခန်းမထဲမှ လူအများအပြားက နတ်ဘုရား ဆေးလုံး သခင်ကြီး ဘက်မှ ရပ်တည်ကာ ပြောဆိုလာကြသည်။
ဒုတိယထပ်မှ သီးသန့်ခန်းများထဲမှာလည်း စွမ်းအားရှင် အများအပြား ထွက်ပေါ်လာပြီး အားလုံးက ဖုန်းဝူချန်ကို လက်ညှိုးထိုး စွပ်စွဲနေကြ၏။
ကျိုကျိုးနယ်တွင် "နတ်ဘုရား ဆေးလုံး သခင်ကြီး" အဖြစ် သတ်မှတ်ခံထားရသူ မော့ယန်တွင် သဘာဝအတိုင်း ဆေးပညာစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိနေသည်မှာ ဧကန်ပင်။
ဖုန်းဝူချန်က နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ပါးကို လူအများရှေ့တွင် စော်ကားလိုက်ခြင်းသည် ကျိုကျိုးနယ်မှ လူတိုင်းအား မျက်ကန်းများ ဖြစ်သည်ဟု ပြောလိုက်ခြင်းနှင့် တူတူပင် မဟုတ်ပါလား။
နတ်ဘုရား ဆေးလုံး သခင်ကြီးကို စော်ကားခြင်းသည် ကျိုကျိုးနယ်မှ လူတိုင်းကို စော်ကားခြင်းနှင့် ညီမျှသွားလေသည်။
လူအများ၏ စွပ်စွဲမှုများနှင့် ရင်ဆိုင်တွေ့သောအခါ ဖုန်းဝူချန်က တိတ်ဆိတ်စွာ နေရန်သာ ရွေးချယ်လိုက်သည်။ ပြန်လည် တုံ့ပြန်ရန်ပင် သူ ပျင်းနေမိ၏။
'အမှိုက်ကို အမှိုက်လို့ ပြောတာ။'
'မော့ယန်က ပဉ္စမအဆင့် ဆေးပညာရှင် ဟုတ်တာ မှန်တယ်။ ဒါပေမဲ့ ပဉ္စမအဆင့် ဆေးလုံးဆိုတာ လေးယောက်မြောက်အဆင့်နဲ့ မတူဘူး။ လိုအပ်တဲ့ ပစ္စည်းတွေက များလွန်းပြီး ဖော်စပ်ဖို့က အလွန်တရာ ခက်ခဲတယ်။'
'ပဉ္စမအဆင့် ဆေးပညာရှင် အများစုက ချက်နည်း ရှိရင်တောင် ဖော်စပ်နိုင်တဲ့ အရည်အချင်းမှ မရှိတာ။'
'အနိုင်နိုင် ဖော်စပ်နိုင်ခဲ့ရင်တောင် ဆေးလုံးရဲ့ အရည်အသွေးက အရမ်းနိမ့်ပြီး အာနိသင်က သနားစရာပဲ။'
'မော့ယန် ဖော်စပ်လိုက်တဲ့ ထျန်းယွမ် ဆေးလုံးလိုပေါ့။ အရည်အသွေးက အဲ့လောက် နိမ့်ကျနေတာ။'
'ငါက အမှန်တရားကို ပြောနေတာပဲ။ ဒီအပြင်လူတွေက နားမလည်ဘူး။ သူတို့ နားမလည်မှတော့ ငါက ဘာလို့ အာခြောက်ခံပြီး ရှင်းပြနေရမှာလဲ။'
"ဟိတ်၊ စကားမထွက်တော့ဘူး ဟုတ်လား။ ဟေ့ကောင် ဒီမှာက ကျိုကျိုးနယ်ကွ။ နတ်ဘုရား ဆေးလုံး သခင်ကြီးကို စော်ကားရဲရင် မနက်ဖြန် နေထွက်တာကို မင်း မြင်ရဖို့ မမျှော်လင့်နဲ့တော့"
"ဟုတ်တယ် ဟို ရိုင်းစိုင်းတဲ့ ကောင်မလေးရောပဲ။ တကယ် ဥပဒေမဲ့တွေ"
"နတ်ဘုရား ဆေးလုံး သခင်ကြီး ၊ ဒီသောက်ကလေးတွေကို လုံးဝ အလွတ်ပေးလို့ မဖြစ်ပါဘူး နော်"
ဖုန်းဝူချန်ထံမှ တုံ့ပြန်မှု မလာသည်ကို မြင်သောအခါ လူအုပ်ကြီးက ဒေါသတကြီး ကျိန်ဆဲကြတော့သည်။
သူတို့အားလုံး နတ်ဘုရား ဆေးလုံး သခင်ကြီး၏ မျက်နှာသာကို ရရှိလိုနေကြပုံ ပေါက်နေ၏။
ထိုစဥ်၊ နန်းကုန်း မိသားစုခေါင်းဆောင်က ညည်းတွားရင်း ခေါင်းခါလိုက်သည်။
"ဒီလောကကြီးမှာ ထူးဆန်းတဲ့လူတွေ အတင့်ရဲတဲ့လူတွေ အမြဲ ရှိနေတာပဲ။ ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် ကျယ်ပြောသလဲ ဆိုတာကို တကယ် မသိကြဘူး။" (ဘာသာပြန်သူ မှတ်ချက်- ဤနေရာတွင် 'ကောင်းကင်နှင့်မြေကြီး မသိခြင်း' မှာ တရုတ်စကားပုံ ဖြစ်ပြီး မိမိ၏ အတိုင်းအတာကို မသိခြင်း၊ လောကကြီး မည်မျှ ကျယ်ပြောသည်ကို မသိခြင်းဟု အဓိပ္ပာယ်ရပါသည်။)
"အဘိုး ၊ သူ ဘယ်သူလဲ ဆိုတာသာ သိရင် ဒီလို ပြောဖြစ်မှာ မဟုတ်ပါဘူး"
ထိုစကားကြောင့် နန်းကုန်း မိသားစုခေါင်းဆောင်က မြေးဖြစ်သူ မုရုန်ထျန်းအား အံ့အားသင့်စွာ ကြည့်လိုက်ပြီး မေးလာ၏။
"ထျန်းအာ မင်း သူ ဘယ်သူလဲ သိလို့လား"
မုရုန်ထျန်းက ပြုံးလိုက်ကာ၊
"သူက ယန်ဟော်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဖုန်းဝူချန်ပဲ"
"ဖုန်းဝူချန် ၊ သူ သူလား"
နန်းကုန်း မိသားစုခေါင်းဆောင် တုန်လှုပ်သွားပြီး အနည်းငယ် ကြောင်ငေးသွား၏။
နန်းကုန်းမိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များလည်း အလွန်အမင်း တုန်လှုပ်သွားကြပြီး မယုံနိုင်သော အမူအရာများ ပေါ်လာသည်။
မုရုန်ထျန်းက ပြုံးရင်း ဆက်ပြောသည်။ "သူက သူ့အရှိန်အဝါကို ဖုံးကွယ်ထားပေမယ့် ကျွန်တော် သူ့အသံကို မှတ်မိနေတုန်းပဲ။ ကျွန်တော် သူ့ကို ယန်ဟော်အင်ပါယာမှာ တွေ့ခဲ့ဖူးတယ်"
အကြီးအကဲ တစ်ဦးက မယုံနိုင်စွာ ငြင်းဆန်လာသည်။
"မဖြစ်နိုင်တာ။ ဖုန်းဝူချန်က လေလံရုံကို လာရဲစရာ အကြောင်းမရှိဘူး။ သူက နတ်ဘုရား ဆေးလုံးမြို့တော်က စွမ်းအားရှင်တွေ အများကြီးကို သတ်ထားပြီး ပေမင်ဘိုးဘေးကိုတောင် သတ်ထားသေးတာ။ နတ်ဘုရား ဆေးလုံး သခင်ကြီးရော ဟွမ်ဖူယွင်ရော သူ့ကို သတ်ချင်နေကြတာ ဒီလို အခြေအနေမှာ သူက လေလံရုံကို တက်ရဲတယ် ဟုတ်လား"
မုရုန်ထျန်းသည် ဖုန်းဝူချန်ကို တစ်ကြိမ်သာ တွေ့ဖူးသော်လည်း ဖုန်းဝူချန်သည် ဒုက္ခကို ရှောင်ဖယ်နေမည့်သူမျိုး မဟုတ်ကြောင်း သူ ကောင်းကောင်း ပြောနိုင်သည်။
"'အတွေးဖြင့် ပုံဖော်ခြင်း' ကို သုံးနိုင်တဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်က ကြောက်နေပါ့မလားဗျ"
ထိုအခါ၊ နန်းကုန်း မိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ဆိုသည်။
"တကယ်လို့ သူသာ ဟုတ်နေတယ် ဆိုရင်တော့ ကြောက်စရာ မရှိတာ မှန်တာပဲ။ ထျန်းအာ မင်း 'ထိုက်ရွှီဂိုဏ်း' အတွက်တောင် လက်စားပြန်ချေလို့ ရနိုင်တယ်"
မုရုန်ထျန်းက ညင်သာစွာ ပြုံးရင်း ပြန်ပြောလိုက်လေသည်။
"လောလောဆယ်တော့ ပွဲကိုပဲ ဆက်ကြည့်ကြတာပေါ့။ အလျင်လိုစရာ မလိုပါဘူး။"
သို့သော်ငြားလည်း ကျန့်လင်တောင်ကြားနှင့် နတ်ဘုရား ဆေးလုံး သခင်ကြီးကို စော်ကားထားပြီးမှတော့ ဖုန်းဝူချန် တစ်ယောက် လွတ်မြောက်သွားနိုင်မည် မဟုတ်သည်မှာ ဧကန်။
ယခု ရှောင်မိသားစုကိုပါ ထပ်မံ စော်ကားလိုက်ပြီး နတ်ဘုရား ဆေးလုံး သခင်ကြီးကိုပါ စော်ကားလိုက်သေးသည်။ ဤအချက်ကပင် ဖုန်းဝူချန်ကို အကြိမ်တစ်သန်း သေစေရန် လုံလောက်နေပြီ ဖြစ်သည်။
'ဒီကောင် ရူးနေတာပဲ။ ရူးနေတာ သေချာတယ်။'
ထိုအခိုက်အတန့်မှာ၊ နတ်ဘုရား ဆေးလုံး သခင်ကြီးက အလွန်တရာ အရုပ်ဆိုးသော မျက်နှာထားဖြင့်
ပြောလိုက်သည်။
"လူငယ် မင်းက ငါ့ဆေးလုံးရဲ့ အားနည်းချက်တွေကို ထောက်ပြနိုင်မှတော့ မင်းကိုယ်တိုင်လည်း ဆေးပညာ လမ်းကြောင်းမှာ အောင်မြင်မှု တချို့ ရှိရမှာပေါ့။ ကောင်းပြီလေ 'ထျန်းယွမ် ဆေးလုံး' တစ်လုံး ဖော်စပ်ပြပြီး မင်း ဘာတတ်နိုင်လဲ ဆိုတာ ငါတို့ကို ပြကြည့်စမ်းပါလား"
သူ၏ အသံမှာ လေးလံနေပြီး သူ၏ အတိုင်းအဆမရှိသော ဒေါသများက အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်တော့သည်။
'ဒီကောင် တကယ်လို့ သူ မဖော်စပ်နိုင်ဘူးဆိုရင် ဒါမှမဟုတ် သူက ဆေးပညာရှင်တောင် မဟုတ်ဘူး ဆိုရင် ငါ သူ့ကို ဒီနေရာမှာတင် ချက်ချင်း သတ်ပစ်မယ်။'
တတိယအဆင့် ဆေးပညာရှင် တစ်ဦးက "အဲ့ဒီကောင်စုတ်မှာ ဝိညာဉ်စွမ်းအားတောင် မရှိဘူး။ သူက ဆေးပညာရှင် လုံးဝ မဟုတ်ဘူး။ ထျန်းယွမ် ဆေးလုံး ဖော်စပ်ဖို့ နေနေသာသာ သူ 'ပြန်လည် ယွမ် ဆေးလုံး' တစ်လုံးတောင် ထုတ်နိုင်မှာ မဟုတ်ဘူး"
ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဆေးပညာရှင် မဟုတ်ဘူး ဟုတ်လား။
လူအုပ်ကြီး အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ဆေးပညာရှင်တောင် မဟုတ်ဘဲ သူက တခြားသူကို ဝေဖန်ရဲသေးတယ် ဟုတ်လား။
ဆေးပညာရှင် မဟုတ်လျှင် သူ့မှာ ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးကို စော်ကားဖို့ နေနေသာသာ အရည်အချင်း လုံးဝ မရှိပေ။
"ဟား၊ အခုရော ဘယ်လိုလဲ"
ဖုန်းဝူချန်၏ ပေါ့ပေါ့ပါးပါး အေးစက်သော ရယ်သံတစ်ခု သီးသန့်ခန်းထဲမှ ပဲ့တင်ထွက်လာသည်။
တဆက်တည်း၌၊ ကြီးမားပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် သိပ်သည်းလာပြီး လေလံရုံ ခန်းမကြီး တစ်ခုလုံးသို့ ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ဤ လွှမ်းမိုးသွားသော အစွမ်းထက် ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်ရသောအခါ စောစောက အော်ဟစ်လိုက်သော တတိယအဆင့် ဆေးပညာရှင်၏ မျက်နှာ ချက်ချင်း ထိတ်ပျာသွား၏။
ထိုနေရာတွင် ရှိနေသော ဆေးပညာရှင်တိုင်း ဖုန်းဝူချန်၏ ကြီးမားပြီး ပြင်းထန်သော ဝိညာဉ်စွမ်းအားကြောင့် မှင်တက်သွားကြသည်။
"စတုတ္ထအဆင့် ဆေးပညာရှင်"
ဆေးပညာရှင် တစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ဘာ ဘာ စတုတ္ထအဆင့် ဆေးပညာရှင် ဟုတ်လား"
လူအုပ်ကြီးမှာ ထိုစကားကို ကြားသောအခါ မျက်နှာရောင်များ အကြီးအကျယ် ပြောင်းလဲသွားပြီး မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဒီလောက် ကြီးစိုးနိုင်တဲ့ ဝိညာဉ်စွမ်းအားပဲ"
ဥက္ကဋ္ဌ ချူချန်ခုံးက အလွန်အမင်း တုန်လှုပ်စွာ မှတ်ချက်ချလိုက်ပြီး သူ၏ အဘိုးကြီး မျက်နှာမှာ အနည်းငယ် ကြောင်ငေးနေသည်။
"သူ့ ဝိညာဉ်စွမ်းအားက ငါ့ထက် အများကြီး သာတယ်"
လေလံရုံ၏ ဒုတိယ အကြီးအကဲက လုံးဝ မှင်သက်စွာ အော်ဟစ်လိုက်၏။ သူသည်လည်း စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ ဖုန်းဝူချန်ထက် များစွာ နိမ့်ကျနေသည်။
'စတုတ္ထအဆင့် ဆေးပညာရှင် ဒီလူငယ် တကယ် ထူးခြားတယ်။'
နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန် မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်မိသည်။ ဤ ကြီးမားပြီး ကြီးစိုးနိုင်သော ဝိညာဉ်စွမ်းအားကို သူ လျှော့မတွက်ရဲတော့ပေ။
ဖုန်းဝူချန်၏ ကြီးစိုးနိုင်သော ဝိညာဉ်စွမ်းအားက သူ၏ ကိုယ်ပိုင် စွမ်းအားထက်ပင် ပိုမို အားကောင်းနေသည်ဟု နတ်ဘုရား ဆေးလုံး သခင်ကြီးအား ခံစားသွားစေပြီး နှလုံးသားထဲတွင် ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
"ဒီလူငယ် မရိုးရှင်းဘူး။ ဆေးပညာ လမ်းကြောင်းမှာ တကယ့် ပါရမီရှင်ပဲ။ သူ့ ဝိညာဉ်စွမ်းအားက ငါ့ထက်တောင် ပို အားကောင်းတယ်"
နန်းကုန်းမိသားစုမှ အကြီးတန်း အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုသည်။
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားမှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှပြီး ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ကျိုကျိုးနယ်မှာ ဒီလောက် ငယ်ရွယ်တဲ့ စတုတ္ထအဆင့် ဆေးပညာရှင် ဘယ်တုန်းက ပေါ်ထွက်လာခဲ့တာလဲ။
ကျိုကျိုးနယ်မှာ ဒီလောက် ပါရမီထူးချွန်တဲ့ ဆေးပညာရှင် ဘယ်တုန်းက မြင်တွေ့ခဲ့ဖူးလို့လဲ။
'မရှိဘူး။ ကျိုကျိုးမှာ ဒီလောက် ငယ်ရွယ်တဲ့ ပါရမီရှင် ဆေးပညာရှင် တစ်ခါမှ မမြင်ဖူးဘူး။'
လူငယ် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက် ဒါ သာမန် နောက်ခံတော့ မဟုတ်နိုင်ဘူး။
ကျိုကျိုးမှာ လူငယ် စတုတ္ထအဆင့် ဆေးပညာရှင် မရှိဘူး ဆိုရင် သီးသန့်ခန်းထဲက အဲ့ဒီလူက ဘယ်သူလဲ။
"သူ ဖုန်းဝူချန်ပဲ"
လူများက ဒုတိယထပ် သီးသန့်ခန်းဆီသို့ ကြောက်လန့်တကြား လှမ်းကြည့်နေစဉ်မှာပင် ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
'ဖုန်းဝူချန် 'အတွေးဖြင့် ပုံဖော်ခြင်း' ကို သုံးနိုင်တဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ ဖုန်းဝူချန် ဟုတ်လား။'
လူအုပ်ကြီး၏ မျက်နှာများ နောက်တစ်ကြိမ် သိသိသာသာ ပြောင်းလဲသွားပြီး တုန်လှုပ်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားသည်။
"ငါတို့ ကျိုကျိုးမှာ လူငယ် စတုတ္ထအဆင့် ပါရမီရှင် ဆေးပညာရှင် တစ်ခါမှ မရှိခဲ့ဘူး။ ကျိုကျိုးမှာ မကြာသေးခင်ကမှ ပေါ်ထွက်လာတဲ့ တစ်ဦးတည်းသော စတုတ္ထအဆင့် ဆေးပညာရှင်က ဖုန်းဝူချန် တစ်ယောက်တည်းပဲ"
ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်။
"ဖုန်းဝူချန်"
နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ အဘိုးကြီး မျက်လုံးများ ပြူးကျယ်သွား၏။
ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် မှန်မှန်ကန်ကန် ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ သူ အမှန်တကယ် ဖုန်းဝူချန် ဖြစ်နေသည်။
"ဖုန်းဝူချန်"
ရှောင်ထျန်းချန်နှင့် ရှောင်ရန်၊ အခြား ရှောင်မိသားစုမှ အဆင့်မြင့် အဖွဲ့ဝင်များ ရုတ်တရက် မှင်သက်သွားကြသည်။
"ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ် ပြောတာ မှန်တယ်။ သူက 'အတွေးဖြင့် ပုံဖော်ခြင်း' ကို သုံးနိုင်တဲ့ ပဉ္cမအဆင့် လက်နက်သန့်စင်သူ ဖုန်းဝူချန်ပဲ"
"ဖုန်းဝူချန် သူ တကယ် လေလံရုံကို ရောက်နေတာပဲ"
"သူပဲ ဖြစ်ရမယ်။ ဖုန်းဝူချန်က လွဲလို့ ကျိုကျိုးမှာ တခြား လူငယ် စတုတ္ထအဆင့် ဆေးပညာရှင် မရှိတော့ဘူး။ အသက်အငယ်ဆုံးက ဆေးပညာရှင် ဟယ်တန် တစ်ယောက်ပဲ ရှိတာ"
နေရာတစ်ခုလုံး ပွက်ပွက်ဆူသွားတော့သည်။
လူတိုင်းသည် ဤ စတုတ္ထအဆင့် ဆေးပညာရှင်မှာ ဖုန်းဝူချန် ဖြစ်ကြောင်း သေချာသွားကြလေပြီ။
လူတိုင်း တုန်လှုပ်နေကြစဉ်မှာပင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ သီးသန့်ခန်းထဲမှ လျှောက် ထွက်လာခဲ့ကြသည်။
လူတိုင်း၏ အမြင်အာရုံထဲသို့ ပေါ်ထွက်လာခဲ့လေပြီ။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာများ နောက်တစ်ကြိမ် အကြီးအကျယ် ပြောင်းလဲသွားပြန်သည်။
ဖုန်းဝူချန် ပေါ်ထွက်လာခြင်းနှင့်အတူ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသော အရှိန်အဝါ ဒါဇင်ပေါင်းများစွာ လေလံရုံ ခန်းမကြီးထဲသို့ ရိုတ်ခတ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားရာ လူတိုင်းကို သွေးပျက်မတတ် ကြောက်လန့်သွားစေခဲ့သည်။
"ဖုန်းဝူချန်"
နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်က အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
ပေမင် ဘိုးဘေးများနှင့် ကျန့်လင်တောင်ကြားမှ စွမ်းအားရှင်များအားလုံး သူတို့၏ သီးသန့်ခန်းများထဲမှ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာကြပြီး သူတို့၏ ရက်စက်သော အကြည့်များအားလုံး ဖုန်းဝူချန်ထံသို့ စူးစိုက် ကျရောက်သွားသည်။
ရှောင်မိသားစုမှ အဆင့်မြင့် အဖွဲ့ဝင်များလည်း ပေါ်ထွက်လာကြသည်။ ရှောင်မိသားစုကို ဖြတ်ကျော်ပြီး ပေါ်တင် စော်ကားခဲ့ကြသူများမှာ အခြားသူများ မဟုတ် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ကိုယ်တိုင်ပင်။
တစ်ခဏတာမျှ နေရာတစ်ခုလုံး၏ လေထုမှာ ယမ်းငွေ့များဖြင့် ပြည့်နှက်သွားပြီး ကြီးမားသော တိုက်ပွဲကြီး အချိန်မရွေး ဖြစ်ပွားသွားနိုင်တော့သည်။
နှလုံးသား အားနည်းသော ကျင့်ကြံသူများမှာ ကြောက်လန့်တကြားဖြင့် လေလံရုံမှ ထွက်ပြေးသွားကြပြီး ဖြစ်သည်။
'ဖုန်းဝူချန်က ပေမင်ဘိုးဘေးကို သတ်ပြီး ကျန့်လင်တောင်ကြားနဲ့ ရန်သူ ဖြစ်ခဲ့တယ်။ နတ်ဘုရား ဆေးလုံးမြို့တော်က စွမ်းအားရှင်တွေ အများကြီးကို သတ်ပြီး နတ်ဘုရား ဆေးလုံး သခင်ကြီးတွေနဲ့ ရန်သူ ဖြစ်ခဲ့တယ်။ ဒီလို အခြေအနေမှာ ဖုန်းဝူချန်က လေလံရုံကို တက်ရဲသေးတယ် ဟုတ်လား။'
ကြောက်မက်ဖွယ် ရန်သူများ ရှိနေမှန်း သိသိကြီးနှင့် ဖုန်းဝူချန်က လာရဲသေးသည်။
သူ ရူးသွားပြီလား။
ဖုန်းဝူချန်က သူတို့ကို မကြောက်ရုံတင်မက ကျိုကျိုးနယ်မှ အဓိက အင်အားစု အသီးသီးမှ စွမ်းအားရှင်များ၏ ရှေ့မှောက်တွင် ပေါ်တင် ရင်ဆိုင်လိုက်သည်။
ဖုန်းဝူချန်၏ လုပ်ရပ်များမှာ ဒေါသတကြီး ဟိန်းဟောက်နေသော ကျားတစ်ကောင်၏ ရှေ့တွင် ရန်စ၍ ကခုန်နေသလိုပင် ဖြစ်နေတော့သည်။
"တကယ် ဖုန်းဝူချန်ပဲ"
မုချိုင်ယီတစ်ယောက် ဖုန်းဝူချန်ကို ကြည့်ရင်း တုန်ယင်နေသည်။ သူမ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာ၏။
"ဒီကောင် ဒီအချိန်မှာ ပေါ်လာတာက သူ့သေတွင်း သူတူးတာပဲ။ ငါတို့ အခွင့်အရေး ရောက်လာပြီ"
ဟွမ်ဖူယွင်ကျုံးက ရက်စက်စွာ ဆိုလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ကွေးတက်သွားသည်။
ဟွမ်ဖူထျန်းပါးကလည်း "ဖုန်းဝူချန် ဒီနေ့ မင်းမှာ တောင်ပံတွေ ရှိနေရင်တောင် လွတ်မှာ မဟုတ်ဘူး"
ဟု ရက်စက်စွာ ကြိမ်းဝါးလိုက်သည်။
"ဖုန်းဝူချန် နောက်ဆုံးတော့ ထွက်လာရဲပြီပေါ့။ မင်း ငါ့သားကို သတ်ခဲ့တယ်။ ဒီနေ့ မင်း နတ်ဘုရား ဆေးလုံးမြို့တော်ကနေ အရှင်လတ်လတ် ထွက်သွားရမယ် မထင်နဲ့"
ပေမင်ကျန်းကလည်း ဖုန်းဝူချန်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စူးစိုက်ကြည့်ရင်း အေးစက်စွာ ကြုံးဝါးလေသည်။
ဖုန်းဝူချန်က အေးစက်ပြီး မကြောက်မရွံ့သော အပြုံးဖြင့် တုံ့ပြန်လိုက်၏။
"အဲ့ဒါကတော့ စောင့်ကြည့်ရသေးတာပေါ့"
"ဖုန်းဝူချန် မင်းက ငါ့ ရှောင်မိသားစုကို ရန်သူအဖြစ် လုပ်ရဲတယ် ဟုတ်လား။ ကြည့်ရတာ မင်း အသက်ဆက်ရှင်ဖို့ ပျင်းနေပြီ ထင်တယ်"
ရှောင်ရန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့ ရှောင်မိသားစုက ဘာမို့လို့လဲ။ ခင်ဗျားတို့က အရမ်း အထင်ကြီးစရာ ကောင်းနေလို့လား။ ခင်ဗျားတို့ ရှောင်မိသားစုကို ကုဋေ တစ်ထောင် ရှုံးအောင် လုပ်လိုက်တာ ဒါ သနားလို့ သက်ညှာပေးလိုက်တာ။ ခင်ဗျားတို့ ကျုပ် အမေကို ဘယ်လို ဆက်ဆံခဲ့လဲ ခင်ဗျားတို့ ကိုယ်တိုင် အသိဆုံးပဲ"
ဟု ဖုန်းဝူချန်က အမှုမထားဘဲ ပြန်လည် ချေပလိုက်သည်။
ရှောင်ချင်းရှန်က "ဒါ မင်းအမေက အကြံဉာဏ်ကို နားမထောင်ခဲ့လို့ ဖြစ်ရတာ။ ငါတို့ ရှောင်မိသားစုနဲ့ ဘာဆိုင်လဲ"
ဟု ဒေါသတကြီး ပြန်အော်သည်။
ဖုန်းဝူချန်က မထီတရီ ပြုံးရင်း
"ခင်ဗျားတို့က ကျုပ်အမေကို ရှောင်မိသားစုကနေ မောင်းထုတ်ခဲ့တယ်။ အဲ့ဒီအတွက် ကျုပ် ခင်ဗျားတို့ကို ကျေးဇူးတောင် တင်ရဦးမှာ။ ဖုန်းမိသားစုကို အထင်သေးခဲ့တဲ့အတွက် ကျေးဇူးပဲ။ ရှောင်မိသားစုနဲ့ အဆက်ဖြတ်ခွင့် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်"
ဤအခိုက်အတန့်တွင် အဓိက အင်အားစုကြီးများ အားလုံး အဖြစ်မှန်ကို အပြည့်အဝ နားလည်သွားကြပြီ။ ရှောင်ချင်းချင်းသည် ရှောင်မိသားစုမှ မောင်းထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
ပြီးတော့ သူတို့ သိလိုက်ရသည်မှာ ဖုန်းဝူချန်သည် အမှန်တကယ်တော့ ရှောင်ထျန်းချန်၏ မြေး ဖြစ်နေသည် ဆိုသောအချက်ပင်။
ဖုန်းဝူချန်က ရှောင်မိသားစုကို ဤသို့ ပစ်မှတ်ထားပြီး ဆန့်ကျင်နေခြင်းမှာ သူ၏ မိခင်အတွက် နာကြည်းချက်များကို ထုတ်ဖော်နေခြင်း ဖြစ်သည်။
ရှောင်ထျန်းချန်နှင့် ရှောင်မိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံး အလွန်တရာ သုန်မှုန်သော မျက်နှာထားများ ဖြစ်နေကြပြီး ဖုန်းဝူချန်ကို အစိမ်းလိုက် ဆွဲဖြဲပစ်ချင်နေကြတော့သည်။
"မင်းတို့အားလုံး ပြောလို့ ပြီးကြပြီလား"
နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်က ရက်စက်စွာ မေးလိုက်သည်။
နတ်ဘုရား ဆေးလုံး သခင်ကြီးကို လှမ်းကြည့်လိုက်ပြီး ဖုန်းဝူချန်က တည်ငြိမ်စွာ အေးစက်စက် ပြုံးလိုက်သည်။
"တချို့ အရာတွေကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားဖို့ လိုအပ်တယ်လေ။ မဟုတ်ရင် အင်အားစု သေးသေးလေးတွေက ငါ့ကို အထင်လွဲနေကြဦးမယ်"
"ကျုပ် ဘာလို့ ဟဲမော့ကို သတ်ခဲ့လဲ ပြီးတော့ ဘာလို့ ပေမင်ဘိုးဘေးကို သတ်ခဲ့လဲ ဆိုတာ လူတိုင်း သိချင်နေကြမယ် ထင်တယ်"
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ဆက်ပြောသည်။
"ကျန့်လင်တောင်ကြားက လူလွှတ်ပြီး ကျုပ်အဖေကို ယန်ဟော်အင်ပါယာအထိ လာဖမ်းခိုင်းခဲ့တယ်။ ပြီးတော့ သူ့ကို ကျန့်လင်တောင်ကြားရဲ့ မြေအောက်ထောင်ထဲမှာ လပေါင်းများစွာ အကျဉ်းချထားခဲ့တယ်"
"ကျုပ်အဖေကို ရှာဖို့ ကျုပ်က အင်ပါယာကြီး လေးခုကို တော်လှန်ပစ်မတတ် ဖြစ်ခဲ့ရတယ်။ သူ အဖမ်းမခံရခင်မှာ ဟဲမော့က ကျုပ်တို့ ဖုန်းမိသားစု ခြံဝင်းကို ရောက်လာခဲ့ပြီး အဖေ့ကို ထောင်ချောက်ဆင်ပြီး ခေါ်ထုတ်သွားခဲ့တာ လေ"
"ဟဲမော့ ဒုတိယအကြိမ် ပေါ်လာတဲ့အထိ သူ့ကို ဖိအားပေး မေးမြန်းတော့မှ အဖေ ကျန့်လင်တောင်ကြားမှာ အဖမ်းခံထားရမှန်း သိခဲ့ရတာ"
"ကျုပ် ကျန့်လင်တောင်ကြားကို ရောက်သွားတဲ့အခါ သူတို့ ကျုပ်အဖေရဲ့ ခြေထောက်တစ်ဖက်ကို ချိုးထားပြီးပြီ ဆိုတာ ထပ်သိလိုက်ရတယ်"
"ဒါက ကျုပ် ပေမင်ဘိုးဘေးကို ဘာလို့ သတ်ခဲ့ရသလဲ ဆိုတဲ့ အကြောင်းပြချက်ပဲ။ ကဲ၊ ကျုပ် ပြောချင်တာ ပြောပြီးပြီ"
"ကျန့်လင်တောင်ကြားက မင်းအဖေကို ဘာလို့ ဖမ်းသွားတာလဲ"ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သိလိုစိတ်အား ထုတ်မေးလိုက်သည်။
အခြားသူများအားလုံးလည်း သိချင်နေကြသည်။
"အဲ့ဒါကတော့ ခင်ဗျားတို့ ကျန့်လင်တောင်ကြားကို မေးကြည့်ရမှာပဲ။ သူတို့ ဒီလို လုပ်ရဲမှတော့ ဝန်ခံရဲတဲ့ သတ္တိလည်း ရှိရမှာပေါ့"
ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ပြုံးလိုက်ပြီး သူ၏ အကြည့်များက နတ်ဘုရား ဆေးလုံး သခင်ကြီးထံသို့ ပြောင်းသွားသည်။
"ဟဲထျန်းရှုံးကို မသတ်ဘဲ သက်ညှာပေးခဲ့တာ ၊ ဒါ ခင်ဗျားလို နတ်ဘုရား ဆေးလုံး သခင်ကြီး တစ်ယောက်ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ"
"ဒါဆို နတ်ဘုရား ဆေးလုံး သခင်ကြီးကို စော်ကားတာကိုရော ဘယ်လို ရှင်းပြမလဲ"
စွမ်းအားရှင် တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်က အေးစက်သော လှောင်ပြုံးလေးတစ်ခု ပြုံးလိုက်သည်။
"အမှိုက် ဖြစ်နေတဲ့ ဆေးလုံးကို အမှိုက်လို့ ပြောတာ။ စော်ကားတဲ့ အဓိပ္ပာယ်တော့ မပါပါဘူး"