← Chapters

အပြင်းအထန် ယှဉ်ပြိုင်ခြင်း

Vol. 18 Ch. 265

အပြင်းအထန် ယှဉ်ပြိုင်ခြင်း

Vol. 18 Ch. 265

~"ဖုန်းဝူချန် မင်းက စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်တည်းနဲ့ ဘာကောင်မို့လို့ နတ်ဘုရား ဆေးလုံး သခင်ကြီး ဖော်စပ်ထားတဲ့ ထျန်းယွမ် ဆေးလုံးကို အမှိုက်လို့ ပြောရတာလဲ"

"မင်းမှာ အရည်အချင်းရှိရင် ထျန်းယွမ် ဆေးလုံးကို ကိုယ်တိုင် ဖော်စပ်ကြည့်လိုက်လေ။ မလုပ်နိုင်ရင် မင်းရဲ့ ပုပ်သိုးနေတဲ့ ပါးစပ်ကို ပိတ်ထား ပြီးတော့ သေဖို့ စောင့်နေလိုက်"

"နတ်ဘုရား ဆေးလုံး သခင်ကြီးကို စော်ကားတာ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး"

နတ်ဘုရား ဆေးလုံးမြို့တော်မှ စွမ်းအားရှင်များနှင့် ထိုနေရာတွင် ရှိနေသော ဆေးပညာရှင် အများအပြားက ဒေါသတကြီး အော်ဟစ်နေကြတော့သည်။

နတ်ဘုရား ဆေးလုံး သခင်ကြီး၏ ဂုဏ်သိက္ခာ မြင့်မားလှသည့်အလျောက် လူတိုင်းက သူ့ဘက်မှ အပြင်းအထန် ရပ်တည် ထောက်ခံနေကြ၏။

လူအုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ရင်း ဖုန်းဝူချန် တစ်ယောက် ခေါင်းခါလိုက်ပြီး ဆက်လက် စကားမပြောတော့ချေ။

"ဒီလောက် လူအများကြီးကို စော်ကားပြီးနေမှတော့ ဒီကောင်စုတ်လေး ဒီနေ့ သေမှာ သေချာပြီ"

ရှောင်ချင်းရှန်က အံကြိတ်ရင်း ကောက်ချက်ချလိုက်သည်။

"ဒီကောင်စုတ်လေးကို အရှင်လတ်လတ် ထွက်သွားခွင့် ပေးလို့ လုံးဝ မဖြစ်ဘူး"

ရှောင်ထျန်းချန်ကလည်း အံကြိတ်ရင်း ကြိမ်းဝါးလိုက်၏။

ရှောင်မိသားစုကို ပေါ်တင် စော်ကားထားပြီးမှတော့ ရှောင်ထျန်းချန်က ဖုန်းဝူချန်ကို ဘယ်လို လွယ်လွယ် အလွတ်ပေးပါ့မလား။

ဖုန်းမိသားစုနှင့် ရှောင်မိသားစုတို့သည် အဆက်အသွယ် ဖြတ်တောက်ပြီးသား ဖြစ်ကာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ် လုံးဝ မရှိကြတော့ပေ။

သူတို့၏ ဆက်ဆံရေးမှာ ယခုအခါ သေမင်းတမန် ရန်သူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျန့်လင်တောင်ကြားမှ အကြီးအကဲများကို ကြည့်လိုက်လျှင်လည်း သူတို့၏ ကြောက်မက်ဖွယ် ရက်စက်သော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာ နေကြ၏။ မည်သည့် တုံ့ပြန်မှုမျှ မပေးဘဲ တိတ်တဆိတ် သဘောတူလိုက်ကြပုံ ပေါက်သည်။

သို့သော် သူတို့ ဝန်ခံသည် ဖြစ်စေ၊ မဝန်ခံသည် ဖြစ်စေ ဖုန်းဝူချန်ကို သတ်ဖြတ်ရန် သူတို့၏ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။

ပေမင်ကျန်းကလည်း ဖုန်းဝူချန်ကို အလွတ်ပေးမည် မဟုတ်ချေ။

ထိုနေရာတွင် ရှိနေသော စွမ်းအားရှင်များထဲတွင် ဖုန်းဝူချန် သေဆုံးသွားသည်ကို မြင်လိုသူ အလွန် များပြားနေခဲ့သည်။

"အားလုံး တိတ်ကြ"

ခန်းမထဲတွင် ပရမ်းပတာ ဖြစ်နေသည်ကို မြင်သောအခါ ချူချန်ခုံးက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဘယ်သူမဆို ကိစ္စ ရှိတယ် ဆိုရင် လေလံရုံ ပြီးတဲ့အထိ စောင့်ပေးကြပါ။ နောက်ဆုံး ရတနာ တစ်ခုပဲ ကျန်တော့တာ အားလုံးရဲ့ အချိန် အများကြီး မယူစေရပါဘူး"

ချူချန်ခုံးက ဝင်ပြောလိုက်သည်နှင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။

လေလံရုံ၏ ဂုဏ်သရေရှိ အကြီးအကဲ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အလျောက် နတ်ဘုရား ဆေးလုံး သခင်ကြီးသည်လည်း ပွဲ၏ စည်းမျဉ်းများကို သဘာဝအတိုင်း နားလည်ပြီး ဖြစ်ရာ သူ၏ စိတ်ထဲမှ ပေါက်ကွဲလုမတတ် ဒေါသမီးများနှင့် သတ်ဖြတ်လိုစိတ်များကို အတင်းအကျပ် ချုပ်တည်းထားလိုက်ရတော့သည်။

"အစ်ကိုကြီးဖုန်း ထပ်ပြောနေလို့ အပိုပဲ။ ကျွန်မတို့မှာ စွမ်းအား ရှိနေသရွေ့ သူတို့အားလုံး အမြီးကုပ်ပြီး လက်နက်ချလာကြမှာပဲလေ"

လင်ရှောင်ရှောင်က ဘေးမှ နေ၍ ဆိုသည်။

"အစ်ကိုက ပြောသင့်တာလေး ပြောလိုက်တာပါ။" ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကောင်းပြီလေ တကယ့် ဆေးပညာဆိုတာ ဘာလဲ ..တကယ့် ပဉ္စမအဆင့် ဆေးလုံး ဆိုတာ ဘာလဲ ဆိုတာ ခဏနေရင် သူတို့ကို မျက်ဝါးထင်ထင် မြင်သွားစေရတာပေါ့"

ထိုစဥ်၊ ပေမင်ကျန်းက ခက်ထန်စွာ လှမ်းပြောလိုက်သည်။

"ဖုန်းဝူချန် ထွက်ပြေးဖို့ စိတ်တောင် မကူးနဲ့"

ဖုန်းဝူချန်က ခပ်ဟဟသာ ရယ်မောလိုက်ပြီး ပြန်မဖြေဘဲ လင်ရှောင်ရှောင်နှင့်အတူ သီးသန့်ခန်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားလေ၏။

'သေပြီ သေပြီ ငါတော့ သေပြီ။ ကိစ္စက ဒီလောက်တောင် ကြီးထွားသွားပြီဟ။'

ခန်းထဲတွင် ကျန်းခွေ့တစ်ယောက် သေသွားသလိုပင် ခံစားနေရသည်။ သူ သီးသန့်ခန်းထဲမှ ချက်ချင်း ထွက်သွားချင်နေပြီ ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ရန် သူ့မှာ သတ္တိ မရှိခဲ့ပေ။

သူ၏ အစောင့်မှာ ပို၍ပင် ဆိုးရွားသည်။ ကြောက်လွန်း၍ သတိလစ် ၊ လဲကျသွားခဲ့လေပြီ။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ယမ်းငွေ့များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

သို့သော် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသော အရှိန်အဝါ များကတော့ နေရာလပ်မကျန် ပျံ့နှံ့နေဆဲ ဖြစ်သည်။

သည်အဖြစ်က ကျိုကျိုးနယ်၏ သမိုင်းတစ်လျှောက် ကြောက်မက်ဖွယ် အကောင်းဆုံး လေလံပွဲ ဖြစ်ခဲ့လေသည်။

"နောက်ဆုံး ရတနာကတော့ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း ပါ။ ထျန်းယွမ်ဘုံ စွမ်းအားရှင်တွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို အများကြီး တိုးတက်စေနိုင်ပါတယ်။ စတင် လေလံဈေးက ရွှေဒင်္ဂါး ကုဋေ နှစ်ရာပါ။ ၊ တစ်ခါ ဈေးတိုးမြှင့်တိုင်း ကုဋေ တစ်ဆယ်ထက် မနည်းရပါဘူး"

မုချိုင်ယီက အနည်းငယ် ကြောက်လန့်နေသော လေသံဖြင့် ကြေညာလိုက်သည်။

သူမ၏ ယခင် စွဲမက်ဖွယ် အပြုံးများမှာ လုံးဝ ပျောက်ဆုံးနေ၏။

ခန်းမထဲတွင် ပြည့်နှက်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါ များက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပြီး မုချိုင်ယီတစ်ယောက် မကြောက်လန့်ဘဲ နေမည်ဆိုလျှင် ထူးဆန်းနေပေတော့မည်။

လေလံပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ပြီးနောက် ယခုလို ကြောက်မက်ဖွယ် မြင်ကွင်းမျိုးကို သူမ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းသည် အဓိက အင်အားစုကြီး ငါးခုမှ အပြင်းအထန် တပ်မက်နေသော ရတနာ ဖြစ်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

သို့သော် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါ များကြောင့် လူတိုင်း တုန်လှုပ် တိတ်ဆိတ်နေကြပြီး မည်သူမျှ စကား မစရဲကြပေ။

"ကုဋေ နှစ်ရာ့ ငါးဆယ်"

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဈေးစဖွင့်လိုက်သည်။

"ကုဋေ သုံးရာ"

ရှောင်ရန်က ဈေးဝင်ဆွဲသည်။

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က"ကုဋေ လေးရာ"

ဟု ဆိုလိုက်ပြီး ဈေးကို ကုဋေ တစ်ရာ တိုးမြှင့်လိုက်သည်။

အဓိက အင်အားစုကြီး ငါးခုလုံး နားလည်ထားသည်မှာ အစပိုင်း ဈေးနှုန်းသည် အကြောအဆန့် သာ ဖြစ်သည်။ မည်သည့် ဈေးမဆို လက်ခံနိုင်ဖွယ် ရှိပြီး ဈေးနှုန်းက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဆက်လက် ထိုးတက်နေဦးမည် ဖြစ်၏။

"ကုဋေ ခြောက်ရာ"

ပေမင်ကျန်းက ခပ်ပြတ်ပြတ် ဆိုလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အကြည့်များက ဖုန်းဝူချန်၏ သီးသန့်ခန်းဆီသို့ စူးစိုက် ကြည့်နေသည်။

ဈေးနှုန်းက အလွန် လျင်မြန်စွာ တက်လာသည်။ ဤသည်တို့မှာ အမှန်တကယ်ပင် အိပ်မက်ဆန်သော တန်ကြေး ကိန်းဂဏန်းများ ဖြစ်နေသည်။

"ကုဋေ ရှစ်ရာ"ဟု ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က တည်ငြိမ်စွာ ဈေးပေးလိုက်သည်။ ထို ရွှေဒင်္ဂါးများ၏ တန်ဖိုးကို သူ လုံးဝ ဂရုမစိုက်သည့်ဟန်ပင်။

"ကုဋေ တစ်ထောင်"

ရှောင်ရန်က ပေါ့ပေါ့ပါးပါးပင် ဈေးပေးလိုက်သည်။ ရှောင်မိသားစု၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် ဆိုလျှင် သူတို့ ထိန်းထားနိုင်သေးသည်။

မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း၏ ဈေးနှုန်း ထိုးတက်မှုက အဓိက အင်အားစုကြီး ငါးခု၏ မျှော်လင့်ထားမှုထက်ပင် ကျော်လွန်နေခဲ့ပြီး ပြင်းထန်သော ယှဉ်ပြိုင်မှုကြောင့် ဤရတနာ မည်မျှ ဝယ်လိုအား များပြားသည်ကို ဖော်ပြနေသည်။

ဒုတိယထပ် သီးသန့်ခန်းများနှင့် ခန်းမထဲမှ လူများမှာ အဓိက အင်အားစုကြီး ငါးခု၏ ဈေးပေးသံများကို နားထောင်ရင်း ထို ကြောက်မက်ဖွယ် အိပ်မက်ဆန်သော တန်ကြေး ကိန်းဂဏန်းများကြောင့် ကြောက်လန့်ပြီး ရူးမတတ် ဖြစ်နေကြ၏။

သူတို့မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိကြပေ။

လူအများအပြားက ဖုန်းဝူချန် အဘယ်ကြောင့် ဈေးမဆွဲသေးသည်ကို သိချင်နေကြသည်။ သူက ထျန်းယွမ်ဘုံ စွမ်းအားရှင် တစ်ယောက် မဟုတ်ပါလား။ ဤကဲ့သို့သော ရတနာမျိုးကို သူ မတပ်မက်ဘဲ နေနိုင်မည်တဲ့လား။

ဖုန်းဝူချန် ဈေးမဆွဲသေးခြင်းမှာ သူ လှုပ်ရှားရန် အချိန်ကောင်းကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။ ယခု ဈေးဝင်ဆွဲခြင်းက အဓိပ္ပာယ် မရှိသေးပေ။

ငါးမိနစ်ပင် မပြည့်သေးသော အချိန်တွင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း၏ ဈေးနှုန်းမှာ မယုံနိုင်လောက်အောင် ကုဋေ နှစ်ထောင် ကျော်လွန်သွားခဲ့သည်။ လူတိုင်း၏ မျက်နှာပေါ်မှ ကြောက်ရွံ့သော အမူအရာများမှာ ယခုအခါ တုန်လှုပ် မှင်သက်ခြင်းသို့ ပြောင်းလဲသွားခဲ့ပြီ။

ထို အိပ်မက်ဆန်သော တန်ကြေး ကိန်းဂဏန်းများကြောင့် ခန်းမထဲမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါ များကိုပင် သူတို့ မေ့လျော့သွားကြတော့သည်။

"ဂလု"

အဓိက အင်အားစုကြီး ငါးခု၏ အပြင်းအထန် ဈေးဆွဲသံများမှလွဲ၍ ခန်းမကြီး တစ်ခုလုံးတွင် လူများ တံတွေးမျိုချနေသော အသံများသာ ရှိနေတော့၏။

သို့သော် ဈေးနှုန်းမှာ ကုဋေ နှစ်ထောင့် ငါးရာ သို့ ရောက်ရှိသွားသောအခါ ဈေးဆွဲမှု အရှိန် သိသိသာသာ နှေးကွေးသွားသည်။

"ကုဋေ နှစ်ထောင့် ငါးရာ့ ငါးဆယ်"

ရှောင်ရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအချက်က ရှောင်မိသားစု သူတို့၏ အစွမ်းကုန် နီးကပ်လာပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

"ကုဋေ ငါးဆယ်ပဲ တိုးတော့တာလား။ ကြည့်ရတာ မိသားစုခေါင်းဆောင် ရှောင် မနိုင်တော့ဘူး ထင်တယ်"

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြုံးရင်း ဆိုသည်။

"ကုဋေ နှစ်ထောင့် ခုနစ်ရာ"

ထိုအခါ၊ "ကုဋေ နှစ်ထောင့် ရှစ်ရာ"

ဟု ပေမင် ဘိုးဘေးက မျက်နှာထား တင်းမာစွာဖြင့် ရေရွတ်လိုက်သည်။

ပေမင် ဘိုးဘေး ဈေးပေးပြီးနောက် ခန်းမကြီးတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။

မည်သူမျှ ဈေး ဆက်မပေးကြတော့ပေ။

"ကြည့်ရတာ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက် လူတိုင်းရဲ့ ခန့်မှန်းခြေက ကုဋေ သုံးထောင် ဝန်းကျင် ထင်တယ်။ ငါ့ဂိုဏ်းကလည်း ကုဋေ သုံးထောင် အတိအကျ ယူလာတာ"

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဖြည်းညင်းစွာ ပြုံးရင်း စတင် ဆိုသည်။ "အားလုံး ထုတ်သုံးလိုက်တော့မယ် ကုဋေ သုံးထောင်"

"ခင်ဗျားအတွက်တော့ ကံမကောင်းစွာနဲ့ပဲ ကျုပ်တို့ဂိုဏ်းက နည်းနည်း ပို ယူလာမိတယ်"

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က အနည်းငယ် မဲ့ပြုံး ပြုံးရင်း "ကုဋေ သုံးထောင့် တစ်ရာ"ဟု မြှင့်လိုက်သည်။

"အာ ဘာမှ မတတ်နိုင်တော့ဘူး"

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က သက်ပြင်းချလိုက်ပြီး ယှဉ်ပြိုင်မှုမှ ထွက်ခွာလိုက်ရတော့သည်။

ဈေးနှုန်းက သူ၏ အစွမ်းကုန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

"ပေမင် ဘိုးဘေး ဈေး ဆက်တိုးဦးမလား"

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပေမင် ဘိုးဘေးဘက်သို့ လှမ်းကြည့်ရင်း ပြုံးကာ မေးလိုက်သည်။

ပေမင် ဘိုးဘေးက မျက်မှောင်ကို နက်နက်ရှိုင်းရှိုင်း ကြုတ်ထားပြီး စကား မပြော ဈေးလည်း မဆွဲတော့ပေ။

ရှင်းရှင်းလင်းလင်းပင် သူလည်း အစွမ်းကုန်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကျန့်လင်တောင်ကြားသည် စောစောကမှ ထျန်းယွမ် ဆေးလုံးအတွက် ကုဋေ နှစ်ထောင့် ရှစ်ရာ သုံးစွဲခဲ့ပြီး ဖြစ်ရာ ယခု မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းအတွက် ဈေးဆွဲရန် လုံလောက်သော ရွှေဒင်္ဂါးများ မရှိတော့ပေ။ မဟုတ်လျှင် သူတို့ ရှီဝမ်ဂိုဏ်းကို အနိုင်ယူနိုင်ခဲ့မည် ဖြစ်သည်။

“သောက်ကျိုးနည်း ဖုန်းဝူချန် ကြောင့်သာ မဟုတ်ရင်။ ငါတို့မှာ နောက်ထပ် ကုဋေ ခုနစ်ရာ အနည်းဆုံး ရှိနေဦးမှာ။ ရှီဟွမ် ဂိုဏ်းချုပ်ကို အနိုင်ယူဖို့ လုံလောက်ရဲ့သားနဲ့။”

ရှောင်ရန်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ရှောင်ထျန်းချန်၏ မျက်နှာမှာလည်း ဒေါသကြောင့် နာကျင်စွာ ရှုံ့မဲ့နေပြီး ပေါက်ကွဲမတတ် ဖြစ်နေ၏။

ဖုန်းဝူချန်၏ အစောပိုင်းက တမင်သက်သက် အခက်အခဲ ပေးမှုကြောင့် ရှောင်မိသားစု နောက်ဆုံး ဈေးဆွဲခွင့်ကို ဆုံးရှုံးသွားစေခဲ့သည်။

"ကြည့်ရတာ မိသားစုခေါင်းဆောင် ရှောင် လည်း မနိုင်တော့ဘူး ထင်တယ်နော်"

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ရှောင်မိသားစုဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ တောက်ပသော အပြုံးများဖြင့် ဝင်းပနေပြီး စိတ်ထဲတွင် ပို၍ ပို၍ အောင်နိုင်သူ ဖြစ်လာသလို ခံစားနေရသည်။

မည်သူမျှ ဈေးမဆွဲတော့ ဆိုသည်မှာ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းသည် ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဆိုင်သွားတော့မည် ဖြစ်၏။

လူအုပ်ကြီးမှာ ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို အလွန်အမင်း မနာလို ဖြစ်နေကြသည်။ ဤသို့ အဖိုးတန်ပြီး ရှားပါးသော ရတနာ သူ၏ လက်ထဲသို့ ကျရောက်သွားတော့မည် ဖြစ်သည်။

"ကြည့်ရတာ ဂိုဏ်းချုပ် ရှီဟွမ် လည်း သူ့ရဲ့ အစွမ်းကုန် ရောက်နေပြီ ထင်တယ် မဟုတ်လား"

အချိန်အတော်ကြာ ဈေးဆွဲသံများ မကြားရတော့ဘဲ တိတ်ဆိတ်နေပြီးမှ နန်းကုန်း မိသားစုခေါင်းဆောင်၏ ဖြည်းညင်းပြီး ပျော်ရွှင်နေသော အသံက ထွက်ပေါ်လာ၏။

ထိုစကားကြောင့် ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ နန်းကုန်းမိသားစု အချိန်အတော်ကြာ ဈေးမဆွဲတော့သဖြင့် သူတို့ လက်လျှော့သွားပြီဟု သူ ထင်မှတ်ထားခဲ့မိသည်။

'ဒီ သောက် အဘိုးကြီး တကယ် လက်ထဲမှာ အကွက် ဖွက်ထားတာကိုး။'

နန်းကုန်း မိသားစုခေါင်းဆောင် စကားပြောလာသောအခါ မျက်လုံးအားလုံး သူ့ထံသို့ ပြောင်းသွားကြသည်။

"ကုဋေ သုံးထောင့် ငါးရာ။"

နန်းကုန်း မိသားစုခေါင်းဆောင်က သူ၏ ဈေးနှုန်းကို ကြေညာလိုက်သည်။ ဈေးကို ကုဋေ လေးရာ တိုးမြှင့်လိုက်သည်။

"ကုဋေ သုံးထောင့် ငါးရာ"

ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာ ဖြူဖျော့သွား၏။ ဤကိန်းဂဏန်းမှာ သူ တတ်နိုင်သော ပမာဏထက် အများကြီး ကျော်လွန်နေခဲ့သည်။

ဤသို့သော အိပ်မက်ဆန်သော တန်ကြေးကို မည်သူမျှ မကျော်လွှားနိုင်တော့ပေ။

'မတရားလိုက်တာ။'

ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ်က စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

သူ၏ လက်ထဲ ရောက်ခါနီးနေပြီ ဖြစ်သော မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို နန်းကုန်း မိသားစုက လာလုသွားသည်။

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြား စွမ်းအားရှင်များ နောင်တတကြီးဖြင့် ခေါင်းခါလိုက်ကြသည်။

သူတို့သာ ရွှေဒင်္ဂါး ပိုမို ပြင်ဆင်လာခဲ့မည် ဆိုလျှင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို ပိုင်ဆိုင်နိုင်ခဲ့မည် ဖြစ်၏။

"ဂိုဏ်းချုပ် ရှီဟွမ် ဈေး ဆက်တိုးဦးမလား"

နန်းကုန်း မိသားစုခေါင်းဆောင်၏ ကျေနပ်နေသော အသံက ထွက်ပေါ်လာသည်။

"ဟမ့်"

ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ်က ဒေါသတကြီး နှာမှုတ်လိုက်ပြီး စကား မပြော ဈေးလည်း မဆွဲတော့ချေ။

ကုဋေ သုံးထောင့် ငါးရာ ဆိုသော ကြောက်မက်ဖွယ် ဈေးနှုန်းက အင်အားစုကြီးများ ယူဆောင်လာသော ရွှေဒင်္ဂါး ပမာဏထက် ကျော်လွန်သွားခဲ့ပြီ။

ကျန့်လင်တောင်ကြားသာ ထျန်းယွမ် ဆေးလုံး ဝယ်ရန် ကုဋေ နှစ်ထောင့် ရှစ်ရာ မသုံးစွဲခဲ့လျှင်တောင် သူတို့ နန်းကုန်းမိသားစုနှင့် ယှဉ်ပြိုင်နိုင်ကြမည် မဟုတ်တော့ပေ။

"တခြား ဈေးပေးမယ့်သူ ရှိဦးမလား။ မရှိတော့ဘူး ဆိုရင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက ကျုပ်ရဲ့ နန်းကုန်းမိသားစု ပိုင်ဆိုင်သွားတော့မှာ ဖြစ်တယ်"

နန်းကုန်း မိသားစုခေါင်းဆောင်က ကျန့်လင်တောင်ကြားနှင့် အခြား အင်အားစုများ ဘက်သို့ လှမ်းကြည့်ရင်း ပြုံးကာ ကြေညာလိုက်သည်။

နန်းကုန်း မိသားစုခေါင်းဆောင်၏ ယုံကြည်မှု အပြည့်ရှိသော စကားများက သူ နောက်ထပ် ဈေးဆွဲမှုများကို မကြောက်ရွံ့ကြောင်း ပြသနေသည်။

သည်အဖြစ်က နန်းကုန်းမိသားစု ကုဋေ သုံးထောင့် ငါးရာ ထက် ပိုမို ယူဆောင်လာခဲ့ကြောင်း ညွှန်ပြနေသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သူမျှ စကား မပြောကြပေ။ နန်းကုန်းမိသားစု၏ ဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်နေ၏။

မည်သူမျှ ဈေးမဆွဲတော့သည်ကို မြင်သောအခါ လေလံစင်မြင့်ပေါ်မှ မုချိုင်ယီက ဆိုလိုက်သည်။

"တခြား ဈေးပေးမယ့်သူ မရှိတော့ဘူး ဆိုရင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက နန်းကုန်းမိသားစု—"

"မိသားစုခေါင်းဆောင် နန်းကုန်း ခင်ဗျားဆီမှာ ရွှေဒင်္ဂါး ဘယ်လောက် ကျန်သေးလဲ"

မုချိုင်ယီ ကြေညာ၍ မပြီးဆုံးမီမှာပင် ဖုန်းဝူချန်၏ အသံက သီးသန့်ခန်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားသောအခါ နန်းကုန်း မိသားစုခေါင်းဆောင်၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ဆို၏။

"ဖုန်းဝူချန် မင်းက ဝင်ပါချင်သေးတာလား။ ရတနာကို လိုချင်ရင် မင်းဈေးကို လွတ်လပ်စွာ ပေးနိုင်တယ်"

နန်းကုန်း မိသားစု

ခေါင်းဆောင်သည် ဖုန်းဝူချန် ဈေးဆွဲမည်ကို အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိဘဲ သူ၏ လက်ထဲတွင် ရှိသော ရွှေဒင်္ဂါး ပမာဏအပေါ် အလွန် ယုံကြည်မှု ရှိနေပုံ ပေါက်သည်။

မုရုန်ထျန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး မထီမဲ့မြင် ဆိုလိုက်သည်။ "မင်းက ငါတို့နဲ့ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်း အတွက် လာပြိုင်ချင်သေးတာလား။ ဖုန်းဝူချန် မင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရွှေဒင်္ဂါး ဘယ်လောက်များ ပါလာလို့လဲ။ ကုဋေ သုံးထောင့် ငါးရာ ၊ နေနေသာသာ မင်းရဲ့ ဖုန်းမိသားစုက ကုဋေ တစ်ထောင်တောင် ထုတ်နိုင်မှာ မဟုတ်ဘူး ဟုတ်တယ်မလား"

မုရုန်ထျန်း၏ မထီမဲ့မြင် ပြုမှုမှာ အထင်အရှား ပေါ်လွင်နေသည်။

အမှန်အတိုင်း ပြောရလျှင် ဖုန်းဝူချန်ထံတွင် ကုဋေ တစ်ထောင် အမှန်တကယ် မရှိပေ။ ဖုန်းမိသားစု အားလုံးကို ရောင်းချလျှင်တောင် ထိုပမာဏကို မထုတ်လုပ်နိုင်။ ကုဋေ သုံးထောင့် ငါးရာ ထက် ပိုသော ပမာဏကိုတော့ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။

"မိသားစုခေါင်းဆောင် နန်းကုန်းက တော်တော် ယုံကြည်မှု ရှိနေပုံပဲ။ ဒါဆို ကျွန်တော်လည်း အားနာနေတော့မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဈေးမြှင့်လိုက်သည်။

"ကုဋေ ငါးသောင်း။"

ကုဋေ ငါးသောင်း။

ဖုန်းဝူချန်က ချက်ချင်း ကုဋေ ငါးသောင်း အထိ အော်ဟစ်လိုက်သည်လား။ နန်းကုန်းမိသားစုထက် ကုဋေ တစ်သောင်း ငါးထောင်ကြီးတောင် ပိုများသည်။

"အိုး…."

ဖုန်းဝူချန်၏ စကားကြောင့် ခန်းမထဲရှိ လူတိုင်း တုန်လှုပ်စွာ အသက်ရှူ မှားသွားကြပြီး အေးစက်သော လေများကို ရှူသွင်းမိလိုက်ကြသည်။

"ကု ကုဋေ ငါးသောင်း"

ခန်းမထဲရှိ လူအားလုံး ကြောက်လန့်တကြား တောင့်ခဲသွားကြပြီး ထို ကြောက်မက်ဖွယ် အိပ်မက်ဆန်သော တန်ကြေး ကိန်းဂဏန်းကြောင့် ပျော့ခွေ ကျသွားကြသည်။

'ဒီကောင်လေး နောက်နေတာလား။'

နတ်ဘုရား ဆေးလုံး သခင်ကြီး၏ မျက်နှာပင် တုန်လှုပ်မှုကြောင့် တောင့်ခဲသွားသည်။

"ဖုန်းဝူချန်က ကုဋေ ငါးသောင်း တဲ့"

ရှောင်ရန် လုံးဝ မှင်သက် သွား၏။

ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ် ပေမင် ဘိုးဘေး နှင့် အခြား အင်အားကြီး အဖွဲ့အစည်းများ အားလုံး မှင်သက် သွားကြသည်။

ရွှေဒင်္ဂါး ကုဋေ ငါးသောင်း။

ဤပမာဏကို သူတို့၏ အခြေခံအုတ်မြစ် အားလုံး ပေါင်းလျှင်တောင် မထုတ်လုပ်နိုင်။ ဖုန်းမိသားစု ကဲ့သို့ မိသားစု သေးသေးလေး တစ်ခု အတွက် လုံးဝ လက်လှမ်းမမီနိုင်သော ပမာဏ ဖြစ်သည်။

နန်းကုန်း မိသားစုခေါင်းဆောင် တည်ငြိမ်မှု ပျက်ယွင်းသွားသည်။ ရွှေဒင်္ဂါး ကုဋေ ငါးသောင်း ဆိုသည်မှာ နန်းကုန်းမိသားစု တတ်နိုင်သော ပမာဏထက် များစွာ ကျော်လွန်နေခဲ့ပြီ။

မုရုန်ထျန်းလည်း ထိုကိန်းဂဏန်းကြောင့် လုံးဝ မှင်သက် သွားခဲ့သည်။

"မိသားစုခေါင်းဆောင် နန်းကုန်း ကျွန်တော့်ဆီမှာ နောက်ထပ် ကုဋေ ငါးသောင်း ရှိသေးတယ်။ ခင်ဗျား ဈေး ဆက်ပေးလေ။ ကျွန်တော် ပေါ့ပေါ့ပါးပါး ဈေးဆွဲနိုင်ပါတယ်။ ခင်ဗျား ဘယ်လောက်ပဲ တိုးလိုက် တိုးလိုက် ကျွန်တော် ကုဋေ တစ်သောင်း ထပ်ပေါင်းပေးမယ်"

ဖုန်းဝူချန်၏ တည်ငြိမ်သော အသံက သီးသန့်ခန်းထဲမှ ထွက်ပေါ်လာပြန်သည်။

All Chapters