ဆေးပညာပြိုင်ခြင်း
Vol. 18 Ch. 266
~ဖုန်းဝူချန်၏ စကားလုံးများက လူတိုင်း၏ ဝိညာဉ်ခန္ဓာကိုယ်ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
ကျယ်ဝန်းသော လေလံရုံ ခန်းမကြီးထဲတွင် ထူးဆန်းသော လေထုတစ်ခုက လွှမ်းခြုံသွားပြီး လူအုပ်ကြီးမှာ လေဖြတ်ခံထားရသူများသဖွယ် မလှုပ်မယှက် တောင့်ခဲနေကြ၏။
ချူချန်ခုံးနှင့် လေလံရုံမှ အခြား အဆင့်မြင့် ပုဂ္ဂိုလ်များလည်း တုန်လှုပ် မှင်သက်နေကြဆဲ ဖြစ်သည်။
လေလံမှူး မုချိုင်ယီ၏ လှပသော မျက်နှာလေးမှာ ဖြူဖျော့သွားခဲ့သည်။ ရွှေဒင်္ဂါး ကုဋေ ငါးသောင်း ဆိုသည့် ပမာဏက နှစ်ပေါင်းများစွာ ရွှေဒင်္ဂါးများကို ကိုင်တွယ်လာခဲ့သော သူမကိုပင် ထိတ်လန့်သွားစေခဲ့သည်။
နန်းကုန်းမိသားစုမှာတော့ လုံးဝ သေသွားသလိုပင်။ ယုံကြည်မှု အပြည့် ရှိနေခဲ့သော နန်းကုန်း မိသားစုခေါင်းဆောင်သည်လည်း ယခုအခါ လုံးဝ စကား ဆက်မပြောနိုင်တော့ပေ။
"ကြည့်ရတာ ဘယ်သူမှ ဈေးဆက်မပေးရဲတော့ဘူး ထင်တယ်"
လင်ရှောင်ရှောင်က ညင်သာစွာ ရယ်မောလိုက်ပြီး သူမ၏ လှပသော မျက်လုံးများက ဖုန်းဝူချန်ကို ကြည့်လိုက်သည်။
"အစ်ကိုကြီးဖုန်းဆီမှာ အဲ့ဒီလောက် ရွှေဒင်္ဂါးတွေ အများကြီး ဘယ်က ရထားတာလဲ"
"အာ၊ ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှာ တော်တော်လေး ရှိပုံပဲလေ။ ကုဋေ သောင်းဂဏန်း လောက်တော့ ရှိမလားပဲ"
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
သူကိုယ်တိုင်လည်း မသေချာပေ။ ကုဋေ သောင်းဂဏန်းတောင် ရှိချင်မှ ရှိမည် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ လင်ရှောင်ရှောင်တစ်ယောက် ခဏတာ ကြောင်ငေးသွားသည်။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီး ဖုန်းဝူချန်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
"ကုဋေ သောင်းဂဏန်း"
'ကုဋေ သောင်းဂဏန်းလောက်ပဲ ရှိတဲ့ ပိုက်ဆံနဲ့ ကုဋေ သိန်းဂဏန်းတန်တဲ့ ရတနာတွေကို လိုက် ဈေးဆွဲနေတာလား။'
ဖုန်းဝူချန်၏ ငွေကြေးအင်အားမှာ အဓိက အင်အားစုကြီး ငါးခုနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည်မှာ ဧကန်။
"ဒါဆို ခုနက ကုဋေ သိန်းဂဏန်းတွေကရော ဘယ်လိုလုပ်မလဲ"
လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို အလွန် အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်သည်။
ဖုန်းဝူချန်က ကုဋေ ငါးသောင်းဟု တစ်ချက်တည်း အော်ဟစ်လိုက်သောအခါ လင်ရှောင်ရှောင်က ဖုန်းဝူချန်ထံတွင် ထိုပမာဏ အမှန်တကယ် ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ဘယ်သူက သူ ဒီလို လေလုံးထွားနေလိမ့်မည်ဟု ထင်ထားမည်နည်း။
"ဖုန်းဝူချန်။ မင်း ရွှေဒင်္ဂါး ကုဋေ ငါးသောင်း မပေးနိုင်ဘူး ဆိုရင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက နန်းကုန်းမိသားစု ပိုင်ဆိုင်သွားမှာပဲ"
မုရုန်ထျန်းက ရက်စက်စွာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက ခင်ဗျယးတို့ နန်းကုန်းမိသားစု လက်ထဲ ရောက်သွားမှာ မဟုတ်ပါဘူး"
"အဲ့ဒါတော့ စောင့်ကြည့်ကြသေးတာပေါ့"
မုရုန်ထျန်းက ကြောက်မက်ဖွယ် မာန်မဲလိုက်ပြီး သူ၏ မျက်လုံးများမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
မုချိုင်ယီက နန်းကုန်းမိသားစု၏ သီးသန့်ခန်းဘက်သို့ လှမ်းကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။
"နန်းကုန်း မိသားစုခေါင်းဆောင် ဈေး ဆက်တိုးဦးမလား ရှင်”
"ဟမ့်"
နန်းကုန်း မိသားစုခေါင်းဆောင်က မကျေမချမ်း နှာမှုတ်လိုက်ပြီး ဈေးဆက်မတိုးတော့ပေ။
"တခြား ဈေးပေးမယ့်သူ မရှိတော့ဘူး ဆိုရင် မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းက သခင်လေးဖုန်း ပိုင်ဆိုင်သွားပါပြီ။ လေလံရုံ ပြီးဆုံးပါပြီ"
မုချိုင်ယီက ကြေညာလိုက်သည်။
မုချိုင်ယီခမျာ ဆက်လက် မထိန်းနိုင်တော့ပေ။
မူးဝေလာသလို ခံစားရပြီး လေလံရုံကို အမြန်ဆုံး အဆုံးသတ်ကာ အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။
မုချိုင်ယီ၏ ကြေညာချက် အပြီးတွင် ခန်းမထဲမှ လူအများအပြား ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ထွက်ခွာသွားကြသည်။
လေလံရုံ ပြီးဆုံးသွားခြင်း ဆိုသည်မှာ ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။
ဆေးပညာရှင်များ ကျန့်လင်တောင်ကြား နှင့် ရှောင်မိသားစု တို့က ဖုန်းဝူချန်ကို အလွတ်ပေးကြမည် မဟုတ်ပေ။ ကျိုကျိုးနယ်မှ အဓိက အင်အားစုကြီး သုံးခု ပူးပေါင်း လှုပ်ရှားလာမည် ဆိုလျှင် ကမ္ဘာမြေကြီးပင် တုန်ခါသွားနိုင်ပြီး ဖုန်းဝူချန်တစ်ယောက် လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။
မုချိုင်ယီ စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက် နတ်ဘုရား ဆေးလုံး သခင်ကြီး မော့ယန်က လေသံမာမာဖြင့် ဆိုသည်။
"ဖုန်းဝူချန် မင်း ရွှေဒင်္ဂါး ကုဋေ ငါးသောင်း မပေးနိုင်ဘူး ဆိုရင် ဒီကနေ ထွက်သွားဖို့ စိတ်တောင် မကူးနဲ့။ မင်း ပေးနိုင်ခဲ့ရင်တောင် ငါ့ နတ်ဘုရား ဆေးလုံးမြို့တော်က စွမ်းအားရှင် အများကြီးကို သတ်ထားတဲ့အတွက် မင်း သေကို သေရမယ်"
ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါ များက လေထုထဲသို့ နောက်တစ်ကြိမ် ပျံ့နှံ့လာပြီး ပေမင်ကျန်းက ရက်စက်စွာ ကြေညာလိုက်သည်။
"နတ်ဘုရား ဆေးလုံး သခင်ကြီး ဖုန်းဝူချန်ကို သတ်တဲ့ ကိစ္စ ကျွန်တော့်ကို ထားလိုက်ပါ။ ကျွန်တော် 'ခုံအာ' အတွက် ကိုယ်တိုင် လက်စား ချေချင်တယ်"
"အကောင်စုတ် မင်းက ငါ့ကို လူအများရှေ့မှာ ပေါ်တင် စော်ကားရဲတယ်။ ငါ့ ဆေးပညာ စွမ်းရည်ကို မေးခွန်းထုတ်ရဲတယ်။ ငါ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
နတ်ဘုရား ဆေးလုံး သခင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ အလွန်အမင်း ဒေါသထွက်ပြီး အရှက်ရနေခဲ့ပြီ ဖြစ်သည်။
"ကျွန်တော် ခင်ဗျားကို စော်ကားတာ ဟုတ်၊ မဟုတ် ခဏနေရင် ခင်ဗျား သိသွားမှာပါ။ ပါဝင်ပစ္စည်းတွေ ပြင်ဆင်ထားလိုက်။ တကယ့် ဆေးပညာဆိုတာ ဘာလဲ တကယ့် ထျန်းယွမ် ဆေးလုံး ဆိုတာ ဘာလဲ ကျွန်တော် ခင်ဗျားကို ပြမယ်"
ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ပြုံးရင်း တုံ့ပြန်လိုက်ပြီး သီးသန့်ခန်းထဲမှ တည်ငြိမ် ယုံကြည်စွာ လမ်းလျှောက် ထွက်လာခဲ့သည်။
'သူက စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်တည်းပဲ။ ဒီလောက် ယုံကြည်မှုတွေ ဘယ်က ရနေတာလဲ။'
ချူချန်ခုံးက မျက်မှောင်ကြုတ်လိုက်သည်။ သူ ဖုန်းဝူချန်ကို လုံးဝ အကဲဖြတ်၍ မရနိုင်ပေ။
ဒုတိယ အကြီးအကဲက မျက်မှောင်ကြုတ်ရင်း ဆိုသည်။ "နတ်ဘုရား ဆေးလုံး သခင်ကြီးရဲ့ ဆေးပညာ စွမ်းအားကို ငါတို့အားလုံး အသိပဲ။ အဲ့ဒီကောင်လေးက နတ်ဘုရား ဆေးလုံး သခင်ကြီးထက် ပို တော်နိုင်စရာ အကြောင်းမရှိဘူး"
"အကြောက်စရာ အကောင်းဆုံးက သူ့ရဲ့ လက်နက်သန့်စင်ခြင်း ဘုံအဆင့်ပဲ"
မဟာ အကြီးအကဲက လေးနက်စွာ သုံးသပ်လိုက်သည်။ စတုတ္ထအဆင့် လက်နက်သန့်စင်သူ တစ်ဦး ဖြစ်သည့်အလျောက် သူက ဖုန်းဝူချန်ကို အမှန်တကယ် သတိထားနေမိသည်။
'အတွေးဖြင့် ပုံဖော်ခြင်း' ဆိုသော စွမ်းရည်ကို မဟာ အကြီးအကဲ တစ်ခါမှ မကြားဖူးခဲ့သလို၊ ထို ကောလာဟလများ မှန်ကန်ခြင်း ရှိ၊ မရှိကိုလည်း သူ မသိခဲ့ပေ။
"ပါဝင်ပစ္စည်းတွေ ပြင်ဆင်ကြ။ ပြီးတော့ ဆေးဖို ယူခဲ့ကြ"
နတ်ဘုရား ဆေးလုံး သခင်ကြီးက ဒေါသတကြီး ခိုင်းစေလိုက်သည်။
ဖုန်းဝူချန် ဘယ်လိုမျိုး ထျန်းယွမ် ဆေးလုံးကို ဖော်စပ်နိုင်မလဲ ဆိုတာ သူ အမှန်တကယ် မြင်တွေ့ချင်နေလေပြီ။
"ပါဝင်ပစ္စည်းတွေဆိုရင် ရပါပြီ။ ဆေးဖို မလိုဘူး။ ဒီလို အဆင့်နိမ့် ဆေးလုံးတွေအတွက် ဆေးဖို မလိုအပ်ဘူး။ တကယ့် ဆေးပညာရှင် စစ်စစ်က ဆေးဖို မလိုအပ်ဘူး"
ဖုန်းဝူချန်က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း ထုတ်ပြောလိုက်သည်။
‘'ဟမ် ၊ ဆေးဖို မလိုဘဲ ဆေးဖော်စပ်မယ် ဟုတ်လား။'
လူအုပ်ကြီးမှာ ဆေးဖို မလိုဘဲ ဆေးဖော်စပ်သည်ကို တစ်ခါမှ မကြားဖူးခဲ့ကြပေ။ သူတို့ တုန်လှုပ်သွားကြသလို ဖုန်းဝူချန်ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
အဓိက အင်အားစုကြီး ငါးခုမှ ထိပ်တန်း အမှုဆောင်များ အားလုံး မှင်သက်သွားကြပြီး သူတို့၏ သက်ဆိုင်ရာ ဆေးပညာရှင်များဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်များက နတ်ဘုရား ဆေးလုံး သခင်ကြီး၊ ချူချန်ခုံးနှင့် အခြားသူများထံသို့ ပြောင်းသွားကြ၏။
အဓိက အင်အားစုများမှ စွမ်းအားရှင်များလည်း ထိုနည်း၎င်းပင်။ သူတို့အားလုံး ဖုန်းဝူချန် ပြောသည်မှာ အမှန် သို့မဟုတ် အမှား ဖြစ်သည်ကို သံသယ ဝင်နေကြသည်။
"ဥက္ကဋ္ဌကြီး ၊ ဆေးပညာက ဆေးဖို မလိုအပ်ဘူး ဆိုတာ ကြားဖူးလို့လား"
ဒုတိယ အကြီးအကဲက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ ထိုကဲ့သို့ တစ်ခါမှ မကြားဖူးခဲ့ပေ။
ချူချန်ခုံးက ခေါင်းခါလိုက်သည်။
"ငါလည်း မကြားဖူးဘူး။ ဆေးဖို မရှိဘဲ ဘယ်လိုလုပ် ဆေးဖော်စပ်လို့ ရမှာလဲ"
"ဟမ့်။ လုံးဝ အဓိပ္ပာယ် မရှိတာ"
ရှီဝမ်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးနှင့် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦးက ဒေါသတကြီး နှာမှုတ်လိုက်သည်။ ဖုန်းဝူချန်၏ အဓိပ္ပာယ်မရှိသော စကားများကို သူ လုံးဝ မယုံကြည်ပေ။
"ဖုန်းဝူချန် အရူး ပဲလား။ ဘယ် ဆေးပညာရှင်က ဆေးဖော်စပ်ဖို့ ဆေးဖို မလိုတာ ရှိလို့လဲ"
"ဆေးဖို မလိုဘူး ဟုတ်လား။ တော်တော် မောက်မာတာပဲ။ စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်က ပဉ္စမအဆင့် ဆေးလုံးကို ဖော်စပ်နိုင်မယ် ထင်နေတာလား"
"ငါလည်း တစ်ခါမှ မကြားဖူးဘူး။ ဥက္ကဋ္ဌကြီးတို့တောင် မသိဘူး ဆိုတော့ ငါ့အထင် ဖုန်းဝူချန်က လေလုံးထွားနေတာ ဖြစ်မယ်။ အလကား၊ လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်နေတာ"
ခန်းမထဲတွင် မည်သူမျှ သူ့အား မယုံကြည်ကြပေ။ သူတို့ မယုံကြည်ရုံတင်မက ဖုန်းဝူချန်ကို အရူး တစ်ယောက်အဖြစ် သတ်မှတ်လိုက်
ကြတော့သည်။
'ဆေးဖို မလိုဘူး ဟုတ်လား။'
နတ်ဘုရား ဆေးလုံး သခင်ကြီး၏ မျက်နှာထား ပြောင်းလဲသွားပြီး သူ၏ နှလုံးသားထဲတွင် အကြီးအကျယ် တုန်လှုပ်သွား၏။
ဖုန်းဝူချန်၏ စကားများကို ကြားသောအခါ သူ၏ ဆရာ တစ်ချိန်က ပြောခဲ့သော စကားတစ်ခွန်း ဆေးပညာရှင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ဤစကားတစ်ခွန်းက ဆေးပညာရှင်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပြီး သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင် ကျန်ရစ်နေခဲ့သည်။
'မော့ယန် မှတ်ထား။ ဆေးဖိုဆိုတာ ဆေးဖော်စပ်ရာမှာ အထောက်အကူ ပစ္စည်း တစ်ခု သက်သက်ပဲ။ တကယ့် ဆေးပညာရှင် စစ်စစ်က ဆေးဖိုတောင် မလိုအပ်ဘူး။ ဒါပေမဲ့ အဲ့ဒီအဆင့်က အရမ်း နက်နဲ ရှုပ်ထွေးလွန်းလို့ ငါတောင် တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အဲ့ဒီလို ကြောက်မက်ဖွယ် ဆေးပညာရှင် မျိုး တကယ် ရှိတယ်။ 'တိုက်ကြီး' မှာ သူတို့ကို 'ဆေး ဧကရာဇ်'လို့ ခေါ်ကြတယ်။ ဆေးပညာရှင်တွေ ကြားထဲမှာ ကြောက်စရာ အကောင်းဆုံး ဘုံအဆင့်ပဲ။ ပြိုင်ဘက်ကင်းတဲ့ ဂုဏ်ပုဒ်နဲ့ ပေါ့။'
'ဆေး ဧကရာဇ်။'
မော့ယန်တစ်ယောက် တွေးလေလေ ကြောက်လန့်လာလေလေ ဖြစ်ပြီး သူ၏ အဘိုးကြီး မျက်နှာမှာ ဖြူဖျော့သွားသည်။
'မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဖုန်းဝူချန်က 'ဆေး ဧကရာဇ်' ဘုံအဆင့်ကို ရောက်နေဖို့ လုံးဝ မဖြစ်နိုင်ဘူး။'
သို့သော် ဖုန်းဝူချန်၏ စကားလုံးများက မော့ယန်ကို မယုံ မဖြစ် အောင် တွန်းအားပေးနေခဲ့သည်။
ထိုနေရာတွင် ရှိနေသော ဆေးပညာရှင် အများအပြား၏ တုံ့ပြန်မှုများအရ တကယ့် ဆေးပညာရှင် စစ်စစ်သည် ဆေးဖို မလိုအပ်ကြောင်း သူတို့ မသိကြသည်မှာ ထင်ရှားနေသည်။ 'ဆေး ဧကရာဇ်' တစ်ပါး ရှိနေသည်ကိုတော့ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။
မကြာမီမှာပင် တစ်စုံတစ်ယောက်က ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ယူဆောင်လာခဲ့သည်။
"နတ်ဘုရား ဆေးလုံး သခင်ကြီး ၊ ခင်ဗျား ထျန်းယွမ် ဆေးလုံးကို ဖော်စပ်တုန်းက 'မီးအဆိပ်' စပြီး ဖြစ်တာကို ကြုံတွေ့ခဲ့ရမယ် ထင်တယ်။ ဒါကြောင့် ထျန်းယွမ် ဆေးလုံးထဲမှာ မီးအဆိပ် နည်းနည်း ပါဝင်နေတာ"
ဖုန်းဝူချန်က ဂရုမထားဘဲ ပြုံးကာ ထောက်ပြလိုက်သည်။ ထို့နောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ အားလုံး ဒုတိယထပ်သို့ အလိုအလျောက် ပျံတက်သွားကြသည်။
မျက်လုံးအားလုံးက ဆေးပင်များ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါသွားပြီး ဒုတိယထပ်မှ ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားသည်။
"မီးအဆိပ် အနံ့ ဟုတ်လား"
ချူချန်ခုံးက မျက်စိတစ်မှိတ်အတွင်း နေရာရွှေ့ပြောင်းလိုက်ပြီး ထျန်းယွမ် ဆေးလုံးကို ကောက်ယူကာ ဂရုတစိုက် အာရုံခံ ကြည့်လိုက်သည်။
လူတိုင်း၏ အကြည့်များ ချူချန်ခုံးထံသို့ ပြန်လည် ရောက်ရှိသွားသည်။
"တကယ်ပဲ မီးအဆိပ် အနည်းငယ် ပါတယ်"
ချူချန်ခုံးက တုန်လှုပ်စွာ ကြေညာလိုက်သည်။
ချူချန်ခုံး၏ စကားကို ကြားသောအခါ လူတိုင်း မှင်သက် သွားကြသည်။
အဓိက အင်အားစုကြီး ငါးခုမှ စွမ်းအားရှင်များ အားလုံး အနည်းငယ် ပို၍ တည်ကြည် လေးနက်သွားကြသည်။
ဖုန်းဝူချန်က ၎င်းကို အာရုံခံ သိရှိနိုင်ခဲ့သည်။ ချူချန်ခုံး ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးကမူ ဆေးလုံးကို လက်ထဲတွင် အချိန်အတော်ကြာ ကိုင်ထားပြီး အနီးကပ် အာရုံခံကြည့်မှသာ သိရှိခဲ့သည်။
အခြား ဆေးပညာရှင်များမှာတော့ လုံးဝ မသိရှိခဲ့ကြပေ။
"ခင်ဗျားရဲ့ ထျန်းယွမ် ဆေးလုံး အရည်အသွေး နိမ့်ကျရတဲ့ အကြောင်းရင်းက ခင်ဗျား ခန္ဓာကိုယ်ထဲက မီးအဆိပ်ရဲ့ လွှမ်းမိုးမှု ကြောင့်တင် မကဘူး။ ခင်ဗျားက ဆေးဖက်ဝင် ပါဝင်ပစ္စည်း တစ်ခုချင်းစီအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်မှု မရှိလို့ပဲ။ တချို့ ပါဝင်ပစ္စည်းတွေမှာ အညစ်အကြေးတွေ ပါဝင်နေတုန်းပဲ။ လုံးဝ မဖယ်ရှားနိုင်သေးဘူး။ တချို့က အပူချိန် အရမ်း များသွားတယ်။ ခင်ဗျား ဒီကဏ္ဍမှာ အရမ်း အားနည်းတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ဆေးအနှစ်သာရမှာ အညစ်အကြေးတွေ အများကြီး ပါဝင်နေတုန်းပဲ။ ပြီးတော့ ဆေးလုံး ဖော်စပ်တဲ့ လုပ်ငန်းစဉ် အတွင်း ထုတ်ယူလိုက်တဲ့ အရည် အများစုက အငွေ့ပျံ သွားတယ်"
ဖုန်းဝူချန်က နတ်ဘုရား ဆေးလုံး သခင်ကြီး၏ ဆေးဖော်စပ်မှုမှ အမှားများကို ထောက်ပြရင်း စိမ်းပြာရောင် မီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
"ဒါ ဘယ်လို မီးတောက် မျိုးလဲ။ သားရဲမီးထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသလို ခံစားရတယ်"
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များက ခန်းမကြီးကို စိမ်းပြာရောင် အလင်းများဖြင့် လင်းထိန်နေသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ ပြင်းထန်သော အရှိန်အဝါ က လူတိုင်း၏ နှလုံးသားထဲသို့ ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့၏။
"မင်း မင်း ဆေးလုံးရဲ့ မျက်နှာပြင်ကနေ ဒါတွေကို ဘယ်လိုလုပ် သိနိုင်တာလဲ"
နတ်ဘုရား ဆေးလုံး သခင်ကြီးက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ဖုန်းဝူချန်ကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။
ဤအမှားများကို အခြားသူများ မသိကြသော်လည်း နတ်ဘုရား ဆေးလုံး သခင်ကြီး ကိုယ်တိုင် ကောင်းကောင်း သိနေသည်။ သို့သော် ဖုန်းဝူချန်က ဆေးလုံး၏ အသွင်အပြင် သက်သက်ကို ကြည့်ရုံဖြင့် အားလုံးကို ခန့်မှန်း သိရှိနိုင်ခဲ့သည်။
'ဖုန်းဝူချန်ရဲ့ ဆေးပညာ အဆင့်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေပြီလဲ။'
'တစ်ချက် ကြည့်လိုက်ရုံနဲ့ ဆေးပညာရှင် တစ်ယောက် ကျူးလွန်ခဲ့တဲ့ အမှား အားလုံးကို သူ ပြောပြနိုင်တယ်။'
ထိုအခါ၊ ဖုန်းဝူချန်က ကျောင်းသားများကို သင်ခန်းစာ ပို့ချနေသကဲ့သို့ ဆက်ပြောလိုက်သည်။
"ခင်ဗျား ကလွဲလို့ လေလံရုံ ဥက္ကဋ္ဌနဲ့ ဒီမှာရှိတဲ့ ဆေးပညာရှင် အားလုံး ခင်ဗျားတို့ရဲ့ ဆေးလုံး အရည်အသွေး နိမ့်ကျရတာက မီးအဆိပ်ရဲ့ လွှမ်းမိုးမှု ရော ဆေးအနှစ်သာရ အငွေ့ပျံမှု ကြောင့်ပါ ဆိုတာကို ခင်ဗျားတို့ မသိခဲ့ကြဘူး။ ခင်ဗျားတို့ အားလုံးမှာ အားနည်းချက် တစ်ခု တူညီနေတယ်။ မီးတောက် ထိန်းချုပ်မှု ညံ့ဖျင်းတာ ပြီးတော့ ဆေးဖက်ဝင် ပါဝင်ပစ္စည်း တစ်ခုချင်းစီရဲ့ အရည်ပျော်မှတ်ကို လုံးဝ နားမလည်တာ"
"အခြေခံ အကျဆုံး အချက်တွေကိုတောင် မကျွမ်းကျင်ဘဲ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ဆေးပညာရှင် လို့ ခေါ်ရဲကြသေးတယ်"
သူ၏ လက်ဖဝါးက စိမ်းပြာရောင် မီးတောက်ကို ဆွဲယူလိုက်ပြီး ညင်သာစွာ လက်ယက် ခေါ်လိုက်ရာ ထျန်းယွမ် ဆေးလုံး ဖော်စပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ပျံသန်းလာကြသည်။
ဆေးပင်မြစ်ပင် ဆယ့်ရှစ်မျိုးက ဖုန်းဝူချန်၏ လက်ဖဝါးထဲတွင် ဖြည်းညင်းစွာ လည်ပတ်နေကြသည်။
စိမ်းပြာရောင် မီးတောက်များက ၎င်းတို့ကို လွှမ်းခြုံထားပြီး ကြီးစိုးနိုင်သော ဝိညာဉ်စွမ်းအားများက ၎င်းတို့ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။
"ခင်ဗျားတို့ အားလုံးက ခင်ဗျားတို့ရဲ့ မီးတောက် ထိန်းချုပ်မှုက အားကောင်းတယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာတော့ ဒါက အရမ်း ညံ့ဖျင်းတယ်။ စံနှုန်း လုံးဝ မမီဘူး"
ဖုန်းဝူချန်က ခက်အေးအေး ရှင်းပြလိုက်ပြီး ပြတ်သားစွာ ဝေဖန်လိုက်သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး တုန်လှုပ်နေသော အကြည့်တိုင်း ထိုမြင်ကွင်းဆီသို့ ဆွဲငင်ခံလိုက်ရသည်။
အံ့အားသင့် ထိတ်လန့်နေကြသော ကြည့်ရှုသူများ၏ မျက်လုံးများထဲတွင် သူတို့၏ ဘဝတစ်လျှောက် အဆန်းကြယ်ဆုံး အခိုက်အတန့်ကို မြင်တွေ့လိုက်ရသည်။
ဖုန်းဝူချန်၏ လက်ဖဝါးထဲတွင် လည်ပတ်နေသော ဆေးပင် ဒါဇင်ပေါင်းများစွာသည် စိမ်းပြာရောင် မီးတောက်များ၏ သန့်စင်မှုအောက်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း သူတို့၏ အပြင်ခွံများ လျင်မြန်စွာ ကွာကျသွားပြီး အရောင်အမျိုးမျိုး ရှိသော အရည်များအဖြစ် ပေါင်းစပ်သွားသည်။ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်နှင့် ထူးခြားသော မွှေးရနံ့တစ်ခု ပျံ့နှံ့ ထွက်ပေါ်လာသည်။
ဤသည်တို့မှာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ၏ ဆေးပင် အနှစ်သာရများ ပင်။
"ဒီလောက် မြန်တာ"
ဆေးပင်များ၏ အပြင်ခွံများ ကွာကျသွားသည်ကို မြင်သောအခါ လူအုပ်ကြီး အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ဤသို့ ကြောက်မက်ဖွယ် အရှိန်နှုန်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
နတ်ဘုရား ဆေးလုံး သခင်ကြီးနှင့် ချူချန်ခုံး အပါအဝင် အခြား ဆေးပညာရှင်များ အားလုံး သူတို့၏ မျက်လုံးများ ပြုတ်ထွက်မတတ် ဖြစ်သွားကြသည်။
"ဆေးပင် ဆယ့်ရှစ်မျိုးလုံး တစ်ပြိုင်တည်း အခွံခွာသွားတယ်"
ချူချန်ခုံး တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ အမူအရာက သူ၏ နားလည်နိုင်စွမ်း နယ်ပယ်ထက် ကျော်လွန်နေကြောင်း ဖော်ပြနေသည်။
"ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ထိုနေရာမှ ဆေးပညာရှင်များ အားလုံး ထိုမြင်ကွင်းကြောင့် မှင်သက် တောင့်ခဲ သွားကြသည်။
ပေါင်းစပ်သွားသော အနှစ်သာရများက တစ်စုတစ်စည်းတည်း ဖြစ်ပေါ်လာပြီး ထို အစုအဝေးက ကြက်မျက်လုံးစေ့ အရွယ်အစား ရှိသော သန္ဓေသား ဆေးလုံး တစ်လုံး ဖြစ်ပေါ်လာသည်။ အရည်များက လျင်မြန်စွာ ခဲသွားပြီး နောက်ဆုံးတွင် ဆေးလုံး တစ်လုံး အဖြစ် ပုံပေါ်လာခဲ့သည်။
ထိုဆေးလုံးထံမှ အစွမ်းထက်သော အရှိန်အဝါ နှင့် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ထင်ရှား မြင်သာသော အကွက်အကြောများ နှင့် တောက်ပ လင်းလက်သော အရောင်အဆင်း ရှိနေသည်။ အရေးကြီးဆုံးမှာ အရည်အသွေး အလွန် မြင့်မားပြီး အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သည်မှာ ဧကန်။
နှစ်မိနစ်ပင် မပြည့်သေးသော အချိန်တွင် ဖုန်းဝူချန် ထိုဆေးလုံးကို လွယ်ကူစွာ ဖော်စပ် ပြီးစီးသွားခဲ့သည်။
ပဉ္စမအဆင့် ဆေးလုံး တစ်လုံးကို ဖော်စပ်ရာတွင် ဖုန်းဝူချန် သူ၏ ညာလက် တစ်ဖက်တည်းကိုသာ အသုံးပြုခဲ့ပြီး အခြား အကူအညီ တစ်စုံတစ်ရာ လုံးဝ မပါဝင်ခဲ့ပေ။
ဖုန်းဝူချန် ဖော်စပ်လိုက်သော ဆေးလုံးမှာ ထျန်းယွမ် ဆေးလုံးပင်။
"အ.. အတွေးတစ်ချက်တည်းဖြင့် ဆေးလုံး ဖော်စပ်ခြင်း။ 'ဆေး ဧကရာဇ်' ရဲ့ ဘုံအဆင့်"
ကြောက်လန့်တကြား ဖြစ်နေသော နတ်ဘုရား ဆေးလုံး သခင်ကြီးက သူ၏ စိတ်ထဲမှ အော်ဟစ်လိုက်မိပြီး သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင် နေတော့သည်။