ဝမ်းနည်းမှုကို ကြိတ်မှိတ်ခံစားတာက ခံစားချက်တွေကို ထုတ်ပြလိုက်တာထက် ပိုဆိုးတယ်
Vol. 1 Ch. 177
စုလောရွှယ်၏ သရုပ်မှန်သည် ထူးဆန်းလွန်းလှသည်။ သူမနောက်တွင် ကျောင်းအုပ်ချီ ရှိနေရာ မည်သူကမှ သူမ၏ နောက်ကြောင်းကို မစုံစမ်းဝံ့ကြပေ။ သို့သော် ကျန်းရီနှင့် ချမ်ဝမ်ကွမ်သည် သူမတွင် အလွန်တောင့်တင်းသော နောက်ခံရှိကြောင်း သိထားကြသည်။ ခရမ်းရောင် ကောင်းကင် အလင်းတန်းကို အသုံးပြုနိုင်သော စွမ်းရည်ရှိနေရာ သူမသည် ဘယ်နည်းနှင့်မျှ သာမန်ဂိုဏ်းတစ်ခုမှ မဖြစ်နိုင်ပေ။ သို့သော် ကျန်းရီ၊ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်း တို့သည် သူမကို ရှားနိုင်ငံတော်၏ မင်းသမီးတစ်ပါး ဖြစ်နေလိမ့်မည်ဟု မထင်ထားမိကြပေ။
ဤအရာက အရေးမကြီးသေးပေ။
အရေးအကြီးဆုံးမှာ သူမသည် အိမ်ရှေ့စံ၏ သတို့သမီးလောင်း ဖြစ်နေခြင်းပင်။
ကျန်းရီသည် ထိုဆရာမလှလှ အပေါ် မရှင်းလင်းသော ခံစားချက်များ ရှိခဲ့သည်။ သူသည် စုလောရွှယ်နှင့်အတူ အချိန်များစွာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူသည် အချစ်တွင် နစ်မွန်းနေမည့် လူငယ်တစ်ယောက် မဟုတ်သော်လည်း သူ့ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့သည့်၊ နဂါးတစ်သောင်း တောင်ကြားတွင် အသက်ကိုရင်း၍ သူ့နောက်သို့ လိုက်ခဲ့သော မိန်းမလှလေးနှင့် သူတွေ့ဆုံခဲ့ရသည်။ ကျန်းရီသည် သူမအပေါ် မည်သည့်ခံစားချက်မှ မရှိဟုဆိုလျှင် လိမ်ရာကျလိမ့်မည်။
စုလောရွှယ်၏ စိမ်းသက်သော အပြုအမူများနှင့် သူ့အပေါ် ရည်ရွယ်ချက်ရှိရှိ ရှောင်နေခဲ့ခြင်းတို့ကြောင့်သာ မဟုတ်လျှင် သူ သူမကို ဖွင့်ဟဝန်ခံပြီးလောက်ပေပြီ။ စုလောရွှယ်တွင် ပြောမပြနိုင်သည့် အခက်အခဲတို့ ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းထားခဲ့သော်လည်း ထိုအခက်အခဲသည် သူမတွင် သတို့သားလောင်း ရှိနေခြင်းဟု မမျှော်လင့်ထားခဲ့ပေ။ ထိုလူသည် ရှန်ဝူနိုင်ငံတော်၏ အိမ်ရှေ့စံတောင် ဖြစ်နေလိုက်သေးသည်။
တစ်ခုခု မဟုတ်သေးဘူး။
ရုတ်တရက် ကျန်းရီ၏ ကိုယ်သည် ဆတ်ခနဲဖြစ်သွားကာ ချမ်ဝမ်ကွမ်အား ကြည့်လိုက်မိလေသည်။ အိမ်ရှေ့စံတွင် ကိုယ်လုပ်တော် တစ်ယောက် ရှိပြီးသားဟု ချမ်ဝမ်ကွမ် ပြောခဲ့သည် မဟုတ်ပါလား သူမသည် ကျန်းစွန်းဂိုဏ်းမှ ဖြစ်လေသည်။ အဘယ့်ကြောင့် လက်ထပ်ရန် ကတိကဝတ်ပြုထားသူသည် စုလောရွှယ် ဖြဝ်နေရပါသနည်း။
သူ့မျှော်လင့်ချက်များအား မှေးမှိန်သွားစေသည်မှာ ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းကာ နောက်မှ ရှင်းပြမည်ဟု လက်ဟန်ပြလာခြင်း ဖြစ်လေသည်။ ကျန်းရီတွင် မျက်ခွံများ စိုက်ကျသွားပြီး နာကျင်နေသော အမူအရာ ရှိနေခဲ့သည်။ သူသည် အင်္ကျီလက်အတွင်းမှ လက်များတွင် တင်းတင်းကျပ်ကျပ် ဆုပ်ထားမိလေသည်။ သူ့လက်သည်းများသည် လက်ဝါးအတွင်း စိုက်ဝင်နေပြီ ဖြစ်သော်လည်း သူဘာကိုမှ မခံစားမိပေ။
"ဟမ်”
စုလောရွှယ်၏ ကိုယ်လေးသည် ဆတ်ခနဲ တုန်သွားခဲ့သည်။ ရှားဝူဟွေ့သည် လူပုံအလယ်တွင် သူမ၏ သရုပ်မှန်ကို ထုတ်ဖော်၍ စေ့စပ်ကြောင်းလမ်းထားခြင်းအား ထုတ်ပြော လိုက်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမသည် ဘေးရှိ ကျန်းရီ တုန်လှုပ်သွားမှုကို ခံစား မိလိုက်လေသည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် နာကျင်ဟန် တစ်စွန်းတစ်စ ပေါ်ထွက်လာ ခဲ့သော်လည်း ချက်ချင်းပင် အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ မျက်လုံး များသည် ဆုံးဖြတ်ထားသည့် ဟန်နှင့် အသာအယာ ပြောလိုက်သည်။
"အရှင့်သား ... ဒီမင်းသမီးကို ထိုင်ဖို့ မဖိတ်ခေါ်တော့ဘူးလား"
ရှားဝူဟွေ့သည် ကျန်းရီအား တစ်ချက်ကြည့်လိုက်ပြီး ပြုံးနေသော အမူအရာနှင့် လက်ကမ်း လာခဲ့သည်။ ပိုဆိုးသည်မှာ စုလောရွှယ်သည် ရှောင်တိမ်းခြင်း မပြုဘဲ သူမအား ခရမ်းရောင် စားပွဲကြီးဆီ ဆွဲခေါ်သွားခြင်းအား ခွင့်ပြုလိုက်သည်။
"ဂျွတ် ... ဂျွတ်"
ကျန်းရီ၏ မျက်လုံးများသည် အောက်သို့ ငေးစိုက်ကြည့်နေခဲ့သော်လည်း သူ့မျက်လုံး ထောင့်စွန်းမှ အားလုံးကို မြင်နေရလေသည်။ သူသည် လက်ချောင်းများကို ဂျိုးဂျိုးဂျွတ်ဂျွတ် မည်သွားသည်အထိ ဆုပ်ထားလိုက်သည်။ စုလောရွှယ် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားသည်ကို မြင်လိုက်ရသောအခါ ကျန်းရီသည် သူ့အား တစ်လောကလုံးက ပစ်ပယ်သွားသည့်နှယ် ခံစားလိုက်ရသည်။ နန်းတော်ငယ်ထဲတွင် နေ့အလင်း ရှိနေသည့်အလား ထိန်ထိန်လင်းနေ ပါသော်လည်း သူ့မျက်လုံးထဲတွင် အလင်းတစ်စတလေမျှ မရှိတော့သည့် အလား အမှောင် ဖုံးနေခဲ့သည်။ သူ့တစ်ကမ္ဘာလုံး အမှောင် ကျသွားခဲ့လေပြီ။
"ဟမ့်"
ထိုအချိန်တွင် ညာဘက်ခြမ်း၏ ပထမဆုံးခုံတွင် ထိုင်နေသော အစင်းရှစ်ခုပါသည့် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားသည် အေးစက်စွာ ပြောလာခဲ့သည်။ သူသည် ကျန်းရီကို မေးခွန်း ထုတ်လိုဟန်နှင့် ကြည့်ကာ ပြောလာခဲ့သည်။
"ဒီယဉ်ကျေးမှုမရှိတဲ့ လူရိုင်းကောင်က ဘယ်က လာတာလဲ ... မင်း စည်းမျဉ်း ဆိုတာကို မသိဘူးလား ... အိမ်ရှေ့မင်းသား၊ ဒီမင်းသားနဲ့ ဆဋ္ဌမမြောက် မင်းသမီးကို တွေ့တာတောင် အရိုအသေ မပေးသေးဘူးလား ... မင်းရဲ့ အကြီးအကဲတွေက အခြေခံ ယဉ်ကျေးမှုလေး ကိုတောင် သင်မပေးလိုက်ဘူးလား"
"အမ်”
အားလုံးသည် မျက်နှာများ ပျက်သွားကြသည်။ ဤနေရာတွင် ရောက်နေသော လူအားလုံးသည် အထက်တန်းလွှာမှ လူများသာ ဖြစ်ကြပြီး ကျန်းရီသည် ကျန်းပိုင်လီ၏ တရားမဝင်သားဖြစ်ကြောင်း ဘယ်သူကများ မသိသနည်း လူတိုင်းသည် အစောပိုင်းက ကျန်းရီ၏ နာကျင်သော အမူအရာများကို မြင်လိုက်ကြသည်။ သူတို့သည် အခြေအနေမှန်ကို တိတိကျကျ မသိသော်လည်း အကြောင်းအရာ၏ ရှစ်ဆယ်ရာနှုန်းလောက်အထိတော့ ခန့်မှန်းမိကြသည်သာ။ ဤတတိယမင်းသားသည် ကျန်းရီအား မိခင်နှင့် ဖခင်က ဆုံးမထားခြင်း မရှိဟု သွယ်ဝိုက်၍ ပြောကြားလိုက်ခြင်းသာ။ ဒါက မလွန်လွန်းဘူးလား
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ အကြည့်ချင်း ဆုံသွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များရော၊ စိုးရိမ်မှုများရော ရှိနေလေသည်။ သူတို့နှစ်ယောက်သည် ကျန်းရီ စိတ်ရူးပေါက်၍ အိမ်ရှေ့စံ၏ အိမ်တော်တွင် ပြဿနာရှာမည်လည်း စိုးရသေးသည်။ ဤကဲ့သို့သော အချိန်အခါမျိုးတွင် သူတို့သည် တတိယမင်းသားအားလည်း မျက်နှာပျက်အောင် မလုပ်ရဲပေ။ နှစ်ယောက်သားသည် ဆိတ်ဆိတ်သာ နေ၍ ကျန်းရီအား စိတ်အေးအေးထားရန် အရိပ်အကဲ ပြနေကြလေသည်။
ကျန်းရီသည် သူတို့နှစ်ယောက်ထံမှ အရိပ်အကဲများကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး စုလောရွှယ်၏ လက်ကိုကိုင်ထားသော အိမ်ရှေ့စံအား ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားကြပြီး လှောင်ပြောင်လိုဟန် တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့သည်။
"ဒါအမှန်ပဲ ... ကျွန်တော်ကျန်းရီက ငယ်ငယ်ထဲက မိဘမဲ့ပဲ ... အဖေနဲ့ အမေရဲ့ ဆုံးမမှုကို မခံခဲ့ရဘူး ... အားလုံး အတွက်တော့ ဟာသဖြစ်ရင် ဖြစ်နေမှာပေါ့ ... ဟက် "
ကျန်းရီ၏ လေသံသည် အတော်လေး တည်ငြိမ်နေခဲ့သလို သူ့အပြုံးသည်လည်း ကြောက်စရာ ကောင်းမနေခဲ့ပေ။ ထိုအသံနှင့် ထိုအပြုံးသည် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းအား စိတ်မကောင်း ဖြစ်သွားစေသည်။ သူတို့စိတ်သည် ဆိုရိုးတစ်ခုအား အလိုလို သတိရသွားခဲ့သည်။
'ဝမ်းနည်းမှုကို ကြိတ်မှတ်ခံစားတာက ခံစားချက်တွေကို ထုတ်ပြလိုက်တာထက် ပိုဆိုးတယ်'
ထိုစကားကို စုလောရွှယ် ကြားလိုက်သောအခါ သူမကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ သို့သော် သူမသည် နောက်လှည့်မကြည့်ခဲ့ဘဲ ခရမ်းရောင်ရွှေဖြင့် လုပ်ထားသော စားပွဲဆီ ရှားဝူဟွေ့နောက်မှ လိုက်ပါသွားခဲ့သည်။ သူမသည် ထိုင်ခုံတစ်ခုထက် ဒူးထောက်ထိုင်လိုက်ပြီးနောက် ခေါင်းကို ငုံ့ထားလိုက်သည်။ သူမသည် ကျန်းရီအား မကြည့်ရဲတော့ဟန် ရလေသည်။
ကျန်းရီသည် သူ့စိတ်ကူးထားသလို ဒေါသတကြီး ဖြစ်မလာသည့်အတွက် တတိယမင်းသား ဆွံ့အသွားခဲ့သည်။ သို့သော် စားသောက်ပွဲအခမ်းအနားသည် ကြီးကျယ်လွန်းရာ ကျန်းရီအား မကျေမနပ် စိုက်ကြည့်ရုံမှတစ်ပါး ဆက်လက် ရန်မစတော့ပေ။ ယွင်ဖေးနှင့် တခြား လူများ သည်လည်း ဤစရိုက်သည် ကျန်းရီနှင့် လားလားမျှ မဆိုင်ဟု ခံစားနေရလေသည်။
"ကျွန်တော် တစ်ခုပြောလို့ ရမလား"
ကျန်းရီ၏ အမူအရာသည် ပို၍ တည်ငြိမ်လာကာ စုလောရွှယ်အား ထပ်မံ မကြည့်တော့ပေ။ သူသည် ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
"ကျွန်တော်ကလည်း ဝိညာဉ်သားရဲ သင်တန်းကျောင်းက ကျောင်းသားပဲလေ ... ဖိတ်ကြားတဲ့ လူစာရင်းမှာ ကျွန်တော့် နာမည်လည်း ပါတယ် မဟုတ်လား ... ကျွန်တော် ထိုင်လို့ရမလား"
ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသော စားပွဲဆီ လမ်းလျှောက် သွားနေသော ရှားဝူဟွေ့သည် အပြုံးမျက်နှာနှင့် ပြန်ဖြေလာခဲ့သည်။
"သခင်လေးကျန်းက နောက်နေတာပဲ ... ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ နံပါတ်တစ် ပါရမီရှင်ကို ဝူဟွေ့က လျစ်လျူရှုထား ရဲပါ့မလား ... တစ်ယောက်ယောက် ... ထိုင်ခုံတစ်ခုံ လာပြင်ပေးစမ်း"
"ထားလိုက်ပါတော့ ... ကျွန်တော် အဲဒီမှာပဲ ထိုင်လိုက်ပါ့မယ်"
ကျန်းရီသည် ပုခုံးတွန့်ပြကာ ချမ်ဝမ်ကွမ်ထံ လျှောက်သွားလိုက်သည်။ သူ ချမ်ဝမ်ကွမ်၏ နောက်စေ့သို့ ရိုက်လိုက်သောအခါ ချမ်ဝမ်ကွမ်သည် သူ့တင်ပါးကြီးများကို သယ်၍ ဘေးသို့ ရွှေ့ပေးလေသည်။ ရွှေရောင်စားပွဲသည် အနည်းငယ် ကြီးမား၍ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် ထိုင်နိုင်နေလေသည်။
"အစ်ကိုကြီး ... စိတ်ထိန်းပါ"
ချမ်ဝမ်ကွမ် တီးတိုး ပြောလာခဲ့သည်။
"အိမ်ရှေ့စံကို သွားပြီး ရန်မစပါနဲ့ ... မဟုတ်ရင်လည်း ရှန်ဝူနိုင်ငံတော်ထဲမှာ ရှိနေသရွေ့ ဘာမှ လုပ်လို့မရဘူး ... ဟုတ်တယ် ... အိမ်ရှေ့စံရဲ့ ပထမဇနီးက လွန်ခဲ့တဲ့ တစ်နှစ်ခွဲကပဲ ကွယ်လွန်သွားတယ် ... သူ ကျန်းစွန်းဂိုဏ်းက နောက်မိန်းကလေး တစ်ယောက်ကို ထပ်ပြီး လက်ထပ်မယ် ထင်နေတာ ... ဆရာမစုနဲ့ စေ့စပ်လိုက်မယ်လို့ ကျွန်တော်တို့ ထင်မထားဘူး"
ကျန်းရီသည် ခေါင်းအသာ ညိတ်ပြလိုက်ပြီး ဝက်ပေါင်ခြောက် တစ်ခုကို ဆွဲယူကာ အားရပါးရ ဝါးစားနေလိုက်သည်။
ဤသို့သော ပွဲတော်များတွင် တက်ရောက်ကြသူတိုင်းသည် ထင်ရှားသော ဂိုဏ်းအသီးသီးမှ ဖြစ်ကြသည်။ သူတို့အမြင်နှင့် ကြည့်သော် ကျန်းရီသည် တကယ့်တောသား အရိုင်းအစိုင်း အလားပင်။
"သံစဉ်တွေ၊ အကတွေနဲ့ ဖျော်ဖြေကြတော့"
ရှားဝူဟွေ့သည် ကျန်းရီထံ ဖြတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် အသာပြုံးလိုက်ပြီး လက်ယမ်းပြလိုက်ရာ နန်းတွင်းအပျိုတော် တစ်စုသည် ခန်းမကြီးအတွင်း လျှောက်လာကြသည်။ သူတို့ စတင် သံစဉ်များ တီးမှုတ်လိုက်သောအခါ ခန်းမကြီးသည် ပြန်လည် အသက်ဝင်လာခဲ့သည်။
"အစ်ကိုကြီး ... ဒီကိစ္စအတွက် ဆရာမစုကို အပြစ်မတင်ပါနဲ့ ... အစ်ကိုကြီးလည်း သိမှာပါ။ ရှားနိုင်ငံတော်က ရှန်ဝူနိုင်ငံတော်ကို ကျူးကျော်တုန်းက ဝိညာဉ်ပျောက်ချိုင့်ဝှမ်းမှာ စစ်သားသိန်းချီကို မင်းအဖေ..အဲ ... အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင် သတ်ခဲ့တယ်လေ ... အဲဒီနောက် လော့ကဲအရှင်က စစ်တပ်ကို ဦးဆောင်ပြီး တောက်ဘက်ကို ချီတက်သွားတယ် ... ရှားနိုင်ငံတော်ရဲ့ စစ်တပ်တွေ ဆုတ်ခွာတဲ့ လမ်းတစ်လျှောက် လိုက်လံတိုက်ခိုက်ခဲ့တယ်။ အခု ရှားနိုင်ငံတော်က အားနည်းနေပြီး ကျွန်တော်တို့ နိုင်ငံကို ကြောက်နေရတယ် ... ဒါကြောင့် လက်ထပ်ခြင်းနဲ မဟာမိတ် လုပ်လိုက်ကြတာ ... ဆရာမစုက သူ့ခမည်းတော်ရဲ့ အမိန့်ကို ဘယ်လိုလုပ် လွန်ဆန်နိုင်ပါ့မလဲ"
"စောစောက အစ်ကိုကြီးကို စကားပြောတာ တတိယမင်းသား ရှားထျန်းပဲ ... သူ့ဘေးက တစ်ယောက်က ဆဋ္ဌမမင်းသမီး ရှားဖေးယွီ ... ဒီဘက်ခြမ်းကတော့ ထိုက်ရှစ်ဝမ်ထျန်း၊ ယင်းသောက်”
ချမ်ဝမ်ကွမ် ဆက်လက် ရှင်းပြနေချိန်တွင် ကျန်းရီသည် မကြားချင်ယောင်ဆောင်၍ လက်ထဲမှ ဝက်ပေါင်ခြောက်ကိုသာ စိမ်ပြေနပြေ ဝါးနေခဲ့သည်။ အစားသရဲတစ်ယောက်အလား သူအငမ်းမရ စားသောက်နေသည်မှာ ဘေးရှိသခင်လေး၊ သခင်မလေးများအား သက်ပြင်းတချချ ဖြစ်စေလေသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် စိတ်မကောင်း ဖြစ်နေကြ၍ ကျန့်လင်းအာကမူ မျက်ရည်များပင် စီးကျနေလေပြီ။
ကျန်းရီ ဝင်ရောက်လာချိန်တည်းက ကျန်းစွန်းဝူကျိ တိတ်ဆိတ်နေခဲ့သည်။ ရှားထျန်းက ကျန်းရီကို ရန်စရန် ကြိုးစားသောအခါ ကျန်းရီ ပေါက်ကွဲသွားလိမ့်မည်ဟု သူထင်ထားခဲ့သည်။ ကျန်းရီ သည်းခံနေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကျန်းရီသည် ဝက်ပေါင်ခြောက်အား အေးအေးဆေးဆေး စားသောက်နေသည်ကို မြင်သောအခါ သူဆက်ထိန်းမထားနိုင်တော့ချေ။ ယနေ့လိုမျိုး အခွင့်အရေးက သူ့အလိုလို ရောက်လာခြင်းသည် အလွန်ရှားပါးလှသည်။
သံစဉ်များ ရပ်တန့်သွားနှင့် ကနေသော အလှလေးများ ရပ်တန့်သွားကြသည်။ ကျန်းစွန်းဝူကျိ၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ရုတ်တရက် စကားပြောလာခဲ့သည်။
"မင်းသား(၃) စောစောက ပြောခဲ့တာ အတော်လေး မှန်တာပဲ၊ တချို့လူတွေက သူတို့ အပြုအမူကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာ မသိကြဘူး ... ဒီလို စားသောက်နေတာက အတော်လေး အမြင် မဆိုးဘူးလား။ အိမ်ရှေ့စံ အိမ်တော်က စားသောက်ပွဲမှာ သူဘယ်လိုများ ပြုမူနေတာလဲ ... ဒါက ဈေးလား"
ရှားထျန်း၏ နှုတ်ခမ်းများတွင် လှောင်ပြောင်လိုဟန်များ ပေါ်လာကာ ချက်ချင်း ပြန်ပြောလာခဲ့သည်။
"ဒါက အသိဉာဏ် မရှိတာနဲ့ မခြားဘူး ... အိမ်ရှေ့မင်းသား ... နောက်တစ်ခါ ဒီလို လူမျိုးတွေကို မဖိတ်တာ ကောင်းမယ် … အဲဒါက အခမ်းအနားကို အကျည်းတန်စေတယ်"
***