← Chapters

တစ်ယောက်နဲ့ တစ်သောင်း

Vol. 1 Ch. 178

တစ်ယောက်နဲ့ တစ်သောင်း

Vol. 1 Ch. 178

လူတိုင်းသည် တိတ်ဆိတ် သွားကြကာ ကျန်းရီအား ကြည့်လာကြသည်။ သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်သလို အနောက်ဘက်မြို့စား လော့ကဲအရှင်၏ သားလည်း ဖြစ်သည်။  ထိုနှစ်ယောက်၏ ရန်စမှုကို သူ သည်းခံနိုင်မည်လော။

အားလုံး တွေးထားသည်နှင့် ဆန့်ကျင်လျက် ကျန်းရီသည် ထိုနှစ်ယောက်ကို လေလည်နေသည့် အလား သဘောထားကာ လုံးဝလျစ်လျူရှု ထားခဲ့သည်။ သူသည် ဝက်ပေါင်ခြောက်ကိုသာ ဆက်စားနေခဲ့သည်။

မျက်နှာကာ တပ်ထားသော ဆဋ္ဌမမင်းသမီး ရှားဖေးယွီ အပါအဝင် မိန်းမပျိုလေးများ၏ မျက်လုံးများတွင် စိတ်ပျက်ဟန်များ ပေါ်လာကြသည်။ အစက သူတို့သည် လော့ကဲအရှင်၏ သားတစ်ဖြစ်လည်း ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်၏ ပြိုင်ဘက်ကင်း အစွမ်းအစများကို တွေ့မြင်လို နေကြသည်။ သူသည် သူရဲဘောကြောင်သူ တစ်ယောက် ဖြစ်နေသည် ထင်သည်။

ဘယ်သူသိမည်လဲ။

ကျန်းရီသည် လူတစ်ယောက်၏ ခြေသလုံးခန့် ရှိသော ဝက်ပေါင်ခြောက်အား စားသောက်ပြီးသည့်အခါ စားပွဲဘေးမှ လက်သုတ်ပုဝါကို ယူ၍ လက်များကို သုတ်လိုက်ပြီး ထရပ်လိုက်သည်။ သူသည် အားလုံးကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင်မှ ရှားထျန်းနှင့် ကျန်းစွန်းဝူကျိအား စိုက်ကြည့် လိုက်သည်။ ထို့နောက် အသာ ရယ်ချလိုက်သည်။

“သခင်လေးကျန်းစွန်းနဲ့ တတိယမင်းသား ... နှစ်ယောက်လုံးက ကျန်းရီကို သဘောမကျဘူး ဆိုတာ သိပါတယ် ... အဲဒီမှာ ထိုင်ပြီးတော့ ခနဲ့တဲ့တဲ့ စကားတွေ ပြောမနေပါနဲ့ ... ခင်ဗျားတို့ မပျော်ရွှင်ကြဘူး ဆိုရင် အပြင်ထွက်ပြီး တိုက်ခိုက် ရအောင်လေ ... နှစ်ယောက် တစ်ယောက် တိုက်ပေးလို့ ရပါတယ် ... ဘယ်လိုလဲ”

မျက်လုံးများစွာ တောက်ပ သွားကြသည်။

ကျန်းရီ၏ ပါးစပ်မှ ထွက်လာသော ပထမဆုံး စကားများကပင် ပြင်းထန်လှသည်။ သူသည် ထိုနှစ်ယောက်အား သူတစ်ယောက်တည်းနှင့် ချက်ချင်း စိန်ခေါ်လိုက်သေးသည်။ ရှားထျန်းသည် နှစ်ဆယ့်သုံးနှစ် ရှိနေပြီ ဖြစ်သည်။ သူသည် အပျော်အပါး မက်သော မင်းသားတစ်ပါး ဖြစ်သော်လည်း ဆေးများကို အားကိုး၍ ကျင့်ကြံ ထားသောကြောင့် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်လေသည်။ သူ့တွင် ရှားပါးရတနာ များစွာလည်း ရှိသေးသည်။ ကျန်းစွန်းဝူကျိကမူ ခရမ်းရောင်နန်းတော်ရှင် ဆဋ္ဌမအဆင့် ဖြစ်သော်လည်း သူ့တွင် ဒုတိယအဆင့် အထွတ်အထိပ် ရေခဲနဂါးကြီး ရှိသည်။

ဤသခင်လေး၊ သခင်မလေးများ မမြင်ဖူးသော ရုတ်ရုတ်သဲသဲ အဖြစ်များ ရှိသေးသည်လော ... သာမန် ဖြစ်ရပ်များသည် သူတို့အား ရင်တောင် မခုန်စေပေ။ ရုတ်တရက်ကြီး လော့ကဲအရှင်၏သား၊ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ပါရမီရှင်သည် တတိယမင်းသား ရှားထျန်းနှင့် ကျန်းစွန်းဂိုဏ်း၏ ဆက်ခံသူ လောင်းလျာနှင့် တိုက်ခိုက်တော့ပေမည်။ ဤကဲ့သို့ ဖြစ်ရပ်ကြီးသည် သူတို့၏ သွေးများအား ပွက်ပွက်ဆူ စေလေသည်။ သံသဝင် နေကြသော လူများလည်း ရှိကြသေးသည်။ ကျန်းရီ၏ ကျင့်ကြံဆင့်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံး အဆင့်တွင်သာ ရှိသေးသည်။ သူသည် ထိုနှစ်ယောက်နှင့် အမှန်တကယ် တိုက်ခိုက်နိုင်စွမ်း ရှိပါသည်လော။

လူတိုင်း မျှော်လင့် ထားကြသလို ဖြစ်မလာခဲ့ပေ။

ကျန်းစွန်းဝူကျိသည်  ကျန်းရီ၏ စိန်ခေါ်မှုကို တုံ့ပြန်ခြင်း မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ အမြဲ ဒေါသကြီး၍ ပေါက်ကွဲတတ်သော ရှားထျန်းသည်လည်း တိတ်ဆိတ်နေခဲ့သည်။

သူတို့နှစ်ယောက်က ကျန်းရီနဲ့ မတိုက်ရဲဘူးလား။

ယင်းဂိုဏ်း၏ ပထမသခင်လေး ယင်းသောက်၊ ထိုက်ရှစ်ဂိုဏ်း၏ ပထမသခင်လေး ထိုက်ရှစ်ဝမ်ထျန်းနှင့် လုံဂိုဏ်း၏ ပထမသခင်လေး လုံရှောင်ထျန်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့် နေခဲ့ကြသည်။ သူတို့သုံးယောက်သည် အစက ကျန်းရီအား အထင်သေး နေကြသော်လည်း ယခုမူ ကျန်းရီအား လေးစားနေကြပြီ ဖြစ်လေသည်။

ပုဝါစ အောက်မှ ဆဋ္ဌမမင်းသမီး ရှားဖေးယွီ၏ မျက်လုံးလှလှလေး များသည် မလှမ်းမကမ်းမှ ကျန်းစွန်းဝူကျိအား ပျော်ရွှင်မှုကို ထိန်းချုပ်ထားဟန်ဖြင့် ကြည့်နေခဲ့သည်။ ကျန်းစွန်းဝူကျိသည် သူမကို မမြင်သည့်နှယ် ပြုမူ၍ ဆက်လက် တိတ်ဆိတ် နေခဲ့သည်။

“ကြောက်လို့လား”

ကျန်းရီသည် ဝိုင်တစ်ခွက်ကို မြှောက်၍ မော့ချလိုက်ပြီး နှာခေါင်းရှုံ့ လိုက်သည်။

“မင်းတို့ ကြောက်တယ် ဆိုရင်လည်း ငှက်တစ်အုပ်လို အော်မနေကြနဲ့ ... ထမင်းကောင်း တစ်နပ်က မင်းတို့ နှစ်ယောက်ကြောင့် ပျက်စီးသွားပြီ ... စိတ်ပျက်ဖို့ ကောင်းလိုက်တာ”

“မင်း  ... .”

ရှားထျန်းသည် ဒေါသတကြီး မတ်တတ် ရပ်လိုက်ပြီး ကျန်းရီအား လက်ညှိုး ထိုးလိုက်သော်လည်း မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ နောက်ဆုံးတွင် သူသည် လက်ကို ယမ်းကာ နှာမှုတ်လိုက်သည်။

“ဒီမင်းသားက အဆင့်အတန်း မြင့်တယ် ... ငါက မင်းလို တောသား အရိုင်းအစိုင်းနဲ့ ယှဉ်တိုက်မှာ မဟုတ်ဘူး ... ကြုံရာလူ တစ်ယောက် နှစ်ယောက်နဲ့တင် မင်းလိုအမှိုက်ကို ရှင်းပစ်ဖို့ လုံလောက်နေပြီ”

ကျန်းရီသည် ဒေါသထွက်ထွက်နှင့် ရယ်ချလိုက်ပြီး တည်ငြိမ်စွာ ပြန်တုံ့ပြန်လိုက်သည်။

“ငါ အရှက်မရှိတဲ့ လူတွေ အများကြီးကို မြင်ဖူးတယ် ... ဒါပေမဲ့ မင်းလောက် အရှက်မရှိတဲ့ သူကို မတွေ့ဖူးဘူး ... ဟုတ်သားပဲ ... မင်း တစ်ယောက်ယောက်ကို ရှာမလို့လား ... ငါ ကျန်းရီက ဒီနှစ်မှ ဆယ့်ခြောက်နှစ် ပြည့်တာ ... ငါမင်းကို ငါနဲ့ အသက်တူတဲ့ သူတွေ မရှာခိုင်းပါဘူး ... အသက်ဆယ့်ရှစ်နှစ် အောက်က လူအယောက် တစ်သောင်းသာ ရှာလိုက်စမ်းပါ ... ဒီသခင်လေးက တစ်သောင်းနဲ့ တစ်ယောက် တိုက်ပေးမယ်လေ ... ဒါဆိုရင်ရော”

မောက်မာလိုက်တာ ... ရူးသွပ်လိုက်တာ

နေရာတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် ရူးသွပ်ကြသူများကို မြင်ဖူးကြသော်လည်း ကျန်းရီလို လူမျိုးကို ယခုမှသာ မြင်ဖူးခြင်း ဖြစ်လေသည်။ တစ်ယောက်နဲ့ တစ်သောင်း ဟုတ်လား။

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် စိတ်ထဲမှ ကြိတ်၍ လက်မထောင် နေကြသည်။ ကျန်းရီသည် ယနေ့တော့ စိတ်လွတ်သွားပြီဟု သူတို့ ထင်ခဲ့သော်လည်း သူ့တွင် ဆင်ခြင်တုံ တရားတော့ ရှိနေသေးသည်။ တော်ဝင်မြို့တော်တွင် အသက်ဆယ့်ရှစ်နှစ်အောက် ခရမ်းရောင် နန်းတော်ရှင် အမြောက်အများ ရှိသော်လည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်မှ မရှိပေ။ ကျန်းရီ၏ ယုံကြည်ချက် ရှိနေမှုကို ကြည့်ရလျှင် ခရမ်းရောင် နန်းတော်ရှင် များသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။

“ကောင်းပြီ ... မင်းစောင့်နေလိုက်”

ရှားထျန်းသည် အခြေအနေအား သတိမမူမိဘဲ ပျော်ရွှင် သွားခဲ့သည်။ သူသည် တိုက်ခိုက်ရန်လူများ ပြင်ဆင်ရန် အလို့ငှါ ထရပ်လိုက်သည်။ အိမ်ရှေ့စံ ရှားဝူဟွေ့သည် ချက်ချင်း စားပွဲပေါ် လက်ဖြင့် ရိုက်ချလိုက်ပြီး ကြိမ်းမောင်း လိုက်သည်။

“ရှားထျန်း ... ပြန်ထိုင်”

ရှားထျန်းသည် ရှားဝူဟွေ့၏ ဒေါသထွက်နေသော အမူအရာကို မြင်လျှင် ချက်ချင်း ငြိမ်သက် သွားခဲ့သည်။ ကောင်းကင်ကြယ်တာရာ နယ်မြေတွင် သိုင်းပညာသည် အရေးပါလှပြီး အခမ်းအနား တစ်ခုခုတွင် သိုင်းပညာ ဖလှယ်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စသာ ဖြစ်လေသည်။ သို့သော် ရှားထျန်းသည် လူအယောက် တစ်သောင်းအား ရှာဖွေလျှင် အသက်ဆယ့်ရှစ်နှစ်အောက် သိုင်းသမား အများကြီး ရှာမတွေ့မည့် အချက်ကို ဖယ်လျှင်တောင် ရှာလိုက်ရုံနှင့် အတင်းအဖျင်းများ ရှိလာနိုင်လေသည်။

စိန်ခေါ်မှု တစ်ခုကို ကြောက်လို့ လူအယောက်တစ်သောင်း ရှာမယ် ... ဤသတင်းသာ ပျံ့နှံ့သွားပါလျှင် ရှန်ဝူနိုင်ငံတော် တော်ဝင်မိသားစု၏ ဂုဏ်သတင်းသည် လူအများ နှာခေါင်းရှုံ့စရာ ဖြစ်ပေတော့မည်။

အိမ်ရှေ့စံက တားဆီးလိုက်ရာ သခင်မလေးများ၏ မျက်လုံးများထဲမှ အလင်းရောင်များ မှိန်ဖျော့ သွားကြသည်။ ရှားဖေးယွီသည်လည်း ပျင်းရိလာခဲ့သည်။ သူမ၏ မျက်လုံးလှလှများ လှုပ်ရှား သွားခဲ့ပြီး ရုတ်တရက် ပြောလာခဲ့သည်။

“သခင်လေးကျန်းက ရဲရင့်တယ် ဆိုရင် ဘာလို့ ဒီခန်းမထဲက သခင်လေး တစ်ယောက်ယောက်နဲ့ မတိုက်တာလဲ ... ဘာလို့ ကျွန်မကို ဝိညာဉ်သားရဲ သင်တန်းကျောင်းက နံပါတ်တစ် ပါရမီရှင်ရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်ကို မပြတာလဲ”

ကျန်းရီ၏ ရင်ထဲမှ မီးတောက်တစ်ခု လောင်မြိုက် လာခဲ့သည်။ စုလောရွှယ်သည် သူ့ကို ရင်နာစေခဲ့ရာ သူသည် အပြင်ဘက်တွင် အေးအေးဆေးဆေး ဖြစ်နေသော်လည်း သူ့ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေခဲ့ပြီ ဖြစ်လေသည်။

အစက သူ့ရင်ထဲမှ မီးတောက်များကို ချိုးနှိမ်ထား ပါသော်လည်း ရှားထျန်းနှင့် ကျန်းစွန်းဝူကျိသည် သူ့ဒေါသများကို လောင်စာ ထည့်ခဲ့သည်။ ယခု သူသည် တစ်လောကလုံးအား ပဋိပက္ခ  ဖြစ်စေချင်နေသည့် ဆဋ္ဌမ မင်းသမီးအား ကြည့်လိုက်သော် သူ့ဒေါသများ တဟုန်းဟုန်း တောက်နေပြီ ဖြစ်လေသည်။ သူသည် လှောင်သံနှင့် ပြောလိုက်သည်။

“အရှင့်သမီးက ဘယ်လို ကစားချင်တာပါလဲ”

ရှားဖေးယွီသည် တတိယမင်းသားနှင့် ဆက်ဆံရေး မကောင်းသော်လည်း သူသည် သူမ၏ အစ်ကို ဖြစ်နေသေးသည်။ ယခု ကျန်းရီသည် သူမအား ဘယ်လို ကစားချင်လဲဟု မေးနေရာ သူမသည် ရှားထျန်း၏ ဂုဏ်သရေအား ပြန်ရစေချင်သည်သာ။ သူမ၏ မျက်လုံးများသည် ဟိုဟိုသည်သည် ကြည့်လိုက်ပြီး ပြုံးလာခဲ့သည်။

“သခင်လေးကျန်းက ကောင်းကင်ကိုတောင် ဖျက်ဆီး နိုင်လောက်မဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ သူရဲကောင်း တစ်ယောက်ပဲ ... ဘာလို့ သခင်လေး ဝူဟမ်ကို ရှင်နဲ့ မကစားခိုင်းတာလဲ ... အနိုင်ရတဲ့သူကို ဒီမင်းသမီးက ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာပါ”

“ဝူဟမ်”

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့၏ အမူအရာများ လေးနက် သွားကြသည်။ ထိုသခင်လေး ဝူဟမ်၏ မျိုးရိုးသည် ကျန်းစွန်းဖြစ်၍ ကျန်းစွန်းဝူကျိ၏ တစ်ဝမ်းကွဲအစ်ကို ဖြစ်သည်။ သူသည် ယခုနှစ်တွင် နှစ်ဆယ့်လေးနှစ် ပြည့်၍ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပထမအဆင့် ဖြစ်လေသည်။

“ဟီးဟီး”

ကျန်းစွန်းဝူကျိ၏ နောက်တွင် အနက်ရောင် ဝတ်စုံဝတ် သခင်လေး တစ်ယောက် ထိုင်နေခဲ့သည်။ သူသည် ပျော်ရွှင်စွာ ထရပ်လိုက်ပြီး ပြုံးလိုက်သည်။

“ဝူဟမ်က မင်းသမီးရဲ့ အမိန့်ကို နာခံပါ့မယ် ... သခင်လေးကျန်းက ကျွန်တော်နဲ့ နည်းနည်းလောက် ကစားမယ်ဆို ကျေနပ်ပါတယ် ... စိတ်မပူပါနဲ့ ... သွေးမထွက်စေရပါဘူး”

“သွေးစွန်းမယ် ဆိုရင်တောင် ကိစ္စမရှိဘူး”

ကျန်းရီသည် ထိုလူအား စိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“မင်းသမီးက မြင်ချင်တယ် ဆိုမှ ကျန်းရီက သူ့ကိုယ်သူ အရှက်စေမိတော့မှာပဲ ... ဒါပေမဲ့ ဆုကြေးကို နည်းနည်း တိုးလိုက်လို့ ရမလား … ပြိုင်ပွဲ အခြေအနေကိုလည်း နည်းနည်း ပြောင်းပေးလို့ ရပါတယ် ... ဒီခန်းမထဲက လူဖြစ်နေသရွေ့ ကျန်းစွန်းဂိုဏ်းက လူငါးယောက် ရွေးလို့ရပါတယ် ... ကျွန်တော် သူတို့အားလုံးနဲ့ တိုက်ခိုက်မယ် သူတို့သာ ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်၊ ဒါမှမဟုတ် သတ်နိုင်ရင် ကျွန်တော် ဘာဆင်ခြေမှ မပေးပါဘူး”

“ဝိုး”

လူတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် ကျန်းရီ ရူးသွားပြီလားဟု တွေးနေကြသည်။

စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့်နဲ့ တိုက်ခိုက်ရမှာ မလုံလောက်သေးလို့ လူငါးယောက်ကို စိန်ခေါ်ချင် သေးတာလား ယနေ့ အခမ်းအနားတွင် ကျန်းစွန်းဂိုဏ်းမှ သခင်လေး အမြောက်အများ ရှိနေကြလေသည်။ ကျန်းစွန်းဝူဟမ်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့် ဖြစ်၍ ခန်းမထဲတွင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရောက် နေသူများ ခြောက်ယောက်၊ ခုနှစ်ယောက်မကပေ။

“သခင်လေးကျန်းက တကယ့်ကို ရဲရင့်တာပဲ”

ဤတစ်ကြိမ်တွင် ရှားဖေးယွီ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ သူမသည် ကျန်းရီအား အမှန်တကယ် လေးစား သွားပေသည်။ ကျန်းရီသည် ကျန်းပိုင်လီ၏ သွေးများ ဆက်ခံထားရဟန် တူလေသည်။ သူမ၏ မျက်လုံးများတွင် နှစ်ခြိုက်မှုများ ပေါ်လွင်နေပြီး ခေါင်းညိတ်လိုက်သည်။

“သခင်လေးကျန်း နိုင်သွားမယ် ဆိုရင် ဘယ်လိုဆုများ လိုချင်လို့လဲ”

“ကျွန်တော့်မှာ ရတနာတွေ အများကြီးတယ် ... ခရမ်းရောင် ရွှေတွေလည်း အများကြီးပဲ ... ကျင့်စဉ်တချို့ကလည်း မကြာခင်ကမှ ထပ်သင်ယူ ထားသေးတယ် ... ကျွန်တော် ဘာတောင်းဆိုသင့်လဲ”

ကျန်းရီသည် တစ်ခုခုအား တွေးတောသည့်ဟန်နှင့် ရေရွတ်နေခဲ့သည်။ ခဏကြာသော် ကျန်းရီသည် မျက်လုံးများ တောက်ပသွားခဲ့ပြီး ရှားဖေးယွီအား ချစ်ရည်လွှမ်းသော မျက်လုံးများနှင့် စိုက်ကြည့် လိုက်သည်။

“ကျွန်တော်နိုင်ရင် ဘာလို့ မင်းသမီးကို ယင်းလုံအိမ်တော်မှာ တစ်ည အဖော်မပြုခိုင်းဘဲ နေရမှာလဲ”

“မောက်မာလိုက်တာ”

“ရဲတင်းလိုက်တာ”

“အရိုင်းအစိုင်းက အရိုင်းအစိုင်းပါပဲ”

သခင်လေး များစွာသည် ဒေါသတကြီး ထရပ်လိုက်ကာ အော်ဟစ် လာကြသည်။ ရှားဖေးယွီသည် မည်သည့် အဆင့်အတန်းတွင် ရှိသနည်း ... သူနဲ့ တစ်ည ကုန်ဆုံးဖို့ ... ဤသတင်းသာ ပျံ့နှံ့သွားပါလျှင် သူမ၏ ဂုဏ်သတင်း ပျက်စီး သွားပေလိမ့်မည်။ အနာဂတ်တွင် သူမ မည်သို့ လက်ထပ်တော့မည်နည်း။

“ဟမ်  ... .”

ခေါင်းငုံ့၍ ငြိမ်သက်စွာ ထိုင်နေခဲ့သော စုလောရွှယ်သည် တုန်လှုပ်သွားကာ ဖြူဖျော့ လာခဲ့သည်။ ကျန်းရီ၏ နှလုံးသားသည် သူမကြောင့် ကွဲကြေသွားခဲ့ပြီး ဤသို့မဖြစ်နိုင်သည့် ဆုံးဖြတ်ချက်ကို ချစေခဲ့ဟန် တူလေသည်။ သူမသည်လည်း မသက်မသာ ခံစားနေရပြီး ရင်ထဲတွင် သဝန်တိုစိတ်များ ပြည့်နှက်လာလေသည်။

“ကောင်းပြီ”

ယခုမှ နောက်ဆုတ်၍ မရတော့ရာ ရှားဖေးယွီသည် အံကြိတ်၍ ပြောလာခဲ့သည်။

“သခင်လေးကျန်းသာ သူတို့ ငါးယောက်လုံးကို နိုင်ခဲ့မယ် ဆိုရင် ရှင်က ရှန်ဝူနိုင်ငံတော်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့တောင် ပြောလို့ရမယ် ... ရှင်နဲ့ တစ်ည ကုန်ဆုံးဖို့ မပြောနဲ့ ... ကျွန်မ ရှင့်ကို လက်တောင် ထပ်နိုင်တယ်”

***

All Chapters