အာကေးဒီးယား
Vol. 45 Ch. 646
….
ထရီဆာသည် လွန်စွာ ပင်ပန်းနွမ်းနယ်လျက် ရှိနေခဲ့၏။
သူမသည် တစ်စက္ကန့်မျှပင် အနားယူခြင်း မရှိဘဲ ဤနေရာသို့ အလျင်စလို ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
သာမန်လမ်းကြောင်းအတိုင်း လာခဲ့မည်ဆိုပါလျှင် သူမအနေနှင့် ဤမျှ ပြန်းထန်စွာ ပင်ပမ်းနွမ်းနယ်မည် မဟုတ်သော်လည်း အချိန်သည် သူမဘက်တွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် သူမသည် ဟင်းလင်းပြင်အား တိုက်ရိုက်ခုန်ကူးခြင်းနည်းလမ်းမျိုးကို အသုံးပြုကာ ဝေးကွာသော ဗဟိုတိုက်ကြီးဆီသို့ ချက်ချင်းရောက်ရှိရန် ကျိုးစားခဲ့ရခြင်းဖြစ်လေသည်။
ဤကဲ့သို့ အကာအကွယ်လွှာမျာဖြင့် ကန့်သတ်ထားသည့် ဗဟိုနယ်မြေများသို့ ဟင်းလင်းပြင်မှတစ်ဆင့် ခရီးသွားခြင်းမျိုးသည် ငရဲ၏ အနက်ရှိုင်းဆုံးနေရာများသို့ တိုက်ရိုက် သွားရောက်ရခြင်းထက်ပင် သူမ၏ ခန္ဓာကိုယ်အား ပို၍ ထိခိုက်စေခဲ့၏။
ရှုပ်ပွနေသော ဆံပင်များ၊ စုတ်ပြဲနေသော ဝတ်ရုံရှည်နှင့် သိသိသာသာ တုန်ယင်နေသော အော်ရာအငွေ့အသက်တို့က သူမအား ထိုအရာကို သက်သေခံပေးလျက် ရှိနေသည့်ပုံပင်။
“အခုပဲ ပြန်ကြမယ်”
ထိုသို့ပြောလိုက်ပြီးနောက် ထရီဆာသည် အာရန်၏ ပခုံးအား အားယူ၍ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် အာရန်တစ်ယောက် ထပ်မံ၍ တိတ်ဆိတ်မနေနိုင်တော့ပေ။
“ကျွန်တော် ဒီမှာ ရောက်နေမှန်း ဒေါ်လေး ဘယ်လိုလုပ် သိတာလဲ”
အာရန်သည် ဗဟိုတိုက်ကြီး သို့ ခရီးထွက်နေစဉ်တွင် သူ့အား အာရုံမခံမိစေရန် အလွန်ဂရုတစိုက် ကြိုးစား၍ ပုန်းလျိုးကွယ်လျိုး လာခဲ့ခြင်းဖြစ်လေသည်။
ထို့ကြောင့် သူမည်သည့်နေရာကိုသွားသည်အား ခြေရာခံရန်မှာ မဖြစ်နိုင်သဖြင့် မည်သူကမျှ သူ၏ ပန်းတိုင် ကို ခန့်မှန်းနိုင်မိစရာ အကြောင်းမရှိပေ။
သူသည် အလင်းဘုရားကျောင်းအား စိတ်ဝင်စားမှုရှိကြောင်း ဖွင့်ပြောခဲ့ဖူးသည့် အတွက် သူမအနေနှင့် ထိုသို့ ခန့်မှန်းနိုင်ခဲ့ခြင်းလော....။
၎င်းသည် သူ စဉ်းစားနိုင်သောအရာများအနက် တစ်ခုတည်းသော ဖြစ်နိုင်ခြေလည်း ဖြစ်လေ၏။
“ဒါက အရေးမကြီးပါဘူး။ မင်းငါနဲ့ ခုပဲ ပြန်လိုက်ရမယ်ဆိုတာ သိထားရင်ပဲရပြီ” ထရီဆာ သည် မည်သည့် ရှင်းပြချက်ကိုမျှ ထပ်မံ၍ မပေးတော့ပေ။
အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်လာပြီးနောက် ထရီဆာသည် သူမ၏ အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ထပ်မံရှူသွင်းလိုက်ပြီးနောက် နောက်တစ်ခေါက် အလျင်စလိုဖြင့် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်တစ်ခုကို ထပ်မံဖွင့်လှစ်ရန် ကြိုးပမ်းလိုက်သည်။
“ခဏလေး ကျွန်တော်က ဟင်းလင်းပြင်ခရီးသွားလို့ အဆင်ပြေမှာမဟုတ်ဘူး....။ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေအရ ဟင်းလင်းပြင်ခရီးသွားဖို့ကို ကျွန်တော့် ခန္ဓာကိုယ်က ခွင့်ပြုမထားဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်တော် ဘယ်လိုတွေ ဖြစ်သွားခဲ့လဲ ဆိုတာ ဒေါ်လေးလဲ မြင်ခဲ့သားပဲ။ ဒီတစ်ခေါက်ဆိုရင် ပိုဆိုးသွားနိုင်တယ်”
အာရန် သည် သူမအား တားဆီးနိုင်ရန် ကြိုးပမ်းရင်း ဆင်ခြေတစ်ခုကို ပေးလိုက်နိုင်၏။
သူ၏ ဆင်ခြေ၌ မုသားတစ်ခုမျှ မပါသောကြောင့် ထရီဆာကိုယ်တိုင်သည်ပင် သူ၏ သေဆုံးခြင်းအား မလိုလားပါက အတင်းအကျပ် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
“မင်း.....”
ထရီဆာ သည် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်ရန် ဟန်ပြင်လိုက်ပြီးမှ ရုတ်တရက် လမ်းခုလတ်မှာပင် ရပ်တန့်လိုက်ရသည်။
သူမသည် အာရန်ကိုရှာတွေ့သည်နှင့် ဤနေရာမှ မြန်မြန် ပြန်ခေါ်သွားခဲ့ကာ ဤနေရာသို့ တစ်ကြိတ်တစ်ခါမှ ကိုယ်တိုင် ခြေမချခဲ့ဖူးသည့်ပမာ ဟန်ဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုမူ သူမမျှော်လင့်ထားသကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့် ပြန်နိုင်တော့မည့်ဟန် မရတော့ပေ။
၎င်းက သူမတို့နှစ်ဦးသည် ဤဗဟို နယ်မြေအတွင်း၌ ပိုမိုကြာရှည်စွာ ရှိနေရတော့မည်ဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလော...။
သူမသည် ဟင်းလင်းပြင်ခရီးသွားခြင်းထက် များစွာ ပိုမိုအချိန်ကုန်သော သာမန် ခရီးသွာ လမ်းကြောင်းကို ရွေးချယ်လိုက်ရခြင်းအား ပုံမှန်အနေနှင့်ဆို စိတ်ပူပန်မိလိမ့်မည်မဟုတ်သော်လည်း ယခုမူ သူမအား ခေါင်းကိုက်စေသော အချက်နှစ်ချက် ရှိနေခဲ့၏။
သူမတို့နှစ်ဦးသည်သာ ဤနယ်မြေအတွင်း၌ ရှိနေစဉ် အာရန် ၏ အခြားတစ်ဖက်သည် သာ ရုတ်တရက် အသက်ဝင်ထွက်ပေါ်လာခဲ့ပါက မည်သို့သော ကပ်ဘေးများ ဖြစ်သွားလိမ့်မည်နည်း။
သူမအား ပို၍ စိုးရိမ်စေသောအရာမှာ ထိုအာရန်၏ အခြားတစ်ဖက်သည် ယခု အာရန်အား ဤနေရာသို့ မလာရောက်စေရန် သူမအား ပြင်းပြင်းထန်ထန် သတိပေးထားခဲ့ခြင်းပင်။
သူသည် အလွန်ခွန်အားကြီးသူတစ်ဦးဖြစ်ပါလျက် မည်သည့်အရာက သူ့အား ဤမျှအထိ စိုးရိမ်ပူပန်စေခဲ့ရသနည်း။
သူကဲ့သို့ အင်အားကြီးမားသူပင်လျှင် မဖြေရှင်းနိုင်သော အန္တရာယ်မျိုးသည် ဤဗဟိုတိုက်ကြီး၌ အမှန်တကယ် ရှိနေပါ၏လော...။
“ကောင်းပြီလေ ဒီလိုဆိုတော့လည်း ဝေဟင်ခရီးကိုပဲ ရွေးလိုက်ရတာပေ့ါ”
အခြား ရွေးချယ်စရာ မရှိသောကြောင့် ထရီဆာ သည် ဝေဟင်ခရီးဖြင့်သာ ပြန်ရန် စီစဉ်လိုက်ရသည်။
“အမြန်ဆုံး လေသင်္ဘောတစ်စင်းကို ငှားရမယ်။ ဒါဆို ငါတို့ ရက်အနည်းငယ်အတွင်း ပြန်ရောက်နိုင်လိမ့်မယ်”
သူမသည် ဤနေရာသို့ အလျင်စလို ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အော်ရာကျောက်တုံးများကို ယူဆောင်လာရန်မူ မမေ့လျော့ခဲ့ပေ။
၎င်းကို ဗဟိုတိုက်ကြီး တွင်ပင် ငွေကြေးအဖြစ် အသုံးပြုနိုင်လေသည်။
သူမသည် ဗဟိုတိုက်ကြီး၌ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး မဟုတ်သော်လည်း နှင်းပျိုဖြူနန်းတော် ၏ သခင်မတစ်ဦးဖြစ်နေသည့်အားလျော်စွာ အမြန်ဆုံးသော လေသင်္ဘောတစ်စင်းကို ငှားရမ်းနိုင်လောက်အောင်အထိတော့ သေချာပေါက် တတ်နိုင်ပေသေး၏။
သူမသည် အာရန် ၏ လက်တစ်ဖက်အားဆွဲ၍ ထိုနေရာမှ ထွက်ခွာရန်ပြင်လိုက်သည်။ “ငါနဲ့အတူ ကုန်သည်အစည်းအရုံးဆီကို လိုက်ခဲ့”
“ဒေါ်လေးခင်ဗျာ ကျွန်တော်တို့ ဒီနေရာမှာပဲ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေလို့ မရဘူးလား” အာရန် က သူ့အား အတင်း ဆွဲခေါ်ရန်ကျိုးစားနေသော ထရီဆာအား မေးလိုက်၏။
“မရဘူး။ ဒီနေရာက မင်းအတွက် မလုံခြုံဘူး။ ငါတို့ ဒီကနေ မြန်မြန် ထွက်သွားနိုင်မှ တော်ကာကျမယ်။ တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါ့ရဲ့ နှင်းပျိုဖြူနန်းတော်တစ်ခုလုံးပါ မင်းနဲ့အတူ ဆွဲချခံရလိမ့်မယ်”
“ကျွန်တော်ဘာမှ ပြဿနာမရှာပါဘူးဗျာ။ ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်လို့ ပြောခဲ့ပြီးပြီလေ။ ခုက သူ့ကို တွေ့ဖို့ ဒီကို လာခဲ့တာပါ”
“သူငယ်ချင်း ရှိတော့ ဘာဖြစ်လဲ။ မင်းရဲ့ သူငယ်ချင်းက ခုလို ခွန်အားကြီးမားသူတွေ ပြည့်နှက်နေတဲ့ ဗဟိုတိုက်ကြီး မှာ မင်းကို ကာကွယ်ပေးနိုင်မှာမိုလို့လား။ ဒီမှာ အန္တရာယ်တွေက မင်းသိထားတာထက် အများကြီးပိုများလွန်းတယ်။ တစ်ခုခု မှားယွင်းသွားရင် ငါတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်”
“ဟွန်း။ ငါတောင် ဒီမှာ မင်းကို ကာကွယ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမနေတာ။ မင်းက မင်းရဲ့ သူငယ်ချင်းက လုပ်နိုင်တယ်လို့ ဆိုလိုချင်တာလား။ ကဲ ပြောစမ်းပါဦး။ မင်း သူငယ်ချင်းကဘယ်သူလဲ ဘယ်ကလဲ”
“သူက တကယ်ပဲ ကျွန်တော့်ကို ကာကွယ်ပေးနိုင်တဲ့ သူဆိုရင်ရော”
“မင်း လျှောက်သွားချင်တာနဲ့ပဲ ငါ့အပေါ် ထပ်ပြီး ကလိမ်ကျဖို့ ကြိုးစားနေတာလား။ ဒီတစ်ခါတော့ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးနော်။ ကဲဆိုစမ်းပါဦး တကယ်ပဲ မင်းကို ကာကွယ်နိုင်တဲ့အရည်အချင်းရှိတဲ့ သူငယ်ချင်းမျိုးရှိတယ်ဆိုရင် သူ့ကို သွားတွေ့ခွင့်ပြုမယ်။ ကဲ ပြောစမ်း င့ါအချိန်တွေ ထပ်မဖြုန်းနဲ့နော်”
ထရီဆာသည် အာရန်၏ စကားများကို ဆက်လက် နားထောင်ရန် စိတ်မပါတော့ပေ။ အာရန် သည် နှင်းပျိုဖြူနန်းတော် မှ ထွက်ပြေးရန်အတွက်ပင် လှည့်စားမှုအမျိုးမျိုးကို အသုံးပြုခဲ့ပြီး ဖြစ်သည်မဟုတ်ပါလား...။
သူသည် ထိုကဲ့သို့သော လုပ်ကြံဇာတ်လမ်းများကို ဖန်တီး၍ ဆေးပညာရှင် အကြီးအကဲအား လိမ်ညာခဲ့၏။
သူငယ်ချင်းနှင့်တွေ့ရန်ဆိုသည့် အကြောင်းပြချက်သည်လည်း သူ့အနေနှင့် ထွက်ပြေးနိုင်ရန်အတွက် အသုံးပြုခဲ့သော သာမန် ဆင်ခြေတစ်ခုသက်သက်သာ ဖြစ်မည်ဟု သူမအနေနှင့် သေချာပေါက် ယုံကြည်ထား၏။
‘သူက အဲဒီလို ဆင်ခြေဟောင်းကြီးတစ်ခုကို နှစ်ခါဆက်တိုက် အလုပ်ဖြစ်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ဒီတစ်ခါ မင်း ဘယ်လို မုသားမျိုးတွေနဲ့ ထပ်ပြီး ထုတ်သုံးလာဦးမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့’ ဟု သူမ တွေးလိုက်သည်။
“ကျွန်တော့် သူငယ်ချင်းက အာကေးဒီးယားကလန်ကပါ။ သူ့နာမည်က ဖရေး အာကေးဒီးယား”
“အာကေးဒီးယားကလန် ကဟုတ်လား....”
ထရီဆာသည် ထိုအမည်ကို ကြားလိုက်ရသည်နှင့် သူမ၏ ခြေထောက်များ ထိုနေရာမှာပင် အေးခဲသွားခဲ့၏။
“မင်းရဲ့ သူငယ်ချင်းက အာကေးဒီးယားကလန်ကလို့ ပြောနေတာလား” ဟု ထရီဆာ မှ မေးလိုက်သည်။ သူမ၏ လေသံသည် ယခင်နှင့်မတူတော့ပဲ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
နှင်းပျိုဖြူနန်းတော် သည် အထက်ဘုံ တွင် A- အဆင့် အင်အားစုတစ်ခု ဖြစ်ပြီး အလင်းဘုရားကျောင်း သည် S- အဆင့် အင်အားစုတစ်ခုဖြစ်လေသည်။
ထိုအချိန်တွင် အာကေးဒီးယားကလန်မှာမူ SSS-အဆင့်ထိရှိသော ကလန်ကြီးတစ်ခု ဖြစ်နေလေသည်။
၎င်းတို့တွင် နှစ်သန်းပေါင်းများစွာ ထင်ရှားကျော်ကြားခဲ့သော ခေတ်အဆက်ဆက် ဘိုးဘေးများ၏ ဒဏ္ဏာရီ ရာဇဝင်များပိုင်ဆိုင်ထားသည့် ထင်ရှားသော ရှေးဟောင်းကလန် အနည်းငယ်ထဲမှ တစ်ခု ဖြစ်လေ၏။
ဤ ကဲ့သို့သော ရှေ့ဟောင်း ကလန်ကြီးများ စတင်ပေါ်ပေါက်ခဲ့သည့် အချိန်မှာ အလွန်ကြာညောင်းလှပြီဖြစ်သဖြင့် မည်သူကမျှ မည်မျှသက်တမ်း ရှိနေမည် ဆိုသည်ကိုပင် အတိအကျ မသိနိုင်ကြတော့ပေ။
၎င်းကလန်ကြီးများနှင့် နှိုင်းယှဉ်လျှင် အလင်းဘုရားကျောင်း၏ နောက်ခံသမိုင်းသည်ပင် ပြောပလောက်သော သမိုင်းတစ်ခု မဟုတ်တော့ပေ။
ဤအထက်ကမ္ဘာရှိ ဗဟိုတိုက်ကြီး တွင် အာကေးဒီးယားကလန်သည် ကြီးစွာသော သြဇာအာဏာများကို ပိုင်ဆိုင်ထားလေသည်။
သူတို့သာ အမှန်တကယ် ဆန္ဒရှိပါက အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်ရုံဖြင့် အလင်းဘုရားကျောင်းသည်ပင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်တန့်ပေးခဲ့ရပေလိမ့်မည်။
ဤအချိန်၌ ထရီဆာသည် အာရန်အား သူ့ကို ကာကွယ်နိုင်စွမ်းရှိသူ သူငယ်ချင်းတစ်ဦး ရှိပါက တွေ့ဆုံခွင့်ပြုမည်ဟု ကတိပြုခဲ့မိခြင်းအတွက် မိမိကိုယ်ကိုယ် ကြိတ်၍ ကျိန်ဆဲမိလိုက်သည်။
သူမအနေနှင် အာရန်၏ သူငယ်ချင်းသည် ထိုကဲ့သို့ အာကေးဒီးယားကလန်မှ ဖြစ်ကြောင်း ကြိုတင် သိထားခဲ့ပါမူ ထိုကတိအား ပေးမိမည်မဟုတ်ပဲ သူ့အား ချက်ချင်း ပြန်ဆွဲခေါ်သွားခဲ့မိမည် ဖြစ်လေ၏။
#Catfoot