ထရီဆာ၏ လျှို့ဝှက်ချက် …
Vol. 45 Ch. 649
အာရန်၏ ရှေ့၌ စနစ်မျက်နှာပြင် တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
အာရန်သည် ၎င်းဆီမှ ရွေးချယ်စရာများအား ဖတ်ရှုရင်း တောင့်တင်းသွားခဲ့၏။
“မင်း တကယ်ပဲ ငါ့ကို ဒီမှာ အဆုံးသတ်စေချင်နေတာလား” ရွေးချယ်စရာ အားလုံးကို ဖတ်ပြီးသောအခါ အာရန်တစ်ယောက် တီးတိုး ရေရွတ်လိုက်မိသည်။
[ရွေးချယ်မှု တစ်: ထရီဆာ ၏ ခန္ဓာကိုယ်အတွင်း၌ ဖွက်ထားသော သော့ကို ရှာပါ။ သင့်ကိုယ်သင် လွတ်မြောက်အောင် ပြုလုပ်ပြီး ထွက်ပြေးပါ။
ဆုလာဘ်: အဆင့် +၁၀]
[ရွေးချယ်မှု နှစ်: ဘာမှမလုပ်ဘဲ သည်အတိုင်း ညတစ်ညကို ငြိမ်းချမ်းစွာ ကုန်ဆုံးပါ။
ဆုလာဘ်: လွတ်မြောက်ခြင်း အဆောင်]
[ရွေးချယ်မှု သုံး: ချည်နှောင်ထားသော ကြိုးများကို ခွန်အားသုံး ဖြတ်တောက်၍ ထွက်ပြေးပါ။
ဆုလာဘ်: အဆင့် +၅]
[ရွေးချယ်မှု လေး: နေမထွက်မီ ထရီဆာ ၏ လျှို့ဝှက်ချက်အား ဖော်ထုတ်ပါ။
ဆုလာဘ်: ဉာဏ်အလင်းပွင့် လက်ဖက်ရည် (သင်၏ စွမ်းရည်များထဲမှ တစ်ခုကို အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်သည်။)]
နံပါတ်တစ် ရွေးချယ်စရာသည် သူ့အား သော့ကို ရှာဖွေပြီး ထွက်ပြေးစေချင်နေခဲ့၏။ ၎င်းသည် ထွက်ပြေးရန် အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပုံရသော်လည်း သူ့အနေနှင့် အလွန်တရာ ဂရုစိုက်ရမည် ဖြစ်လေသည်။
သူသည် သော့ကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ဘဲ ထရီဆာ၏ အဝတ်အစားများအတွင်း၌ ရှာဖွေရမည်ဖြစ်၏။
သူမမနိုးခင် ထိုအရာကို လုပ်ဆောင်နိုင်ခဲ့လျှင်ပင် သူမ၏ တည်ရှိမှုအား ထည့်သွင်းစဉ်းစားမည်ဆိုပါက ၎င်းသည် လုံခြုံသော ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟု သူ့အနေနှင့် မယူဆနိုင်ခဲ့ပေ။
အခြား မည်သူသူများဆိုပါက သူ့အနေနှင့် ထိုရွေးချယ်မှုအား ရွေးချယ်နိုင်ကောင်း ရွေးချယ်နိုင်သော်လည်း ထရီဆာနှင့်မူ မဖြစ်နိုင်ချေ။
နံပါတ်နှစ် ရွေးချယ်စရာ သည် ဘာမျှ လုပ်ရန် မလိုအပ်သောကြောင့် အားလုံးထဲတွင် အလွယ်ကူဆုံး ဖြစ်ပုံရလေသည်။
သူသည် သည်အတိုင်း ငြိမ်းငြိမ်လေးဖြင့် နံနက်ခင်းရောက်သည်အထိ စောင့်ဆိုင်းနေရုံသာ ဖြစ်လေ၏။
သို့သော် ဤရွေးချယ်စရာ၌ သူ့အနေနှင့် သတိမပြုမိနိုင်သည့် ပုန်းကွယ်နေသော အန္တရာယ် တစ်ခုခု ရှိနေသည်ဟု ခံစားမိနေဆဲပင်။
အဘယ်ကြောင့်ထိုသို့ တွေးမိခဲ့သနည်းဆိုပါက ရရှိမည့် ဆုလာဘ်ကြောင့်ပင် ဖြစ်လေသည်။
စနစ်သည် သူ့အား လွတ်မြောက်ခြင်းအဆောင်အား ဆုချနေသည်ဆိုပါက ဤရွေးချယ်စရာသည် အမှန်တကယ် အန္တရာယ်အရှိဆုံး ဖြစ်နိုင်သည်ဟု ဆိုလိုနေပေ၏။
သူသာ ဘာမှမလုပ်ပဲ သည်အတိုင်းငြိမ်ငြိမ်လေးနေမည်ဆိုပါက ထရီဆာသည် သူ့အား တိုက်ခိုက်လာစရာအကြောင်းတော့မရှိပေ။
သို့ဆိုလျှင် အန္တရာယ်က ဘယ်က ရောက်လာနိုင်သနည်း။
ဤ မြို့ထဲ၌ အခြားတစ်စုံတစ်ရာများ ရှိနေသလား....။ သူ့ကိုယ်တိုင်ပင် မသေချာပေ။
သူ သိထားသည့် တစ်ခုတည်းသောအရာမှာ ဤရွေးချယ်မှု၏ ဆုလာဘ် ကြောင့် သည်အတိုင်း မနက်နေထွက်သည်ကို စောင့်ဆိုင်းနေခြင်းသည် သေခြင်းတရားအား ထိုင်စောင့်နေခြင်းနှင့် တူညီနေသည့်ပုံပင်။
ရွေးချယ်မှု သုံး မှာမူ သူ့အနေနှင့် သော့ကိုပင် ရှာဖွေရန် မလိုအပ်တော့ပေ။
အာရန်အနေနှင့် ထိုကြိုးများအား လွယ်ကူစွာ ဖြတ်တောက်နိုင်စွမ်းရှိသော်လည်း ထိုသို့ ပြုလုပ်လိုက်သည်နှင့် ထရီဆာသည် သေချာပေါက် နိုးလာလိမ့်မည် ဖြစ်၏။
ထိုအခါ သူ့အနေနှင့် ထရီဆာ၏ လက်တွင်းမှ အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား...။
ထိုကိစ္စသည် အပြောလွယ်သလောက် လက်တွေ့ လုပ်ဆောင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။
ပထမ ရွေးချယ်မှု သုံးခုသည် ကောင်းကျိုး၊ ဆိုးကျိုး များအပြင် ၎င်းတို့ ပါဝင်သော အချို့မြှုပ်ကွက်များကိုလည်း အာရန်အနေနှင့် အတော်အသင့်ခန့်မှန်းနိုင်ခဲ့ပြီးဖြစ်၏။
သူ့အနေနှင့် အမှန်တကယ် နားမလည်နိုင်သောအရာမှာ နောက်ဆုံး ရွေးချယ်မှုတစ်ခုပင် ဖြစ်လေသည်။
၎င်းက စနစ်မှ သူ့အား မည်သည့်အရာဆိုသည်ကို မဖော်ပြဘဲ ပဟေဠိတစ်ခုအား ကိုယ်တိုင် ဖြေရှင်းယူရန် တောင်းဆိုနေသည့်နှယ်ပင်။
ထို့ပြင် ရရှိမည့် ဆုလာဘ်ဆိုသည့်အရာကလည်း သူ့အားအလွန် ဆွဲဆောင်လျက်ရှိနေသည်။
၎င်းသည် ရရှိနိုင်သည့် ဆုလာဘ် အားလုံးထဲတွင် အကောင်းဆုံး ဟုလည်းပြော၍ ရလေသည်။
သို့သော်လည်း သူ့အနေနှင့် ထိုရွေးချယ်မှုအား နေမထွက်မီ ပြီးမြောက်ရမည်ဟူသော ကန့်သတ်ချက်ကြောင့် နောက်တစ်နေ့ နံနက်၌ အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်လာနိုင်သည်ဟူသော သူ၏ သံသယအား ပိုမို၍ပင် ခိုင်မာသွားစေခဲ့သည်။
ထို့နောက်အာရန်သည် အချိန်တအောင့်ခန့် အတွေးများကြားတွင် နစ်မြောသွားခဲ့ရသည်။
အာရန်သည် သူ့အနေနှင့် မည်သည့် ရွေးချယ်မှုကို ရွေးချယ်ရမည်ကိုပင် မသိတော့ပေ။
ရွေးချယ်စရာ နှစ် သည် သူ၏ အမြင်၌ အန္တရာယ်အရှိဆုံး ဖြစ်နေပြီး ရွေးချယ်စရာ သုံး သည်လည်း အဖမ်းမခံရဘဲ အောင်မြင်ရန် မဖြစ်နိုင်ပေ။
နောက်ဆုံးစစ်ထုတ်လိုက်သောအခါ သူ့အနေနှင့် ရွေးချယ်နိုင်မည့်အရာမှာ ရွေးချယ်စရာ တစ် နှင့် သူ လုံးဝ နားမလည်သေးသော ရွေးချယ်စရာ လေး တို့သာ ကျန်တော့၏။
“စနစ်နေရ မင်း ဒီတစ်ခါတော့ တကယ်ပဲ ငါ့ကို ဒုက္ခပေးချင်နေတာလား” ဟု အာရန်တစ်ယောက် စနစ်မျက်နှာပြင် ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူ့အနေနှင့် စနစ်ဆီမှ မည်သည့် ရွေးချယ်စရာကိုမျှ မရခဲ့ပါလျှင် ခုတင် အောက်၌ သိုလှောင်လက်စွပ်ကို ရှာဖွေရန် ပျက်ကွက်သွားပြီးနောက် နံနက်ခင်းနေထွက်လာမည့် အချိန်ကိုသာ သည်အတိုင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့မည် ဖြစ်လေသည်။
သို့သော် ဤ ရွေးချယ်စရာများက သူ့အား အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
ပြန်တွေးကြည့်မည်ဆိုပါကလည်း စနစ်ဆီမှ ထိုကဲ့သို့ ထူးဆန်းသည့် ရွေးချယ်စရာများကြောင့်သာ သူ့အနေနှင့် မထင်မှတ်ထားသည့် အောင်မြင်မှုအပါအဝင် ကိစ္စရပ်များကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည် မဟုတ်ပါလား...။
ပုံမှန်အတိုင်းဆိုပါက သူ့အနေနှင့် ဤအထက်ကမ္ဘာသို့ပင် ရောက်ရှိလာနိုင်စရာ အကြောင်းပင် မရှိပေ။
အာရန်သည် ဤ စနစ်အား အချိန်အတော်ကြာသည် အထိတိုင် ပိုင်ဆိုင်ထားနိုင်ခဲ့ပြီးဖြစ်သဖြင့် ၎င်းအား အတော်အသင့်တော့ နားလည်လာခဲ့ပေပြီ။
သူ့အတွက် အရေးမပါဆုံးဟု ထင်ရသော ရွေးချယ်စရာများကပင်လျှင် အလွန် အရေးပါသွားသည့် အခိုက်အတန့်များရှိခဲ့ဖူးပြီး တစ်ခါတစ်ရံ သေခြင်း၊ရှင်ခြင်းကြားရှိ မျဥ်းပြိုင်နှစ်ခုအတွင်းသို့ပင် ရောက်ရှိသည်အထိ တွေ့ကြုံခဲ့ဖူးပြီးလည်း ဖြစ်လေလည်။
“မင်း အနေနဲ့ နောက်ဆုံး ရွေးချယ်စရာ ကို ဒီလို မရေရာမသေချာ ပုံစံဖြစ်အောင် လုပ်ထားလိုက်တာက င့ါကို ရွေးလို့မဖြစ်ဘူးလို့ အထင်မှားအောင်လုပ်နေတယ်လို့ ခံစားရစေတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း တစ်ခုမှားသွားပြီ စနစ် ဆိုတဲ့ င့ါသူငယ်ချင်းလေးရေ...”
အာရန် သည် သူ၏ လက်ချောင်းများကို စနစ် မျက်နှာပြင် ဆီသို့ ရွှေ့သွားလိုက်သည်။ “ရွေးချယ်မှု လေး က အထူးခြားဆုံး ဖြစ်နေရင်တောင် ဆုလာဘ် က ငါ့အနေနဲ့ လုံးဝ လျစ်လျူရှုနိုင်တဲ့ အရာမျိုး ဟုတ်မနေခဲ့ဘူး။ ဒီတစ်ခါတော့ ငါ အနေနဲ့ တကယ်ပဲ စွန့်စားပြီး ပိုခက်ခဲတဲ့ ရွေးချယ်မှုကို ရွေးချယ်မှဖြစ်တော့မယ်”
အဆင့် ဆယ်ဆ အထိ ချက်ချင်းမြင့်တက်သွားခြင်းသည် အလွန်ကောင်းမွန်သော ဆုလာဘ်တစ်ခု ဖြစ်နေသည်မှာ မှန်သော်လည်း ဉာဏ်အလင်းပွင့် လက်ဖက်ရည် ဆိုသော ဆုလာဘ်သည် အာရန်၏ နှလုံးသားအတွင်းရှိ အနက်ရှိုင်းဆုံး လောဘတရားကိုပင် လောင်မြိုက်သွားစေနိုင်ခဲ့၏။
မည်မျှ လှပသော အမျိုးသမီးတစ်ဦးဖြစ်နေပါစေ သူ၏ စွမ်းရည် အဆင့်အား တိုးမြှင့် ပေးနိုင်သည့် ထိုကဲ့သို့ ပစ္စည်းတစ်ခု၏ ဆွဲဆောင်မှု နှင့်မူ မည်သို့မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။
ဆုလာဘ်တွင် မည်သည့် စွမ်းရည် အမျိုးအစားကိုသာ အဆင့်မြှင့်တင် နိုင်သည်ဟူသော ကန့်သတ်ချက်မျိုး ဖော်ပြထားခြင်းမရှိပေ။
အာရန်သည် သူပိုင်ဆိုင်ထားသော စွမ်းရည် များစွာထဲမှ သူ့အနေနှင့် ကြိမ်းသေ အဆင့်မြှင့်တင်လိုနေသော စွမ်းရည် တစ်ခု အတိအကျ ရှိနေခဲ့ပြီးဖြစ်၏။
ထာဝရ ပဲ့တင်သံ အစွမ်း သည် သူ့အတွက် အင်အားအကောင်းဆုံး စွမ်းရည်တစ်ခု ဖြစ်နေသည့်အပြင် ဆန့်ကျက်ဘက်အနေဖြင့် သူ့အတွက် ယုံကြည်စိတ်ချရမှု အနည်းဆုံးစွမ်းရည်တစ်ခုလည်း ဖြစ်နေလေသည်။
သို့သော် သူ့အနေနှင့် ထို စွမ်းရည်ကို ဉာဏ်အလင်းပွင့် လက်ဖက်ရည် ဖြင့် အဆင့်တိုးမြှင့်နိုင်မည် ဆိုပါက သူ့အနေနှင့် အသုံးပြုရ ပိုမိုအဆင်ပြေလာနိုင်မည်လား....။
အနည်းဆုံး သူ မျှော်လင့်ခဲ့သည်မှာလည်း ထိုမျှလောက်သာ ဖြစ်လေသည်။
သူသည် ဤ မရေရာသော ရွေးချယ်စရာ ကို ရွေးချယ်မိခဲ့ခြင်းအတွက် တစ်ချိန်တွင် နောင်တရရမည်လားဟု ယခုထိ မသေချာနေသေးသော်လည်း သူသည် ၎င်းကို ရွေးချယ်လိုက်မိပြီး ဖြစ်၏။
အာရန်သည် ထို ရွေးချယ်စရာ ကို ရွေးချယ်မိပြီးသည်နှင့် စနစ်မျက်နှာပြင် သည် ပြန်လည်ပိတ်သွားခဲ့သည်။
‘အခု ငါ အဲဒီ လျှို့ဝှက်ချက်လို့ ခေါ်တဲ့ အရာကို သူမဆီကနေ ဘယ်လို စပြီး ရှာဖွေရမလဲ။ စနစ်က သူမရဲ့ ဘယ် လျှို့ဝှက်ချက်ကို ဆိုလိုချင်နေတာလဲမသိဘူး။ ဘယ်လျှို့ဝှက်ချက် ဖြစ်ဖြစ်ရတာလား။ ဒါမှမဟုတ် တိကျတဲ့ လျှို့ဝှက်ချက်တစ်ခုခု ဖြစ်မှရမှာလား’
စနစ်မှသူ့အား ဖော်ထုတ်စေလိုသော လျှို့ဝှက်ချက်ဟု ခေါ်ဆိုသည့်အရာကို ရှာဖွေရန် အတွက် သူ၌ တစ်ညတာလုံး အချိန်ကျန်ရှိနေသေးသည်။
မိုးမလင်းမီ နောက်ထပ် ခြောက်နာရီကျော် အချိန်ကျန်ရှိနေသေးသော်လည်း ထိုအချိန် သည် သူ့အတွက် မလုံလောက်သေးသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
“သူမကို နှိုးပြီး တိုက်ရိုက်မေးလိုက်ရင် သူမ ပြောပြနိုင်မလား။ သေချာပေါက် ပြောပြမှာမဟုတ်ဘူး။ ဒါဆို ငါ သူမကို မနှိုးဘဲနဲ့ သူမရဲ့ လျှို့ဝှက်ချက် ကို ဘယ်လို ဖော်ထုတ်ရမှာလား” အာရန် သည် ထိုအရာအား အတွေးနယ်ချဲ့နေမိ၏။
“င့ါမှာ လူတွေရဲ့ စိတ်ဝိညာဥ် ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည် တစ်မျိုးတော့ ရှိတယ်။ ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် တစ်ယောက်အပေါ်မှာတော့ ထိရောက်မှု ရှိမယ်လို့ မထင်ဘူး။ ဒါဆို ဆိုလိုတာက... ခဏလေးနေပါဦး ဒါဆို ငါ အခု ဒုက္ခရောက်ပြီပေါ့။ မဟုတ်ဘူးလား...။”
အာရန်သည် သူ့အနေနှင့် ထရီဆာား မနိုးလာစေပဲ ထို လျှို့ဝှက်ချက် ကို ရှာဖွေရမည်ဖြစ်ပြီး ယခုအခြေအနေအရ သူစဥ့်စားမိသည့် လမ်းကြောင်း နှစ်ခုသာ ရှိလေသည်။
ပထမလမ်းကြောင်းမှာ တစ်စုံတစ်ရာ သိနိုင်မလားဟူသောမျှော်လင့်ချက်ဖြင့် သူမသိုလှောင်ထားသော ပစ္စည်းများအား စစ်ဆေးကြည့်ရန် ဖြစ်သည်။
သို့သော် ပြဿနာမှာ သူမ၏ ပစ္စည်းများသည် သူမ၏ သိုလှောင်လက်စွပ် အတွင်း၌ ရှိနေခြင်းပင်။
သူ့အနေနှင့် သူမ၏ ပစ္စည်းများကို စစ်ဆေးလိုပါက သူမ၏ သိုလှောင်လက်စွပ် ကို အရယူနိုင်မှ ရမည်ဖြစ်လေ၏။
ဒုတိယ ကျန်နေသည့် ရွေးချယ်စရာမှာ ထရီဆာ၏ သိစိတ်ပင်လယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ဖြစ်လေသည်။
ထိုသို့ လုပ်ဆောင်နိုင်မည့် ရတနာပစ္စည်း တစ်မျိုး သူ၌ ရှိနေ၏။
အတိတ်တွင် နစ်ခရိုမန်ဆာမျှော်စင်၏ ဘယ်လက်ရုံးအစောင့်အရှောက်အား ထိန်းချုပ်ရန်အတွက် သူ့အနေနှင့် ထိုနည်းလမ်းကို အသုံးပြုခဲ့ဖူးလေသည်။
တစ်ခုတည်းသော ပြဿနာမှာ ထရီဆာမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်နေခြင်းပင်။
အကယ်၍ သူသည်သာ သူမ၏ သိစိတ်ပင်လယ် အတွင်းသို့ ဝင်ရောက်ပြီးကာမှ အခြေအနေတစ်ခုခု မှားယွင်းသွားပါက သူ၏ စိတ်ဝိညာဥ်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
၎င်းသည် အန္တရာယ်အများဆုံး ရွေးချယ်မှုတစ်ခုလည်း ဖြစ်နေခဲ့ကာ အာရန်အနေနှင့် နောက်ဆုံး မဖြစ်မနေရွေးချယ်ရမည်ဆိုမှသာ ပြုလုပ်လိုသော အရာလည်း ဖြစ်လေသည်။
#Catfoot