← Chapters

ကျွန်တော် ဘာအမှားလုပ်မိလို့လဲ

Vol. 45 Ch. 651

ကျွန်တော် ဘာအမှားလုပ်မိလို့လဲ

Vol. 45 Ch. 651

….

ထိုစဥ် အာရန်သည် ထရီဆာ၏ ရင်ဘတ်အတွင်း ရောက်ရှိနေသော သူ၏ လက်တစ်ဖက်ကို ပြန်ရုပ်လိုက်သည်။

သူ၏လက်အတွင်း၌ တစ်စုံတစ်ခုကပ်ပါလာခဲ့၏။

“ကျွန်တော် ခုလိုလုပ်ရတဲ့ အကြောင်းရင်းက ဒါကြောင့်ပဲ”

“ဒါက...” ထရီဆာသည် အာရန်၏ လက်ထဲရှိ အရာအား ကြည့်မိလိုက်သောအခါ ပို၍ပင် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်အချို့ လင်းလက်သွားခဲ့၏။

သို့သော် အာရန် ၏ လက်ထဲ၌ ထရီဆာ၏ သိုလှောက်လက်စွပ် ရှိနေခဲ့ခြင်းတော့ မဟုတ်ပေ။

ယင်းအစား အထက်လောက၌သာ တွေ့ရနိုင်သော ထူးခြားသည့် အင်းဆက်ပိုးကောင် တစ်မျိုးကို ကိုင်ဆောင်ထားခြင်းဖြစ်လေသည်။

၎င်းသည် သူတို့ ခေတ္တတည်းခိုရာ ဤမြို့တော် အပါအဝင် အထက်လောက၌ အများအားဖြင့် မြင်တွေ့ရလေ့ရှိသော စွမ်းအင်စားသုံးသည့် အင်းဆက် ပိုးကောင်တစ်မျိုး ဖြစ်လေသည်။

၎င်းသည် လူတစ်ဦး၏ စွမ်းအင်အရင်းအမြစ်ကိုသာ စားသုံးနိုင်ခြင်းမျိုးဖြစ်ပြီး သေစေနိုင်သည်အထိ အန္တရာယ်ရှိသည့် အင်းဆက်မျိုးတော့ မဟုတ်ပေ။ တစ်ခုတည်းသော ပြဿနာမှာ ၎င်းအား သတိမထားမိပဲ ခန္ဓာကိုယ်ပေါ်တွင် ကာလတာရှည်စွာ ကပ်တွယ်ခံခဲ့ရမည်ဆိုပါက ၎င်းသည် လူတစ်ဦး၏ အဓိက စွမ်းအင်အရင်းအမြစ် အားလုံးကို စားသုံးနိုင်ပြီး ရက်အတော်ကြာသည်အထိ အားနည်း သွားစေနိုင်ခြင်းပင်။

“ကျွန်တော်တို့ လက်ရှိရောက်နေတာ ဗဟိုဒေသမှာပါ။ ဒေါ်လေး ပြောခဲ့သလိုပဲ အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ နေရာတစ်ခုပါ။ အဲဒီ အင်းဆက်မျိုးကို ဒေါ်လေးရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ဒီအတိုင်းဆက်ပြီ စုပ်ယူခွင့်ပေးမယ်ဆိုရင် နဂိုကတည်းက အားနည်းနေတဲ့ဒေါ်လေးအနေနဲ့ မနက်လောက်ဆို အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းရှိတဲ့ အာကေးဒီးယားကလန် ကို ‌ရောက်ဖို့ကလည်း အတော်လေးလိုသေးတယ်မလား..”

အပေါ်ယံအားဖြင့် ကြည့်မည်ဆိုပါက အာရန် သည် အချက်အလက် တစ်ခုတည်းအပေါ်တွင် ရိုးရိုးသားသား ထုတ်ဖော်ပြောဆိုနေသကဲ့သို့ ပင်ထင်မှတ်ရသည်အထိ သူ၏လေသံသည် အလွန် တည်ငြိမ်လွန်းနေခဲ့၏။

အတွင်းစိတ်၌လည်း အာရန်သည် အချိန်တိုအတွင်း ထိုကဲ့သို့သော အရာမျိုးကို လျှပ်တစ်ပြက် စဉ်းစားနိုင်ခဲ့ခြင်းအတွက် အနည်းငယ် သက်သာရာ ရသွားခဲ့ရသည်။

သိုလှောက်လက်စွပ်များသည် အခြား ဟင်းလင်းနေရာများ၌ ဝှက်ထား၍ မရပေ။ ထရီဆာကိုယ်တိုင်သည်ပင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။

သို့သော် အာရန်အတွက်မူ မတူညီပေ။

သူသည် ပစ္စည်းများကို သိမ်းဆည်းရန်အတွက် သိုလှောင်လက်စွပ်ကဲ့သို့ အရာများကိုပင် အားကိုးရန် မလိုအပ်ပေ။

သူ၌ ဤလောကရှိ ဥပဒေသများကိုပင် ကျော်လွန်ဖြစ်တည်နေသော ကိုယ်ပိုင် စနစ်သိုလှောင်ခန်းတစ်ခုရှိနေခဲ့သည် မဟုတ်ပါလား...။

၎င်းသည် သာမန်အသုံးအဆောင်ပစ္စည်းများကိုသာမက သက်ရှိသားရဲအချို့ကိုပင် ထားရှိနိုင်လေသည်။

အစောပိုင်း ထရီဆာဆီမှ သတ်ဖြတ်လိုသော အာရုံကို ရရှိလိုက်စဥ်က အာရန်တစ်ယောက် အရည်ပျော်လုနီးပါးပင် ထိတ်လန့်သွားခဲ့ရသည်။

အမှန်အဆိုင်းဆိုရလျှင် ထိုအချိန်၌ ပိုးကောင် တစ်ကောင်ကို ဖမ်းဆီးရန် ကြိုးစားနေသည်ဟူသော ဆင်ခြေတစ်ခုအား သူ့အနေနှင့် သတိလက်လွတ် ရုတ်တရက် ထုတ်ပြောလိုက်မိခြင်းသာဖြစ်လေ၏။

ထို ဆင်ခြေကြောင့်ပင် သူ့အား တစ်စုံတစ်ရာကို အမှတ်ရစေခဲ့သည်။

၎င်းဆင်ခြေအား ပိုမို လက်တွေ့ဆန် စေရန်အတွက် သူ၌ အဆင်သင့် ဖမ်းယူလာသော ထူးခြားသည့် ပိုးကောင် တစ်ကောင် အမှန်တကယ် ရှိနေကြောင်း သတိရသွားခဲ့သည်။

၎င်းသည် နှင်းပျိုဖြူနန်းတော် မှ ဤနေရာသို့ ထွက်ပြေးလာသော ခရီးတစ်ထောက်၌ မထင်မှတ်ပဲ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူသည် ပိုးကောင် ၏ အဆိပ်အချို့ကို ထုတ်ယူကာ နောင်တစ်ချိန်၌ ပိုမိုပြင်းထန်သော အဆိပ်တစ်မျိုးကို ဖန်တီးမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးထားခဲ့ခြင်းလည်းဖြစ်လေသည်။

သို့သော် ဤ ပိုးကောင်သည် ယခုလောက်ထိသူ့အတွက် အသုံးဝင်လာလိမ့်မည်ဟုတော့ အာရန်တစ်ယောက် အမှန်ပင် မမျှော်လင့်မိခဲ့ပေ။

အာရန်သည် ထိုပိုးကောင်အား မျက်လှည့်ပြစားသူများပမာ သိုလှောက်လက်စွပ်နှင့် အလျင်အမြန် လဲလှယ်လိုက်ပြီးနောက် ချက်ချင်း လက်ကိုအပြင်သို့ ပြန်ထုတ်ကာ ပြသခဲ့ခြင်းဖြစ်၏။

သူ၏ လုပ်ဆောင်ချက်များသည် အကျိုးအကြောင်းဆီလျှော်မှုရှိနေသည်ဟု ယူဆရသော်လည်း ၎င်းတွင် ပြဿနာ တစ်ခုတော့ ရှိနေဆဲပင်။

“အဲဒီလိုဆိုရင်တောင် မင်း ငါ့ကို နှိုးပြီးသတိပေးလိုက်ရုံပဲလေ။ ဘာလို့ ဒီလိုမဖွယ်မရာ အပြုအမူမျိုး လုပ်ဖို့အထိ လိုအပ်မှာလဲ”

အာရန် သည် ဤကိစ္စအတွက်လည်း ဆင်ခြေတစ်ခုကို စဉ်းစားထားနှင့်ပြီး ဖြစ်သည်။

ထို့နောက် သည် နစ်နာသူ တစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။ “ကျွန်တော်ဒီလို လုပ်မိခဲ့တာ တကယ်တော့ ဒေါ်လေးအတွက်ပါ”

“ဒေါ်လေးအနေနဲ့ ဒီလောက်ဝေးကွာတဲ့ ခရီးကို ဟင်းလင်းပြင်ခရီးသွားခဲ့ရတာ ဘယ်လောက်တောင် ပင်ပန်းနေမလဲ။ ဒီ အိပ်စက်ခြင်းက ဘယ်လောက်အထိ အရေးပါလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒ့ါကြောင့်မလိုအပ်ပဲ ဒေါ်လေးကို ကျွန်တော် မနှောက်ယှက်ချင်ခဲ့ဘူး။ ဒါကြောင့်ပဲ ဒီကိစ္စကို ကျွန်တော့် ဘာသာ ကိုင်တွယ်ဖို့ ဆုံးဖြတ်မိခဲ့တာ”

အာရန်သည် သနားစဖွယ် အမူအရာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ လက်ကို ပြန်ရုပ်လိုက်သည်။

“ဒါကို ဒေါ်လေးက ကျွန်တော့်ကို အပြစ်ပေးချင်နေတယ်ဆိုရင်လည်း ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်”

ထရီဆာသည် အာရန်အား သံသယဝင်သည့် အကြည့်ဖြင့် ထပ်မံကြည့်လိုက်မိသော်လည်း သူမကိုယ်တိုင်သည်ပင် သူ၏ စကားများအတွင်း၌ မည်သည့် ချို့ယွင်းချက်ကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။

သူသည် တကယ်ပဲ သူမအား နိုးသွားမည်ကို စိုးရိမ်သောကြောင့် ထိုကိစ္စအား သူ့နည်းသူ့ဟန်ဖြင့် ကိုင်တွယ်ရန် ကြိုးစားခဲ့ခြင်းလား.....။

တခြား ဘာစိတ်မှ အမှန်တကယ်မရှိခဲ့ဘူးတဲ့လား...။

ထိုသို့ဆိုပါက သူမ အနေနှင့် သူ့အား အထင်လွဲမှားမှု သက်သက်ဟုပင် သတ်မှတ်ရတော့မည်လော....။

သူမသည် အချိန်တစ်ခုထိ တိတ်ဆိတ် သွားခဲ့ပြီး ဘာဆက်ပြောရမှန်းပင် မသိတော့ပေ။

သူမသည်သာ သူ၏ ရည်ရွယ်ချက်အား အထင်လွဲ သွားခဲ့ခြင်းလား။

သူမသည် အာရန်အား ပထမဆုံးအကြိမ် နမ်းမိသလိုဖြစ်သွားခဲ့သည့်အချိန်မှစ၍ သူမ၏ စိတ်များ ရှုပ်ထွေးသွားခဲ့ရသည်ဟူသော အချက်ကိုမူ သူမအနေနှင့် ငြင်းပယ်နိုင်ခြင်း မရှိခဲ့ပေ။

သူမသည် ထိုစဥ်က ထိုအနမ်းမှတစ်ဆင့် ခံစားမိခဲ့သည့်အရာအချို့အတွက်ပင် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဖြစ်သွားခဲ့ရသေးသည်။

သူမ၏ စိတ်တွင်း၌ အာရန်နှင့်ပတ်သတ်၍ မရိုးသားသော ခံစားချက်အချို့ အမှန်တကယ်ပင် လျှိူ့ဝှက်စွာ ကိန်းအောင်းနေခဲ့သည်လား.....။

သူမသည် ထိုအကြောင်းကို ပို၍ စဉ်းစားမိလေလေ သူမ၏ စိတ်များ ပိုမို၍ နောက်ကျိလာရ လာလေ ဖြစ်၏။

ထိုအတွေးများကြောင့် လွှမ်းမိုး နေခဲ့ရသဖြင့် သူမသည် မျက်လုံးများကိုသာ ထပ်မံ၍ မှိတ်ထားလိုက်ရသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမအနေနှင့် အာရန်အား တစ်ခုခုအပြစ်ပေး၍လည်း မဖြစ်သေးပေ။

“ဒီတစ်ကြိမ်တော့ ငါ မင်းကို ခွင့်လွှတ်လိုက်မယ်။ မင်းလည်း ပြန်အိပ်တော့။ ဒါပေမဲ့ နောက်တစ်ကြိမ် ဒါမျိုးအလားတူ ကိစ္စတစ်ခုကြုံလာရင် ငါ့ကို မဖြစ်မနေ နှိုးရမယ်”

ထရီဆာသည် အာရန်အား ထပ်မံ၍ အပြစ်တင်ရန်မကျိုးစားတော့ဘဲ ပြန်အိပ်ရန် ပြင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမအနေနှင့် ပြန်လည် အိပ်ပျော်နိုင်ရန် အချိန်အတော်လေး ယူလိုက်ရလေသည်။

အာရန်သည် ထရီဆာတစ်ယောက် ကောင်းစွာ ပြန်လည်အိပ်ပျော်သွား သည့်အချိန်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံး သူမအမှန်တကယ် ပြန်လည်အိပ်ပျော်သွားမှသာ စိတ်သက်သာရာ ရသွားခဲ့ရ၏။

အာရန်သည် သူ့အား ကူညီပေးခဲ့သော ထိုပိုးကောင်လေးအား စိတ်ထဲမှ ကြိတ်၍ ကျေးဇူးတင်မိလိုက်သည်။

ထို့နောက် အာရန်သည် ထိုပိုးကောင်အား သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ပြန်ပို့ထားလိုက်ပြီးမှသာ သူ့အား ဤမျှအထိ ဒုက္ခပေးခဲ့သော သိုလှောက်လက်စွပ်ကို နောက်ဆုံးတွင် ထုတ်ယူကြည့်လိုက်၏။

‘မင်း ငါ့ကို ဒီလောက် အများကြီး ခိုင်းထားခဲ့တာ။ မင်းဟာ အဲ့ဒါနဲ့ ထိုက်တန်တဲ့အရာတစ်ခု ဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ်’

အာရန်သည် လက်ထဲရှိ သိုလှောက်လက်စွပ်ကလေးအား စစ်ဆေးကြည့်လိုက်ရာ ၎င်းသည် ကုန်သည်အစည်အရုံး မှ ရောင်းချသည့် အထက်လောက၌ တန်ဖိုးဖြင့် သိုလှောက်လက်စွပ် များထဲမှ တစ်ခုဖြစ်နေမှန်း သဘောပေါက်လိုက်သည်။

ဤကဲ့သို့သော သိုလှောက်လက်စွပ်များသည် ၎င်းတို့၏ ပိုင်ရှင်များနှင့် ဝိညာဥ်ချည်နှောင်ခြင်းမျိုး ရှိနေတတ်ကြပြီး ၎င်းတို့၏ ပိုင်ရှင်များ မှလွဲ၍ မည်သူမျှ ထို လက်စွပ်များ ကို ဖွင့်၍ မရနိုင်ပေ။

အကယ်၍ အတင်းအကျပ်ဖွင့်ရန် ကျိုးစားခဲ့ပါက အတွင်းရှိ အရာများအားလုံး ပျက်စီးသွားပေလိမ့်မည်။

သို့သော် အာရန်မှာမူ ထိုလက်စွပ်ကို ရယူရန် မကြိုးစားခင်ကပင် ဤပြဿနာအတွက် ဖြေရှင်းနည်းကို ကြိုတင်စဉ်းစားထားနှင့်ပြီး ဖြစ်၏။

အာရန်သည် အစောပိုင်း ထရီဆာ အိပ်ပျော်နေစဉ်၌ သူမ၏ သိစိတ်ပင်လယ်မှ အလွန်သေးငယ်သော စိတ်ဝိညာဥ်အပိုင်းအစလေး တစ်ခုကို ရယူထားခဲ့ပြီးဖြစ်၏။

ထိုသို့ပြုလုပ်ခြင်းသည် သူမ၏ သိစိတ်ပင်လယ်အတွင်းသို့ အမှန်တကယ် ဝင်ရောက်ကျူးကျော်ရခြင်းထက် များစွာ ပို၍ လွယ်ကူလေသည်။

ဤတစ်ကြိမ်တွင်မူ အရာအားလုံး ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့ကာ အာရန်အနေနှင့် နှင်းပျိုဖြူနန်းတော်သခင်မ ၏ သိုလှောက်လက်စွပ် ကို အလွယ်တကူ ဖွင့်နိုင်ခဲ့လေသည်။

ထိုသိုလှောက်လက်စွပ်ထဲတွင် အမျိုးမျိုးသော ရတနာပစ္စည်းများနှင့်အတူ အော်ရာကျောက်တုံးများဖြင့် ပြည့်နေခဲ့၏။

၎င်းသိုလှောင်လက်စွပ်သည် နှင်းပျိုဖြူနန်းတော်တစ်ခုလုံး ၏ ခရီးဆောင် ဘဏ္ဍာတိုက်ငယ် တစ်လုံးအလား ထင်မှတ်ရလေသည်။

ထိုမျှ များပြားသော ရတနာများအား မြင်တွေ့လိုက်ရသော်လည်း အာရန် သည် ဒုတိယအကြိမ်ပင် ပြန်မကြည့်ခဲ့ပေ။

သူသည် လျှို့ဝှက်ချက် တစ်မျိုးမျိုးကို ဖွက်ထားနိုင်မည့် အဓိကနေရာများသို့သာ ဦးစားပေး၍ ရှာဖွေနေခဲ့သည်။

“ဘာလို့ ဒီနေရာမှာ စာရွက်စာတမ်းတွေ အထပ်လိုက်ကြီး ရှိနေရတာလဲ”

ဤသို့ဖြင့် ရတနာများ ပြည့်နှက်နေသည့် သိုလှောက်လက်စွပ်အတွင်း၌ စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေသောနေရာတစ်ခုကို မကြာမီ မှာပင် အာရန်တစ်ယောက်ရှာတွေ့နိုင်ခဲ့လေသည်။

#Catfoot

All Chapters