ဘယ်လို မွန်းစတားတွေနဲ့ ပတ်သတ်မိပြီလဲ
Vol. 45 Ch. 654
.....
“နှစ်တစ်သောင်းကျော် သက်တမ်းရှိတဲ့ ကောင်းကင်အဆင့် ဆေးပင်တွေ၊ နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းတွေ အပြည့်ထည့်ထားတဲ့ သေတ္တာ နှစ်လုံးနဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်ဖို့ အနည်းငယ်ပဲလိုတော့တဲ့ ဗိသုကာ ပစ္စည်းတွေ အပြည့်ထည့်ထားတဲ့ သေတ္တာ တစ်ဆယ့်ခုနှစ်လုံး....”
ကုန်သည်အစည်းအရုံး၏ ဌာနခွဲအကြီးအကဲသည် သင်္ဘော ပေါ်သို့ တင်ဆောင်ထားသော ပစ္စည်းစာရင်းကို ဖတ်ပြလိုက်ရာ ဖော်ပြထားသော ပစ္စည်းတစ်ခုချင်းစီသည်ပင် သာမန်အင်မော်တယ် မိသားစုများ ၏ မျက်လုံးများ ကို လောဘအရောင်များ တောက်ပသွားစေရန် လုံလောက်လေသည်။
သို့သော် သင်္ဘောပေါ်တွင် ရပ်နေသော မိန်းကလေးငယ်မှာမူ မည်သည့် တုံ့ပြန်မှုမျှ မပြသခဲ့ပေ။
အဘိုးအိုသည် ထိုစာရင်း၏ အမှတ်စဥ် (၂၀) သို့ ရောက်ရှိပြီးမှသာ ရေရွတ်နေခြင်းအား ရပ်တန့်လိုက်ကာ သင်္ဘောပေါ်သို့ တင်ဆောင်ထားသော စုစုပေါင်း သေတ္တာ နှစ်ရာခန့် ကို စာရင်းသွင်းပေးလိုက်သည်။
“သခင်မလေးခင်ဗျာ ခုပစ္စည်းတွေကို စိတ်ကျေနပ်မှု ရှိပါသလား” ကုန်သည်အစည်းအရုံးမှ ဌာနခွဲအကြီးအကဲသည် သူ့ထက် အသက် များစွာ ငယ်ရွယ်သော မိန်းကလေးငယ်အပေါ် အလွန်ယဉ်ကျေးသော လေသံဖြင့် မေးလိုက်ခြင်းဖြစ်လေသည်။
“ဒါလောက်ဆို သူတို့အတွက် နှုတ်ဆက်လက်ဆောင်အဖြစ်တော့ လုံလောက်ပါလိမ့်မယ်”
မိန်းကလေးငယ်သည် သေတ္တာများ ကို ကိုယ်တိုင်ပင် စစ်ဆေးခြင်းမရှိခဲ့ပေ။ ဌာနခွဲအကြီးအကဲ ပြောသမျှကိုသာ သည်အတိုင်း ခေါင်းငြိမ့်လက်ခံလိုက်၏။
အဘယ်ကြောင့်ဆိုသော် အဘိုးအိုအနေဖြင့် သူမအား လိမ်ညာဝံ့ရန်အတွက်မှာ သူ့အနေနှင့် ဦးနှောက်မရှိသော ငတုံးတစ်ယောက်ဖြစ်နေမှသာ ဖြစ်ပေလိမ့်မည်။
သူမသည် ကုန်သည်အစည်းအရုံးဌာနချုပ်မှ ကိုယ်တိုင်လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့် သာမန်ဌာနခွဲ တစ်ခုအား ဖျက်ဆီးပစ်ရန် သူမအတွက် လွယ်ကူလွန်းလှသည်။
သူမအား လိမ်ညာခြင်းသည် ဌာနချုပ်အား လိမ်ညာခြင်းနှင့် အတူတူပင်ဖြစ်၏။
ဌာနခွဲအကြီးအကဲသည် ယခုထက် အဆတစ်ထောင် ပိုမို သတ္တိ ရှိနေခဲ့လျှင်ပင် ထိုမျှ မိုက်မဲသော အရာတစ်ခုကို လုပ်ဆောင်ဝံ့မည် မဟုတ်ပေ။
ထိုသခင်မလေးအား ဝန်ဆောင်မှုအချို့ပေးနိုင်ရန် သူသည် အစွမ်းကုန် ကြိုးပမ်းခဲ့ရသည်။
ထို့ပြင်ထိုသို့အနှောက်အယှက်ကင်းကင်း ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဌာနခွဲတစ်ခုလုံးကိုပင် တစ်ရက်လုံး ပိတ်ထားခဲ့ရလေသည်။
“ရှင် ပြောစရာ တစ်ခုခု ရှိရင်ခုချက်ချင်းပြောပါ” မိန်းကလေးငယ် သည် အဘိုးအို၏ ဝန်လေးမှု အရိပ်အယောင် ကို သတိပြုမိကာ မေးလိုက်သည်။
“သခင်မလေးခင်ဗျာ ကျုပ်အနေနဲ့တစ်ခုလောက် မေးချင်ပါတယ်... သူတို့ကို အနိုင်ရဖို့ အတွက် ကျုပ်တို့ ကုန်သည်အစည်းအရုံးအနေနဲ့ ဒီလောက်အထိတောင် တကယ်ပဲ ပြင်ဆင်ဖို့ လိုအပ်နေတာလား” အဘိုးအိုသည် ထိုမေးခွန်းအား သူ၏ ရှိစုမဲ့စု သတ္တိလေးများကို စုစည်းပြီး မေးလိုက်ရခြင်းဖြစ်၏။
၎င်းတို့သည် ကုန်သည်အစည်းအရုံးတစ်ခုသာ ဖြစ်ပြီး ရှေးဟောင်း မိသားစုကြီးများအား ယှဥ်ပြိုင်နိုင်ခြင်း မရှိသော်လည်း ၎င်းတို့သည် အင်အားကြီးမားသော အဖွဲ့အစည်း အားလုံးနီးပါးနှင့် ဆက်ဆံရေးကောင်းများ ရှိထားလေသည်။
ကုန်သည်အစည်းအရုံး၌ ဌာနခွဲများ အလွန် များပြားလွန်းပြီး ဌာနခွဲ တိုင်း၌ မရေမတွက်နိုင်သော ရတနာပစ္စည်းများကို ပိုင်ဆိုင်ထားကြသည်။
ဌာနချုပ်ခေါင်းဆောင်အား မဆိုထားနှင့်။
ဌာနချုပ်မှ ကုန်သည်အစည်းအရုံး ခေါင်းဆောင်၏ သမီးကိုပင် စေလွှတ်ခြင်းအား ကြည့်ခြင်းအားဖြင့် ကြီးမားသော လေးစားမှုတစ်ခုကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။
ကုန်သည်အစည်းအရုံး ခေါင်းဆောင်သည် သူ၏တစ်ဦးတည်းသောသမီးဖြစ်သူ နှင့်အတူ ရတနာပစ္စည်း များစွာကိုပါ ထည့်ပေးလိုက်သေး၏။
ထို့ပြင် သူမသည် လက်ဆောင် အရေအတွက်ကို တိုးမြှင့်နိုင်ရန် လမ်းခရီးတစ်လျှောက်ရှိ လမ်ဌာနခွဲများဆီမှ အခြား ပစ္စည်းများကိုပါ စုဆောင်းခဲ့ခြင်းဖြစ်လေသည်။
ကုန်သည်အစည်းအရုံးအနေဖြင့် အလွန်အကျွံ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဘိုးအိုတစ်ယောက် ခံစားနေခဲ့မိသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းများနှင့်ပင် မလုံလောက်သေးဘူးလား....။ နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုကိုပင် ရိုးရှင်းသော နှုတ်ဆက်လက်ဆောင်တစ်ခု အဖြစ် ထည့်သွင်းထားသည်တဲ့လား...။
ကုန်သည်အစည်းအရုံး၏ ဌာနချုပ်ကိုယ်တိုင်၌ပင် နတ်ဘုရားအဆင့် ပစ္စည်း အနည်းငယ်သာ ပိုင်ဆိုင်ထား၏။
ထိုကဲ့သို့ ရက်ရောစွာ ပေးအပ်ခြင်းသည် အဘိုးအို၏ မျက်လုံးများအတွင်း၌ သိသာထင်ရှားသော ဆုံးရှုံးမှု တစ်ရပ်ကဲ့သို့ပင် ခံစားနေရသည်။
အမြတ်အစွန်းအား အခြားအရာအားလုံးထက် အမြဲတစေ တန်ဖိုးထားလေ့ရှိသော ကုန်သည် တစ်ဦးအနေဖြင့် ဌာနချုပ် ၏ ထိုသို့သော လုပ်ဆောင်ချက်သည် သူ့အတွက် တကယ့်ကိုပင် အိမ်မက်ဆန်နေခဲ့၏။
“လိုအပ်လို့ပေါ့ရှင်။ ရှင်မသိသေးတာတွေ အများကြီးရှိတယ်”
မိန်းကလေးငယ်သည် ထိုမေးခွန်းအား ပြန်မဖြေခဲ့သော်လည်း သူမ၏ စကားအသွားအလာအရ အဘိုးအိုအား တစ်စုံတစ်ရာကို သတိပြုမိရန်တော့ လုံလောက်ခဲ့လေသည်။
“သခင်မလေးရဲ့ ဒီခရီးစဉ်ဟာ ကျုပ်တို့ ကုန်သည်အစည်းအရုံးအတွက် အကျိုးအမြန်များစွာ သယ်ဆောင်လာနိုင်ပါစေလို့ ကျုပ်တကယ်ပဲ ဆန္ဒပြုပါတယ်” ဌာနခွဲအကြီးအကဲသည် ထိုမိန်ကလေးငယ်အား လေးစားစွာ အရိုအသေပေးရင်း ပြောလိုက်၏။
သူသည် ထိုလေသင်္ဘောကြီး လေထဲသို့ မြောက်တက်သွားသည့်မြင်ကွင်းအား ကြည့်ရှုနေခဲ့သည်။
“နောက်ဆုံးတော့ နတ်ဆိုးမလေး ထွက်သွားခဲ့ပြီ။ အဲဒီကလေးမကို လက်ထပ်ရမယ့် ယောင်္ကျားကိုတော့ ငါ တကယ် သနားမိတယ်”
ထိုမိန်းကလေးငယ် ထွက်သွားပြီးနောက်မှသာ အဘိုးအိုသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်တော့သည်။
အဘိုးကြီးသည် သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို ပြန်ပွတ်လိုက်ပြီးနောက် အထက်ပုဂ္ဂိုလ်များကို ကျေနပ်အောင် ပြုမူစရာ မလိုတော့သောကြောင့် စိတ်အေးလက်အေး ပြန်ဖြစ်သွားခဲ့၏။
“ဒါပေမဲ့လည်း သူမက ကုန်သည်အစည်းအရုံး ခေါင်းဆောင် ရဲ့ တစ်ဦးတည်းသော သမီးပဲလေ။ သူမနဲ့ လက်ထပ်ခြင်းက အကျိုးကျေးဇူးလည်း အများကြီးရနိုင်တာပဲ။ ခေါင်းဆောင်က သူမအတွက် သင့်တော်တဲ့အမျိုးသားတစ်ယောက်ကို ရွေးချယ်ပေးနိုင်လိမ့်မယ်ဆိုတာ သေချာနေတာပဲလေ”
သူသည် မကြာမီ ဌာနခွဲ သို့ ပြန်ရောက်လာပြီး ထိုသခင်မလေးဆိုသူ၏ ရုတ်တရက် ရောက်လာမှုကြောင့် ရပ်နားထားခဲ့ရသော လုပ်ငန်းများကို ပြန်လည် စတင်ရန် လက်အောက်ငယ်သားများအား အသိပေးလိုက်သည်။
ကုန်သည်အစည်းအရုံး ဌာနခွဲ သည် မကြာမှီပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်၏။
.....
ဤသို့ဖြင့် နံနက်ခင်း နေရောင်ခြည်သည် ပထမဆုံးအနေဖြင့် မှိန်ဖျဖျလေး စတင်ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်မှာပင် အာရန်အစောပိုင်း နေထိုင်ခဲ့သော တည်းခိုဆောင်၏ ပြတင်းပေါက်သည် ရုတ်တရ်ပွင့်သွားခဲ့ကာ တစ်စုံတစ်ယောက်သည် အတွင်းဘက်သို့ ခုန်ဝင်လာခဲ့၏။
“သူ ဒီမှာ မရှိဘူးလား”
ထိုလူသည် အခန်းပတ်ပတ်လည်အား သေခြာစွာ စစ်ဆေးကြည့်ရှုခဲ့သော်လည်း သူ ရှာဖွေနေသူအား အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။
“ဒါပေမဲ့ နတ်ဝင်သည်ကြီးပြောခဲ့တာတော့ ဒီနေရာအတိအကျပါပဲ။ ငါ တစ်ညလုံး မနားပဲ ပြေးလာခဲ့ရတာ။ ဘာတွေများ မှားယွင်းသွားလို့လဲ”
ထိုစဥ်ရုတ်တရက် ကုတင်ပေါ်ရှိ အမျိုးသမီး၏ လက်တစ်ဖက်၌ ချည်နှောင်ထားသော ကြိုးစတစ်ဖက်ကို တွေ့လိုက်ရသည်။
ထိုကြိုး ၏ အခြားတစ်ဖက်သည် အလွတ်အတိုင်း ရှိနေခဲ့ကာ သူ့အား အနည်းငယ် သံသယဝင်သွားစေခဲ့သည်။
ထိုအရာက ဤနေရာ၌ သူမနှင့်အတူ အခြား တစ်စုံတစ်ယောက်မှ ထိုကြိုးဖြင့် ချည်နှောင်ခံရကာ အတူတကွ အိပ်စက်ခဲ့သည်ဟု ဆိုလိုရာရောက်သည် မဟုတ်ပါလား...။
“သူ ထွက်ပြေးသွားခဲ့တာလား။ သူ ငါ ရောက်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်း နိုင်ခဲ့လို့များလား။ ဒါတော့ မဖြစ်နိုင်ဘူး။ နတ်ဝင်သည်ကြီး က သူ့အစီအစဥ်မှာ တစ်စုံတစ်ယောက်ကို သတိပေးသလို ဖြစ်သွားမှာ စိုးရိမ်လို့ ကံကြမ္မာနှောင်ကြိုးတွေ ဖြတ်ပစ်ဖို့တောင် သူမရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်း တစ်ဝက်လောက်အထိ စတေးပစ်ခဲ့တာလေ။ ဒါဆို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ထိုလူစိမ်း၏ အမူအရာများသည် စက္ကန့်တိုင်း၌ ပိုမို၍ ပျက်ယွင်းလာပုံရပြီး အခန်းအတွင်း၌ ခေတ္တခန့် ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့၏။
“သူ အဝေးကြီး မရောက်လောက်သေးဘူး” ဟု တိုးတိုးလေးရေရွတ်လိုက်ပြီးနောက် ထိုလူစိမ်းသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်လိုက်ကာ ထိုနေရာတွင် ဘယ်တုံးကမှ ပေါ်မလာခဲ့ဘူးသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
ထိုလူစိမ်း ထွက်သွားသည့် ခဏ၌ ထရီဆာသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် လွန်စွာ တုန်ယင် နေခဲ့ကာ သူမ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်နေခဲ့၏။
ထို ကျူးကျော်သူ ဝင်ရောက်လာသည့် ခဏ၌ပင် သူမ နိုးနေခဲ့ပြီးဖြစ်သော်လည်း သူမ အနေနှင့် အသက်မသေချင်ပါက မျက်လုံးများကို ဆက်လက်မှိတ်ထားရမည်ဟု သူမ၏ ပင်ကိုယ်သိစိတ်က သတိပေးနေခဲ့သည်။
သူမသည် ဤကဲ့သို့သော အရာမျိုးကို ဘယ်တုံးကမျှ မမျှော်လင့်ထားခဲ့ပေ။
၎င်းက သူမ၏ အသက်အား အခြားတစ်စုံတစ်ယောက်၏ လက်ထဲ၌ ထိုးအပ်ထားရသကဲ့သို့ပင် ဖြစ်လေသည်။
သူမအနေနှင့် ဤကဲ့သို့ ခံစားခဲ့ရသော နောက်ဆုံးအခိုက်အတန့် မှာ အာရန် ၏ အခြားတစ်ဖက်မှ သူမအား အာရန်ကို ဗဟိုတိုက်ကြီးသို့ ဝင်ခွင့်မပြုရန် ခြိမ်းခြောက် သတိပေးခဲ့စဉ်က ဖြစ်လေသည်။
သူမသည် လှဲနေရာမှ ထထိုင်လိုက်ပြီးနောက် သူမ၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လျက်ရှိနေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ချွေးစေးများဖြင့် ရွှဲနစ်လျက်ရှိ၏။
သူမသည် ထိုသူစိမ်း၏ မျက်နှာကို မြင်ရရန်အတွက် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းလေး မသိမသာ ဖွင့်ကြည့်ရန်ပင် မဝံ့ရဲခဲ့ပေ။
အစောပိုင်း သူမ ကြားခဲ့ရသော အသံအချို့သည် ထိုလူ၏အသံမဟုတ်ပဲ သူမကိုယ်တိုင်၏ အသံသာ ဖြစ်နေခဲ့သည်။
၎င်းကဆိုလိုသည်မှာ ထူးဆန်းသည့် ဥပဒေသတစ်ရပ်ကြောင့် သူမ၏ ဦးနှောက်သည် တိုက်ရိုက်ထိမ်းချုပ်ခြင်း ခံလိုက်ရကာ ထိုလူ၏ အသံကိုပင် မမှတ်မိနိုင်စေရန်အတွက် ထိုသူ၏ အသံနေရာတွင် သူမ၏အသံအား အစားပြန်ကြားခဲ့ရခြင်း ဖြစ်ဟန်ရ၏။
ထိုအချိန်မှာပင် သူမ၏ နှာခေါင်းနှင့် နားများထံမှ သွေးအချို့ စီးကျလာခဲ့သည်။ သူမသည် ထိုအမည်မသိကျူးကျော်သူ ထွက်ခွာသွားခဲ့ရာ ပြတင်းပေါက်ဘက်သို့ ငေးစိုက်ကြည့်နေမိခဲ့သည်။
“ငါ ဘယ်လို မွန်းစတားတွေနဲ့များ ပတ်သတ်မိနေပြီလဲ....”
#Catfoot