← Chapters

အခြေအနေကို ပိုမဆိုးစေနဲ့

Vol. 1 Ch. 179

အခြေအနေကို ပိုမဆိုးစေနဲ့

Vol. 1 Ch. 179

တကယ်တမ်းတွင် ကျန်းရီသည်  စုလောရွှယ်အား အပြစ်မတင်သော်လည်း ယနေ့ သူမသည် သူ့အား ဆိုးဆိုးရွားရွား နာကျင်စေခဲ့သည်။ သူမ ဘာမှ မမှားခဲ့ပေ။ သူ့ကို ကူညီတာက မှားတာလား ... သူမ အသက်ကို ရင်းပြီး သူ့ကို ကယ်ခဲ့တာ သူမအပြစ်လား သူမသည် သူ့အနီး ရည်ရွယ်ချက်ရှိရှိ ချည်းကပ်ခဲ့ခြင်းလည်း မဟုတ်ပေ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေး မတင်မကျ အခြေအနေ ဖြစ်နေခြင်းနှင့် သူတို့၏ ခံစားချက်များ တိုးလာခြင်းသည် သူ့အပြစ်ရော၊ သူမအပြစ်ရော မဟုတ်ပေ။ ကောင်းကင်ဘုံက သူတို့အား မျက်လှည့်ပြနေခြင်း ဖြစ်ဟန်တူသည်။

ကျန်းရီ ယနေ့ ပေါက်ကွဲ သွားခြင်းသည် စုလောရွှယ်အပေါ် လက်စားချေနေခြင်း မဟုတ်ပါပေ။ သူသည် ကျန်းစွန်းဝူကျိနှင့် ရှားထျန်း လောင်စာထည့် ပေးခဲ့သော ရင်ထဲမှ မီးတောက်များကို တော်တော်လေး သည်းခံထားခဲ့ပြီး ဖြစ်သည်။ ကျန်းယွင်ဟိုင်လည်း သေလား၊ ရှင်လား မသိရရာ ထိုနှစ်ယောက်အား တုံ့ပြန်လိုက်ခြင်း ဖြစ်လေသည်။

ထိုနှစ်ယောက် သူ့အား ရန်စမလာလျှင် သူသည်းခံကောင်း သည်းခံနိုင်လိမ့်မည်။ သို့သော် သူတို့သည် သူ့အား တစ်ကြိမ်ပြီး တစ်ကြိမ် ရန်စနေကြသည်။ ရှားဖေးယွီသည်လည်း သူ့အား လူပုံအလယ်တွင် အထင်သေးဟန် ပြောဆိုနေလေရာ သူသည်းမခံချင်တော့ပေ။ ထိပ်တိုက် ရင်ဆိုင်၍ သူ၏ အစစ်အမှန် ပုံစံကို ထုတ်ပြရပေတော့မည်။

သူတိုက်ခိုက်တော့မည် ဆိုမှတော့ တစ်ယောက်နှင့် တိုက်တိုက်၊ ငါးယောက်နှင့် တိုက်တိုက် ဘာမှ ထူးခြားမသွားပေ။ ကျန်းစွန်းဂိုဏ်းမှ လူများကို သူပိုသတ်နိုင်လျှင် သူ့ရင်ထဲတွင် ပိုဖြေသာလာလိမ့်မည်။

ရှားဖေးယွီအား သူနှင့်အတူ ညကို ကုန်ဆုံးရန် တောင်းဆိုလိုက်ခြင်းမှာ သူသည် ထိုဆဋ္ဌမ မင်းသမီးကို သဘောမကျ သောကြောင့် ဖြစ်လေသည်။ သူမလို မိန်းကလေး တစ်ယောက် ဘာလုပ်နေသနည်း ယောက်ျားများ အကြားရှိ မကျေလည်မှုကို လောင်စာထည့် ပေးရန် ကြိုးစားနေသည်။ ထို့ပြင် ရှားထျန်းနှင့် ရှားဝူဟွေ့ကြောင့်လည်း ပါသေးသည်။ ကျန်းရီသည် တော်ဝင်မိသားစုရှိ လူများကို လုံးဝ အမြင်မကြည်တော့ပေ။

ငါးယောက် တစ်ယောက် တိုက်ပွဲ ... ငါးယောက်တွင်မှ တစ်ယောက်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့် ဖြစ်နေသေးသည်။ ကျန်းရီသည် သေချင်နေခြင်း မဟုတ်ပါလျှင် ကျန်းစွန်းဝူဟမ်ကို အလဲထိုးနိုင်ကြောင်း သေချာနေ၍သာ ဖြစ်ရပေမည်။

သူတို့ ထိပ်တိုက် တွေ့ကြပြီ ဖြစ်ရာ နောက်ဆုတ်စရာ အကြောင်း မရှိတော့ပေ။ ရှန်ဝူနိုင်ငံတော်ရှိ ဂိုဏ်းကြီးများမှ သခင်လေး၊ သခင်မလေးများ၏ အရေအတွက် တစ်ဝက်ခန့်သည် စားသောက်ပွဲအတွင်း ရောက်ရှိနေကြသည်။ ကျန်းစွန်းဂိုဏ်းသည် သူတို့ကိုယ်သူတို့ အရှက်ရအောင် မလုပ်နိုင်ပေ။

ကျန်းစွန်းဝူကျိသည် ကျန်းစွန်းဂိုဏ်းမှ သခင်လေးများ ထိုင်နေသော နောက်ကျောဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ညီ(၂)၊ ဖေးယု၊ လုံထန့်၊ ဟူရှောင်း၊ ရှန့်ထျန်း ... သခင်လေး ကျန်းက ကစားချင် နေမှတော့ မင်းတို့ သူနဲ့ သွားကစားကြလေ ... စိတ်ရှိသလို တိုက်လို့ရတယ် ... ဒါပေမဲ့ သူ့ကို မသတ်နဲ့ ... မဟုတ်ရင် သခင်လေးကျန်းရဲ့ မိသားစု မင်းတို့ကို လာရှာရင် ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး”

ကျန်းစွန်းဝူကျိ၏ စကားသည် သတ်ဖြတ်ခြင်း အရှိန်အဝါတို့နှင့် ပြည့်နေကြောင်း သူတို့ ကြားကြလေသည်။ သူသည် စကားကို လှည့်ပြောနေခြင်းသာ။ စိတ်ရှိသလို တိုက်နိုင်သည်ဟု ပြောခြင်းမှာ ကျန်းရီအား သတ်ရန် အခွင့်အရေးကို ရှာရမည် သွယ်ဝိုက် ပြောနေခြင်း ဖြစ်လေသည်။ အားလုံးရှေ့တွင် ကျန်းရီသည် တိုက်ခိုက်ရန် စတင် စိန်ခေါ်သူ ဖြစ်ပြီး ကျန်းစွန်းဝူကျိသည် သူ့လူများအား ကျန်းရီကို မသတ်ရန်တောင် ညွှန်ကြား နေလိုက်သေးသည်။ တစ်ခုခုသာ ဖြစ်သွားခဲ့လျှင် ကျန်းပိုင်လီ ဝင်ပါနိုင်တော့မည် မဟုတ်ပေ။

အိမ်ရှေ့စံ ရှားဝူဟွေ့သည် မျက်မှောင်ကြုတ် လိုက်သည်။ သူသည် အားလုံးကို စားသောက်ပွဲ အခမ်းအနား တက်ရန် ဖိတ်ကြားခဲ့သူ ဖြစ်လေရာ ကျန်းရီသာ တစ်ခုခု ဖြစ်သွားခဲ့ပါလျှင် သူသည်လည်း ဖိအားများနှင့် ရင်ဆိုင်ရမည်သာ။ သူသည် အသံကို နှိမ့်၍ မေးလိုက်သည်။

“သခင်လေးကျန်း ... တိုက်ခိုက်မှာ သေချာလား ... လက်နက်တွေမှာ မျက်လုံး မရှိဘူး။ ဝူဟွေ့ ပြောချင်တာက အခြေအနေ ပိုဆိုးမသွားတာ အကောင်းဆုံးပါ”

“ဟား ... ဟား ... ဟား”

ကျန်းရီသည် ခေါင်းမော့၍ ရယ်မောလိုက်သည်။ သူ့နှုတ်ခမ်းထောင့် များသည် လှောင်ပြောင်လိုဟန်နှင့် ကော့တက် နေကြလေသည်။ ဤကြောင်သူတော် တစ်စုသည် သူ့အား သေစေချင်နေကြပါသော်လည်း မရိုးမသား လောကွတ် စကားတို့ ပြောကာ စက်ဆုပ်ဖွယ် ကောင်းအောင် လုပ်နေကြသည်။

သူသည် မလှမ်းမကမ်းရှိ ရှားဝူဟွေ့ကို ကြည့်ကာ ပြောလိုက်သည်။

“အရှင့်သားရဲ့ လေ့ကျင့်ရေးအခန်းက ဘယ်နေရာမှာပါလဲ ... ဒီအခမ်းအနားကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမှာ စိုးရွံ့မိပါတယ် ... ပြီးတော့ ကျွန်တော်တို့ တိုက်နေကြတဲ့ အချိန်မှာ ကြည့်နေတဲ့သူတွေ မရှိရင် ပိုကောင်းပါတယ် ... မဟုတ်လို့ တစ်ခုခု လွဲချော်သွားရင် ကျွန်တော် တာဝန် မယူနိုင်ပါဘူး”

ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် ပွဲတစ်ခုကို စောင့်မကြည့်ရဟု ကြားလိုက်သောအခါ လူတိုင်း စိတ်ပျက် သွားကြသည်။ သို့သော် အဆိုပြု လာသူသည် ကျန်းရီဖြစ်နေရာ ဘယ်သူမှ မငြင်းဆန် ဝံ့ကြချေ။ အိမ်ရှေ့စံသည် ခေါင်းညိတ်ကာ ပြောကြားလိုက်သည်။

“လေ့ကျင့်ရေးအခန်းက ဒီကနေ ညာဘက်ခြမ်းမှာ ရှိတယ် ... မင်းတို့ အားလုံးကို ဝူဟွေ့ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ် ... အားလုံးပဲ အလွန်အကျွံ မလုပ်ကြပါနဲ့ ဒီမှာရှိတဲ့ လူတိုင်းက ရှန်ဝူနိုင်ငံတော်ရဲ့ လူငယ်တွေပဲ ... ထိခိုက်ဒဏ်ရာတွေ ရကုန်ကြရင် နိုင်ငံအတွက် ဆုံးရှုံးတာပါပဲ”

ရှားဝူဟွေ့သည် မတ်တတ် ရပ်ကာ ကျန်းရီနှင့် ကျန်းစွန်းဝူဟမ်တို့ လူစုကို အပြင်ဘက်သို့ ခေါ်သွားခဲ့သည်။ လူတိုင်းသည် ပြိုင်ပွဲကို မကြည့်ရှုနိုင် ကြသော်လည်း  လိုက်ပါ လာခဲ့ကြသည်။ ဤကဲ့သို့ ပွဲကြီးပွဲကောင်း ရှိနေချိန်တွင် နေရာတွင် ထိုင်၍ စောင့်နေရမည်မှာ ပျင်းစရာ ကောင်းလှသည်။

“အစ်ကိုကြီး ... မင်းလုပ်နိုင်မှာ သေချာလား”

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် ကျန်းရီ၏ ဘေးမှ လိုက်ခဲ့ကြသည်။ ချမ်ဝမ်ကွမ်သည် မျက်နှာပျက်ပျက်နှင့် မေးလာသောအခါ လူတိုင်း နားစွင့် နေကြသည်ကို ကျန်းရီ မြင်နေရသည်။ သူအသာ ရယ်ချလိုက်သည်။

“ငါသေသွားရင် ငါ့အလောင်းကို ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ပြန်ယူသွား နှစ်ပတ်လည်နေ့တိုင်း ငါ့အတွက် ငွေစက္ကူတွေ မီးရှို့ပေး”

ခန်းမထဲမှ လူအားလုံး ထွက်လာကြသော်လည်း စုလောရွှယ်သည် နေရာတွင်သာ မလှုပ်မယှက် ထိုင်နေခဲ့သည်။ ကျန်းရီ ခန်းမအပြင်သို့ ခြေလှမ်းတော့မည့် ဆဲဆဲတွင် သူမသည် ရုတ်တရက် ထရပ်ကာ အော်ခေါ်လာခဲ့သည်။

“ကျန်းရီ  ...”

ကျန်းရီသည် နေရာတွင် အေးခဲသွားခဲ့ပြီး ဖြည်းဖြည်းချင်း ပြန်လှည့်လာ၍ စုလောရွှယ်၏ မျက်လုံးများထဲ စိုက်ကြည့် လာခဲ့သည်။ သူသည် အားတင်း၍ ပြုံးလိုက်သည်။

“ဆရာမစု ... တစ်ခုခုများ ညွှန်ကြားမလို့လား”

ကျန်းရီသည် သူမအား 'ဆရာမစု' ဟု ခေါ်လိုက်သောအခါ စုလောရွှယ်၏ ကိုယ်သည် တုန်လှုပ် သွားခဲ့သည်။ သူမသည် နှုတ်ခမ်းကိုက်ကာ အားတင်း၍ ပြောလိုက်သည်။

“ဂရုစိုက်”

“ဟား ... ဟား”

ကျန်းရီသည် ရယ်မောလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ ထွက်ခွာ သွားခဲ့သည်။ သူ့နောက်ကျောသည် စုလောရွှယ်အား ချန်ရစ်ခဲ့လေသည်။

***

“သခင်လေးကျန်း၊ ကျန်းစွန်းဝူဟမ် နားထောင်ကြပါ ... ဒါက သိုင်းပညာ ဖလှယ်ပွဲလေး တစ်ခုပါပဲ ... အသက်ကို ရင်းနေဖို့ မလိုပါဘူး ... မဟုတ်ရင် ဒီမင်းသားက ခမည်းတော်ကို ရှင်းပြနိုင်မှာ မဟုတ်ဘူး ... တစ်ယောက်ယောက် လာပြီး လေ့ကျင့်ရေး အခန်းတံခါးကို ဖွင့်ပေးကြစမ်း”

ရှားဝူဟွေ့၏ အမိန့်အရ နန်းတော်၏ တံခါးကြီးသည် ဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။ ကျန်းစွန်းဝူဟမ်နှင့် လူစုသည် အရင်ဝင် သွားကြသည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်လိုက်ပြီး ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာအား ကြည့်လိုက်ပြီးမှ ဝင်သွားခဲ့သည်။ တံခါးကြီးသည် ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့ပြီး အခန်းသည် လင်းလက် လာခဲ့ပြီး အစီအရင်များ အသက်ဝင် လာခဲ့သည်။

“အစ်ကိုကြီး ... မင်းသေချာပေါက် နိုင်ရမယ်”

ချမ်ဝမ်ကွမ်သည် လေ့ကျင့်ရေး အခန်းကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ ကျန့်ဝူရွှမ်းသည် တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

“မိနစ်သုံးဆယ်အတွင်း ကျန်းရီ ပြန်ထွက်လာပြီး ကျန်းစွန်းဝူဟမ်နဲ့ ကျန်တဲ့သူတွေ သေသွားလိမ့်မယ်”

“အမ်”

ချမ်ဝမ်ကွမ်သည် အာမေဋိတ်သံ ထွက်သွားခဲ့ပြီး နားမလည်စွာ မေးလာခဲ့သည်။

“အစ်ကိုဝူရွှမ်း ... မင်းဘာလို့ ဒီလောက် သေချာနေရတာလဲ”

ကျန့်လင်းအာသည်လည်း ကျန့်ဝူရွှမ်းကို ကြည့်လိုက်သည်။ သူသည် တစ်ခဏ တိတ်ဆိတ်နေခဲ့ပြီး လေ့ကျင့်ရေး အခန်းကို ကြည့်ကာ တီးတိုး ရေရွတ် လိုက်သည်။

“အလိုလိုသိနေတာ ... စစ်နတ်ဘုရား မျိုးနွယ်ရဲ့ ဆက်ခံသူတွေက အန္တရာယ်ကို အလိုလို သိနိုင်တယ် ... အရင်ကတော့ ကျန်းရီဟာ ဒဏ္ဍာရီထဲက နဂါးတစ်ကောင် ဆိုတဲ့ ခံစားချက်ကို ငါရတယ် ... အခုတော့ သူက အန္တရာယ် မှန်သမျှကို ကျော်ဖြတ်နိုင်မဲ့ အစစ်အမှန် နဂါးတစ်ကောင် ဆိုတဲ့ ခံစားချက်ကို ပေးတယ်”

***

“ဘန်း”

တံခါးကြီး ပိတ်သွားခဲ့ပြီး ကျန်းရီသည် တံခါးမှ ဆယ်ပေခန့် အကွာတွင် ရပ်နေခဲ့သည်။ ကျန်းစွန်းဝူဟမ်တို့ ငါးယောက်သည် ကျန်းရီနှင့် ဆန့်ကျင်ဘက် အခြမ်းတွင် ရပ်နေခဲ့ပြီး ကျန်းရီအား ယပ်တောင်ပုံစံ ဝန်းရံထား ကြသည်။

အခန်းတံခါး ပိတ်သွားသည်နှင့် ကျန်းစွန်းဝူဟမ်တို့ ငါးယောက်ည လက်ထဲတွင် နတ်ဘုရား သတ်ဖြတ်ခြင်း လေးများ ပေါ်ထွက်လာခဲ့ပြီး အတွင်းအားများ ထုတ်ဖော်လိုက် ကြသည်။ သူတို့အားလုံးသည် ကျန်းရီအား ရက်စက်စွာ ပြုံး၍ ကြည့်နေကြသည်။

“မင်းတို့ ကျန်းစွန်းဂိုဏ်းက လူတွေက တော်တော်လေး ချီးကျူး ထိုက်တာပဲ ... သတ္တိရှိရင် ပစ်လိုက် ကြတော့လေ”

ကျန်းရီသည် သူတို့၏ လက်တွင်းမှ နတ်ဘုရား သတ်ဖြတ်ခြင်း လေးများကို မြင်လိုက်သောအခါ တုန်လှုပ်ခြင်း ကင်းစွာ ရပ်၍ လှောင်ပြောင် လိုက်သည်။ သူ့ကိုယ်တွင် အတွင်းအား တစ်စွန်း တစ်စမှ ရှိမနေသော်လည်း သူတို့လက်ထဲရှိ နတ်ဘုရား သတ်ဖြတ်ခြင်း လေးများကို ကြောက်နေဟန် မရပေ။

“မျိုးမစစ်ကောင် ... သေလိုက်တော့”

ကျန်းစွန်းဝူဟမ်သည် ကျန်လေးယောက်ကို မျက်စပစ်ပြလိုက်ကာ ကျန်းရီထံ ပြေးဝင် သွားခဲ့သည်။ သူတို့သည် နတ်ဘုရား သတ်ဖြတ်ခြင်း လေးများအား အလျင်စလို မသုံးဝံ့ကြပေ။ ဖြစ်နိုင်လျှင် ကျန်းရီအား ပုံမှန် နည်းလမ်းများနှင့် သတ်ဖြတ်ခြင်းကသာ အကောင်းဆုံး ဖြစ်လေသည်။

ကျန်းရီသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများဖြင့် အသတ်ခံလိုက်ရမှန်း တစ်ယောက်ယောက်သာ စုံစမ်းသိရှိ သွားပါလျှင် ကျန်းပိုင်လီသည် ငြိမ်နေမည် မဟုတ်ပေ။ ငါးယောက် တစ်ယောက် တိုက်ပွဲ ဖြစ်ပါလျက်နှင့် ရက်စက်သော လက်နက်များ သုံးသည်ဟု ဆိုကာ ကျန်းစွန်းဂိုဏ်း သည်လည်း လူတိုင်း၏ လှောင်ပြောင်စရာ ဖြစ်သွား ပေလိမ့်မည်။

“ဝှစ်”

ကျန်းစွန်းဝူဟမ်သည် သူ့အနီး ရောက်သည်နှင့် ဓားအိမ်အတွင်းမှ ငွေရောင်ဓားရှည်ကို ဆွဲထုတ် လိုက်သည်။ သူသည် ပေသုံးရာခန့် အမြင့်အထိ ခုန်လိုက်ပြီး ဓားကြီးဖြင့် ကျန်းရီအား ပိုင်းချလာခဲ့သည်။ အဝါရောင် ဓားအလင်းများ ကျန်းရီထံ ကျရောက်လာခဲ့သည်။

အခြား လေးယောက်သည် မတိုက်ခိုက် သေးသော်လည်း လျင်မြန်စွာ လှုပ်ရှား နေကြသည်။ သူတို့သည် ကျန်းရီ၏ ဆုံးဖြတ်ချက်များအား ဖိအားပေးရန် သူ့အား နတ်ဘုရား သတ်ဖြတ်ခြင်း မြားများဖြင့် ချိန်ရွယ်ထား ကြသည်။

***

All Chapters