← Chapters

မသနားတတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့

Vol. 1 Ch. 180

မသနားတတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့

Vol. 1 Ch. 180

“ဝှစ်”

ကျန်းစွန်းဝူဟမ် ခုန်လိုက်သည်နှင့် ကျန်းရီသည် အမြင်အာရုံကို အနက်ရောင် အတွင်းအားနှင့် တိုးမြှင့်လိုက်ပြီး တိုက်ခိုက်မည့် လမ်းကြောင်းများကို ခန့်မှန်းလိုက်သည်။ ကျန်းရီသည် ခြေကို လျှော၍ ဘေးဘက်သို့ တိမ်းရှောင် လိုက်သည်။

“ဗုန်း”

ကျန်းစွန်းဝူဟမ်၏ တိုက်ခိုက်မှုသည် တံခါးကြီးထက် ကျရောက် သွားခဲ့သည်။ လေ့ကျင့်ရေး အခန်းတစ်ခုလုံး လှုပ်ယမ်း သွားခဲ့သည်။

“အတွင်းအား ပေါက်ကွဲလက်ဝါး”

ကျန်းရီသည် အနက်ရောင် အတွင်းအားများကို ခြေထောက်ဆီ ဆက်တိုက်  ပို့ဆောင်ကာ ခြေလှမ်းများကို တစ်ချက်လေးမှ မရပ်နားခဲ့ပေ။ လေ့ကျင့်ရေး အခန်းသည် ကြီးမားလွန်း သော်လည်း ကျန်းရီအတွက် ဘယ်ဘက်ထောင့်ရှိ ကျန်းစွန်းဂိုဏ်းမှ သခင်လေးထံ ရောက်ရန် ခဏလေးသာ ကြာခဲ့သည်။ ကျန်းရီ၏ လက်ဝါးသည် အနက်ရောင် အလင်းများ တလက်လက် တောက်ပ နေသောကြောင့် ကျန်းစွန်းဂိုဏ်းမှ သခင်လေးသည် ချောက်ချားသွားကာ နတ်ဘုရား သတ်ဖြတ်ခြင်း မြားကို ပစ်လွှတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။

“မျိုးမစစ်ကောင် ... သေစမ်း”

ကျန်းစွန်းဂိုဏ်းမှ သခင်လေးသည် အံကြိတ်၍  နတ်ဘုရား သတ်ဖြတ်ခြင်း မြားကို ပြန်သိမ်းကာ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး အစိမ်းရောင် ဓားရှည် တစ်ချောင်းကို ထုတ်လိုက်သည်။ သူ့ကိုသည် အရိပ်သုံးခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ဓားရှည်သည် ကောင်းကင်ကိုးဆင့်မှ အစိမ်းရောင် လျှပ်စီးတန်း အလား ကျဆင်းလာခဲ့သည်။ ဓားကြီးသည် ကျန်းရီအား နှစ်ပိုင်းခွဲရန် တဖြည်းဖြည်း နီးကပ် လာလေသည်။ ကျန်းစွန်းဝူဟမ်နှင့် ကျန်လူများသည်လည်း ကျန်းရီထံ ပြေးလာကြလေပြီ။ သူသာ ကျန်းရီကို အချိန်ဆွဲ ထားနိုင်ပါလျှင် ကျန်းစွန်းဝူဟမ်သည် ထိုအကောင်အား အလွယ်တကူ ဓားဖြင့် ပိုင်းနိုင် ပေလိမ့်မည်။

“သောက်ရူး”

ကျန်းရီ သရော်လိုက်သည်။ ကျန်းရီ၏ လက်တစ်ဖက်မှ အနက်ရောင် အကြေးခွံဓားနှင့် ကျန်လက်မှ အနက်ရောင် အလင်းသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး နတ်ဘုရား သတ်ဖြတ်ခြင်း လေးနှစ်ခု ပေါ်ထွက်လာခဲ့သည်။ အနက်ရောင် နတ်ဘုရား သတ်ဖြတ်ခြင်း မြားနှစ်ချောင်း ပျံသန်းသွားခဲ့ပြီး ကျန်းစွန်းဂိုဏ်း၏ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် ထိုလူထံ ထိုးစိုက် သွားခဲ့လေသည်။ ထိုလူသည် နေရာတွင်ပင် လဲကျ သေဆုံးသွားခဲ့သည်။

“ရှန့်ထျန်း”

“အစ်ကို (၃) ”

ကျန့်စွန်းဝူဟမ်နှင့် အခြား သုံးယောက်သည် အလန့်တကြား အော်ဟစ် လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် ကျွတ်ထွက်တော့မည့် အလား ပြူးကျယ် နေကြလေသည်။ သူတို့သည် နတ်ဘုရား သတ်ဖြတ်ခြင်း လေးများကို မသုံးရ သေးသော်လည်း ကျန်းရီဟူသည့် ရွံစရာ အကောင်သည် တိတ်တဆိတ် သုံးသွားခဲ့သည် ... ထို့ပြင် သူသည် ကျန်းစွန်းရှန့်ထျန်းအား သတ်ဖြတ်ရန် တစ်ချက်လေးသာ လှုပ်ရှားခဲ့သည်။

“ဒီခွေးကောင်ကို သေတဲ့အထိ ပစ်သတ်ကြ”

ကျန်းစွန်းဝူဟမ် အော်ဟစ် လိုက်သည်နှင့် လူတိုင်းသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများကို ပစ်ခွင်းလိုက် ကြသည်။ ကျန်းစွန်းဝူဟမ်ကမူ နောက်တစ်ကြိမ် ဓားကို သုံးကာ ကျန်းရီအား ပိုင်းချလာခဲ့သည်။

“ဟီးဟီး ... နတ်ဘုရား သတ်ဖြတ်ခြင်း လေး၊မြားတွေလား ... ငါ့မှာလည်း အများကြီး ရှိတယ်လေ”

ကျန်းရီ၏ လက်ထဲမှ နတ်ဘုရား သတ်ဖြတ်ခြင်း လေးနှစ်လက် ကွယ်ပျောက် သွားခဲ့ပြီး နောက်နှစ်လက် ပေါ်ထွက် လာခဲ့သည်။ သူသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားနှစ်စင်းကို ပစ်လိုက်ပြီး ကြမ်းပြင်ပေါ် အသာလှိမ့် လိုက်သည်။ ကျန်းရီသည် လက်တစ်ဖက်နှင့် ကျန်းစွန်းရှန့်ထျန်း၏ အလောင်းကို ကောက်ကာ ရှေ့သို့ ပစ်ထုတ်လိုက်သည်။

“ရွှစ် ... ရွှစ်” “ဗုန်း”

မြားသုံးစင်းသည် ကျန်းစွန်းရှန့်ထျန်း၏ အလောင်းထက် ထိုးစိုက် သွားကြသည်။ ကျန်းစွန်းဝူဟမ်၏ ဓားချက်သည်လည်း အလောင်းထက် ကျဆင်းသွားကာ အလောင်းမှာ တစ်စစီ ဖြစ်သွားခဲ့လေသည်။

“အား”

သူ့တို့ ဂိုဏ်းတူညီနောင်၏ ရင်နာဖွယ် အခြေအနေအား မြင်လိုက်ရသောအခါ ကျန်းစွန်းဝူဟမ်နှင့် ကျန်သုံးယောက်သည် စိတ်လွတ်သွား ကြသည်။ ကျန်းရီ ပစ်လိုက်သော မြားနှစ်စင်းအား ရှောင်ရှားပြီးနောက် လေးယောက်သားသည် ကျန်းရီထံ ဒေါသတကြီး ပြေးလာ ကြလေသည်။ လေးအား ပြန်တင်နေရန် အချိန်မရှိရာ အားလုံးသည် လက်နက် အသီးသီးအား ဆွဲထုတ် လိုက်ကြသည်။ သူတို့သည် မည်သို့ တိုက်ခိုက်မည်ကို အာရုံမရတော့ဘဲ ကျန်းရီအား သတ်ဖြတ်ရန်သာ လောကြီး နေကြလေသည်။

“ဟုတ်ပြီ”

ထိုအရာသည် ကျန်းရီလိုချင်သော ရလဒ် ဖြစ်လေသည်။ သူတို့သာ စိတ်လွတ်မနေလျှင် သူတို့အားလုံးကို သူမည်သို့ သတ်မည်နည်း

“ဟိုင်းယား”

ကျန်းရီ၏ ခြေထောက်မှ အနက်ရောင် အလင်းများ လင်းလက်လာခဲ့ပြီး သူသည် နံရံထံ ပြေးသွားလိုက် လေသည်။ သူ့ခြေထောက် နှစ်ဖက်သည် နံရံကိုထောက်၍ ခုန်လိုက်ပြီး ကျန်းစွန်းဝူဟမ်ထံ ဦးတည်နေခဲ့သည်။

“သေစမ်း”

ကျန်းစွန်းဝူဟမ်သည် ဤတစ်ကြိမ်တွင် ဓားချက်ကို ထုတ်ဖော် မလာခဲ့ပေ။ သူ့ဓားသည် အလင်းရောင်များ တောက်ပလာခဲ့ပြီး အရိပ်များစွာ ဖြစ်တည်သွားကာ ကျန်းရီအား လွှမ်းခြုံ သွားခဲ့သည်။ ကျန်သုံးယောက်သည်လည်း သိုင်းကွက်အသီးသီး ဖော်ထုတ်လိုက်ကြကာ သုံးဖက်သုံးတန်မှ တိုက်ခိုက် လာခဲ့ကြသည်။

“ပွဲကောင်းပဲ”

ကျန်းရီသည် အသာ ပြုံးလိုက်သည်။ သူ့စကား ဆုံးသည်နှင့် သူ့ကိုယ်မှ ချောက်ချားဖွယ် မီးတောက်များ ထွက်ပေါ် လာခဲ့သည်။ မီးတောက်များ ထွက်ပေါ်လာသည်နှင့် လေ့ကျင့်ရေး အခန်းတစ်ခုလုံး ပူပြင်းလာခဲ့လေသည်။

“အား ... မြန်မြန်ပြေး”

ကျန်းစွန်းဝူဟမ် ထုတ်လွှတ်လိုက်သော ဓားအလင်းများ ကွယ်ပျောက် သွားခဲ့ပြီး သူ့မျက်နှာသည် ကမ္ဘာမြေ၏ မီးတောက်များ အပူဟပ်မှုကြောင့် သွေးကဲ့သို့ ရဲရဲနီ နေလေသည်။ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများ အတိုင်းသား ပေါ်လွင် နေလေသည်။ သူသည် ကျန်းရီနှင့် ပေနှစ်ဆယ်ခန့် ဝေးသေးသော်လည်း သူ့တစ်ကိုယ်လုံး ပေါက်ကွဲ သွားတော့မတတ် ခံစားနေရလေသည်။ သူသည် သေခြင်းတရား၏ အငွေ့အသက်များကိုပင် ရနေပေပြီ။

“ဝှစ်”

ကျန်သုံးယောက်သည် မှင်တက်နေရာမှ သတိဝင် လာကြသည်။ မီးတောက်များ ထွက်ပေါ်လာသည့် ခဏတွင် သူတို့သည် ချောက်ချားမှုကို ခံစားလိုက်ရသည်။ သို့သော် သူတို့ တွေဝေမနေရဲဘဲ ကျန်းစွန်းဝူဟမ် နောက်လိုက်၍ လေ့ကျင့်ရေးအခန်း တံခါးဆီ ပြေးကြလေသည်။

“မင်းတို့ အခု လွတ်အောင် ပြေးနိုင်မှာလား”

ကျန်းရီသည် အေးစက်စက် ရယ်မောလိုက်သည်။ သူ ကမ္ဘာမြေ၏ မီးတောက်များ ဖော်ထုတ်နေချိန်တွင် အတွင်းအားများအား စုစည်းပြီးခဲ့လေပြီ။ သူသည် ရှေ့သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီး မီးတောက်များအား ရှေ့သို့ လွင့်သွား စေလိုက်သည်။ ခဏတွင်းချင်း မီးတောက်များသည် ထိုလူစုအား ဝါးမျိုသွားခဲ့လေသည်။

ကမ္ဘာမြေ၏ မီးတောက်များ မည်မျှ ကြောက်စရာ ကောင်းသနည်း။

ကျန်းရီမသိပေ။ သို့သော် ဟွာယွင်တောင်တွင် ထိုမီးတောက်များသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် တတိယအဆင့် ဖြစ်သော ဟုန်လောင်ကိုပင် လောင်ကျွမ်း သွားစေခဲ့သည်။ ဤလူများလည်း အသက်မရှင်နိုင် လောက်သည်မှာ သေချာလေသည်။

“အား”

ကျန်းစွန်းဝူဟမ်နှင့် ကျန်သုံးယောက်သည် တစ်ချက်သာ အော်နိုင်ကြပြီး ပြာများ ဖြစ်သည်အထိ လောင်ကျွမ်း သွားကြလေသည်။ သူတို့၏ လက်နက်များပင် ပြာအဖြစ် ပြောင်းသွား ကြလေသည်။

ကျန်းရီသည် ရှေ့သို့ အမြန်ပြေး သွားလိုက်ပြီး လေထဲတွင် ကျန်ရစ်နေသော ကမ္ဘာမြေ၏ မီးတောက်များကို မီးဝိညာဉ်ပုလဲအတွင်း ပြန်လည်စုပ်ယူ လိုက်လေသည်။ ထို့နောက် ကျန်းစွန်းရှန့်ထျန်း၏ အလောင်းအား မီးတောက် အနည်းငယ်နှင့် လောင်ကျွမ်း စေလိုက်သေးသည်။ သူသည် ဘေးပတ်လည်ကို  သေချာကြည့်လိုက်ပြီး မည်သည့် ခြေရာလက်ရာမှ မကျန်ကြောင်း သေချာ စစ်ဆေးလိုက်ပြီး ကိုယ်ပေါ်မှ ပြာမှုန့်များကို ခါချလိုက်သည်။ ထို့နောက် တံခါးဆီ တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည်။

တံခါးထက်မှ ခလုတ်အား ဖိနှိပ်လိုက်သည်နှင့် အစီအရင်များ ပျောက်ကွယ်သွားပြီး တံခါးသည် ဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။ ဝင်ပေါက်တွင် ကျန်းရီပေါ်လာသော ခဏ၌ လူတိုင်း၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ချမ်ဝမ်ကွမ်တို့ လူစုသည်လည်း ဆွံ့အ နေကြလေသည်။

တံခါးက စောစောကလေးမှ ပိတ်သွားတာ မဟုတ်ဘူးလား ... အခုပဲ ပြန်ပွင့်လာပြီး ကျန်းရီ ထွက်လာတယ် ... ကျန်းစွန်းဝူဟမ်နဲ့ ကျန်တဲ့ သူတွေကို ကျန်းရီက စက္ကန့်ပိုင်းအတွင်း သတ်လိုက်တာလား။

အတွင်းမှ သက်ရှိတို့၏ တည်ရှိမှုကို မည်သူမှ မခံစားမိရာ လေ့ကျင့်ရေး အခန်း၏ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျန်းစွန်းဝူကျိနှင့် သူ့ဂိုဏ်းသားများ၏ မျက်နှာသည် နှင်းကဲ့သို့ ဖြူစုတ် နေလေပြီ။

“ကျွန်တော် တောင်းပန်ပါတယ်”

ကျန်းရီသည် အပြင်သို့ ထွက်လာခဲ့ပြီး ဝတ်ရုံကိုခါကာ ရှားဝူဟွေ့အား ကြည့်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“စောစောက အခြေအနေ တော်တော်လေး ဆိုးသွားခဲ့တယ် ... ဒါကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ အားလုံးကို သတ်လိုက်မိတယ် ... အရှင့်သားကို အခက်တွေ့စေမိပြီ”

စကားဆုံးသည်နှင့် ကျန်းရီသည် ရှားဝူဟွေ့၊ ကျန်းစွန်းဝူကျိ၊ ရှားထျန်းနှင့် ကျန်လူများကို ဥပက္ခာပြု၍ တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ထံ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

“ငါပင်ပန်းနေပြီ။ ပြန်ပြီးတော့ အနားယူချင်တယ် ... ရထားလုံး စီစဉ်ပေးဖို့ သခင်လေးချမ်ကို ဒုက္ခပေးရတော့မှာပဲ”

“ကောင်းပြီ”

ချမ်ဝမ်ကွမ်သည် စိတ်ထဲမှ လက်မထောင် နေလိုက်ပြီး ရှားဝူဟွေ့ကို လက်နှစ်ဖက် ဆုပ်၍ အရိုအသေ ပေးလိုက်သည်။

“အရှင့်သား ... ကျွန်တော်တို့ ပြန်ပါတော့မယ်”

ကျန့်ဝူရွှမ်းနှင့် ကျန်လူများသည်လည်း ပြန်ရန် နှုတ်ဆက်လိုက် ကြသည်။ လူအများစုသည် စားသောက်ပွဲအပေါ် စိတ်ဝင်စားမှုများ ကုန်ဆုံး သွားကြလေပြီ။ ယွင်ဖေးနှင့် ကျန်လူများ သည်လည်း အိမ်ရှေ့စံအား နှုတ်ဆက်လိုက် ကြလေသည်။

ကျန်းရီနှင့် ချမ်ဝမ်ကွမ်တို့ လူစုသည် ခြေလှမ်း အနည်းငယ် လှမ်းပြီး သွားသောအခါ ကျန်းရီသည် တစ်ခုခုအား သတိရ သွားခဲ့သည်။ သူသည် ရှားဖေးယွီအား လှည့်ကြည့်ကာ ပြုံးလိုက်သည်။

“မင်းသမီး ... မင်းသမီးရဲ့ ကတိကို ဖြည့်စည်းပေးဖို့ မထုပ်တော့ဘူးလား”

ရှားဖေးယွီသည် ရှားဝူဟွေ့နှင့် ရှားထျန်းတို့၏ မည်းနေသော မျက်နှာများကို ကြည့်ကာ အံကြိတ် လိုက်သည်။

“သခင်လေးကျန်း ... အရင်ပြန်နှင့်ပါ၊ ဒီမင်းသမီ နောက်မှ လိုက်လာပါ့မယ်”

“ဟားဟား”

ကျန်းရီသည် ရယ်ချလိုက်ပြီး စကားတစ်ခွန်း ပြောကာ ထွက်ခွာ သွားခဲ့သည်။

“အဲဒါက ဟာသတစ်ခုပါပဲ ... အရှင့်သမီးက အဲဒါကို အတည်ယူနေဖို့ မလိုပါဘူး။ ကျန်းရီက တောသား အရိုင်းအစိုင်း တစ်ယောက်ပါပဲ ... အရှင့်သမီးရဲ့ ဂုဏ်သတင်းကို စွန်းထင်းအောင် မလုပ်ဝံ့ပါဘူး ... နှုတ်ဆက်ပါတယ်”

ကျန်းရီ ထွက်ခွာသွားပြီ ဖြစ်သော်လည်း သူတို့နားထဲတွင် ရယ်သံများ ပဲ့တင်ထပ် နေဆဲသာ ဖြစ်လေသည်။ လူတိုင်းသည် မျက်နှာများ ဖြတ်ရိုက်ခံလိုက် ရသလို ခံစားလိုက်ရသည်။ အထူးသဖြင့် 'တောသား အရိုင်းအစိုင်း' ဟူသော စကားစုသည် ရှားထျန်းအား အထိနာ သွားစေလေသည်။ တောသား အရိုင်းအစိုင်း တစ်ယောက်သည် အထက်တန်း ဂိုဏ်းကြီးမှ သခင်လေးများကို သတ်ပစ်နိုင်သည် ဆိုလျှင် သူတို့က ဘာဖြစ် သွားမည်နည်း။

“ဟမ့်”

ရှားထျန်းသည် နှာမှုတ်လိုက်ပြီး အင်္ကျီလက်စကို ခါယမ်းကာ ထွက်ခွာ သွားခဲ့သည်။ ကျန်းစွန်းဝူကျိသည် ကျန်းရီ ထွက်သွားရာ ဘက်သို့ ခါးသီးစွာ စိုက်ကြည့်လိုက်ပြီး ကျန်းစွန်းဂိုဏ်းမှ ကျန်သခင်လေးများကို ခေါ်ဆောင်၍ ပြန်သွားခဲ့သည်။ အိမ်ရှေ့စံသည် တည်တည်ငြိမ်ငြိမ်နှင့် လက်ကို ယမ်းကာ ပြောလိုက်သည်။

“အားလုံးပဲ ပြန်နိုင်ပါပြီ”

လူတိုင်း ပြန်သွားကြလျှင် သူသည် စားသောက်ပွဲ အခမ်းအနား ကျင်းပသော နန်းဆောင်ဆီ ပြန်သွားလိုက်သည်။ သူနန်းဆောင်တွင်း မဝင်ရသေးခင်တွင် သူ့အစေခံသည် လာရောက်၍ လူတိုင်း လေ့ကျင့်ရေး အခန်းဆီ သွားကြချိန်တည်းက ဆရာမစုသည် ဘာမှမပြောဘဲ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း လျှောက်တင် လာလေသည်။

“ခွမ်း”

သူ့စိတ်ထဲမှ ဒေါသများကို မထိန်းချုပ် နိုင်တော့ရာ အိမ်ရှေ့စံသည် ကျောက်စိမ်းဖြင့် လုပ်ထားသော ဝိုင်ခွက်ကို ဆွဲယူ၍ ပေါက်ခွဲလိုက်သည်။ သူသည် ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

“မိန်းမပျက်မ ... သင်တန်းကျောင်းမှာတုန်းက မင်းနဲ့ အဲဒီ မျိုးမစစ်ကောင်ရဲ့ မရှင်းမလင်း ဆက်ဆံရေးကို ဒီမင်းသားက မသိဘူးများ ထင်နေလား ... ဟားဟား ... ကျန်းပိုင်လီ ... ခင်ဗျား သားက နောင်လည်း ဒီလိုမျိုး ဆက်လုပ်ပြီးတော့ စုလောရွှယ်နဲ့ ပတ်သက်နေဦးမယ် ဆိုရင် မသနားတတ်တဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့”

***

All Chapters