ရှင့်ခံစားချက်တွေကို လောရွှယ် တုံ့ပြန်ပါ့မယ်
Vol. 1 Ch. 181
“ကျွီ ... ကျွီ”
တော်ဝင်မြို့တော်၏ လမ်းမကြီး တစ်ခုတွင် ရထားလုံး အနည်းငယ်သည် ဖြည်းဖြည်းချင်း ရွေ့လျား နေခဲ့သည်။ ဆောင်းနှောင်း ကာလ၏ လေပြည်လေညင်းက တသုန်သုန် တိုက်ခတ် နေလေရာ လူများအား လန်းဆန်း အေးမြသော ခံစားချက်ကို ပေးလေသည်။
“ရပ်ဦး”
ရုတ်တရက် ရှေ့ရှိ ရထားလုံးဆီမှ အသံတစ်ခု ပေါ်ထွက် လာခဲ့သည်။ ရထားလုံး ရပ်တန့် သွားသောကြောင့် နောက်ရှိ ရထားလုံးအတွင်း ထိုင်နေသော ကျန့်ဝူရွှမ်းသည် သံသယရှိစွာ လိုက်ကာစကို မ၍ ကြည့်လိုက်သည်။ မကြာခင်မှာပင် စစ်တပ်သုံး မြင်းကို စီးနင်းထားသော အစောင့်တစ်ယောက် ရောက်ရှိလာကာ အသံကို နှိမ့်၍ ပြောလာခဲ့သည်။
“သခင်လေး ဝူရွှမ်း ... သခင်လေးရီက သောက်ချင် ပါတယ်တဲ့၊ ကျွန်တော်တို့ ခေါင်းဆောင်ငယ်က သခင်လေးဝူရွှမ်း လိုက်မလားလို့ မေးခိုင်းလိုက်ပါတယ်”
“သိပြီ”
ကျန့်ဝူရွှမ်း ခေါင်းညိတ်လိုက်သည်။ သူသည် ကျန့်လင်းအာကို အသိပေးကာ ရထားလုံးထက်မှ ခုန်ဆင်းသွား၍ ချမ်ဝမ်ကွမ်၏ ရထားလုံးထက် ခုန်တက် သွားလေသည်။
ရထားလုံးများ ဆက်လက် ရွေ့လျားသွားခဲ့ပြီး မကြာခင်တွင် လမ်းခွဲ သွားကြလေသည်။ နောက်ရှိ ရထားလုံးသည် ယင်းလုံ အိမ်တော်ဆီ ဆက်သွားခဲ့ပြီး ရှေ့ရှိ ရထားလုံးသည် တခြားဘက်သို့ မောင်းနှင် သွားခဲ့လေသည်။
ကျန့်ဝူရွှမ်း ရထားလုံးပေါ် ခုန်တက် လိုက်သောအခါ ကျန်းရီ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်ကို တွေ့လိုက်ရသည်။ ဘေးတွင် ထိုင်နေသော ချမ်ဝမ်ကွမ် သည်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူသည်လည်း ကျန်းရီကို ကြည့်၍ ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။
တစ်နာရီခန့် ကြာသော် ရထားလုံးသည် ခမ်းနားလှသော စားသောက်ဆိုင် တစ်ခုရှေ့တွင် ရပ်တန့် သွားခဲ့လေသည်။ ကျန်းရီသည် အရင်ဆုံးထကာ စားသောက်ဆိုင်တွင်းသို့ ဝင်သွားခဲ့လေသည်။ ဉာဉ့်နက်နေပြီ ဖြစ်သော်လည်း စားသောက်ဆိုင်ထဲတွင် လူအများကြီး ရှိနေသေးသည်။ ကျန်းရီသည် တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး လှေကားဆီ လျှောက်သွားလိုက်သည်။ သူသည် ဒုတိယထပ်သို့ တက်သွားလိုက်လေသည်။
ဒုတိယထပ်တွင်လည်း လူများစွာ ရှိနေသေးသည်။ သခင်လေးများနှင့် လှလှပပ ဝတ်ဆင်ထားသော မိန်းကလေးတစ်စု ထိုင်နေကြသော စားပွဲတစ်ခုလည်း ရှိသေးသည်။ သူတို့သည် သောက်စားပျော်ပါး နေကြလေသည်။
အစတည်းက စိတ်အခြေအနေ မကောင်းသော ကျန်းရီသည် တစ်ချက် တစ်ချက် ထရယ်နေကြသော ဧည့်သည်များနှင့် စားပွဲကို မြင်ရသောအခါ ပိုဆိုးလာခဲ့သည်။ မိန်းမပျိုလေး များသည် တစ်ခစ်ခစ် ရယ်ကာ စားပွဲတစ်ဖက်မှ တစ်ဖက် မြှူဆွယ်သော အကြည့်များ ပို့လွှတ်နေကြလေသည်။ ကျန်းရီ အေးစက်စွာ ပြောလိုက်သည်။
“ဒီဒုတိယထပ် တစ်ခုလုံးကို ငါငှါးမယ် ... အားလုံးရဲ့ ဝိုင်တွေအတွက် ငါပေးမယ် ... ဒါကြောင့် ထွက်သွား ပေးကြပါ”
“အမ်”
ဒုတိယထပ်ကြီး တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။ ဆူညံနေသော စားပွဲရှိ သခင်လေးသည် ကျန်းရီအား ဒေါသတကြီး ကြည့်လာခဲ့သည်။ လူများသည် စားပွဲကို ရိုက်ကာ ထရပ်၍ ဆဲရေး ကြတော့သည်။ တော်ဝင်မြို့တော်၏ ဈေးအကြီးဆုံး စားသောက်ဆိုင် ဖြစ်သော ကျောင်းယင် စားသောက်ဆိုင်တွင် သောက်စားနိုင်ကြသော သခင်လေးများသည် ပိုက်ဆံ မတတ်နိုင်ခြင်း ရှိပါမည်လော သူတို့သည် ချမ်းသာရုံ သာမက ဂုဏ်သတင်း ကျော်ကြားကြ သူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းရီ၏ အထက်စီးဆန်လှသော သဘောထားကို တွေ့မြင်လိုက် ကြသောအခါ သူတို့ မပျော်မရွှင် ဖြစ်သွားကြ လေသည်။
“ထွက်သွားစမ်း”
အောက်ထပ်မှ အေးစက်လှသော အော်သံတစ်ခု ထွက်ပေါ်လာကာ ကျိန်ဆဲနေကြသော လူများအား ရပ်တန့် သွားစေလေသည်။ ချမ်ဝမ်ကွမ်၏ လေးလံလှသော ကိုယ်ကြီးသည် လှေကားမှ တက်လာကာ အေးစက်စက် မျက်လုံးများနှင့် ဝေ့ကြည့်လိုက်ပြီး မာန်ပါလှသော လေသံနှင့် စကားဆို လာခဲ့သည်။
“မင်းတို့က ထိပ်တိုက် တွေ့ချင်ကြတာလား”
“ဟမ် ...”
စိတ်တိုနေသော သခင်လေးများ ချက်ချင်း ပါးစပ်ပိတ် သွားကြလေသည်။ သူတို့သည် နောက်တွင် ပါလာသော ကျန့်ဝူရွှမ်းအား မြင်လိုက်သောအခါ ပိုလို့ပင် စိတ်ဓာတ်ကျ သွားကြသည်။ ဆဲရေး နေကြသော သခင်လေးများသည် ချက်ချင်းပင် ဖော်ရွေလှသော အပြုံးများ ပေးလာကြသည်။ သူတို့သည် ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ ဂိုဏ်းချုပ်လောင်းလျာများ မပြောနှင့် သာမန် ဂိုဏ်းသားများကိုပင် ရန်မစရဲပေ။
“မင်းတို့ ဘာလို့ ဒီလောက်တောင် အနှောင့်အယှက် ပေးနေကြတာလဲ ... ထွက်သွား ... မင်းတို့ ဝိုင်တွေ အကုန်လုံးအတွက် ငါပေးမယ်”
ထိုလူများသည် တစ်ခုခုပြောရန် ပြင်နေသည်ကို မြင်သောအခါ ချမ်ဝမ်ကွမ်သည် စိတ်မရှည်စွာ လက်ယမ်းလိုက်သည်။ သူသည် သူ့နောက်မှ လိုက်တက်လာသော စားသောက်ဆိုင် တာဝန်ခံကို စကား လှည့်ပြောလိုက်သည်။
“ငါ့တို့ဆီ အစားအသောက် ကောင်းကောင်းနဲ့ ဝိုင်အကောင်းစားတွေ ယူလာခဲ့ ... မြန်မြန်လုပ်”
သခင်လေး၊ သခင်မလေးများ အုပ်စုသည် ထွက်သွားကြပြီး ဒုတိယထပ်မှ ကျန်လူများသည်လည်း လူစုခွဲလိုက် ကြလေသည်။ စားပွဲထိုးလေးများသည် အလျင်အမြန် လာရောက်၍ သန့်ရှင်းရေး လုပ်ကြပြီး အစားအသောက်များ၊ ဝိုင်များကို တစ်စားပွဲ အပြည့် တည်ခင်း ပေးကြလေသည်။
ကျန်းရီသည် စကားတစ်ခွန်းမှ မပြောဘဲ ဝိုင်ကရားကို မကာ ခေါင်းမော့၍ ပါးစပ်ထဲ လောင်းထည့် လိုက်လေသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ခါးသက်သက် ရယ်မောလိုက် ကြသည်။ သူတို့တွင် ရွေးချယ်စရာလည်း မရှိသောကြောင့် ကျန်းရီအား အဖော်လုပ်ကာ ဝိုင်သောက် နေကြလေသည်။
နှစ်ယောက်လုံးသည် ကျန်းရီ၏ ရင်ကွဲနေမှုကို သိကြလေသည်။ ချမ်ဝမ်ကွမ်သည် သူ့လူများကို စုလောရွှယ်အား ပြန်ပို့ခိုင်း လိုက်သေးသည့် အကြောင်း ကျန်းရီဆီ တစ်ခွန်းမှ မဟခဲ့ပေ။
ကျန့်ဝူရွှမ်းသည် ကျန်းရီနှင့် စုလောရွှယ် အကြားရှိ အရာများကို သေချာ မသိသော်လည်း ချမ်ဝမ်ကွမ်ကမူ ကောင်းကောင်းကြီး သိလေသည်။ ကျန်းရီ၏ ပထမဆုံး အချစ်သည် စတောင် မစရသေးခင် အဆုံးသတ် သွားခဲ့လေပြီ။
အခြား တစ်ယောက်သာ ဆိုလျှင် ဖြေရှင်းရန် လွယ်ကူမည် ဖြစ်သော်လည်း ကျန်းရီမှာ ဆက်ဆံရေးများကို အလေးထားတတ်သူ တစ်ယောက် ဖြစ်နေလေသည်။ သူ့အပြုအမူများတွင် ခံစားချက်များကို ထမ်းပိုး သိမ်းဆည်းထားရရာ ယနေ့ သူမည်မျှ နာကျင်နေမည်မှန်း တွေးကြည့်နိုင် ပေသည်။
တစ်ကရား၊ နှစ်ကရား၊ ... ဆယ်ကရား
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ဝိုင်များကို ကျန်းရီမည်သို့ မျိုချနေကြောင်း တွေ့နေရလေသည်။ သူတို့သည် နှစ်သိမ့်စကား တစ်ခုခု ပြောချင်နေပါ သော်လည်း ဘာပြောရမည်ကို မသိကြပေ။
စုလောရွှယ်နှင့် အိမ်ရှေ့စံ၏ လက်ထပ်ပွဲသည် နိုင်ငံနှစ်ခု၏ ဧကရာဇ်များ ကတိကဝတ် ပြုထားကြသည်ဖြစ်ရာ တစ်ယောက်ယောက် ပြောင်းလဲ ပေးနိုင်သော အရာမဟုတ်ပေ။ ကျန်းပိုင်လီ ဝင်ပါလျှင်တောင် ရမည်မဟုတ်ပေ။ ယခင်စစ်ပွဲအပြီး ရှားနိုင်ငံတော်သည် စစ်သည်အင်အား အတော်များများ ဆုံးရှုံးခဲ့ရသည်။ စုလောရွှယ်သည် ရှားနိုင်ငံတော်အတွက် စတေးခံရန် ဆန္ဒမရှိလျှင်တောင် ဤလက်ထပ်ပွဲအား လွယ်လွယ် ဖျက်ပစ်နိုင်မည် မဟုတ်ပေ။ မဟုတ်ပါက သူမသည် အိမ်ရှေ့စံ၏ အမျက်ထွက်အောင် လုပ်မိလိမ့်မည်။ ရှန်ဝူနိုင်ငံတော်၏ ဧကရာဇ်ကသာ အမိန့်ပေးလိုက်လျှင် ရှန်ဝူနိုင်ငံတော်၏ စစ်တပ်များသည် ရှားနိုင်ငံတော်ကို အမှုန့်ချေကြ ပေလိမ့်မည်။
ချမ်ဝမ်ကွမ်၏ ခန့်မှန်းချက်အရ စုလောရွှယ်သည် ကျန်းရီအပေါ် ခံစားချက်များ ရှိလေသည်။ ရှိသည်မှ အတော်လေး နက်နက်ရှိုင်းရှိုင်း ဖြစ်သည်။ မဟုတ်လျင် စုလောရွှယ်သည် အသက်ကို ရင်း၍ ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း လိုက်ဝင်သွားမည် မဟုတ်ပေ။ ကျန့်ဝူရွှမ်းသည်လည်း မြင်နိုင်ပါသည်။ ကျန်းရီ ပျောက်ဆုံးနေသော အချိန်များအတွင်း စုလောရွှယ်သည် အတော်လေး စိတ်ပူနေခဲ့ပြီး သူ့အခြေအနေကို နေ့တိုင်းလာ၍ မေးမြန်းနေခဲ့သည်။
စုလောရွှယ်သည် ယနေ့ညတွင် အတော်လေး ရက်စက်ခဲ့သော်လည်း သူမလုပ်ရပ် မှန်ကန်သည်ဟု သူတို့နှစ်ယောက် ဝန်ခံရပေမည်။ ထိုနှစ်ယောက် အကြားတွင် ပျော်ရွှင်စရာ ဇာတ်သိမ်း ရှိမလာနိုင်သည်မှာ သေချာနေလေရာ ဤရှုပ်ထွေးလှသော အခြေအနေအား အဆုံးသတ် လိုက်သည်မှာ အကောင်းဆုံးသာ ဖြစ်သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါလျှင် ကျန်းရီအတွက် ပို၍ အန္တရာယ် များသည့်အပြင် ရှားဝူဟွေ့၏ ဒေါသကို ဆွမိပါက ရှန်ဝူနိုင်ငံတော်တွင် သူအသက်ရှင်နိုင်မည် မဟုတ်ပေ။
“ဘန်း”
ကျန်းရီသည် နောက်ဆုံးတွင် သောက်၍ ပြီးသွားခဲ့ပြီး ယိုင်တိယိုင်တိုင်နှင့် ကြမ်းပေါ်လဲကျ သွားခဲ့လေသည်။ သူသည် ပြန်ထနိုင်ရန် ကြိုးစားလိုက်ပြီး လာ၍ ကူညီသော ချမ်ဝမ်ကွမ်အား တွန်းထုတ် လိုက်လေသည်။ သူသည် ဒူးတစ်ဖက်ထောက် ထိုင်ကာ တဝေါ့ဝေါ့ ပျို့တက် နေလေသည်။ သူ့ကိုယ်သည် မရပ်မနား ယိမ်းထိုးနေသော်လည မအန်နိုင် ဖြစ်နေလေသည်။
“အစ်ကိုကြီး ... အရမ်း ခံရခက်နေရင် ငိုချလိုက်ပါ”
ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ နှုတ်ခမ်းဆူ လိုက်သည်။
“ဒီမှာ ကျွန်တော်တို့ ညီအစ်ကိုတွေချည်းပဲ ရှိတာ ... ရှက်နေဖို့ မလိုပါဘူး ... ငိုချပြီးတော့ ကောင်းကောင်း အိပ်လိုက် ... အားလုံး ပြီးသွားလိမ့်မယ်။ ကမ္ဘာပေါ်မှာ အလှလေးတွေ အများကြီး ရှိတာပဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆို မင်းသမီးတစ်ပါးကို လက်ထပ်ဖို့က မခက်ခဲဘူး။ ယောက်ျား တစ်ယောက်က ဘာပဲဖြစ်လာလာ တောင့်ခံထားရမယ်”
“ဒါမှန်တယ်”
ကျန့်ဝူရွှမ်းသည်လည်း စကားပြောကာ သူ့အား နားချလာခဲ့သည်။
“ကျန်းရီ ... ငါမင်းကို အထင်မသေးမိစေနဲ့ ... ယောက်ျားတစ်ယောက်က အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ရှိရမယ်။ ရန်သူတွေကို သတ်ပြီးတော့ အောင်မြင်မှုကို ဆွတ်ခူးရမယ်။ ငါတို့တွေ ငါတို့ကိုယ်ကို ပတ်သက် ဆက်နွှယ်မှုတွေမှာ အရမ်းကြီး နစ်မြုပ်ထားလို့ မရဘူး။ နိုင်ငံအဆင့် ပြိုင်ပွဲကလည်း စတော့မှာကို မင်း အဲဒီကို သွားပြီး သေချင်နေတာလား”
ကျန်းရီသည် ပြန်မဖြေခဲ့ပေ။ သူသည် ထိုနှစ်ယောက် ပြောသမျှအား မကြားသကဲ့သို့ပင်။ သူသည် ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်ပြီး လက်ယမ်းပြ လိုက်သည်။ ခဏကြာမှ သူစကားစလာခဲ့သည်။
“မင်းတို့ အရင်ပြန်ကြ ... ငါ့ကို တစ်ယောက်တည်း နေခွင့်ပြုကြ”
“အစ်ကိုကြီး ...”
ချမ်ဝမ်ကွမ်သည် တစ်ခုခု ပြောချင်သေးသော်လည်း ကျန်းရီသည် သူတို့အား ရုတ်တရက် စိုက်ကြည့်လာကာ အော်ဟစ်လိုက်သည်။
“ပြန်ကြ”
“ဟူး”
ကျန့်ဝူရွှမ်းသည် သက်ပြင်း တစ်ချက်ချကာ အောက်ထပ်သို့ ဆင်းသွားလိုက်လေသည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ကာ သဝန်တိုနေသော ဇနီးသည်အလား အော်ဟစ်လိုက်သည်။
“မင်းသွားစေချင်ရင် ငါသွားမယ် ... ဒီလောက် ဒေါသကြီး ပြနေစရာ မလိုဘူး”
သူတို့နှစ်ယောက် ထွက်လာခဲ့ပြီးနောက် လှေကားအောက်တွင် အစောင့်အနည်းငယ် စီစဉ် ပေးလိုက်လေသည်။ ကျန်းပိုင်လီ ကြိမ်းဝါးထားလေရာ နိုင်ငံအဆင့် ပြိုင်ပွဲမစခင် မည်သူမှ ကျန်းရီအား လုပ်ကြံရဲမည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီ၏ လုံခြုံရေးကို သိပ်စိတ်ပူနေစရာ မလိုပေ။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ကျန်းရီသည် ထပ်မံပျို့တက် လာခဲ့သည်။ သူသည် ထရပ်ရန် ကြိုးစား လိုက်သော်လည်း ပြန်၍သာ လဲကျသွားခဲ့သည်။
သူမတ်တတ်ရပ်ရန် ကြိုးစားလိုက်သော အကြိမ်တိုင်းတွင် မရပ်နိုင်ဘဲ ဖြစ်နေလေသည်။ သူသည် အရက်ရှိန်ကြောင့် ဖြူဖျော့ နေသော်လည်း မျက်လုံးများသည် သွေးရောင် ပေါက်သည်အထိ နီရဲနေလေသည်။ သူ့အမူအရာသည် အတော်လေး တည်ငြိမ် နေလေသည်။ ကျန်းရီ၏ မျက်လုံးများသည် ဘာတွေးနေမှန်း မသိရအောင် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။
ကျန်းရီသည် ကြမ်းပြင်တွင် လေးနာရီလုံးလုံး လူးလှိမ့်နေပြီးမှ ယိုင်တိယိုင်တိုင်နှင့် ထရပ်နိုင် သွားလေသည်။ သူသည် ဝိုင်ကရား တစ်ခုကို ကိုင်ကာ လှေကားမှ ဆင်းလာခဲ့ပြီး ချမ်ဝမ်ကွမ် စီစဉ်ပေးခဲ့သော အစောင့်ကို တွန်းထုတ်လိုက် လေသည်။ သူသည် လမ်းမကြီးထက် လမ်းပျောက်နေသူ တစ်ယောက်ပမာ လျှောက်လှမ်း သွားခဲ့လေသည်။
ဉာဉ့်နက်နေပြီ ဖြစ်ရာ အလင်းရောင် မှိန်မှိန်သာ ရှိနေလေသည်။ ပတ်ဝန်းကျင်တွင် သက်ရှိတစ်ကောင် တစ်မြီးတောင် မကျန်တော့ပေ။
ကျန်းရီသည် လမ်းမအလယ်တွင် ကြောင်တောင်တောင် အမူအရာနှင့် ရပ်တန့်နေခဲ့သည်။ သူကောင်းကင်ထက် မော့ကြည့် လိုက်သောအခါ မိုးစက်များ ကျဆင်း လာသောကြောင့် သူ့အဝတ်များ ရွှဲရွှဲစို သွားခဲ့လေသည်။ သူသည် မျက်လုံးများ မှေးစင်းထားရင်း မိုးစက်များ ကြားထဲမှ တိုက်ခတ်နေသော လေပြည်တို့ကို ငေးကြည့် နေလိုက်သည်။ ဤတစ်ခေါက်သည် ဆောင်းရာသီ၏ မိုးညတွင် သူအအေးဒဏ်ကို အလွန်အကျွံ ခံစားမိသော ပထမဆုံးအကြိမ် ဖြစ်လေသည်။
“ဘန်း”
တစ်ခဏကြာ ငေးမော နေပြီးနောက် သူသည် အရက်ရှိန်ကို တောင့်မခံနိုင်တော့ရာ မျက်လုံးများအား မှိတ်ချလိုက် လေသည်။ သူ့ကိုယ်သည် လဲကျသွားခဲ့ပြီး လမ်းမထက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့လေသည်။
“ရှပ် ... ရှပ် ... ရှပ်”
မလှမ်းမကမ်းရှိ လမ်းထောင့် တစ်နေရာမှ ခြေသံများ ပေါ်ထွက် လာခဲ့သည်။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ထီးတစ်ချောင်းနှင့် မိန်းမလှလေး တစ်ယောက် လမ်းလျှောက် လာခဲ့သည်။ သူမသည် မြေပြင်ထက်တွင် လဲကျနေသော ကျန်းရီအား ကြည့်ကာ နှုတ်ခမ်းကိုက် ထားလိုက်သည်။ မျက်ရည်စီးကြောင်း နှစ်ခုသည် သူမ၏ ပါးပြင်ထက် တိုးတိတ်စွာ စီးကျလာခဲ့သည်။ အချိန်အတော်ကြာမှ သူမသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ကျန်းရီ ... နောက်ဘဝ ဆိုတာ ရှိခဲ့ရင် ရှင့်ခံစားချက်တွေကို လောရွှယ် တုံ့ပြန်ပါ့မယ်”
***