← Chapters

ကန်ဝေယန်း၏ ပိုင်ဆိုင်မှုများ....

Vol. 51 Ch. 748

ကန်ဝေယန်း၏ ပိုင်ဆိုင်မှုများ....

Vol. 51 Ch. 748

လင်းယွမ်က စကြာဝဠာပျက်ဆီးခြင်းကို မကြုံတွေ့ရသေးသော်လည်း အချိန်လေဟာနယ် သတ္တမအဆင့်သို့ ရောက်နေခဲ့သည့်အပြင် ဖရိုဖရဲနိယာမကိုလည်း နားလည်ထားသည်။ ပထမအချက်က ရှင်းပြရန် လွယ်ကူသော်လည ဖရိုဖရဲနိယာမကို နားလည်ခြင်းက လွှမ်းမိုးခြင်းအဆင့်တစ်ယောက် ဖရိုဖရဲအဆင့်သို့ တက်လှမ်းရာတွင် အခက်ခဲဆုံး အဆင့်များထဲမှ တစ်ခုဖြစ်သည်။ ဖရိုဖရဲနိယာမကို နားလည်ရန် အခွင့်အလမ်းအတွက်ပင် သူက ထိုက်ယွမ်အမွေအနှစ်သို့ စွန့်စားသွားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်ကံကောင်းလို့ပါ။ " လင်းယွမ်က ခဏတွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။

အရပ်ပုပုနှင့် ပုံရိပ်က လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက သတ္တမအဆင့်သို့ ရောက်နေသည်ကို မြင်သောအခါ အံ့အားသင့်ခြင်းမရှိပေ။ နောက်ဆုံးတွင် သူ၏ ကုန်းမြေကို ရပ်တန့်ရန် ဖြန့်ကျက်ခဲ့သော အချိန်လေဟာနယ်ပေါင်းစပ်နိယာမက သတ္တမအဆင့်တွင် ရှိနေသည်။

အချိန်လေဟာနယ်သတ္တမအဆင့်က ရှားပါးသော်လည်း ဖရိုဖရဲဟင်းလင်းပြင်တွင် အနည်းငယ် ပိုမိုလွယ်ကူသည်။ ပုံမှန်အားဖြင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အင်အားကြီးသူတစ်ယောက်က အချိန်လေဟာနယ် သတ္တမအဆင့်ကို နားလည်ရန် မျှော်လင့်ချက်ရှိပြီး လွှမ်းမိုးခြင်းအဆင့်တစ်ယောက်အတွက် အချိန်လေဟာနယ် နားလည်မှုက သတ္တမအဆင့်မှ စတင်သည်။ သို့သော် ဖရိုဖရဲနိယာမကို လွှမ်းမိုးခြင်းအဆင့်များပင် နားလည်နိုင်ခြင်းမရှိသေးပေ။

" စကြာဝဠာအတွင်းမှာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နဲ့ ဖရိုဖရဲနိယာမကို နားလည်ခဲ့တယ်။ မယုံနိုင်စရာပဲ။ " အရပ်ပုပုနှင့် ပုံရိပ်က အံ့ဩစွာ ရေရွတ်လိုက်သည်။

အကယ်၍ လင်းယွမ်က အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် မဟုတ်ဘဲ အလွှာဆယ့်တစ်ဖြစ်သည်ကို သိခဲ့လျှင် သူက ပို၍ အံ့ဩတုန်လှုပ်သွားရပေလိမ့်မည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ထိပ်တန်းအင်အားစုများက သူတို့၏ တပည့်များကို အဆုံးမဲ့ပြုစုပျိုးထောင်ခဲ့လျှင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တွင် ဖရိုဖရဲနိယာမကို နားလည်နိုင်ခြေရှိလေသည်။

သို့သော် အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားပေလိမ့်မည်။ ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် ၎င်းကို ကြားဖူးခဲ့ရုံသာရှိသည်။

" ငါ ကန်ဝေယန်းက သေသွားတာ ဘယ်လောက်ကြာမှန်းမသိပေမယ့် ဒီလိုပါရမီရှင်တစ်ယောက်ကို မြင်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " ကန်ဝေယန်းက ခံစားချက်များနှင့် ရေရွတ်လိုက်သည်။

စကြာဝဠာအတွင်းမှ သက်ရှိများ ရယူနိုင်သော အမွေအနှစ်များက အကန့်အသတ်နှင့် ရှိနေသည်။ ထိုသို့သော အခြေအနေအောက်တွင် ဖရိိုဖရဲနိယာမကို နားလည်ခဲ့ခြင်းက လင်းယွမ်၏ ပါရမီကို ဖော်ပြနေသည်။

လင်းယွမ်က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။ သူက အလွှာဆယ့်တစ်သာ ဖြစ်သော်လည်း သူ၏ စိတ်စွမ်းအားက သန်းလေးဆယ်သို့ ရောက်ရှိနေသည့်အပြင် ဖရိုဖရဲစွမ်းအားကြောင့် အခြားသူများက သူ၏ အဆင့်ကို ထိုးဖောက်မြင်နိုင်ရန် ခက်ခဲသည်။

"စကြာဝဠာခေတ်တစ်ခုအတွင်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှာ ဖရိုဖရဲနိယာမကို နားလည်ခဲ့တယ်။ မင်းက အနာဂတ်မှာ ဖရိုဖရဲအဆင့်ကို ရောက်ဖို့ ကြီးမားတဲ့ အခွင့်အရေးရှိတယ်။ " ကန်ဝေယန်းက ပြောလိုက်သည်။

အမှန်တွင် ဖရိုဖရဲမဟာသူတော်စင်များ ပျိုးထောင်ထားသော တပည့်များပင် ဖရိုဖရဲအဆင့်သို့ သေချာပေါက် ဝင်ရောက်နိုင်မည်ဟု မပြောကြပေ။ ဖရိုဖရဲနိယာမကို နားလည်ခြင်းက ဖရိုဖရဲအဆင့်သို့ ဝင်ရောက်ရန် အဆင့်များထဲမှ တစ်ခုသာ ဖြစ်သည်။

သို့သော် လင်းယွမ်က မတူပေ။ ကန်ဝေယန်း၏ အမြင်တွင် လင်းယွမ်၏ အလားအလာက ခန့်မှန်းရခက်လောက်အောင် မြင့်မားသည်။ ထို့ကြောင့် သူက ဖရိုဖရဲအဆင့်သို့ ဝင်ရောက်ရန် ကြီးမားသော မျှော်လင့်ချက်ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

" ဖရိုဖရဲအဆင့်က ကျွန်တော်နဲ့ အဝေးကြီး လိုပါသေးတယ်။ " လင်းယွမ်က ပြောလိုက်သည်။ သူက အလွှာဆယ့်တစ်သာ ရှိသေးပြီး ဦးစွာ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် လိုအပ်သည်။

" အဝေးကြီးလား။ " ကန်ဝေယန်းက လင်းယွမ်ကို ကြည့်လိုက်သည်။

" ကောင်းပြီ။ အဓိကကိစ္စကို ပြောရအောင်။ " ကန်ဝေယန်းက ပြောလိုက်သည်။ " ဒီနယ်မြေက ငါ တံခါးပိတ်ကျင့်ကြံလေ့ရှိတဲ့ နေရာသုံးခုထဲက တစ်ခုပဲ။ လွှမ်းမိုးခြင်းအဆင့် အံ့ဖွယ်သစ်ပင်ဆယ့်ရှစ်ပင်၊ လွှမ်းမိုးခြင်းအဆင့် ရတနာတစ်ခုနဲ့ ဖရိုဖရဲအဆင့် ရတနာတစ်ခုတို့ရှိတယ်။ အဲ့ဒါအပြင် ငါလေ့ကျင့်တဲ့ လျို့ဝှက်နည်းစနစ်တွေလည်း ရှိတယ်။ "

" လွှမ်းမိုးခြင်းအဆင့် ရတနာသုံးခု၊ ဖရိုဖရဲအဆင့် ရတနာတစ်ခု..." လင်းယွမ်က စိတ်ထဲမှ အံ့အားသင့်သွားသည်။

အလွှာဆယ့်နှစ်ရတနာများကိုလည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာ၊ လွှမ်းမိုးခြင်းအဆင့် ရတနာနှင့် ဖရိုဖရဲအဆင့် ရတနာဟူ၍ ခွဲခြားထားသည်။ ပင်မစကြာဝဠာမှ ရတနာများက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာများသာ ဖြစ်ပြီး မျိုးနွယ်ကာကွယ်ရေးလက်နက်များကလည်း အလားတူပင်ဖြစ်သည်။

" ငါက ဆက်ခံသူတစ်ယောက်ရွေးချယ်ဖို့ ဒီမှာ အမွေအနှစ်နဲ့ ရတနာတွေ ထိန်းသိမ်းထားတယ်။ ပုံမှန်ဆို စမ်းသပ်မှုတွေ သစ္စာစကားတွေ ဆိုပြီးမှ အားလုံးကို လွှဲပြောင်းပေးမှာပဲ။ " ကန်ဝေယန်းက ခဏရပ်တန့်ပြီး စိတ်ရှုပ်စွာပြောလိုက်သည်။ " ဒါပေမယ့် မင်းကို ငါ့တပည့်အဖြစ်ခေါ်ယူဖို့ ငါ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတယ်။ "

" ဒါကြောင့် ဒီနေရာက ရတနာအားလုံးကို ငါမင်းကို ပေးလိုက်မယ်။ "

" ကျွန်တော်ကို ပေးမှာလား။ " လင်းယွမ်က ကန်ဝေယန်းကို ကြည့်လိုက်သည်။

" ဟားဟား ငါ့ရဲ့ မူလခန္ဓာကိုယ်ကသာ ရတနာအများစုကို ထိုက်ယွမ်အမွေအနှစ်ထဲ မယူသွားခဲ့ရင် မင်းရမယ့် အရာတွေက ဒီထက်ဆယ်ဆပိုများလိမ့်မယ်။ "

" ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်။ " ကန်ဝေယန်းက ပြောလိုက်သည်။

" စီနီယာ ပြောပါ။ " လင်းယွမ်က ချက်ချင်း တုန့်ပြန်လိုက်သည်။

" တကယ်လို့ အနာဂတ်မှာ မင်း ဖရိုဖရဲအဆင့် မဟာသူတော်စင်တစ်ယောက်ဖြစ်လာရင် နေရာတစ်ခုကို သွားပြီး တပည့်တစ်ယောက် ခေါ်ယူပေးနိုင်မလား။ " ကန်ဝေယန်းက ပြောလိုက်သည်။ " အဲ့ဒါက တောင်းဆိုချက်တစ်ခုသာဖြစ်ပြီး အဲ့အချိန်ကျလို့ မင်းစိတ်မဝင်စားရင် လုပ်စရာမလိုပါဘူး။ "

" စီနီယာက ကျွန်တော်ကို အထင်ကြီးလွန်းနေပါပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ဖရိုဖရဲအဆင့်လား။ မဟာသူတော်စင်လား။ ဖရိုဖရဲအဆင့်တွင် အထွတ်အထိပ်အဆင့်တွင် ရှိသော ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ကဲ့သို့သော သူများကိုသာ မဟာသူတော်စင်အဖြစ် သတ်မှတ်ရန် အရည်အချင်း ပြည့်မီသည်။

သူတို့က ပြည့်စုံသော အချိန်သက်ရှိနှင့် နီးစပ်နေသူများဖြစ်ပြီး သူတို့၏ စွမ်းရည်များက စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ ထို့ကြောင့်လည်း လင်းယွမ်က မဟာသူတော်စင်နှစ်ပါးကို သေဆုံးခြင်းမရှိသေးဟု သံသယဝင်မိခြင်းဖြစ်သည်။

မဟုတ်လျှင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ် တည်ရှိမှုမရှိဘဲနေမည်မဟုတ်ပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ကျင့်ကြံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မသိသေးသလို ကျောက်ရုပ်တုရှန်းကျိကလည်း တစ်ခါမှ မပြောဖူးပေ။

" အဲ့ဒါက ငါ့ရဲတောင်းဆိုချက်ပဲ။ မင်းလုပ်တာ မလုပ်တာက မင်းသဘောပဲ။ " ကန်ဝေယန်းက ပြောလိုက်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အကယ်၍ သူသာ ဖရိုဖရဲအဆင့် မဟာသူတော်စင်တစ်ပါးဖြစ်လာလျှင် ဖရိုဖရဲဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး တပည့်တစ်ယောက်ခေါ်ယူခြင်းက ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။

" ဒါဆို ငါပိုင်တဲ့ အရာအားလုံးကို မင်းကို ပေးလိုက်မယ်။ " ကန်ဝေယန်းက ပြုံးလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အချက်အလက်များအဖြစ် လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။

" လျို့ဝှက်နည်းစနစ် ၉၂ခုလား။ ပြီးတော့ အားလုံးက လွှမ်းမိုးခြင်းအဆင့် လျို့ဝှက်နည်းစနစ်တွေ..." လင်းယွမ်က အချက်အလက်များ အားလုံးကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ " ဖရိုဖရဲအဆင့် လျို့ဝှက်နည်းစနစ်...."

ထိုဖရိုဖရဲအဆင့် လျို့ဝှက်နည်းစနစ်က မိမိ၏ အော်ရာကို ဖုံးကွယ်နိုင်ပြီး ဖရိုဖရဲအဆင့် မဟာသူတော်စင်များပင် သေချာမလေ့လာလျှင် သတိပြုမိမည်မဟုတ်ပေ။ ကန်ဝေယန်းချန်ခဲ့သော အချက်အလက်များအရ လင်းယွမ်ကို ထိုလျို့ဝှက်နည်းစနစ်အား ဦးစွာ လေ့ကျင့်ရန် အကြံပြုထားသည်။

အမှန်တော့ စကြာဝဠာအတွင်းမှ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က ဖရိုဖရဲနိယာမကို နားလည်ခြင်းမှာ အလွန်အံ့ဩစရာကောင်းလှသည်။ လင်းယွမ်က စကြာဝဠာအတွင်းမှ လာပြီး နောက်ခံမရှိသည့်အတွက် ထိုအကြောင်းအရာသာ ပေါက်ကြားသွားခဲ့လျှင် ဖရိုဖရဲအဆင့်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်မိနိုင်သည်။

ဖရိုဖရဲသလင်းကျောက်များက ဖရိုဖရဲအဆင့် သက်ရှိများက ဖရိုဖရဲစွမ်းအားဖြင့် သန့်စင်ခြင်းမှ ဖြစ်ပေါ်လာပြီး သလင်းကျောက်အတွင်းမှ ဖရိုဖရဲစွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် လွင့်မျောနေသော ဖရိုဖရဲစွမ်းအားများက အမျိုးမျိုးသော စွမ်းအားများပါဝင်နေပြီး ဖရိုဖရဲအဆင့် သက်ရှိများပင် တိုက်ရိုက် စုပ်ယူနိုင်ခြင်းမရှိပေ။

ဖရိုဖရဲသလင်းကျောက်များက တန်ဖိုးကြီးပြီး ဖရိုဖရဲဟင်းလင်းပြင်တွင် ငွေကြေးအဖြစ် အသုံးချကြသည်။ ပုံမှန်အားဖြင့် ဖရိုဖရဲသလင်းကျောက် တစ်ရာနှင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာတစ်ခုကို လဲလှယ်နိုင်သည်။

နန်းတော်အတွင်း ဖရိုဖရဲသလင်းကျောက် တစ်သောင်းကျော်ရှိနေသည်။ ဖရိုဖရဲသလင်းကျောက် တစ်သောင်းကျော်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာတစ်ရာကို ဝယ်ယူနိုင်သော်လည်း လွှမ်းမိုးခြင်းအဆင့် ရတနာတစ်ခုကို ဝယ်ယူနိုင်ခြင်းမရှိပေ။

" ဖရိုဖရဲသလင်းကျောက်တွေထဲက ဖရိုဖရဲစွမ်းအားကို စုပ်ယူတာက ငါ့ရဲ့ အတွင်းကမ္ဘာကို အကြီးအကျယ် အထောက်အကူဖြစ်စေလိမ့်မယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

လက်ရှိတွင် ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ဖရိုဖရဲသလင်းကျောက်များကို ပင်မစကြာဝဠာသို့ ပြန်ပို့ပြီး မူလခန္ဓာကိုယ်နှင့် စမ်းသပ်ရမည်ဖြစ်သည်။

" ဖရိုဖရဲဟင်းလင်းပြင်ကို ရှာဖွေတာက အရမ်းအကျိုးရှိသွားပြီ။ " လင်းယွမ်က စိတ်လှုပ်ရှားနေသည်။

လွှမ်းမိုးခြင်းအဆင့် ရတနာနှစ်ခုနှင့် ဖရိုဖရဲအဆင့် ရတနာတစ်ခုအပြင် လွှမ်းမိုးခြင်းအဆင့် အံ့ဖွယ်သစ်ပင် ဆယ့်ရှစ်ပင်လည်း ရှိနေသည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ရတနာခုနှစ်ခုနှင့် လွှမ်းမိုးခြင်းအဆင့် လျို့ဝှက်နည်းစနစ် ၉၂ခုကလည်း လင်းယွမ်၏ ခွန်အားကို များစွာမြှင့်တင်ပေးနိုင်ပေလိမ့်မည်။

All Chapters