← Chapters

ခရမ်းရောင်နန်းတော် ဖွဲ့စည်းခြင်း

Vol. 1 Ch. 182

ခရမ်းရောင်နန်းတော် ဖွဲ့စည်းခြင်း

Vol. 1 Ch. 182

ကျန်းရီနိုးလာသောအခါ နောက်တစ်နေ့ မွန်းလွဲနေပေပြီ။ သူသည် ယင်းလုံအိမ်တော်ရှိ ကျန့်ဝူရွှမ်း၏ အဆောင်တွင်း ပြန်ရောက်နေပေပြီ။ သူသည် ဘာမှပြောလဲ မပြောသလို မေးလည်း မမေးခဲ့ပေ။ သူတစ်ခုခု စားပြီးနောက် ကျင့်ကြံ နေလိုက်သည်။

တစ်နေ့လုံး ကျင့်ကြံ နေပြီးနောက် ကျန်းရီသည် ပုံမှန်အတိုင်း ပြန်ဖြစ်နေခဲ့ပြီ။ သူသည် မနေ့က ဘာမှ မဖြစ်ခဲ့သည့် အလား ပုံမှန်အတိုင်း ညစာစား နေခဲ့သည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာတို့သည် ထိုအကြောင်းကို သွား၍ အစဖော်ရလောက်အောင် မရူးသေးပေ။ ကျန်းရီသည် ကောင်းကောင်း စားသောက်ပြီးနောက် တစ်ခုခုကို သတိရသွားသည့်နှယ် မေးလာခဲ့သည်။

“မီးလင်ဇီးမှို ... မင်းတို့တွေ အဲဒါအကြောင်း သိကြလား”

“မီးလင်ဇီးမှို”

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး ရှင်းပြလာခဲ့သည်။

“ဒါပေါ့ ... အဲဒါအကြောင်း ငါသိတယ်။ အဲဒါက နယ်မြေရဲ့ ထိပ်ဆုံး ပရဆေးပင် ဆယ်ပင်ထဲက တစ်ခုပဲ ... အဲဒါက ကျင့်ကြံတဲ့နေရာမှာ အသုံးဝင်ပြီး သူ့မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အသန့်စင်ဆုံး စွမ်းအားတွေ ပါဝင်နေတယ်။ အဲဒါက အရမ်းကို ကံကောင်းတဲ့ သူတွေမှပဲ ရနိုင်တဲ့ ရှားပါးပစ္စည်းပဲ”

“အဲဒီလောက်တောင်လား”

ချမ်ဝမ်ကွမ် ရှင်းပြလိုက်သောအခါ ကျန်းရီသည် ပို၍ပင် အံ့အားသင့် သွားခဲ့သည်။ သူချက်ချင်း မေးလိုက်သည်။

“မီးလင်ဇီးမှိုကို ဘယ်လို သန့်စင်ပစ်ရမလဲ ... မင်းတို့ သိကြလား”

“သေချာမသိဘူး”

ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းလိုက်ကာ ကျန်းရီအား သံသယနှင့် ကြည့်လာခဲ့သည်။

“အစ်ကိုကြီး ... မင်းဘာလို့ မေးနေတာလဲ မင်းမှာ မီးလင်ဇီးမှို ရှိနေလို့လား”

ကျန်းရီသည် ပြန်ဖြေမနေတော့ဘဲ အတွေးတစ်ချက် ထုတ်ဖော်လိုက်ရာ ရဲရဲနီနေသော မှိုတစ်ပွင့်သည် သူ့လက်အတွင်း ပေါ်ထွက်လာခဲ့သည်။ ကျန်းရီ ပြောလိုက်သည်။

“ဒါက မီးလင်ဇီးမှို မဟုတ်လား ငါဒါကို ဟွာယွင်တောင်တန်းရဲ့ မီးတောင် တစ်ခုတည်းက ရခဲ့တာ”

“အလိုလေး”

ချမ်ဝမ်ကွမ်သည် အံ့အားသင့်လွန်း၍ ထခုန်လိုက်မိပြီး ကျန့်ဝူရွှမ်းသည် တည်ငြိမ်ကာ လေးစားဟန် ပေါ်နေခဲ့သည်။ ကျန့်လင်းအာသည် ထိုအရာများကို နားမလည်ရာ အနီရောင်အလင်းများ လင်းလက်နေသည့် မီးလင်ဇီးမှိုကိုသာ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

“အစ်ကိုကြီး ... အဲဒါကို မြန်မြန် ပြန်သိမ်းလိုက် ဝိညာဉ်စွမ်းအင်တွေ စိမ့်ထွက်ကုန် လိမ့်မယ်”

ချမ်ဝမ်ကွမ်သည် မှင်တက်နေရာမှ သတိဝင်လာခဲ့ပြီး နှမြောတသ လေသံနှင့် ပြောလာခဲ့သည်။

“ဒါက မီးလင်ဇီးမှို အစစ်ပဲ ... အဲဒါက သက်တမ်း တစ်ရာလောက်ပဲ ရှိသေးတာ နှမြောစရာ။ နှစ်တစ်ထောင် ဒါမှမဟုတ် နှစ်တစ်သောင်းသာ ဆိုရင် တကယ် အံ့အားသင့်စရာ ဖြစ်မှာ နှစ်တစ်သောင်း သက်တမ်းရှိတဲ့ မီးလင်ဇီးမှိုက ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်ကနေ အမြင့်ဆုံးအဆင့် ရောက်သွားစေနိုင်တယ် ...”

“မယုံနိုင်စရာ ကောင်းလိုက်တာ”

ကျန်းရီ၏ မျက်လုံးများ တောက်ပလာခဲ့ပြီး ဆုံးဖြတ်ထားသည့်ဟန်နှင့် ပြောလာခဲ့သည်။

“မြန်မြန်လေး မီးလင်ဇီးမှိုကို ဘယ်လို သန့်စင်ရမလဲ ဆိုတာ ရှာပေး ... မနက်ဖြန်ဆို ငါတို့တွေ အင်ပါယာမြို့တော်ကို သွားရတော့မှာ ... ငါညတွင်းချင်း လုပ်ဖို့လိုတယ်”

“ကောင်းပြီ”

ချမ်ဝမ်ကွမ်သည် အလျင်အမြန် ပြေးထွက်သွားခဲ့ပြီး စီစဉ်စရာ ရှိသည်တို့ စီစဉ်တော့သည်။ တစ်နာရီခန့် ကြာပြီးနောက် သူပြန်ရောက် လာခဲ့ပြီး လက်ထဲတွင် လက်ရေး စာတစ်စောင်နှင့် ဆေးပုလင်း တစ်လုံးပါ ပါလာခဲ့သည်။

“အစ်ကိုကြီး ... ဒါက ကျွန်တော်တို့ ဂိုဏ်းက ပို့လိုက်တဲ့စာ ... စာထဲမှာ မီးလင်ဇီးမှိုကို သန့်စင်ဖို့ နည်းလမ်းပါတယ် ... ကျွန်တော်တို့ဂိုဏ်းက အကြီးအကဲ ပြောတာက မီးလင်ဇီးမှိုက ယန်ဓာတ် အမျိုးအစား (မီးဓာတ်/အဖိုဓာတ်) ဆေးပင်ပဲ ... သူ့ကိုချေဖျက်ဖို့ ယင်ဓာတ် (အမဓာတ်/အအေးဓာတ်) ဆေးလုံးတွေ လိုတယ်”

ချမ်ဝမ်ကွမ်သည် ရှင်းပြလိုက်ပြီး လေးနက်သော အမူအရာနှင့် ပြောလာခဲ့သည်။

“အစ်ကိုကြီး ... မင်း ခရမ်းရောင်နန်းတော်ကို ဖွဲ့စည်းရတော့မှာပဲ ... ဒီမီးလင်ဇီးမှိုကို အခုသန့်စင်လိုက်ရင် ခရမ်းရောင်နန်းတော် ဖွဲ့စည်းတဲ့အခါ စွမ်းအင်တွေ အလဟဿ ဖြစ်သွားလိမ့်မယ် ... ဘာလို့ ခရမ်းရောင် နန်းတော်ရှင် အဆင့်ကို ရောက်ပြီးမှ အဲဒါကို မသန့်စင်တာလဲ”

ကျန့်ဝူရွှမ်းသည်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ကျန်းရီသည် ခရမ်းရောင်နန်းတော် ဖွဲ့စည်းခြင်း အကြောင်း စာအုပ်များစွာကို ဖတ်ထားခဲ့သည်။ သူခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းနေချိန်တွင် မီးလင်ဇီးမှိုကို အာရုံစိုက်နေရန် အချိန်မရှိပေ။ သူ့ကိုယ်တွင်းမှ  စွမ်းအင်များကို အချိန်မီ မသန့်စင်နိုင်လျှင် စွမ်းအင်များစွာအား ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

နိုင်ငံအဆင့် ပြိုင်ပွဲသည် ပြင်းထန်လွန်းရာ ပြိုင်ပွဲတွင်းသို့ ဝင်ရောက် သွားသည်နှင့် မီးလင်ဇီးမှိုကို သန့်စင်ရန် အချိန်ရတော့မည် မဟုတ်ပေ။ သူသာ နိုင်ငံအဆင့် ပြိုင်ပွဲအတွင်း သေဆုံးသွားခဲ့ပါလျှင် မီးလင်ဇီးမှိုကို ရန်သူအား လက်ဆောင် ပေးလိုက်သည်နှင့် မခြားတော့ပေ။ သူသည် ဆုံးဖြတ်ချက် ချလိုက်ပြီး အံကြိတ်ကာ အခန်းတွင်း ဝင်သွားတော့သည်။ အခန်းထဲသို့ မဝင်ခင်တွင် သူသည် ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်အား သူ့ကို ကာကွယ် ပေးထားရန် အကူအညီ တောင်းလိုက်သည်။

စာကို အသေအချာ ဖတ်ပြီးနောက် ကျန်းရီသည် မီးလင်ဇီးမှိုကို သန့်စင်သော နည်းလမ်းသည် အလွန် ရိုးရှင်းကြောင်း သိရှိသွားလေသည်။  သူသည် အမြန်နှုန်းကိုသာ အာရုံစိုက်ထားရန် လိုလေသည်။ သန့်စင်နှုန်း မြန်ဆန်လွန်း သွားပါက စွမ်းအင်ရုတ်တရက် မြင့်တက်မှုကြောင့် သူ့သွေးကြောများ ပေါက်ကွဲ သွားပေလိမ့်မည်။

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့သည် ကြမ်းပြင်ပေါ် ထိုင်နေခဲ့ကြပြီး ကျိလောင်နှင့် လျှိုလောင်သည်လည်း ကျန်းရီအား တစ်ယောက်ယောက် လာပြီး နှောင့်ယှက်ပါက ကာကွယ်ရန် ရောက်လာကြလေသည်။ ကျန်းရီသည် အားလုံး အဆင်သင့် ဖြစ်ပြီမှန်း တွေ့သောအခါ မလိုအပ်သည်များ မပြောတော့ဘဲ နှင်းခဲဆေးလုံးကို သောက်လိုက်ပြီး မီးလင်ဇီးမှိုကို ထုတ်ကာ အတွင်းအားများ ထုတ်ဖော်လိုက်သည်။

အတွင်းအားများ ဝန်းရံသွားသည်နှင့် မီးလင်ဇီးမှိုသည် အနီရောင်အလင်းများ လင်းလက် လာခဲ့သည်။ ရဲရဲနီနေသော စွမ်းအင်များသည် ကျန်းရီ၏ လက်ဝါးမှတစ်ဆင့် သွေးကြောများထဲ စီးဝင်သွားကြသည်။ ကျန်းရီသည် စာထဲတွင် ရေးထားသည့် အတိုင်း အပြာရောင် အတွင်းအားများကို အနီရောင် စွမ်းအင်များနှင့် ရောနှောလိုက်သည်။

အချိန်တစ်ခဏ အတွင်း သူ၏ အပြာရောင် အတွင်းအားများသည် ဒန်တျန်း၏ တစ်ဝက်ခန့်အထိ ပြည့်သွားခဲ့ပြီး အပြာဖျော့ဖျော့ သန်းလာခဲ့သည်။ အချိန်အနည်းငယ် ထပ်ကြာလျှင် သူ့ဒန်တျန်းသည် အတွင်းအားများနှင့် ပြည့်သွား ပေလိမ့်မည်။ ထို့နောက် သူသည် ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းရ ပေလိမ့်မည်။

ကျန်းရီသည် မီးလင်ဇီးမှိုအား အာရုံမစိုက်တော့ပေ။ မီးလင်ဇီးမှို၏ စွမ်းအင်များသည် ဖြည်းဖြည်းချင်း ပျော်ဝင်သွားခဲ့ပြီး သူ့ဒန်တျန်းသည်လည်း အတွင်းအားများဖြင့် ပြည့်သွားခဲ့ပေပြီ။ သူ ခရမ်းရောင် နန်းတော်ကို ယခု မဖွဲ့စည်းလျှင် စွမ်းအင်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ခရမ်းရောင်နန်းတော်ကို စတင် ဖွဲ့စည်းမယ်။

ကျန်းရီသည် အချိန် မဆွဲရဲတော့ပေ။ သူသည် ခရမ်းရောင်နန်းတော်ကို မည်သို့ ဖွဲ့စည်းရမည်ကို သိထားပြီး ဖြစ်သည်။ သူသည် ဒန်တျန်းထဲမှ စွမ်းအင်များကို ထိန်းချုပ်၍ နှစ်ပိုင်းခွဲ လိုက်သည်။ ထို့နောက် ယင်၊ယန် ငါးများ လှည့်ပတ်နေဟန် ရှိသော ထိုက်ကျိသင်္ကေတကို ပုံဖော်လိုက်သည်။

မဟုတ်သေးဘူး။

ထိုက်ကျိသင်္ကေတအား စတင် လှည့်ပတ်လိုက်သောအခါ ကျန်းရီသည် တုန်လှုပ်သွားခဲ့ပြီး ပြဿနာတစ်ခုကို သတိရ သွားခဲ့လေသည်။ သူသည် ဒန်တျန်းထဲတွင် အတွင်းအား နောက်တစ်မျိုး ရှိသေးကြောင်းကို မေ့သွားခဲ့သည်။ အနက်ရောင် အတွင်းအား …။

အနက်ရောင် အတွင်းအားသည် အပြာရောင် အတွင်းအားနှင့် အလွယ်တကူ ပေါင်းစပ်နိုင်၍ ကျန်းရီသည် စိတ်မပူဘဲ ဒန်တျန်းထဲတွင်သာ သိမ်းထားလေ့ ရှိခဲ့သည်။ အစောပိုင်းက သူသည် ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းခြင်းနှင့် မီးလင်ဇီးမှို၏ စွမ်းအင်များကို စုပ်ယူခြင်းတွင်သာ စိတ်ရောက်နေသဖြင့် အနက်ရောင် အတွင်းအားများကို မေ့လျော့သွားခဲ့သည်။ ယခု အတွင်းအားများ စုစည်းပြီးသော အခါတွင်မှ အနက်ရောင် အတွင်းအားများ အမျှင်တစ်ရာခန့် ပါနေကြောင်း သူသိလိုက်ရသည်။

ငါအခု ဘာလုပ်ရမလဲ။

ကျန်းရီသည် အကျပ်ရိုက် နေခဲ့သည်။ သူသည် အနက်ရောင် အတွင်းအားများကို သွေးကြောများထဲ ပို့ဆောင်လိုက်လျှင် ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းရာတွင် သက်ရောက် သွားလိမ့်မည်။ ပဋိပက္ခ တစ်ခုခု ဖြစ်လာပါက ပြဿနာတက်ပြီ ဖြစ်လေသည်။ အနက်ရောင် အတွင်းအားကို ကိုယ်ထဲမှ အတင်းအကျပ် ထုတ်လိုက်လျှင်လည်း အချိန်အတော် ကုန်သွားမည် ဖြစ်ကာ မီးလင်ဇီးမှို၏ စွမ်းအင်များ အလဟဿ ဖြစ်သွားပေလိမ့်မည်။

မေ့လိုက်တော့ …။

ကျန်းရီသည် အံကြိတ်၍ အတွင်းအားများကို ဆက်လက် လှည့်ပတ် နေလိုက်သည်။ အနက်ရောင် အတွင်းအားသည် အပြာရောင် အတွင်းအားနှင့်တောင် ပေါင်းစပ်နိုင်သေးရာ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းရာတွင်လည်း အသုံးပြုနိုင် လောက်သည်။ ထို့ပြင် အနက်ရောင် အတွင်းအား ပမာဏသည် အမျှင်တစ်ရာခန့်သာ ရှိ၍ အပြာရောင် အတွင်းအားနှင့် နှိုင်းယှဉ်လိုက်လျှင် နည်းနည်းလေးသာ ဖြစ်သည်။

အတွင်းအားနှစ်မျိုးသည် ဒန်တျန်းထဲတွင် လျင်မြန်စွာ လှည့်ပတ် နေကြသည်။ ၎င်းမှာ နဂါးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကိုက်ရန် ပြေးလိုက်နေကြသည့် အလားပင်။ ကျန်းရီသည် စိတ်ဖြင့် ထိန်းချုပ်လိုက်သည့်အခါ လှည့်ပတ်မှုမှာ ပိုမိုမြန်ဆန် လာခဲ့ပြီး ရေဝဲလေးအလား ဖြစ်လာခဲ့လေသည်။

အတွင်းအားများ လှည့်ပတ်မှုသည် အကန့်အသတ်ကို ရောက်သည့်အခါ ရေဝဲလေးသည် ကြီးသထက် ကြီးလာခဲ့သည်။ ထိုအချိန်တွင်  ဒန်တျန်းသည် အနက်ရောင် အလင်းများ တောက်ပလာခဲ့ပြီး အတွင်းအားများ လှည့်ပတ်နှုန်းသည် နှစ်ဆခန့် မြန်ဆန်လာခဲ့သည်။

ဒန်တျန်း အတွင်းရှိ ရေဝဲလေး၏ အလယ်တွင် ခရမ်းရောင် နန်းတော်၏ အကြမ်းထည် ဖြစ်တည်လာခဲ့သည်။ စတင် ဖြစ်ပေါ်ချိန်တွင် ခရမ်းရောင်နန်းတော်၏ အရွယ်အစားသည် ပဲစေ့ခန့်သာ ရှိလေသည်။ ခရမ်းရောင်နန်းတော် ဖြစ်တည်လာသည့် အချိန်တွင် ဒန်တျန်းထဲမှ အတွင်းအားများ ပျောက်ကွယ် သွားကြပြီး ခရမ်းရောင် နန်းတော်ထက် စုစည်း လာကြကာ နန်းတော်၏ အရွယ်အစားသည် ကြီးမား လာခဲ့သည်။

နောက်ဆုံးတွင် ဒန်တျန်းထဲမှ အတွင်းအားများ အားလုံး ပျောက်ကွယ် သွားခဲ့ပြီး ခရမ်းရောင် နန်းတော်သည် တောကြက်မောက်သီး အရွယ်အစားခန့် ဖြစ်လာကာ ဒန်တျန်း အလယ်တွင် ဝင့်ဝင့်ကြွားကြွား တည်ရှိနေလေသည်။ ၎င်းသည် တစ်ချက်တစ်ချက် အပြာရောင် အလင်းများ လင်းလက်နေခဲ့ပြီး ကောင်းကင်ကိုးဆင့်မှ မသေမျိုးတို့၏ နတ်ဘုံအလား ထင်မှတ်ရ လောက်အောင် ခမ်းနားထည်ဝါ နေလေသည်။

***

All Chapters