ဆိုးယုတ်သောဖန့်ယောင်
Vol. 42 Ch. 583
ခြောက်ရောင်စဉ်ရေကန်၏ အလယ်ဗဟို၌ ခန့်ထည်ဆန်းပြားလွန်းသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာလေသည်။ ယင်း၏ သစ်မြစ်များမှာ ရေပြင်ထက်၌ ပေါလောပေါ်နေခြင်း ဖြစ်သည်။
သစ်ပင်ကြီးသည် ဝိဉာဉ်မြွေနဂါးနှင့် ဆက်စပ်နေသည့်အလား မျက်နှာစာ၌ အနက်ရောင်ချီစွမ်းအင်များ စီးဆင်းနေလျက် ရှိသည်။
ဝိဉာဉ်မြွေနဂါးကြီးမှာ ထိုရှေးဟောင်းသစ်ပင်ကြီးအား ရေအောက်ကြမ်းပြင်၌ ကွယ်ဝှက်ထားခဲ့ခြင်းပင် ဖြစ်သည်။ ယခုအခါတွင် ၎င်းသေဆုံးသွားသောကြောင့် သစ်ပင်ကြီးမှာ ရေပြင်ထက်သို့ ပြန်လည်ပေါ်ထွက်လာခြင်းပင် ဖြစ်၏။
ထိုရှေးဟောင်းသစ်ပင်ကြီး၏ အကိုင်းအခက်များ၌ အရောင်အသွေး စုံလင်လှသော သစ်သီးသစ်ဥများ တွဲလောင်းခိုလျက် ရှိနေသောကြောင့် လူတိုင်းမှာ ညှို့ယူဖမ်းစားခံလိုက်ရသည့်အလား မျက်တောင်ပင်မခတ်နိုင်ပဲ အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြသည်။
ထိုသစ်သီးဝလံများမှာ ကျောက်မျက်ရတနာများဖြင့် ထုဆစ်ပုံဖော်ထားသည့်အလား တလက်လက် တောက်ပနေလျက် ရှိ၏။ အချို့မှာ ရောင်စဉ်သုံးသွယ် ဖြာဆင်းလျက်၊ အချို့မှာမူ ရောင်စဉ်လေးသွယ် တောက်ပလျက် စသည်ဖြင့် အလွန်ပင် ဆန်းကြယ်လှပလွန်းလှသည်။
လူတိုင်းမှာ ထိုသစ်သီးဝလံများအား ငေးမောကြည့်ရှုနေရင်းဖြင့် လိုချင်ရမ္မက်များ တောက်လောင်လာရသည်။
ယင်းသစ်ဥသစ်ဖုများမှာ သဘာဝအလျောက် ဖြစ်တည်လာသော နတ်ဘုံခန်းဝါရတနာများပင် ဖြစ်၏။
ဇူယွမ်၊ ဖန့်ယောင်၊ ထန်းရှောင်ယန့်မှ အခြားသော တပည့်ခေါင်းဆောင်များမှာလည်း အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ရှေးဟောင်းသစ်ပင်ကြီးအား ငေးမောကြည့်ရှုနေမိကြသည်။ ထိုမျှများပြားသော နတ်ဘုံခန်းဝါရတနာများအား တစ်နေရာထဲတွင် မြင်တွေ့ရသည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လွန်းလှ၏။
ရောင်စဉ်လေးသွယ် ဖြာကျတောက်ပနေသော သစ်သီးသစ်ဥများမှာ ရရှိနိုင်ရန် မလွယ်ကူသော ရောင်စဉ်လေးသွယ်ရတနာများပင် ဖြစ်သည်။
အံ့အားသင့်ဖွယ် အကောင်းဆုံးအရာမှာ သစ်ပင်ထိပ်ဖျား၌ ဖြစ်တည်နေသော လက်သီးအရွယ်ခန့်ရှိသည့် သစ်သီးဝလံ လေးလုံးပင် ဖြစ်သည်။ ယင်းသစ်သီးလေးလုံးထံမှ ရောင်စဉ်ငါးသွယ်အလင်းတန်းများ ဖြာထွက်လင်းလက်နေလေသည်။
ထိုသစ်သီးများမှာ ရောင်စဉ်ငါးသွယ်ရတနာများပင် ဖြစ်သည်။
ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များ၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်လာရ၏။
သို့သော် ၎င်းတို့အားလုံးမှာ အနည်းငယ်မျှ စိတ်ကသိကအောက် ဖြစ်နေကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုရှေးဟောင်းသစ်ပင်ကြီးပေါ်၌ ရောင်စဉ်ခြောက်သွယ်ရတနာအား တွေ့ရှိရခြင်းမရှိသောကြောင့်ပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်မူ ခြောက်ရောင်စဉ်ရေကန်ဟု အမည်တွင်သော ဤနေရာ၌ ရောင်စဉ်ခြောက်သွယ်ရတနာမှာ အမှန်တကယ် မတည်ရှိခြင်းပင် ဖြစ်သည်။
ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အနည်းငယ်မျှ စိတ်အလိုမကျ ဖြစ်သွားရပါသော်လည်း အလျင်အမြန်ပင် စိတ်ပြေသွားကြ၏။ မည်သို့ပင်ဆိုစေကာမူ ဤသစ်ပင်ကြီးပေါ်တွင်ရှိနေသော နတ်ဘုံခန်းဝါရတနာများမှာ ၎င်းတို့၏ နတ်ဘုံခန်းဝါရတနာအား ရောင်စဉ်ခြောက်သွယ်အဆင့်သို့ တိုးမြှင့်ရန်အတွက် လုံလောက်ပေလိမ့်မည်။
ဝှစ်.....
ဝှစ်....
ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှ ရှေးဟောင်းသစ်ပင်ကြီးအား ငေးမောကြည့်ရှုနေကြစဉ်မှာပင် လေတိုးသံအချို့အား ကြားလိုက်ရပြီးနောက် အရပ်မျက်နှာအစုံမှ ပုံရိပ်များစွာမှာ ခြောက်ရောင်စဉ်ရေကန်အနီးသို့ ရောက်ရှိလာကြ၏။
တောအုပ်အတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြသော အခြားကလန်များမှ တပည့်များမှာ ယခုအချိန်မှသာ ခြောက်ရောင်စဉ်ရေကန်ဆီသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
၎င်းတို့မှာ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် နတ်ဘုံခန်းဝါရတနာများဖြင့် ပြည့်နှက်နေသော ရှေးဟောင်းသစ်ပင်ကြီးအား လိုချင်ရမ္မက်များ တောက်လောင်နေသော လောဘမျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။
အချို့မှာ ဆန္ဒကိုပင် ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပဲ ရေကန်အလယ်သို့ လျင်မြန်စွာ ပျံဝဲသွားကြသည်။ သို့သော် ရောင်စဉ်လေးသွယ်ရတနာအား ပိုင်ဆိုင်ထားခြင်း မရှိသောကြောင့် ရေကန်ထံမှ တွန်းကန်အားကို မခုခံနိုင်ပဲ အဝေးသို့ လွင့်စင်သွားရ၏။
ကလန်သုံးခုမှ တပည့်များမှာ ထိုအချိန်မှသာ အသိစိတ်များ ပြန်ဝင်လာကြပြီးနောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ရောက်ရှိလာကြသော အခြားကလန်များမှ တပည့်များအား တိုက်ခိုက်လိုက်ကြသည်။
ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင် ယခုကဲ့သို့ အင်အားကြီးကလန်ကြီးသုံးခု စိုးမိုးထားရာ အရပ်ဒေသအား လာရောက်ကျူးလွန်ဝံ့သူ မရှိပေ။
ထို့ကြောင့် ကလန်သုံးခုမှ တပည့်များမှာ အလွန်ပင် ဒေါသများထွက်လျက် စိတ်ပင်မထိန်းနိုင်တော့ပဲ ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ဆူညံပွက်လောရိုက်နေသော ပတ်ဝန်းကျင်အား စိတ်ပင်မဝင်စားဟန်ဖြင့် တစ်ချက်မျှသာ ကြည့်ရှုလိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး ကျားချောင်းချောင်းနေကြတော့၏။
၎င်းတို့အားလုံး ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းမှာ ယခုဆိုလျှင် ပြီးဆုံးသွားပြီပင် ဖြစ်သည်။ ထို့ကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သော မိတ်ဆွေများ မဟုတ်ကြတော့ပဲ ပြိုင်ဆိုင်နေကြသော အင်အားကြီးကလန်များမှ တပည့်ခေါင်းဆောင်များအဖြစ်သာ ပြန်လည်ယူဆနေကြပြီ ဖြစ်သည်။
ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အား ဖြိုခွဲလျက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "အစောတုန်းက သဘောတူထားကြတဲ့အတိုင်း ငါတို့ကန်ရွှမ်းကလန်က လေးဆယ်ရာခိုင်နှုန်း ယူမယ်။ အလှပန်းတစ်ရာနန်းတော်နဲ့ မြင့်မြတ်သောနန်းတော်က တပည့်ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို ကိုယ်တိုင် သဘောတူခဲ့ကြတယ်နော်။"
ထန်းရှောင်ယန့်မှာ အနည်းငယ် တွေဝေသွားရ၏။ ထိုအချိန်မှာပင် ဖန့်ယောင်မှ အေးစက်စွာ ရယ်မောရင်းဖြင့် ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ် မင်းနားလည်မှုလွဲနေတယ် ထင်တယ်။ ခုနက ငါတို့သဘောတူထားတာက ဒီသစ်ပင်နဲ့ မသက်ဆိုင်ဘူးလေ။"
နတ်ဘုံခန်းဝါရတနာများဖြင့် ပြည့်နှက်နေသော ရှေးဟောင်းသစ်ပင်ကြီးမှာ ခြောက်ရောင်စဉ်ရေကန်၏ အစစ်အမှန် ရတနာပင် ဖြစ်သည်။ ခြောက်ရောင်စဉ်ရေကန်အတွင်းရှိနေသော ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ ရှေးဟောင်းသစ်ပင်ကြီးနှင့် နှိုင်းယှဉ်ကြည့်ပါက ဒုတိယတန်းစားမျှသာ ရှိ၏။
ထို့ကြောင့် ဖန့်ယောင်မှာ ဇူယွမ်အား မည်သည့်နည်းနှင့်မျှ ရှေးဟောင်းသစ်ပင်ကြီး၏ လေးဆယ်ရာခိုင်နှုန်းအား ရယူနိုင်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
"မင်းတို့က စကားမတည်တဲ့ ကောင်တွေလား။" ကျင်ကျန်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ ဖန့်ယောင်၏ အရှက်မဲ့သော အပြုအမူမှာ ယင်းအား အလွန်ပင် ဒေါသထွက်စေသည်။
ဖန့်ယောင်မှာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကျင်ကျန်းအား မထီမဲ့မြင်ပြုစွာ ကြည့်ရှုလိုက်သည်။
ဇူယွမ်မှာ မည်သည့်စကားမှ မဆိုပဲ တည်ငြိမ်သော မျက်ဝန်းများဖြင့်သာ ဖန့်ယောင်အား ကြည့်ရှုလိုက်သည်။ ယခုဆိုလျှင် လူတိုင်း၏ ကွယ်ဝှက်ထားသော လောဘစိတ်များမှာ တမြေ့မြေ့ဖြင့် ပေါ်ထွက်လာပြီပင် ဖြစ်သည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင် ဖန့်ယောင်က ဝေစုဘယ်လိုခွဲချင်တာလဲ။"
ဖန့်ယောင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ် ငါတို့ကမင်းကို ခြောက်ရောင်စဉ်ရေကန်အတွက် လေးဆယ်ရာခိုင်နှုန်းတောင် ပေးထားရတာဆိုတော့ သစ်ပင်ကိုတော့ မင်းနည်းနည်း လက်လျှော့သင့်တာပေါ့။ ဒီလိုလုပ်ပါလား။ ငါတို့ရဲ့ မြင့်မြတ်သောနန်းတော်က သစ်ပင်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ယူမယ်လေ။ ကျန်တဲ့ငါးဆယ်ရာခိုင်နှုန်းကိုတော့ မင်းတို့ကန်ရွှမ်းကလန်နဲ့ အလှပန်းတစ်ရာနန်းတော်က အချင်းချင်း ညှိယူလိုက်ကြပေါ့။"
၎င်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နူးညံ့စွာပြုံးလျက် ဆက်လက်စကားဆိုလိုက်သည်။ "ဟင်းဟင်း....မိန်းကလေးတွေကိုတော့ ပိုပြီးဦးစားပေးသင့်တယ်လို့ ငါထင်တယ်။ မင်းတို့ ကန်ရွှမ်းကလန်ကလည်း လူကြီးလူကောင်း ပီသသင့်တယ်မလား။ အဲ့ဒါကြောင့် ငါကတော့ အလှပန်းတစ်ရာနန်းတော်ကို သုံးဆယ်ရာခိုင်နှုန်း ပေးစေချင်တယ်။ မင်းတို့ကတော့ နှစ်ဆယ်ရာခိုင်နှုန်း ယူလိုက်ပေါ့။"
"မင်းတို့ မြင့်မြတ်သောနန်းတော်ရဲ့ ငါးဆယ်ရာခိုင်နှုန်းထဲကပါ ခွဲပေးလိုက်ပါဦးလား။ မိန်းကလေးတွေအပေါ် အရမ်းလူကြီးလူကောင်း ပီသချင်နေရင်။" ကျင်ကျန်းမှ ရွဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ဖန့်ယောင်မှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ "မင်းစကားက အဓိပ္ပါယ်မရှိဘူး ဖြစ်နေတယ်။ ငါတို့ မြင့်မြတ်သောနန်းတော်က ခြောက်ရောင်စဉ်ရေကန်ကို အများကြီး လျှော့ပေးထားရတာလေ။ သစ်ပင်ကိုပါ ဘာလို့လက်လျှော့ရမှာလဲ။"
ယင်းမှ အံကြိတ်ကာပြုံးလျက် ဖြည်းညင်းစွာ ဆက်လက်စကားဆိုလိုက်သည်။ "မင်းတို့က သဘောကောင်းတယ်ဆိုပြီး ငါတို့မြင့်မြတ်သောနန်းတော်ကို အထင်သေးနေတာလား...အဟက်။"
ဇူယွမ်မှာ ဒေါသထွက်နေသော ကျင်ကျန်းအားတားလျက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကြည့်ရတာ ငါတို့ညှိနှိုင်းမှုက အဆင်မပြေတဲ့ပုံပဲ။"
ဖန့်ယောင်မှ သက်ပြင်းချကာ ထန်းရှောင်ယန့်အားကြည့်လျက် စကားဆိုလိုက်သည်။ "ဟူး...ဂျုနီယာညီမတော် ရှောင်ယန့် ကြည့်ရတာ ကန်ရွှမ်းကလန်က လောဘတက်နေပုံပဲ။"
ထန်းရှောင်ယန့်မှာ ခပ်ဖွဖွ ပြုံးလိုက်ပါသော်လည်း မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဖန့်ယောင်အား မယုံကြည်သောကြောင့်ပင် ဖြစ်သည်။ လက်ရှိအခြေအနေအရ ဖန့်ယောင်မှာ သူမတို့အား မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းပေးစေချင်သည်မှာ ထင်ရှားလှသည်။
ဖန့်ယောင်မှာ ထန်းရှောင်ယန့်၏ အပြုအမူအား သတိပြုလိုက်မိပြီးနောက် ကျောက်ရူနှင့် ထန်းရှောင်ယန့်ထံသို့ ချီစွမ်းအင်ဖြင့် စကားသံအချို့အား ပို့လွှတ်လိုက်သည်။ "ဂျူနီယာညီမတော် ထန်းရှောင်ယန့်နဲ့ ကျောက်ရူ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ဒီရေကန်တစ်ခုလုံးရော သစ်ပင်ရောကို ငါးဆယ်-ငါးဆယ်ဆီ ခွဲလို့ရပြီနော်။ ကျွန်တော်တို့သာ ပူးပေါင်းလိုက်ရင် ကန်ရွှမ်းအုပ်စုကို အသာလေး ဖြတ်လိုက်လို့ရတယ်။"
ထန်းရှောင်ယန့်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ဇူယွမ်နှင့် ကျင်ကျန်းတို့အား ကြည့်ရှုလိုက်မိ၏။
ကျောက်ရူမှာမူ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ဖန့်ယောင်၏ ညှိနှိုင်းချက်အား သဘောတူလိုက်ရန် ထန်းရှောင်ယန့်အား ဖိအားပေးချင်နေသည်။
သို့သော် ထန်းရှောင်ယန့်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ဖန့်ယောင်ထံသို့ တုံ့ပြန်စကား ပို့လွှတ်လိုက်သည်။ "တပည့်ခေါင်းဆောင် ဖန့်ယောင် ကျွန်မတို့အားလုံး ဒီရေကန်ကို ရဖို့အတွက် ကြိုးစားခဲ့ရတာလေ။ အဲ့ဒါကြောင့် ဝေစုကိုလည်း မျှမျှတတပဲ ခွဲသင့်တယ်။"
ဖန့်ယောင်မှာ မျက်မှောင်ကျုံ့လိုက်ပြီးနောက် ထန်းရှောင်ယန့်နှင့် ကျောက်ရူထံသို့ စကားအချို့ ထပ်မံပို့လွှတ်လိုက်သည်။ "ဂျူနီယာညီမတော် ရှောင်ယန့်က တကယ်မတွေးတောတက်ဘူးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ရှင်းဖို့ကိစ္စကို ကျွန်တော်တို့ မြင့်မြတ်သောနန်းတော်ကပဲ လုပ်လိုက်ပါ့မယ်။ ညီမတော်တို့က နည်းနည်းလောက်ပဲ အကူအညီပေးပါ။"
ထန်းရှောင်ယန့်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ မထုံတက်သေး အမူအရာဖြင့်သာ ရှိနေ၏။ ကျောက်ရူမှာမူ မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းခြင်းမရှိသော ထန်းရှောင်ယန့်အား အလွန်ပင် စိတ်ပျက်နေမိသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။" ကျင်ကျန်းမှ ဖန့်ယောင်၊ ထန်းရှောင်ယန့်နှင့် ကျောက်ရူတို့အားကြည့်ကာ အော်ဟစ်လိုက်သည်။ ထိုသုံးဦးမှ တိတ်တဆိတ် ဆက်သွယ်စကားပြောနေသည်ကို ကျင်ကျန်းမှ သိရှိနေ၏။
ဖန့်ယောင်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ထန်းရှောင်ယန့်နှင့် ကျောက်ရူတို့အနီးသို့ကပ်ကာ တိုးညင်းစွာ မေးမြန်းလိုက်သည်။ "ခုနကကိစ္စကို ဘယ်လိုထင်လဲ။"
ကျင်ကျန်းမှာ သံသယရှိသော မျက်ဝန်းများဖြင့် ထန်းရှောင်ယန့်အား ကြည့်ရှုနေ၏။ သူသည် အလှပန်းတစ်ရာနန်းတော်နှင့် မြင့်မြတ်သောနန်းတော်တို့ ပူးပေါင်းသွားမည်ကို စိုးရိမ်နေမိသည်။
ထန်းရှောင်ယန့်မှာ ကျင်ကျန်း၏ သံသယမျက်ဝန်းများအား သတိပြုမိသွားသောကြောင့် ရှင်းပြပြောဆိုရန် ပြင်ဆင်လိုက်သည်။
ဝုန်း....
သို့သော် ထိုအချိန်မှာပင် ဖန့်ယောင်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာသည်။
ယင်းသည် လက်သီးဆုပ်လိုက်ပြီးနောက် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ကျောက်ရူအား ထိုးချလိုက်၏။
ကျောက်ရူမှာ အလွန်ပင် ထိတ်လန့်သွားပြီးနောက် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဖန့်ယောင်အား ကြည့်ရှုလိုက်မိသည်။ ဖန့်ယောင်မှ သူမအား ထိုသို့တိုက်ခိုက်ရက်လိမ့်မည်ဟု တစ်ခါမျှပင် တွေးမထင်ထားခဲ့ဖူးပေ။
ဒုန်း...
ဖန့်ယောင်၏ တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှသောကြောင့် ကျောက်ရူမှာ အနည်းငယ်မျှပင် မရှောင်ရှားနိုင်လိုက်ချေ။
အား....
ကျောက်ရူမှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီးနောက် ကောင်းကင်ထက်မှ ပြုတ်ကျသွားရသည်။ သူမပြုတ်ကျလာမှုကြောင့် ခြောက်ရောင်စဉ်ရေကန်မှာ ရေလှိုင်းများပင် ထန်သွားရ၏။
ဖန့်ယောင်၏ တိုက်ခိုက်မှုအား ဇူယွမ်သည်ပင် အမှန်တကယ် အံ့အားသင့်သွားမိသည်။ အလှပန်းတစ်ရာနန်းတော်အား ယခုကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်ဟု ဇူယွမ်မှ တစ်ခါမျှပင် မထင်မှတ်ထားခဲ့ပေ။
ဖန့်ယောင်၏ ဆိုးယုတ်မှုနှင့် လောဘရမ္မက်များမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
ထန်းရှောင်ယန့်မှာ အလွန်ပင် အံ့အားသင့်သွားပြီးနောက် သူမ၏ ကြင်နာနွေးထွေးမှုများ ပြည့်နှက်နေသော မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။
ဖန့်ယောင်မှာ တည်ငြိမ်စွာဖြင့်ပင် ထန်းရှောင်ယန့်အားကြည့်ကာ ပြုံးပြလိုက်သည်။
"ထန်းရှောင်ယန့် မင်းတို့အလှပန်းတစ်ရာနန်းတော်က ငါတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ရဲတယ်ပေါ့လေ။"
ထို့နောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။
"အဲ့လိုဆိုတော့လည်း မင်းတို့အားလုံး သေဖို့သာပြင်ထားကြတော့။"