← Chapters

ပဋိပက္ခများ

Vol. 42 Ch. 584

ပဋိပက္ခများ

Vol. 42 Ch. 584

ခေတ္တမျှသော အချိန်ကလေးအတွင်းမှာပင် ဖန့်ယောင်မှာ ကျောက်ရူအား ပြင်းထန်စွာ ထိုးနှက်လိုက်ပြီ ဖြစ်သည်။ ခြောက်ရောင်စဉ်ရေကန်၏ အပြင်ဖက်တွင် ရှိနေကြသော ကန်ရွှမ်းကလန်၊ မြင့်မြတ်သောနန်းတော်နှင့် အလှပန်းတစ်ရာနန်းတော်မှ တပည့်များမှာ ထိုမြင်ကွင်းကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။

မည်သူကမှ ဖန့်ယောင်သည် အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင် ကျောက်ရူအား ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။

အလှပန်းတစ်ရာနန်းတော်မှ တပည့်များမှာ အလွန်ပင် ဒေါသထွက်သွားရပြီးနောက် မြင့်မြတ်သောနန်းတော်မှ တပည့်များအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ကြသည်။

"ယုတ်မာလွန်းတဲ့ မြင့်မြတ်သောနန်းတော်ကလူတွေ။"

"သူတို့ကိုသတ်ပြီး စီနီယာအမတော် ကျောက်ရူအတွက် လက်စားချေပေးကြမယ်။"

အလှပန်းတစ်ရာနန်းတော်မှ တပည့်များမှာ ဖန့်ယောင်၏ လုပ်ရပ်ကြောင့် အလွန်ပင် ဒေါသထွက်သွားရသည့်အတွက် ပြင်းထန်သောချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ မြင့်မြတ်သောနန်းတော်မှ တပည့်များအား တိုက်ခိုက်လိုက်ကြသည်။

မြင့်မြတ်သောနန်းတော်မှ တပည့်များမှာလည်း အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ အလှပန်းတစ်ရာနန်းတော်အား ပြန်လည်တိုက်ခိုက်လိုက်ကြ၏။

"ငါတို့ဘယ်လိုလုပ်ကြမလဲ။" ဇူထိုက်၊ လုယန်းနှင့် အခြားသော ကန်ရွှမ်းကလန်၏ တပည့်များမှာ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကြောင်အမ်းအမ်း ဖြစ်ကုန်ကြရသည်။ ၎င်းတို့သည် အလှပန်းတစ်ရာနန်းတော်နှင့် မြင့်မြတ်သောနန်းတော်တို့မှာ ယခုကဲ့သို့ တိုက်ခိုက်ကြလိမ့်မည်ဟု ထင်မှတ်မထားကြချေ။

ဂူဟွမ်ချီမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ငါတို့ အလှပန်းတစ်ရာနန်းတော်ကိုကူညီပြီး မြင့်မြတ်သောနန်းတော်ကို တိုက်ခိုက်ကြမယ်။"

ယခုဆိုလျှင် ဖန့်ယောင်မှာ ကလန်သုံးခုကြား ငြိမ်းချမ်းစည်းလုံးမှုကို ပျက်ပြားစေခဲ့ပြီပင် ဖြစ်သည်။  ထို့ကြောင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ပင် အလှပန်းတစ်ရာနန်းတော်နှင့် ပူးပေါင်းသင့်၏။

ဇူထိုက်၊ လုယန်းနှင့် အခြားသော တပည့်များမှာ ဂူဟွမ်ချီ၏စကားအား လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"အလှပန်းတစ်ရာနန်းတော်က စီနီယာအမတော်နဲ့ ဂျူနီယာညီမတော်လေးတွေ ကျွန်မတို့ ကန်ရွှမ်းကလန်ကလည်း မြင့်မြတ်သောနန်းတော်ကို ပူးပေါင်းပြီး တိုက်ခိုက်ပေးပါ့မယ်။"

ကန်ရွှမ်းကလန်၏ တပည့်မှာ မြင့်မြတ်သောနန်းတော်မှ တပည့်များရှိရာသို့ လျင်မြန်စွာပင် ​ပျံဝဲသွားလိုက်ကြသည်။ ဂူဟွမ်ချီမှာ သတိကြီးစွာထားပြီး တပည့်များအား အလှပန်းတစ်ရာနန်းတော်နှင့် ဝေးရာအရပ်သို့သာ ဦးဆောင်ခေါ်သွားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်သောနန်းတော်နှင့် တိုက်ခိုက်ပြီးစီးသွားပါက ၎င်းတို့ကန်ရွှမ်းကလန်အား အလှပန်းတစ်ရာနန်းတော်မှ ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရွံ့သောကြောင့်ပင် ဖြစ်သည်။

ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှပါသော်လည်း အခြေအနေအရပ်ရပ်အား ကြိုတင်တွက်ဆထားမှသာ ကောင်းမွန်သောအဆုံးသတ်ကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ အန္တရာယ်အများဆုံးမှာ လူသားများပင်ဖြစ်သည်ကို ဂူဟွမ်ချီမှ ကောင်းစွာသိရှိထားပြီးပင် ဖြစ်သည်။ ထို့ကြောင့် အစစအရာရာအား သတိကြီးစွာထား၍သာ လုပ်ဆောင်သင့်ပေသည်။

ခြောက်ရောင်စဉ်ရေကန်အပြင်ဖက်၌ ဖြစ်ပေါ်နေသော ကလန်သုံးခု၏ တိုက်ခိုက်မှုမှာ အတော်ပင် ကြီးမားလာ၏။ ဤနေရာသို့ ရောက်ရှိနေကြသော အခြားကလန်များမှ တပည့်များသည်ပင် ၎င်းတိုက်ပွဲအတွင်း ပါဝင်ရမည်ကို ကြောက်ရွံ့သဖြင့် လျင်မြန်စွာပင် ထွက်ပြေးသွားကြသည်။

သို့သော် ထိုအချိန်မှာပင် မြင့်မြတ်သောနန်းတော်မှ တပည့်တစ်ဦးမှ အော်ဟစ်ပြောဆိုလိုက်သည်။ "ငါတို့မြင့်မြတ်သောနန်းတော်ဘက်ကနေ ကူညီတိုက်ခိုက်ပေးတဲ့သူမှန်သမျှ ဟိုရတနာသစ်ပင်ပေါ်က နတ်ဘုံခန်းဝါရတနာတွေကို ဆုလာဘ်အနေနဲ့ ရမယ်။"

ယင်းသို့အော်ဟစ်မှုကြောင့် အချို့အုပ်စုများမှာ ခြေလှမ်းများ ရပ်တန့်သွားကြ၏။ မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းသစ်ပင်ကြီးပေါ်ရှိ နတ်ဘုံခန်းဝါရတနာများမှာ အသက်နှင့်လဲရလောက်အောင် မက်မောချင်စဖွယ်ပင် ဖြစ်သည်။

"ငါတို့ကို ကူညီတဲ့သူတွေကို နတ်ဘုံခန်းဝါရတနာတွေပေးမယ်ဆိုတဲ့ကတိကို မြင့်မြတ်သောနန်းတော်က နန်းဆောင်သခင်ရှန့်ယွမ်ရဲ့ အမည်နာမနဲ့ ကျိန်ဆိုပါတယ်။" မြင့်မြတ်သောနန်းတော်၏ ထိုတပည့်မှ ကျယ်လောင်စွာ ထပ်မံအော်ဟစ်လိုက်သည်။

ထွက်ပြေးရန် ကြံစည်နေကြသော ကလန်အသီးသီးမှ တပည့်များမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ လျင်မြန်စွာပင် ပြန်လည်ပျံဝဲလာကြ၏။

ဤသို့ဖြင့် ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်ရှိ တိုက်ပွဲမှာ ပိုမိုရှုပ်ထွေးသွားရသည်။

ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်၌ တိုက်ခိုက်နေကြသော တပည့်များမှာ မကြာခဏဆိုသလိုပင် ကောင်းကင်ထက်တွင် ရှိနေသော တပည့်ခေါင်းဆောင်များအား ကြည့်ရှုနေကြသည်။ အစစ်အမှန် တိုက်ပွဲမှာ တပည့်ခေါင်းဆောင်များသာ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းတို့အားလုံး ကောင်းမွန်စွာ သိရှိနားလည်ထားကြသည်။

.........

ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်၌ တိုက်ခိုက်သံများဖြင့် ဆူညံပွတ်လောရိုက်နေပါသော်လည်း ကောင်းကင်ထက်ရှိ တပည့်ခေါင်းဆောင်များ၏ အခြေအနေမှာ အေးစက်ငြိမ်သက်နေဆဲသာ ဖြစ်သည်။

ထန်းရှောင်ယန့်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဖန့်ယောင်အား ကြည့်ရှုနေလျက် ရှိ၏။ သူမသည် အမြဲတစေ နွေးထွေးကြင်နာတက်သူဖြစ်သောကြောင့် ယခုကဲ့သို့ အေးစက်ခက်ထန်သည့် အမူအရာအား ဇူယွမ်မှ ပထမဦးစွာ မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"ကောင်းသားပဲ။ မြင့်မြတ်သောနန်းတော်ရဲ့ ပုံစံအစစ်အမှန်ကို ငါဒီနေ့မြင်ဖူးပြီပေါ့။" ထန်းရှောင်ယန့်မှ အံကြိတ်ကာ ပြောလိုက်သည်။

ဖန့်ယောင်မှ တည်ငြိမ်နေသော အမူအရာဖြင့်ပင် စကားဆိုလိုက်သည်။ "ငါတို့နဲ့ ပူးပေါင်းဖို့ ငါအကြိမ်ကြိမ်အခါခါ ပြောသားပဲ။ ဒါပေမယ့် မင်းကမှ လက်မခံတာ။ ဒီအ​ခြေအနေက မင်းတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။"

ဖန့်ယောင်သည် ပထမ၌ အလှပန်းတစ်ရာနန်းတော်နှင့် အမှန်တကယ် ပူးပေါင်းချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထန်းရှောင်ယန့်မှာ ကန်ရွှမ်းအုပ်စုအား သတ်ပစ်ရန်ကိစ္စကို အနည်းငယ်မျှပင် သဘောတူခြင်း မရှိခဲ့ချေ။

ထို့ကြောင့် ဖန့်ယောင်မှာ အလှပန်းတစ်ရာနန်းတော်အား ဦးစွာပထမ တိုက်ခိုက်ခြင်းပြုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် သူသည် အနည်းငယ် နောင်တရမိ၏။ စင်စစ်အားဖြင့် ယင်းသည် ထန်းရှောင်ယန့်အား တိုက်ခိုက်ရန်  ကြံစည်ထားခြင်း ​ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျောက်ရူမှာ  ရင်သားသာကြီး၍ ဦးနှောက်မရှိသော မိန်းမမျိုးပင် ဖြစ်၏။ ထို့ကြောင့် ထန်းရှောင်ယန့်ကိုသာ တိုက်ခိုက်ခဲ့ပါက ကျောက်ရူကဲ့သို့ မတွေးတောတက်သော မိန်းမမျိုးမှာ ၎င်းအား ဘာမှတုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ထန်းရှောင်ယန့်မှာ သတိကြီးလွန်းလှသဖြင့် အစမှအဆုံးတိုင် ယင်းနှင့်နီးကပ်စွာ မနေခဲ့ပဲ ခပ်ခွာခွာ အနေအထားဖြင့်သာ ရှိနေခဲ့၏။ ထို့ကြောင့် ရွေးချယ်စရာမရှိပဲ ကူကယ်ရာမဲ့စွာဖြင့် ၎င်းအား အလွန်အမင်း ကပ်နေသော ကျောက်ရူကိုသာ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအခါတွင် ကျောက်ရူမှာ တိုက်ခိုက်နိုင်တော့မည် မဟုတ်သောကြောင့် အခြေအနေမှာ သုံးယောက် နှစ်ယောက် ဖြစ်သွားပြီပင် ဖြစ်သည်။ ထို့ကြောင့် ဖန့်ယောင်မှာ ကြောက်ရွံ့နေစရာအကြောင်း မရှိပါချေ။

ထန်းရှောင်ယန့်မှ အေးစက်စွာ ရယ်မောရင်းဖြင့် စကားဆိုလိုက်သည်။ "နင်နဲ့ ပူးပေါင်းရမယ်ဟုတ်လား။ နင့်ရဲ့ လောဘအတောမသတ်နိုင်တဲ့ ပုံစံမျိုးနဲ့ဆို ကန်ရွှမ်းကလန်ကို တိုက်ခိုက်ပြီးတာနဲ့ ငါတို့အလှပန်းတစ်ရာနန်းတော်ဘက် လှည့်လာမှာလေ။ ငါက အဲ့လောက်တောင် မတွေးတက်တဲ့ အရူးပုံ ပေါက်နေလို့လား။"

ဖန့်ယောင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "အခုအချိန်မှတော့ အဲ့ဒါတွေ ပြောနေတော့ရော ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။"

ထန်းရှောင်ယန့်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဖန့်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ဇူယွမ်နဲ့ ကျင်ကျန်း ဒီအခြေအနေမှာ ကျွန်မတို့ ပူးပေါင်းသင့်တယ်မဟုတ်လား။"

ဇူယွမ်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်တော်ကလည်း ပူးပေါင်းဖို့ အသင့်ပါပဲ။"

ထန်းရှောင်ယန့်မှာ ပြုံးလိုက်ပြီးနောက် ဇူယွမ်နှင့် ကျင်ကျန်းအနီးသို့ တိုးကပ်သွားလိုက်သည်။

ဇူယွမ်မှာ ဖန့်ယောင်အားကြည့်လျက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "သုံးယောက် နှစ်ယောက် အခြေအနေက မင်းတို့အတွက် ဆိုးရွားလိမ့်မယ်လို့ မခံစားမိဘူးလား။"

ဖန့်ယောင်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်၏။ "မိန်းမတစ်ယောက်လောက် မင်းတို့ဘက်ပါသွားတာနဲ့ ယုံကြည်မှုတွေ ထကြွလာတာလား....အဟက်။"

သူသည် လက်ကောက်ဝတ်တွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်အားပုတ်လိုက်သည်နှင့်တကွ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအနီရောင်အလင်းတန်းမှာ ဖြည်းညင်းစွာဖြင့် သွေးနီရောင်ခေါင်းတလားကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ယင်းခေါင်းတလားကြီး၏ ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းမှော်စာလုံးများစွာ ရေးထွင်းထားလေသည်။

ဖန့်ယောင်မှာ ခေါင်းတလားကြီး၏ အဖုံးအား ဖြည်းညင်းစွာ တွန်းဖယ်လိုက်လေသည်။ ယင်းအား စောင့်ကြည့်နေသော ဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရပြီးနောက် ကျင်ကျန်း၏ အမူအရာမှာလည်း ပြောင်းလဲသွားရသည်။

ခေါင်းတလာအတွင်း၌ ဖြူရော်နေသော အလောင်းကောင်ကြီးတစ်ခုရှိနေပြီး ယင်း၏အသက်မဲ့နေသော ခန္ဓာကိုယ်ပေါ်၌ ရှေးဟောင်းမှော်စာလုံးများစွာ ရေးဆွဲထားလျက် ရှိသည်။

ထိုအလောင်းကောင်မှာ ဇူယွမ်၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားရသော နင်မော့၏သက်မဲ့ခန္ဓာကိုယ်ပင် ဖြစ်လေသည်။

ဖန့်ယောင်မှာ အလောင်းကောင်အားကြည့်လျက် ခပ်ဖွဖွပြုံးလိုက်သည်။

"မြင့်မြတ်သောနန်းတော်ရဲ့ လျှို့ဝှက်ကျင့်စဉ် သွေးရုပ်ကလာပ်ထိန်းချုပ်ခြင်း..."

"ငါ့ကိုအကူအညီပေးပါ။"

All Chapters