ခရမ်းရောင်နန်းတော် နှစ်ခု
Vol. 1 Ch. 183
"အောင်မြင်သွားပြီ"
ကျန်းရီ ပျော်ရွှင် သွားခဲ့သည်။ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းပြီးသွားပြီ ဖြစ်၍ သိုင်းလောကထဲသို့ သူလုံးဝ ရောက်ရှိသွားပြီ ဖြစ်လေသည်။ သူ၏ အတွင်းအားများ ပြတ်လပ် သွားမည်ကို စိုးရိမ်နေရန် မလိုတော့ပေ။ ယခု သူသည် သိုင်းလောက၏ ထိပ်ဆုံးသို့ တက်လှမ်းကာ လူတကာ၏ ထိပ်တွင် ဝင့်ကြွားစွာ ရပ်တည်နိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။
ကျန်းရီ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ကမ္ဘာမြေ၏ မီးတောက်ကို သုံး၍ ဟုန်လောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ၎င်းမှာ ပြင်ပ အကူအညီကို သုံးနေခြင်းသာ ဖြစ်လေသည်။
သိုင်းပညာတွင် ပြင်ပ အကူအညီများသည် အင်အားကို တိုးပေး နိုင်သော်လည်း ဤနည်းလမ်းမှာ အမှန်တကယ် အရည်အချင်း ရှိသူတို့နှင့် လားလားမျှ မသက်ဆိုင်ပေ။ ထို့ပြင် သိုင်းသမား တစ်ယောက်သည် ပြင်ပ အကူအညီများကိုသာ တစ်ချိန်လုံး မှီခိုနေပါလျှင် ထိုလူသည် ကျင့်ကြံခြင်း လမ်းကြောင်းမှ သွေဖည် သွားပေလိမ့်မည်။
ကျန်းပိုင်လီကို ဥပမာ ယူကြပါစို့။ သူသည် ဗာဂျရာ အဆင့်သို့ ရောက်ရှိ သွားသည့်အခါ မည်သည့် ရတနာများကိုမှ အသုံးမပြုတော့ဘဲ သူအသက်ဆယ့်ငါးနှစ် အရွယ်က ရရှိခဲ့သော အဖိုးတန် ရတနာကိုတောင် ကျန်းရိလျှိုအား ချီးမြှင့်ခဲ့သည်။ သူ ကျန်းရိလျှိုအား အုပ်ချုပ်သူ တံဆိပ်တုံး ပေးခဲ့ခြင်းမှာ သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ဆိုးကျိုးများ သက်ရောက် လာနိုင်သောကြောင့် ဖြစ်လေသည်။
ကမ္ဘာမြေ၏ မီးတောက်များသည် အလွန် ချောက်ချားဖွယ် ကောင်းလှသည်။ သူ့ကိုယ်ပိုင် အင်အားသည် ကမ္ဘာမြေ၏ မီးတောက်များကို မထိန်းချုပ်နိုင်ပါလျှင် ကျင့်ကြံခြင်း ဇာစ်မြစ်များကို ဖြုန်းတီး လိုက်သည်နှင့် မခြားပေ။
ဥပမာအားဖြင့် ကမ္ဘာမြေ၏ မီးတောက်များသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်ကို သတ်ဖြတ်နိုင်သည် ဆိုတိုင်း ကျန်းရီကရော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမအဆင့်ကို သတ်ဖြတ်နိုင် ပါမည်လော။ သူ ဟုန်လောင်အား သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းလွန်း၍ ဖြစ်သည်။ ဟုန်လောင်သည် မီးတောင် အောက်ခြေတွင် အင်အားကို အထောက်အကူပြုမည့် မည်သည့်အရာမှ မရှိခဲ့ချေ။ သို့မဟုတ်ပါက ဟုန်လောင်၏ အမြန်နှုန်းနှင့် ဆိုလျှင် ကျန်းရီအား အသာလေး သတ်နိုင်လေသည်။
ကျန်းရီသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း သိသောကြောင့် ကျင့်ကြံရာတွင် မပေါ့ဆရဲပေ။ သူ့ကိုယ်ပိုင် အင်အားကို တိုးတက်အောင် လုပ်ခြင်းကသာ မှန်ကန်သော လမ်းကြောင်း ဖြစ်လေသည်။
အတွေးမလွန်နဲ့ ... ငါ မီးလင်ဇီးမှိုကို အရင် သန့်စင်ရမယ် မဟုတ်ရင် အကုန် အလကား ဖြစ်ကုန်မှာ …။
ကျန်းရီသည် အတွေးများမှ ရုန်းထွက်လိုက်ပြီး ခရမ်းရောင် နန်းတော်ကိုသာ အာရုံစူးစိုက် ထားလိုက်ပြီး အပြာရောင် အတွင်းအားများကို ထုတ်ယူ၍ မီးလင်ဇီးမှိုကို သန့်စင်ရန် လုပ်ဆောင်လိုက်သည်။
ဒန်တျန်းထဲရှိ အတွင်းအားများသည် ခရမ်းရောင် နန်းတော်အဖြစ် ဖွဲ့စည်း သွားသော်လည်း အတွင်းအားများ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ အတွင်းအားများသည် ခရမ်းရောင် နန်းတော်တွင်းသို့ ရောက်သွားကာ အရည်အဖြစ် ပြောင်းလဲ သွားခြင်းသာ ဖြစ်လေသည်။
သူအတွင်းအား အသုံးပြုချင်လာလျှင် ခရမ်းရောင် နန်းတော်ထဲမှ အတွင်းအား အရည်ကိုသာ ထုတ်ယူရန် လိုအပ်သည်။ ခရမ်းရောင် နန်းတော်ထဲမှ ထွက်လာသည်နှင့် အတွင်းအား အရည်သည် အတွင်းမျှင်များအဖြစ် အလိုအလျောက် ပြောင်းလဲ သွားလိမ့်မည်။ ယခု သူ့ကျင့်ကြံဆင့်သည် မြင့်သွားပြီ ဖြစ်လေရာ အတွင်းအား၏ အင်အားသည်လည်း တိုးတက် လာပေလိမ့်မည်။
သူသည် စိတ်အစုံကို ခရမ်းရောင် နန်းတော်ဆီ စူးစိုက်လိုက်ရာ သူ့တစ်ကိုယ်လုံး တုန်လှုပ် သွားသည်အထိ နောက်တစ်ကြိမ် အံ့အားသင့် သွားရပြန်လေသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် အလန့်တကြား အော်ဟစ်လိုက်သည်။
"သေလိုက်ပါတော့ကွာ"
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ကျန်းရီကို သေသေချာချာ စောင့်ကြည့် နေခဲ့ကြရာ သူခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းပြီးမှန်း ခန်းမှန်းမိ ကြလေသည်။ ယခုတွင် ချမ်ဝမ်ကွမ်သည် ကျန်းရီ၏ မျက်နှာပျက်ယွင်း သွားသည်ကို မြင်လိုက်သောကြောင့် စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
"အစ်ကိုကြီး ... ဘာဖြစ်တာလဲ ခရမ်းနန်းတော် ဖွဲ့စည်းတာမှာ ကျရှုံး သွားလို့လား ဒါက သိပ်မဟုတ်သေးဘူး"
သိုင်းသမား တစ်ယောက်သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အမြင့်ဆုံး အဆင့်သို့ ရောက်သောအခါ သင့်တော်သော နည်းလမ်းများကို သုံး၍ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းလျှင် ပုံမှန်အားဖြင့် ဘာပြဿနာ မရှိပေ။ ကံဆိုးမှသာ အတွင်းအား ဖောက်ပြန်၍ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းခြင်း ကျရှုံး သွားတတ်သည်။ ကံအဆိုးဆုံး လူများမှာမူ ဒန်တျန်းတောင် ပေါက်ကွဲ သွားနိုင်လေသည်။ ကျန်းရီ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းသော နည်းလမ်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ညွှန်ကြားထားသည့် နည်းလမ်းအတိုင်း ဖြစ်၍ မှားစရာ အကြောင်းမရှိပေ။ ကျန်းရီ၏ ပါရမီအရ ဆိုလျှင် သူကျရှုံးရန်မှာ ပိုလို့ပင် မဖြစ်နိုင်သေးပေ။
ကျန်းရီသည် ချမ်ဝမ်ကွမ်၏ မေးခွန်းများကို ပြန်မဖြေဘဲ မျက်လုံးများကိုသာ မှိတ်ချလိုက်သည်။ သူသည် ကိုယ်တွင်း အမြင်အာရုံကို သုံး၍ ဒန်တျန်းထဲရှိ ခရမ်းရောင် နန်းတော်ကို ကြည့်လိုက်ရာ အံ့အားသင့် သွားရပြန်လေသည်။ ခရမ်းရောင်နန်းတော် အတွင်းတွင် အတွင်းအား အရည်များ ရှိရမည် ဖြစ်သော်လည်း အထဲတွင် အတွင်းအားအရည် တစ်စက်လေးတောင် ရှိမနေပေ။ ထိုအစား ခရမ်းရောင် နန်းတော်၏ အလယ်တွင် အနက်ရောင် ရောယှက်နေသော ခရမ်းရောင် နန်းတော်ငယ် တစ်ခု တည်ရှိနေခဲ့သည်။
သူခရမ်းရောင်နန်းတော် နှစ်ခုတောင် ဖွဲ့စည်းလိုက်မိသည်။
သို့မဟုတ် ခရမ်းရောင် နန်းတော် ဖွဲ့စည်းချိန်က အနက်ရောင် အတွင်းအားများ ပါသွားသောကြောင့် အရွယ်အစား မတူသော ခရမ်းရောင် နန်းတော်နှစ်ခုကို ဖွဲ့စည်းမိလိုက်သည်လား
သေစမ်း ... ဒီအနက်ရောင် အတွင်းအားကြောင့် ငါသေတော့မှာပဲ။
ကျန်းရီသည် ဒေါသ ထွက်လွန်း၍ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ခရမ်းရောင်နန်းတော် ဆိုတာ ဘာလဲ သိုင်းသမား တစ်ယောက်သည် ခရမ်းရောင်နန်းတော်ကို ဖွဲ့စည်းရာတွင် အမှားလုပ်၍ မရပေ။ ထိုအရာက ပြဿနာ မဟုတ်သေးပေ။ ယခုမူ ခရမ်းရောင် နန်းတော်သည် လုံးဝ ပုံစံပြောင်းလဲ သွားခြင်း ဖြစ်လေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ တည်းက ကောင်းကင်ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် ခရမ်းရောင် နန်းတော်ထဲတွင် ခရမ်းရောင် နန်းတော်လေး တစ်ခု ဖြစ်လာခဲ့သည်ဟု ဘယ်သူကမှ မပြောခဲ့ဖူးပေ။
ဒီခရမ်းရောင် နန်းတော်လေးကို အရင် ကြည့်ကြည့်ရမယ်။
ကျန်းရီသည် စိတ်ကို တည်ငြိမ်အောင် ထား၍ ခရမ်းရောင် နန်းတော်လေးထံ အာရုံစူးစိုက် လိုက်သည်။ ခရမ်းရောင် နန်းတော်လေးသည် လုံးဝ ပုံမှန်အတိုင်း ဖြစ်နေ၍ အထဲတွင် အနက်ရောင် အတွင်းအား အရည် သုံးစက်ပါ ရှိနေသည်ကို တွေ့လိုက်ရမှ သူစိတ်သက်သာရာ ရသွားခဲ့သည်။
ထွက်လာစမ်း ….။
ကျန်းရီသည် အနက်ရောင် အတွင်းအား အရည်တစ်စက်ကို ထိန်းချုပ်လိုက်ရာ သူမမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သွားခဲ့သည်။ ထိုအတွင်းအား အရည်တစ်စက် ခရမ်းရောင် နန်းတော်ငယ်ထံမှ ထွက်လာသည်နှင့် အပြာရောင် အတွင်းအား အရည်များအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ပမာဏသည်လည်း တစ်စက်မှ အစက်တစ်ရာ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
အပြာရောင် အတွင်းအား ထွက်လာခဲ့ …။
ကျန်းရီသည် အပြာရောင် အတွင်းအား အရည်တစ်စက်ကို ထိန်းချုပ်၍ ခရမ်းရောင်နန်းတော် အပြင်ဘက်ကို ထုတ်ယူလိုက်သည်။ အပြာရောင် အတွင်းအား အရည်တစ်စက်သည် အပြာရောင် အတွင်းအား အမျှင်တစ်ရာအဖြစ် ပြောင်းလဲ သွားခဲ့သည်ကို တွေ့မှသာ သူစိတ်သက်သာရာ ရသွားခဲ့သည်။
သူ၏ အတွင်းအားများ ရှိနေသေးသည်။ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။
ခရမ်းရောင် နန်းတော်သည် ပုံစံပြောင်းလဲ သွားခဲ့သော်လည်း အင်အားသည် အတူတူသာ ဖြစ်နေသေးသည်။ အတွင်းအားများ ရှိနေသေးသရွေ့ သူသည် ပုံမှန် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် သိုင်းသမား တစ်ယောက်သာ ဖြစ်လေသည်။
ငါနောက်မှပဲ လေ့လာတော့မယ် မီးလင်ဇီးမှိုကို ဆက်ပြီး သန့်စင်ရမယ်။
ကျန်းရီသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အတွင်းအားများကို မီးလင်ဇီးမှိုအနီး လှည့်ပတ် စေလိုက်ပြီး ဖြည်းဖြည်းချင်း ဆက်လက် သန့်စင်လိုက်သည်။
မီးလင်ဇီးမှိုသည် ဖြည်းဖြည်းချင်း ပျော်ဝင်သွားခဲ့ပြီး သူ့သွေးကြောများထဲသို့ အနီရောင် စွမ်းအင်များ ရောက်ရှိ သွားခဲ့သည်။ သူသည် အတွင်းအားများနှင့် ပေါင်းစပ် လိုက်သောအခါ အနီရောင် စွမ်းအင်များသည် ခရမ်းရောင် နန်းတော်အတွင်း ဝင်ရောက် သွားခဲ့ပြီး အပြာရောင် အတွင်းအား အရည်များ ဖြစ်သွားကြသည်။
ခရမ်းရောင် နန်းတော်မှာ ဒီလို စွမ်းရည်ရှိတယ်။
မိနစ်သုံးဆယ်ခန့် အတွင်း မီးလင်ဇီးမှိုကို သန့်စင်ခြင်း လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကျန်းရီ၏ ခရမ်းရောင် နန်းတော်ထဲတွင် အပြာရောင် အတွင်းအား အရည်များစွာ ရှိနေပြီ ဖြစ်လေသည်။
ကျန်းရီသည် မျက်လုံးများ ဖွင့်လိုက်ပြီး အတွင်းအားများကို လက်ဝါးတွင် စုစည်းလိုက်သည်။ သူသည် အတွင်းအား ပေါက်ကွဲလက်ဝါးကို ထုတ်ဖော် ကြည့်ကာ ၎င်းတွင် ကြောက်စရာ အင်အား ရှိသေးသည်လားကို စစ်ဆေးလိုက်သည်။ ထို့နောက်မှ သူသက်ပြင်းချ နိုင်လေသည်။
"အစ်ကိုကြီး ... အခြေအနေ"
ချမ်ဝမ်ကွမ်သည် စိတ်လှုပ်ရှားစွာ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ ကျန်းရီသည် သူ့ဟာသူ ရေရွတ်နေပြီးမှ ခေါင်းယမ်းပြလိုက်သည်။
"ငါ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းတုန်းက ပြဿနာလေး တစ်ခု ရှိခဲ့တယ် ... ငါလည်း သေချာတော့ မရှင်းလင်းသေးဘူး။ မင်းတို့ကို နောက်မှ ရှင်းပြမယ်။ ပြီးတော့ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းတာ အောင်မြင်တယ် ... မင်းတို့တွေ စိတ်ပူမနေကြနဲ့တော့"
"ကောင်းပြီ ... အစ်ကိုကြီး အဲဒါကို အချိန်ယူပြီး သုံးသပ်ကြည့်၊ စောစောလည်း အနားယူဦး ... ကျွန်တော်တို့ မနက်ဖြန် မနက်စောစော ကြယ်ကောင်းကင်မြို့ကို သွားရတော့မှာ"
ကျန်းရီ မပြောလျှင် သူတို့ကလည်း မေးမည် မဟုတ်ပေ။ ကျန်းရီတွင် လျှို့ဝှက်ချက် များစွာ ရှိလေသည်။ ခရမ်းရောင် နန်းတော်ကို ဖွဲ့စည်းခြင်းလည်း အောင်မြင်သွားခဲ့ပြီ ဖြစ်ရာ ပြဿနာ ကြီးကြီးမားမား မရှိတော့ပေ။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ကျန်းရီသည် အသေးစိတ်ကို သေချာ လေ့လာတော့သည်။ ဉာဉ့်နက်သွားပြီ ဖြစ်သော်လည်း ကျန်းရီသည် ဘာကိုမှ သေချာ နားမလည်သေးပေ။
သူသည် အချို့အချက် များကိုတော့ အတည်ပြု လိုက်နိုင်သည်။ သူ့ခရမ်းရောင် နန်းတော်တွင်ရော၊ ဒန်တျန်းထဲတွင်ပါ ပြဿနာ လုံးဝ မရှိပေ။ လက်ရှိတွင် သူသည် မီးလင်ဇီးမှိုမှ စွမ်းအင်များကို စုပ်ယူထားပြီး ဖြစ်ရာ ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်သို့ ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
အကုန်လုံး ပုံမှန်ပဲ။
ပုံမှန်မဟုတ်သော တစ်ခုတည်းသော အရာသည် သူ့ခရမ်းရောင် နန်းတော်ထဲတွင် ခရမ်းရောင် နန်းတော်လေး တစ်ခု ထပ်ရှိနေခြင်းပင်။ ထိုခရမ်းရောင် နန်းတော်ငယ်သည် မည်သည့်အရာမှ သုံးစရာ မလိုလောက်ပေ။
မဟုတ်သေးဘူး ... ငါ့အနက်ရောင် အတွင်းအားတွေ ဘယ်မှာလဲ။
ကျန်းရီသည် ပြဿနာတစ်ခုကို တွေးမိသွားခဲ့သည်။ သူ့အနက်ရောင် အတွင်းအားများ ဘယ်ရောက်နေသနည်း။ ထိုအနက်ရောင် အတွင်းအားများသည် ခရမ်းရောင်နန်းတော် ဖွဲ့စည်းပြီး ချိန်မှစ၍ ပျောက်ကွယ် သွားသည့်အလား။ ခရမ်းရောင် နန်းတော်ငယ်က အနက်ရောင် အတွင်းအားနဲ့ ဖွဲ့စည်း ထားတာလား။
အနက်ရောင် အတွင်းအားတွင် ဆန်းကြယ်သော ခွန်အားများ ပါဝင်နေသည်။ ကျန်းရီသည် သူအနက်ရောင် အတွင်းအားကို ကျင့်ကြံနိုင်သေးသည်လား သိရန် အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံ ကြည့်လိုက်သည်။
ပုံမှန်မဟုတ်သော အရာတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။
အစက သူအမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံလျှင် ဒန်တျန်းထဲတွင် အနက်ရောင် အတွင်းအား တစ်မျှင် ဖြစ်ပေါ်လာမည် ဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင် အနက်ရောင် အတွင်းအားမျှင်သည် ဒန်တျန်းထဲတွင် ပေါ်ထွက်မလာခဲ့ဘဲ ခရမ်းရောင် နန်းတော်ငယ်လေး အတွင်း ဝင်ရောက် သွားခဲ့ပြီး အတွင်းအား အရည်အဖြစ် ပြောင်းလဲ သွားခဲ့လေသည်။ အတွင်းအားဆယ်မျှင်မှ အတွင်းအား အရည် တစ်စက် ဖြစ်လာသော်လည်း ကျန်းရီ ဆွံ့အ နေမိလေသည်။
သူအမှတ်မမှားလျှင် အနက်ရောင် အတွင်းအား အရည်တစ်စက်သည် အပြာရောင် အတွင်းအားအရည် အစက်တစ်ရာ အဖြစ် ပြောင်းလဲနိုင်ပြီး အပြာရောင် အတွင်းအား အရည်တစ်စက်သည် အပြာရောင် အတွင်းအား အမျှင်တစ်ရာအဖြစ် ပြောင်းလဲနိုင်လေသည်။
တစ်နည်းအားဖြင့် ဆိုသော် သူကျင့်ကြံလိုက်သော အနက်ရောင် အတွင်းအား တစ်မျှင်သည် အပြာရောင် အတွင်းအား အမျှင်တစ်ထောင်သို့ ပြောင်းလဲနိုင်လေသည်။
ဘုရားသခင် ...
တွက်ချက် ကြည့်လိုက်ပြီးနောက် ကျန်းရီ တုန်လှုပ် သွားခဲ့သည်။ ကျန်းရေဓာတ် ကျင့်စဉ်ကို တစ်ခါကျင့်ကြံမှ အပြာရောင် အတွင်းအား အမျှင်တစ်ရာခန့်သာ သူထုတ်ယူနိုင်ခဲ့သည်။ ယခု ခရမ်းရောင် နန်းတော်ငယ်နှင့် ဆိုလျှင် သူ့ကျင့်ကြံနှုန်းသည် ဆယ်ဆခန့် မြန်ဆန်သွားပြီ မဟုတ်ပါလား။
***