← Chapters

ဖန့်ယောင်နှင့်တိုက်ခိုက်ခြင်း

Vol. 42 Ch. 585

ဖန့်ယောင်နှင့်တိုက်ခိုက်ခြင်း

Vol. 42 Ch. 585

သွေးနီရောင်ခေါင်းတလားကြီးထံမှ ထူးခြားသော အငွေ့အသက်များ ပေါ်ထွက်လာသဖြင့် ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

ခရက်...

အသံသဲ့သဲ့တစ်ချက်နှင့်အတူ နင်မော့၏ ရုပ်အလောင်းမှာ စတင်လှုပ်ရှာစလာပြီးနောက် ခေါင်းတလာအပြင်ဖက်သို့ ဖြည်းညင်းစွာဖြင့် ထွက်လာလေသည်။

ယင်း၏မျက်ဝန်းများမှာ အသက်ဓာတ်ကင်းမဲ့စွာဖြင့် ဖြူရော်နေလျက် ရှိသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်ထံမှ ကြက်သီးမွှေးညှင်းများပင် ထစေနိုင်လောက်သော အငွေ့အသက်များ ထွက်ပေါ်နေပေသည်။

ထန်းရှောင်ယန့်မှာ အံကြိတ်လျက် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "နင်....နင်တို့ကလန်က ဂိုဏ်းတူညီအကိုတွေရဲ့ ရုပ်အလောင်းကို သွေးရုပ်ကလာပ်အဖြစ် ပြောင်းလဲပြီး ထိန်းချုပ်နေတာပေါ့လေ။"

ဇူယွမ်၏ မျက်ဝန်းများမှာ စက်ဆုပ်ရွံရှာသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ဖန့်ယောင်မှာ အမှန်တကယ်ပင် ရွံရှာဖွယ်ကောင်းလှသည်။ နင်မော့သည် သူ၏ဂိုဏ်းတူညီအကို ဖြစ်နေပါလျက်ဖြင့်ပင် ယင်း၏သက်မဲ့ခန္ဓာအား ငြိမ်းချမ်းစွာ အနားယူခွင့်မပြုပဲ သွေးရုပ်ကလာပ်အဖြစ်သို့ ပြောင်းလဲကာ သူ၏ကိုယ်ကျိုးအတွက် အသုံးချခဲ့သည်။

ဖန့်ယောင်မှာ ထန်းရှောင်ယန့်နှင့် ဇူယွမ်တို့၏ စက်ဆုပ်ရွံရှာနေသော အကြည့်များအား ဂရုပင်မစိုက်ပဲ လျစ်လျူရှုထားလျက် အသက်ဓာတ်ကင်းမဲ့နေသော နင်မော့၏ရုပ်အလောင်းအား ညင်သာစွာ ထိတွေ့လိုက်သည်။

သွေးရုပ်ကလာပ်တစ်ခုအား ဖန်တီးပြုလုပ်ရန်မှာ လွန်စွာခက်ခဲလွန်းလှ၏။ ဖန့်ယောင်သည် အတိတ်ကာလများ၌ ထိုပညာရပ်အား ကောင်းစွာသင်ယူခဲ့ပါသော်လည်း မည်သည့်အခါမှ အသုံးပြုခဲ့ခြင်း မရှိချေ။

​မူလအရင်းအမြစ်များဖြင့် အဆင့်ဆင့် သန့်စင်ထားသော သွေးရုပ်ကလာပ်မှာ ယင်းအသက်ရှိစဉ်ကာလကထက်ပင် ပိုမိုအစွမ်းထက်နိုင်ပေသည်။ သို့သော် အသုံးပြုရသော မူလအရင်းအမြစ်များမှာ အလွန်ပင် ရှားပါးလွန်းလှပြီး ဖန့်ယောင်ကဲ့သို့သော သူမျိုးအတွက်ပင် ရှားပါးစွာဖြင့် လိုက်လံစုဆောင်းရခြင်း ဖြစ်သည်။

"သေပြီးတဲ့အချိန်ထိတောင် ဒီလိုမျိုး ငါတို့မြင့်မြတ်သောနန်းတော်အတွက် အသုံးဝင်နေတာကိုသာသိရင် ဂျူနီယာညီတော် နင်မော့က ပျော်တောင်ပျော်နေဦးမှာကွ။" ဖန့်ယောင်မှ ထန်းရှောင်ယန့်နှင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။

"ပြီးတော့ မြင့်မြတ်သောနန်းတော်က အကြီးအကဲတွေကလည်း ဒီကိစ္စကို ဆန့်ကျင်ကြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့မြင်မြတ်သောနန်းတော်အတွက် အရေးအကြီးဆုံးက ဂုဏ်သိက္ခာပဲ။ အဲ့ဒါကြောင့် ငါကမြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် နင်မော့ရဲ့အလောင်းကို သုံးတယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ။"

ဖန့်ယောင်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်သည်။

"အခုလို အခြေအနေမှာရော မင်းတို့နိုင်လိမ့်မယ်လို့ ထင်နေတုန်းပဲလား။"

ဖန့်ယောင်မှာ လက်နှစ်ဖက်အား ကျောဖက်တွင် ယှက်သိုင်းထားလျက် အလွန်ပင် သက်တောင့်သက်သာဖြစ်နေဟန် ရှိသည်။ အလှပန်းတစ်ရာနန်းတော်မှ တပည့်ခေါင်းဆောင်တစ်ဦးအား ရှင်းထုတ်လိုက်ပြီးနောက် အခြေအနေများမှာ မြင့်မြတ်သောနန်းတော်ဖက်သို့ ကျရောက်လာပြီပင် ဖြစ်သည်။ သုံးဦး သုံးဦး ယှဉ်ပြိုင်တိုက်ခိုက်ရမည့် တိုက်ပွဲတွင် ၎င်းတို့မြင့်မြတ်သောနန်းတော်ဖက်မှ ရှုံးနိမ့်သွားစရာ အကြောင်းမရှိပေ။

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့၏ အမူအရာမှာ ပျက်ယွင်းသွားရ၏။ လက်ရှိအနေအထားအရ အခြေအနေမှာ ယင်းတို့ဖက်တွင် ရှိမနေချေ။ နှစ်ဖက်လုံး၌ လူဦးရေတူညီနေပါသော်လည်း ဖန့်ယောင်မှာ သာမန်တပည့်ခေါင်းဆောင်များထက် သာလွန်သောအရည်အချင်းရှိသူ ဖြစ်သည်။

သူသည် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံး၏  တပည့်ခေါင်းဆောင်များစာရင်းတွင်ပင် အထူးချွန်ဆုံး ဆယ်ယောက်အတွင်း ပါဝင်သူဖြစ်သည်။

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းတို့၏ အမူအရာအားကြည့်ရှုလိုက်ပြီးနောက် ဖန့်ယောင်မှာ ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။ "ထန်းရှောင်ယန့် ထန်းရှောင်ယန့် အခုတော့ မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တရနေပြီမလား။ ကန်ရွှမ်းကလန်က သုံးစားမရတဲ့ကောင်တွေက အားကိုးလို့ရမယ် ထင်နေလား။"

ထန်းရှောင်ယန့်မှ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိသေးခင်မှာပင် ဇူယွမ်မှာ အလွန်ပင် ပျင်းရိနေဟန်ဖြင့် ဖန့်ယောင်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာလို့အပိုစကားတွေ ပြောနေရတာလဲ။ ငါတို့တိုက်ခိုက်ကြည့်လိုက်ရင် အဖြေကိုသိရမှာပဲမလား။ ဘယ်သူက သုံးစားမရတဲ့ကောင်လဲဆိုတာကိုလေ။"

"နင်မော့ကလည်း မင်းလိုပဲ စကားကြီးစကားကျယ်တွေ ပြောခဲ့တာပဲ။ နောက်ဆုံးတော့ သူဘယ်လိုအဆုံးသတ်သွားရလဲဆိုတာ တွေ့တယ်မလား။"

ထန်းရှောင်ယန့်မှာ ဇူယွမ်၏ပုံရိပ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိသည်။ မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိပါသော်လည်း ယုံကြည်ချက်ပြည့်ဝနေသော ဇူယွမ်အားကြည့်ကာ သူမသည်လည်း အနည်းငယ် စိတ်အေးလာရသည်။

ဇူယွမ်ဆိုသော ထိုတပည့်ခေါင်းဆောင်သည် အမှန်တကယ်ပင် ထိုမျှအရည်အချင်းရှိသူတစ်ယောက်ပေလား........

၎င်းအား ယုံကြည်ထား၍ ရနိုင်ပါမည်လား.....

ဇူယွမ်မှ ထန်းရှောင်ယန့်နှင့် ကျင်ကျန်းအားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းတို့နှစ်ယောက်က ဝမ့်ယွမ်နဲ့ သွေးရုပ်ကလာပ်ကို ကိုင်တွယ်လိုက်ကြ။ ဖန့်ယောင်ကို ငါနဲ့ထားခဲ့။"

ထန်းရှောင်ယန့်နှင့် ကျင်ကျန်းမှာ ခေါင်းညိတ်ပြလိုက်ကြသည်။

"သတိထားနော်။" ထန်းရှောင်ယန့်မှာ သတိပေးစကားဆိုလိုက်ပြီးနောက် တိုက်ခိုက်ရန် ထွက်ခွာသွားတော့သည်။

ဖန့်ယောင်မှ ဇူယွမ်အားကြည့်ကာ မထီမဲ့မြင်ပြုစွာဖြင့် ​ပြောလိုက်သည်။ "မင်းက တစ်ကောင်တည်း ငါ့ကိုတိုက်ခိုက်ရဲလောက်အောင်ထိ ဘာလို့ယုံကြည်ချက်တွေ ပြည့်ဝနေတာလဲဆိုတာ ငါသိချင်မိသားပဲ...အဟက်။"

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ ကောင်းကင်ဘုံယွမ်စုတ်တံကိုသာ ဆင့်ခေါ်လိုက်သည်။

"ကောင်းကင်အဆင့် မူလလက်နက် အားကိုးနဲ့ပေါ့လေ ဟုတ်လား။"

အစောပိုင်းတိုက်ပွဲများ၌ပင် ဖန့်ယောင်မှာ ဇူယွမ်၏ ကောင်းကင်ဘုံယွမ်စုတ်တံအား ကောင်းစွာသတိပြုမိခဲ့သည်။ ဖန့်ယောင်မှာ ဇူယွမ်အား မထီမဲ့မြင်ပြုစွာ ကြည့်ရှုလိုက်ပြီးနောက် လူသားလက်ဖျံရိုးဖြင့် ပြုလုပ်ထားသော တောင်ဝှေးတစ်ချောင်းအား ဆင့်ခေါ်လိုက်သည်။

တောင်ဝှေး၏ အရင်းပိုင်းတွင်ပါဝင်သော လက်ချောင်းရိုးများမှာ ဆန့်တန်း၍ လက်ဝါးဖြန့်ထားသော သဏ္ဍာန်ရှိပြီး လက်သည်းချွန်များဖြင့် အလွန်ပင် ထက်မြလွန်းလှသည်။

ယင်းတောင်ဝှေးမှာ ကောင်းကင်အဆင့် မူလလက်နက်တစ်ခုပင် ဖြစ်သည်။

ဖန့်ယောင်မှာ ဇူယွမ်အား အထင်သေးသည်ဟု အကြိမ်ဖန်များစွာ ပြောဆိုနေပါသော်လည်း အနည်းငယ်မျှပင် သတိလက်လွတ် ပြုမူရဲခြင်း မရှိပေ။ ထို့ကြောင့် သေးငယ်သော အမှားအယွင်းကိုပင် အဖြစ်မခံပဲ သတိကြီးစွာဖြင့်သာ ပြုမူဆောင်ရွက်နေလျက် ရှိသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှာ လင်းလက်တောက်ပနေသကဲ့သို့ ဇူယွမ်၏ ဦးခေါင်းထက်မှ ထွက်ပေါ်နေလျက်ရှိသော ရွှေရောင်ချီစွမ်းအင်များမှာလည်း ရွှေရောင်မြွေနဂါးတစ်ကောင်အလား ခန့်ထည်နေလျက် ရှိပေသည်။ ထို့အပြင် ရွှေရောင်ကြယ်ကောင်းကင်တစ်ခု၏ ပုံသဏ္ဍာန်ပင် ထင်ဟပ်နေသေးသည်။

"ချီကြယ်ပွင့်ကောင်းကင်ယံဖြစ်စဉ်လား..."

ဖန့်ယောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ဇူယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မူလစဦး သတ္တမအဆင့်လောက်နဲ့ ချီကြယ်ပွင့်ကောင်းကင်ယံတောင် ရှိနေပြီဆိုတော့ မင်းကတကယ်ထူးခြားတာပဲ။"

"ဒါပေမယ့် အဲ့လောက်နဲ့ ငါ့ကိုနိုင်မယ်ထင်နေရင်တော့ မင်းအမှားကြီးမှားပြီပဲ....အဟက်။"

ဖန့်ယောင်မှာ အရိုးဖြူတောင်ဝှေးအား မြေပြင်ပေါ်သို့ဆောင့်ချလျက် သွေးနီရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ သွေးနီရောင်ချီစွမ်းအင်များမှာ တစ်မုဟုတ်ချင်း ထွက်ပေါ်လာပြီးနောက် ချီကြယ်ပွင့်ကောင်းကင်ယံအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဖန့်ယောင်၏ ချီကြယ်ပွင့်ကောင်းကင်ယံမှာ ဇူယွမ်ထက်ပင်ပို၍ ကောင်းမွန်နေသေးသည်။

ယင်း၏ ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့် သောင်းသုံးထောင်မျှ ရှိနေသောကြောင့် ချီကြယ်ပွင့် တစ်သောင်းကျော်သာရှိသော ဇူယွမ်ထက် များစွာပို၍ သာလွန်နေခြင်း ဖြစ်သည်။

ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်တွင် ရှိနေကြသော တပည့်များမှာ ဖန့်ယောင်နှင့် ဇူယွမ်တို့၏ ချီကြယ်ပွင့်ကောင်းကင်ယံများအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။

ဇူယွမ်နှင့် ဖန့်ယောင်မှာမူ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ကြ၏။

ဝုန်း....

ထို့နောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော စွမ်းအင်ဖိအားများ ပေါ်ထွက်လာကာ ဇူယွမ်နှင့် ဖန့်ယောင်တို့၏ ပုံရိပ်နှစ်ခုလုံး မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားကြသည်။

အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်နှင့် ဖန့်ယောင်တို့၏ တိုက်ခိုက်နေကြသော ပုံရိပ်များမှာ ကောင်းကင်ထက်၌ ပြန်လည်ပေါ်ထွက်လာကြသည်။

ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်တွင် ရှိနေကြသော တပည့်များမှာ ဖန့်ယောင်နှင့် ဇူယွမ်တို့၏ ပြင်းထန်လှသော တိုက်ခိုက်မှုများအား မျက်တောင်ပင်မခတ်ပဲ ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေကြလေသည်။

ယင်းတို့နှစ်ဦး၏ တိုက်ပွဲမှာ လက်ရှိအခြေအနေအား အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့အားလုံးမှ ကောင်းမွန်စွာ သိရှိနားလည်ထားကြသည်။ ထို့နောက် ဤတိုက်ပွဲ၏ အနိုင်အရှုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာတစ်ခွင်လုံးသို့ ပျံ့နှံ့ရောက်ရှိသွားလိမ့်မည်ပင် ဖြစ်ပေတော့သတည်း။

All Chapters