သူတော်စင်စိတ်ဝိဉာဉ်နှင့် သွေးမိစ္ဆာ
Vol. 43 Ch. 587
ဝူး.....ဝူး.....
ခြောက်ရောင်စဉ်ရေကန်၏ ရေပြင်ပေါ်တွင်ရှိနေသော ဖန့်ယောင်ထံမှ ကြီးမားလှသော သွေးမိစ္ဆာကြီး၏ ပုံရိပ်တစ်ခု ထွက်ပေါ်နေပေသည်။ ထိုပုံရိပ်ကြီးမှာ မျက်နှာမပါဝင်ပဲ မျက်လုံးနှစ်လုံးသာပါဝင်လျက် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ယင်းကျောစိမ့်ဖွယ် မျက်လုံးကြီးများ၏ အောက်တွင်မူ ပါးစပ်အသွင် ဖြစ်ပေါ်နေသော အမဲရောင်အက်ကွဲကြောင်းကြီးတစ်ခု ရှိသည်။ ထိုပါးစပ်အသွင် အက်ကွဲကြောင်းကြီးသည် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုပ်ယူနေလျက် ရှိသည်။
ထိုသွေးမိစ္ဆာပုံရိပ်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလေသည်။
ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ယင်းသွေးမိစ္ဆာပုံရိပ်ကြီးအား ကြည့်ရှုနေရင်းဖြင့် ကြက်သီးမွှေးညှင်းများပင် ထကုန်ကြရသည်။
မြင့်မြတ်သောနန်းတော်၏ တတိယမြောက် အထူးချွန်ဆုံး တပည့်ခေါင်းဆောင် ဖန့်ယောင်မှာ သူ၏စွမ်းအင် အစစ်အမှန်အား ထုတ်ဖော်ပြသလိုက်ပြီပင် ဖြစ်သည်။
တပည့်ခေါင်းဆောင်များဖြစ်ကြသော ကျင်ကျန်းနှင့် ထန်းရှောင်ယန့်တို့၏ အမူအရာများသည်ပင် ပျက်ယွင်းကုန်ရ၏။ ဖန့်ယောင်၏ ထိုသွေးမိစ္ဆာနှင့် ရင်ဆိုင်ခဲ့ရပါက ၎င်းတို့သည်ပင် ရှင်သန်လွတ်မြောက်လိမ့်မည်လား မသေချာပါချေ။
ကြောက်ရွံ့ထိတ်လန့်နေကြသော အကြည့်များစွာ၏အောက်၌ပင် ဖန့်ယောင်မှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား စူးရဲစွာ ကြည့်ရှုလိုက်သည်။ သူသည် နှုတ်ခမ်းထောင့်စွန်းရှိ သွေးစများအား ကြမ်းတမ်းစွာပင် ပွတ်ထုတ်လိုက်ပြီးနောက် သွားများကို မြင်နေရသည်အထိ ကျောချမ်းဖွယ်ကောင်းလောက်အောင် ပြုံးရယ်လိုက်သည်။
"ဇူယွမ် မင်းရဲ့ခန္ဓာကိုယ်က သွေးတွေကို တစ်စက်မှမကျန်အောင် ဖောက်ထုတ်ပြမယ်။ ကြောက်ရွံ့မှုရဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာ မင်းမသေခင် သိသွားစေရမယ်။"
ဝုန်း....
နားစည်များကွဲထွက်မတက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ သွေးမိစ္ဆာကြီးမှာ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ရွေ့လျားလာလေသည်။
ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်းလဲလိုက်ပြီးနောက် လျင်မြန်စွာပင် အနောက်သို့ ဆုတ်လိုက်သည်။
ဝုန်း....
သွေးနီရောင်မိစ္ဆာကြီးမှာ ဇူယွမ်အား လွဲချော်သွားရပြီးနောက် သွေးနီရောင်ချီစွမ်းအင်များမှာ ပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံ့လွှမ်းခြုံသွားရသည်။ ယင်းသွေးနီရောင်ချီစွမ်းအင်များမှာ အလွန်ပင် ကျစ်လစ်လွန်းလှပြီး သွေးစများဖြင့် ပြုလုပ်ထားသည့်အလား စေးကပ်သောအသွင် ရှိ၏။
ယင်းစေးကပ်ကပ်အသွင်ဖြင့် သွေးနီရောင်ချီစွမ်းအင်များမှာ သွေးရွှံ့အိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သွေးရွှံ့အိုင်မှာ မြေပြင်တစ်ခုလုံးအား လျင်မြန်စွာ ပျံ့နှံ့သွားသောကြောင့် အနောက်သို့ ဦးတည်ဆုတ်ခွာနေသော ဇူယွမ်၏အရှိန်မှာလည်း နှေးကွေးသွားရသည်။
"သေလိုက်တော့...."
ဖန့်ယောင်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ထက်မှ သွေးနီရောင်ပုံရိပ်ကြီးတစ်ခု ကျဆင်းလာသည်။ လေတိုးသံတစ်ချက်အား ကြားလိုက်ရပြီးနောက် ဇူယွမ်မှာ အောက်ဘက်နှင့် အထက်ဘက်တွင် ပေါ်ထွက်လာသည့် သွေးနီရောင်လက်ကြီးနှစ်ခုအား တွေ့မြင်လိုက်ရသည်။ ဖန့်ယောင်သည် ၎င်းအား အနည်းငယ်မျှပင် အလွတ်ပေးချင်ဟန် မရှိချေ။
ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်ပင်မစိနိုင်လောက်အောင် အံ့အားသင့်ကုန်ကြရသည်။
အဝေးတွင် တိုက်ခိုက်နေကြသော ကျင်ကျန်းနှင့် ထန်းရှောင်ယန့်တို့မှာလည်း အလွန်အမင်း စိတ်ပူသွားကြရ၏။
ဒုန်း....
စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် သွေးနီရောင်လက်ကြီးနှစ်ခုမှာ ဇူယွမ်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ရောက်ရှိလာကြသည်။
ထန်းရှောင်ယန့်မှာ စိတ်နှလုံးများအပြင်သို့ ထွက်ကျမတက်ပင် စိုးရိမ်ပူပန်နေရ၏။ ဇူယွမ်မှာ ထိုတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့လျှင်ပင် ပြင်းထန်သော ထိခိုက်ဒဏ်ရာအား ရရှိလိမ့်မည်ပင် ဖြစ်သည်။
ရေပြင်ပေါ်၌ရှိနေသော ဖန့်ယောင်မှာမူ နှုတ်ခမ်းထက်၌ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအား ချိတ်ဆွဲထားလျက် ရှိသည်။
"ငါ့ကို စိတ်အနှောင့်အယှက်ပေးတဲ့ ကြွက်လိုကောင်....မင်းဘယ်လိုသေရမလဲဆိုတာ ကြည့်လိုက်။"
ဝုန်း....
သို့သော် ထိုအချိန်မှာပင် လက်ကြီးနှစ်ဖက်ကြားရှိ လေထုအတွင်းမှ ကြီးမားလှသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်ကြီးမှာ ဖြည်းညင်းစွာ ပိုမိုတောက်ပလာသည်နှင့်အမျှ လက်ကြီးနှစ်ဖက်မှာလည်း ဖိအားပေးခံနေရသည့်အလား တစ်စတစ်စဖြင့် အဝေးသို့ ဆုတ်ခွာလာရသည်။
ဖန့်ယောင်၏ နှုတ်ခမ်းထက်မှ အပြုံးမှာလည်း ပျောက်ကွယ်သွားရ၏။
ဝုန်း....
အဆုံး၌ လက်ကြီးနှစ်ဖက်မှာ အဝေးသို့ တွန်းပို့ခြင်း ခံလိုက်ရလေတော့သည်။ လူများစွာမှာ ထိုပုံရိပ်ကြီးအား လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် ကောင်းကင်ထက်၌ ပျံဝဲနေသော ဇူယွမ်အား တွေ့ရှိလိုက်ကြရသည်။
ထိုပုံရိပ်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေပြီး ဖန့်ယောင်၏ သွေးမိစ္ဆာထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိပါချေ။
"ဒါ...ဒါက...."
ထန်းရှောင်ယန့်နှင့် ဖန့်ယောင်တို့မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
"မူလသူတော်စင်တောင်ထွတ်ရဲ့ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်လား။"
အံ့အားသင့်စွာ အော်ဟစ်သံနှစ်ခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာရ၏။ ထန်းရှောင်ယန့်၏ အော်ဟစ်သံမှာ ကျေနပ်အားရနေသော အံ့အားသင့်သံဖြစ်ပါသော်လည်း ဖန့်ယောင်၏ အော်ဟစ်သံမှာမူ စိတ်အလိုမကျသော အံ့အားသင့်သံ ဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးမှာ ဇူယွမ်အသုံးပြုလိုက်သော ကျင့်စဉ်သည် ကန်ရွှမ်းကလန်မှ မူလသူတော်စင်တောင်ထွတ်၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သော ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။
"ဇူယွမ်က အဲ့ကျင့်စဉ်ကို တက်မြောက်နေလိမ့်မယ်လို့ ငါလုံးဝမထင်ထားမိဘူး။" ထန်းရှောင်ယန့်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုကာ ရေရွတ်လိုက်သည်။ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်မှာ ကန်ရွှမ်းကလန်၏ အမြင့်ဆုံးကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ ဇူယွမ်မှာ ထိုကျင့်စဉ်အား ကောင်းမွန်စွာ တက်မြောက်ထားသောကြောင့်ပင် ဖန့်ယောင်၏ သွေးမိစ္ဆာအား မြင်တွေ့လိုက်ရချိန်၌ အနည်းငယ်မျှပင် မတုန်လှုပ်ပဲ တည်ငြိမ်နေခြင်း ဖြစ်ပေလိမ့်မည်။
ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်မှာ ရေပြင်ပေါ်တွင် ရှိနေသော ဖန့်ယောင်အား သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
ဝုန်း....
နှစ်ဦးနှစ်ဖက်လုံးမှာ မည်သည့်စကားမှမဆိုပဲ တစ်ပြိုင်နက်တည်း စတင်လှုပ်ရှားလိုက်ကြ၏။
သွေးမိစ္ဆာကြီးမှာ ကျောချမ်းဖွယ်ကောင်းလှသောအသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
သူတော်စင်စိတ်ဝိဉာဉ်မှာလည်း ကိုယ်ရောင်ကိုယ်ဝါများ ပိုမိုလင်းလက်တောက်ပလာသည်။
ဝုန်း.....
ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာ ကောင်းကင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားသကဲ့သို့ ခြောက်ရောင်စဉ်ရေကန်မှာလည်း လှိုင်းထန်သွားရသည်။
ထန်းရှောင်ယန့်၊ ကျင်ကျန်း၊ ဝမ့်ယွမ်တို့သာမက သွေးရုပ်ကလာပ်ဖြစ်သော နင်မော့သည်ပင် ယင်းစွမ်းအင်ဖိအားများ၏ ပြင်းထန်မှုအား မခုခံနိုင်သောကြောင့် အဝေးသို့ ရှောင်ရှားလိုက်ကြရသည်။
ဇူယွမ်နှင့် ဖန့်ယောင်တို့၏ တိုက်ပွဲမှာ လူအများ ခန့်မှန်းထားသည်ထက်ပင် အဆပေါင်းများစွာ ပြင်းထန်လွန်းလှပေသည်။
ဝုန်း.....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သွေးမိစ္ဆာကြီးနှင့် သူတော်စင်စိတ်ဝိဉာဉ်တို့ တွေ့ဆုံသွားကြ၏။ ဇူယွမ်နှင့် ဖန့်ယောင်တို့မှာ သန့်စင်သော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ယင်းတို့အား စွမ်းအင်ဖြည့်တင်းပေးနေလေသည်။
ဖန့်ယောင်မှာ စူးရဲသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ " ငါ့ရဲ့ သွေးမိစ္ဆာက မင်းရဲ့ သူတော်စင်စိတ်ဝိဉာဉ်ကို ဘယ်လိုတစ်စစီလုပ်ပြမလဲဆိုတာ ကြည့်လိုက်။"
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ လှောင်ပြုံးတစ်ခုသာ ပြုံးလိုက်၏။ ယင်း၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိဉာဉ်မှာ လင်းလက်တောက်ပလာပြီးနောက် ဖန့်ယောင်ထံသို့ အလင်းထက်ပင် လျင်မြန်လှသောအရှိန်ဖြင့် ဦးတည်ပျံဝဲသွားသည်။
"စိတ်ဝိဉာဉ် ခြောက်လှန့်ခြင်း....."
အထွတ်အထိပ် ဒြပ်ထည့်အဆင့်သို့ တက်လှမ်းနိုင်ပြီးသည့်နောက် ဇူယွမ်၏ စိတ်ဝိဉာဉ်တိုက်ခိုက်မှုမှာ ကြိုတင်ခန်မှန်းမရနိုင်လောက်အောင် ထူးခြားလာခဲ့သည်။ တစ်ဖက်လူ၏ စိတ်ဝိဉာဉ်မှာ လုံလောက်အောင် သန်မာခြင်းမရှိပါက ဇူယွမ်မှာ အတွေးတစ်ချက်ဖြင့်ပင် ထိုလူ၏စိတ်ဝိဉာဉ်အား ဖျက်စီးပစ်နိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဖန့်ယောင်၏ စိတ်ဝိဉာဉ်မှာ ထိုမျှလောက်ထိ အားနည်းခြင်းမရှိသောကြောင့် ဇူယွမ်၏ စိတ်ဝိဉာဉ်တိုက်ခိုက်မှုမျှဖြင့် ပျက်စီးသွားခြင်း မဖြစ်နိုင်ပေ။ သို့သော် တိုက်ခိုက်ခံရသည့် အချိန်တိုင်း၌ ဦးခေါင်းတစ်ခုလုံး ကြေမွသွားသကဲ့သို့ နာကျင်မှုအား ခံစားရပေသည်။
ဇူယွမ်၏ စိတ်ဝိဉာဉ်တိုက်ခိုက်မှုအား ခံစားလိုက်ရသည့် အချိန်တိုင်းတွင် ယင်း၏ သွေးမိစ္ဆာမှာလည်း ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်၏ ဖိနှိပ်မှုအား ခံစားနေရ၏။
ဤသို့ဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခံရပြီးသည့်နောက်တွင် ဖန့်ယောင်မှာ ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပဲ ဒေါသစိတ်များ ထကြွလာရတော့သည်။
"ဇူယွမ် မင်းမှာငါ့ကို တိုက်ခိုက်နိုင်တာ စိတ်ဝိညာဉ်စွမ်းအင်တစ်ခုပဲ ရှိတာလား...ဟမ်။"
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ယင်း၏စကားအား အနည်းငယ်မျှ အာရုံစိုက်နေဟန် မရှိချေ။ သူသည် စိတ်ဝိဉာဉ်စွမ်းအင်အား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေရန်အတွက် များစွာကြိုးစားကျင့်ကြံခဲ့ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်ရန်သူ၏ စကားအား နားယောင်ကာ တိုက်ခိုက်မှုအား လျှော့ချပေးလိုက်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် စိတ်ဝိဉာဉ်စွမ်းအင် သာလွန်ခြင်းမှာလည်း ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အားသာချက်တစ်ခုပင် ဖြစ်သည်။
ဒုန်း.....ဒုန်း.....
ဇူယွမ်မှာ စွမ်းအင်အပြည့်အဝအားထုတ်ဖော်လျက် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ဖြင့် ဖန့်ယောင်၏ သွေးမိစ္ဆာအား ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဖန့်ယောင်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်သွားရ၏။
"ဒီကောင်ကိုတိုက်ရတာ အဲ့လောက်ခက်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။"
ဖန့်ယောင်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်လေသည်။
"ကြည့်ရတာ ငါ့ရဲ့နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရတော့မယ်နဲ့တူတယ်။"
သူသည် ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကျင်ကျန်းနှင့် သွေးရုပ်ကလာပ်တို့ တိုက်ခိုက်ရာနေရာသို့ လျင်မြန်စွာပင် ဆုတ်ခွာသွားတော့သည်။
ကျင်ကျန်းမှာ ရုတ်တရက် လွန်စွာအံ့အားသင့် ကြောက်လန့်သွားရ၏။
သို့သော် ဖန့်ယောင်မှာ ကျင်ကျန်းအား လျစ်လျူရှုထားလျက် သွေးရုပ်ကလာပ်ထံသို့သွားကာ ၎င်းလည်မြိုအားကိုက်၍ သွေးများကိုစုပ်ယူလိုက်သည်။
သွေးရုပ်ကလာပ်မှာ သွေးများအားလုံး စုပ်ယူခြင်းခံလိုက်ရသည့်အတွက် ချက်ချင်းပင် အရိုးပေါ်အရေတင်အသွင်သို့ ပြောင်းလဲသွားရသည်။
ဖန့်ယောင်၏ ချီစွမ်းအင်များမှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် တစ်မုဟုတ်ချင်း မြင့်တက်သွား၏။
သူ၏ခန္ဓာကိုယ်ထက်တွင်လည်း ဆန်းကြယ်လှသော သွေးဖြင့်ရေးသားထားသည့် မှော်စာလုံးများစွာ ပေါ်ပေါက်လာလေသည်။ ၎င်းအား ကြည့်ရှုရသည်မှာ မိစ္ဆာနတ်ဆိုးအသွင်ကဲ့သို့ ဖြစ်နေ၏။
ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာမူ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် ကျောများပင် ချမ်းစိမ့်လာသည်အထိ ကြောက်ရွံ့တုန်လှုပ်နေမိကြလေတော့သတည်း။