ကောက်ကျစ်စဉ်းလဲခြင်း
Vol. 43 Ch. 588
အကြည့်များစွာ၏အောက်၌ပင် ဖန့်ယောင်မှာ သွေးရုပ်ကလာပ်ထံမှ သွေးများကို တစ်စက်မကျန် စုပ်ယူလိုက်လေသည်။ ထိုသို့စုပ်ယူလိုက်ပြီးသည်နှင့်တကွ သူ၏ချီစွမ်းအင်များမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်လာတော့သည်။
တစ်မုဟုတ်ချင်း အဆမတန် မြင့်တက်လာသော စွမ်းအင်များကြောင့် ထန်းရှောင်ယန့်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
"ဖန့်ယောင် နင်ကရူးနေတာပဲ။ ဒီလိုမျိုးတွေအထိတောင် လုပ်လိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး။" ထန်းရှောင်ယန့်မှ အံကြိတ်ကာ စကားဆိုလိုက်သည်။
ဖန့်ယောင်၏ လုပ်ရပ်မှာ အမှန်တကယ်ပင် လက်ခံနိုင်ရန် ခက်ခဲလွန်းလှ၏။ မည်သို့ပင်ဆိုစေကာမူ သွေးရုပ်ကလာပ်မှာ နင်မော့၏ ရုပ်အလောင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းတို့သည် အတိတ်တစ်ချိန်၌ မြင့်မြတ်သောနန်းတော်မှ ဂိုဏ်းတူညီအကိုများ ဖြစ်ဖူးခဲ့ကြသည်။ ယခုတွင်မူ ဖန့်ယောင်သည် ဂျူနီယာညီတော်ဖြစ်သူ နင်မော့၏ရုပ်အလောင်းအား သွေးရုပ်ကလာပ်အဖြစ်သို့ ပြောင်းလဲလိုက်ရုံသာမက ၎င်း၏သွေးများကိုပင် သောက်သုံးလိုက်သေးသည်။
မြင့်မြတ်သောနန်းတော်မှ တပည့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဝမ့်ယွမ်မှာလည်း ထိုမြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။ ဖန့်ယောင်မှာ မြင့်မြတ်သောနန်းတော်၏ လျှို့ဝှက်ကျင့်စဉ်တစ်ခုအား အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ ထိုအရာမှာ တခြားသူ၏ ခန္ဓာကိုယ်အတွင်းမှ အသွေးအသားများအားစုပ်ယူ၍ ချီစွမ်းအင်အား ခေတ္တမြှင့်တင်ခြင်းနည်းလမ်းပင် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းမှာ ဆိုးရွားသော အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေနိုင်၏။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်မှ တပည့်အများစုသည်ပင် ယင်းနည်းလမ်းအား သင်ကြားလိုစိတ် မရှိကြပေ။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ ဖန့်ယောင်မှာ ထိုနည်းလမ်းအား အသုံးပြုလိုက်ရခြင်းကို ဝမ့်ယွမ်အနေဖြင့် လက်ခံနားလည်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဖန့်ယောင်နှင့် တိုက်ခိုက်နေသော ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ထင်မှတ်မထားရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
မြင့်မြတ်သောနန်းတော်အနေဖြင့် ကန်ရွှမ်းကလန်အား ဤနေရာတွင် ရှုံးနိမ့်သွားပါက အမှန်တကယ်ပင် ဂုဏ်သိက္ခာများ ကျဆင်းသွားရပေလိမ့်မည်။ ထို့အပြင် မြင့်မြတ်သောသွေးစက်ခန်းမ၏ ရွေးချယ်ခံတပည့်မှာ ကျန်းထိုက်ချင်ပင် ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့သာ ရှုံးနိမ့်ခဲ့ပါက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရွေးချယ်ခံများနှင့် တွေ့ဆုံခဲ့ရလျှင် ဖြေရှင်းစရာ အကြောင်းပြချက်ပင် ရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့သော အကြောင်းတရားများကြောင့် မည်သည့်နည်းလမ်းကိုပင် အသုံးပြုရပါစေ မြင့်မြတ်သောနန်းတော်မှ အနိုင်ရရှိရန် လိုအပ်၏။
မြင့်မြတ်သောနန်းတော်မှ တပည့်များအားလုံးမှာလည်း ဒုတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံတပည့်ဖြစ်သူ၏ စိတ်နေသဘောထားအား ကောင်းစွာသိရှိထားကြသည်။ သူမသည် နူးညံ့လှပသော အသွင်အပြင်အား ပိုင်ဆိုင်ထားပါသော်လည်း အကြင်နာတရားကင်းမဲ့ကာ အလွန်ပင် ရက်စက်လွန်းလှသူ ဖြစ်သည်။ စင်စစ်အားဖြင့် မြင့်မြတ်သောနန်းတော်မှ အခြားသော ရွေးချယ်ခံများသည်ပင် သူမအား ကြောက်ရွံ့ထိတ်လန့်ကြရ၏။
ထို့ကြောင့် ဖန့်ယောင်သာ ဇူယွမ်အား ရှုံးနိမ့်သွားပါက ၎င်းတို့အားလုံး၏ အဆုံးသတ်မှာ ကောင်းမွန်ရလိမ့်မည် မဟုတ်ချေ။ ထိုသို့သော အကြောင်းတရားများကြောင့်ပင် ဖန့်ယောင်မှာ ဇူယွမ်အား အနိုင်ရနိုင်ရန်အတွက် နည်းလမ်းမျိုးစုံအား အသုံးပြုနေရခြင်း ဖြစ်၏။
ကောင်းကင်ထင်တွင်ရှိနေသော သွေးရုပ်ကလာပ်မှာ စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် အရိုးပေါ်အရေတင်အသွင်သို့ ပြောင်းလဲသွားရပြီးနောက် ဖုန်မှုန့်များအဖြစ် လေနှင့်အတူ မျောလွင့်ပျောက်ကွယ်သွားရလေသည်။
ဖန့်ယောင်၏ ဆံနွယ်များမှာ ရှုပ်ပွနေလျက်ရှိကာ သူ၏မျက်ဝန်းများမှာလည်း သွေးနီရောင်ရဲရဲတောက်ပနေသည်။ ယင်း၏ ခန္ဓာကိုယ်ထက်တွင် ရှိနေသော သွေးနီရောင် မှော်စာလုံးများမှာလည်း ပိုးကောင်များကဲ့သို့ ရွေ့လျားနေကာ သွေးပုပ်ပြည်ပုပ်များ ပေါ်ပေါက်လာ၏။
လက်ရှိအချိန်၌ ဖန့်ယောင်မှာ အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတစ်ကောင်အလား ထင်မှတ်နေရပေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းထံမှ ထွက်ရှိနေသော စွမ်းအင်ဖိအားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် ပြင်းထန်နေပြီး လေထုကိုပင် ဆုတ်ပြဲနေစေ၏။
သူသည် ခေါင်းကိုမော့လျက် ဇူယွမ်အား စူးရဲစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်လောက်အောင် ကျယ်လောင်လှသောအသံဖြင့် အေးစက်ခက်ထန်စွာ အော်ဟစ်ပြောဆိုလိုက်တော့သည်။
"မင်းငါ့ကို ဒီလောက်အထိ ဖိအားပေးနိုင်လိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့ဘူး။"
ဇူယွမ်၏ အမူအရာမှာ လေးနက်ခက်ထန်နေသည်။ လက်ရှိအချိန်၌ ဖန့်ယောင်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အန္တရာယ်ရှိသော အဆင့်ထက်ပင် ပိုနေပေသေး၏။
"ဇူယွမ် ငါတို့အတူတိုက်ရအောင်။" ထန်းရှောင်ယန့်မှ အော်ဟစ်ပြောဆိုလိုက်သည်။ ယခုဆိုလျှင် သွေးရုပ်ကလာပ်မှာ ဖန့်ယောင်၏ အသုံးချမှုကြောင့် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားရပြီပင် ဖြစ်သည်။ ထို့ကြောင့် ထန်းရှောင်ယန့်မှာ ဇူယွမ်အား အကူအညီ ပေးနိုင်ပြီပင် ဖြစ်၏။
ဝုန်း....
သို့သော် ထိုအချိန်၌ပင် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ဖန့်ယောင်၏ပုံရိပ်မှာ အခိုးအငွေ့အလား မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ အော်ဟစ်လိုက်သည်။ "သတိထားနော်။"
ထန်းရှောင်ယန့်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
ဝှစ်.....
ထိုအချိန်မှာပင် ဖန့်ယောင်၏ပုံရိပ်မှာ တစ္ဆေသရဲအလား သူမအထက်နေရာမှ ပေါ်ထွက်လာလေသည်။
"ထန်းရှောင်ယန့် မင်းကသေချင်နေတယ်ဆိုမှတော့ ငါကမင်းဆန္ဒကို ကောင်းကောင်းကြီး လိုက်လျောပေးရမှာပေါ့။"
ဖန့်ယောင်သည် လက်ဝါးတစ်ဖက်အား ရှေ့သို့ထုတ်လျက် အောက်သို့ဆင်းသက်လာလေသည်။ ထိုလက်ဝါးမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် ခြောက်ရောင်စဉ်ရေကန်၏ ရေပြင်ပေါ်၌ပင် ကြီးမားသောလက်ဝါးရာကြီး ဖြစ်ပေါ်သွားရသည်။
ထန်းရှောင်ယန့်မှာ အလွန်ပင် ထိတ်လန့်သွားရပြီးနောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲပဲ ချီစွမ်းအင်များအား အပြည့်အဝ ထွက်ပေါ်စေကာ အကာအကွယ် အလွှာတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ဘန်း...
သို့သော် အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် သူမ၏ အကာအကွယ်လွှာမှာ ဖန့်ယောင်၏ လက်ဝါးချက်ကြောင့် စက္ကူတစ်စအလား ပျက်စီးသွားရသည်။ ပြင်းထန်လှသော ချီစွမ်းအင်များမှာ အနှိုင်းအဆကင်းမဲ့စွာဖြင့် ထန်းရှောင်ယန့်၏ လက်မောင်းအား ထိမှန်သွားလေတော့သည်။
ဝုန်း.....
ထန်းရှောင်ယန့်၏ လှပသော မျက်နှာလေးမှာ ဖြူရော်သွားရပြီးနောက် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။ သူမ၏ပုံရိပ်မှာလည်း အလွန်ပင် တုန်ခါနေသကဲ့သို့ လက်တစ်ဖက်မှာလည်း ကျိုးကြေသွားရဟန် ရှိသည်။
"စီနီယာအမတော်....." ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်တွင် ရှိနေကြသော အလှပန်းတစ်ရာနန်းတော်မှ မိန်းမငယ်လေးများမှာ အလွန်ပင် ဝမ်းနည်းထိတ်လန့်သွားရဟန်ဖြင့် အော်ဟစ်လိုက်ကြသည်။
လုလျို၏ မျက်ဝန်းများတွင်လည်း စိုးရိမ်ပူပန်သော အငွေ့အသက်များ ပြည့်နှက်သွားလေသည်။ သူမသည် ထန်းရှောင်ယန့်နှင့် ပုံမှန်ထက်ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်သည်။ ထန်းရှောင်ယန့်သည် တပည့်ခေါင်းဆောင်တစ်ဦးဆိုသည်ထက် သူမအပေါ် အမရင်းတစ်ယောက်သဖွယ် ကြင်နာနွေးထွေးတက်သူ ဖြစ်၏။ ထို့ကြောင့် လုလျိုမှာ ၎င်းအတွက် အလွန်ပင် စိုးရိမ်ပူပန်သွားရသည်။
ဝှစ်.....
ဖန့်ယောင်မှာ ရပ်တန့်ခြင်းမရှိပဲ ထန်းရှောင်ယန့်အား အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် လျင်မြန်စွာပင် ထပ်မံလှုပ်ရှားလိုက်သည်။
လက်ရှိအချိန်၌ သူ၏လှုပ်ရှားမှုများမှာ လျှပ်စီးအလား အလွန်ပင် လျင်မြန်လွန်းလှသောကြောင့် မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် ထန်းရှောင်ယန့်အနီးသို့ ထပ်မံရောက်ရှိလာလေသည်။
ထန်းရှောင်ယန့်မှာ အလွန်ပင် ထိတ်လန့်သွားရပါသော်လည်း အနည်းငယ်မျှ အလျှော့ပေးရန် ဆန္ဒမရှိပဲ အံကိုကြိတ်ကာ အသက်သေဆုံးသည်အထိ ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် သူမ၏ရှေ့သို့ ပုံရိပ်တစ်ခု ရောက်ရှိလာ၏။ ထို့နောက် လက်တစ်ဖက်မှာ သူမ၏သေးသွယ်သော ခါးလေးအား ပွေ့ဖက်လိုက်ပြီးနောက် လျင်မြန်လှသောအရှိန်ဖြင့် အနောက်သို့ ဆုတ်ခွာသွားသည်။
ထန်းရှောင်ယန့်မှာ သူမ၏ခါးလေးအား ပွေ့ဖက်ဆွဲယူခြင်း ခံလိုက်ရသောကြောင့် ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားရပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ တိုက်ခိုက်တော့မည့် အချိန်မှာပင် ထိုနွေးထွေးသောလက်တစ်စုံမှာ သူမအား ပြန်လည်လွှတ်ပေးလိုက်လေသည်။
သူမ လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် ထိုသူမှာ ဇူယွမ်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
"မင်းအဆင်ပြေရဲ့လား။" ဇူယွမ်မှာ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ထန်းရှောင်ယန့်အားကြည့်ကာ မေးလိုက်သည်။
ထန်းရှောင်ယန့်၏ ဖြူရော်နေသော ပါးလေးနှစ်ဖက်မှာ အနည်းငယ်မျှ ပန်းရောင်သမ်းသွားရပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ဇူယွမ်မှ လက်ကိုခါယမ်းလျက် ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အခုချိန်မှာ ဖန့်ယောင်ကို တိုက်ရိုက်မတိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်။ သူက အရမ်းကြီး စွမ်းအားကြီးနေတယ်။"
ဖန့်ယောင်မှာ ကောင်းကင်ထက်တွင် ပျံဝဲလျက် ဇူယွမ်နှင့် ထန်းရှောင်ယန့်အားကြည့်ကာ မထီမဲ့မြင်ပြုစွာဖြင့် စကားဆိုလိုက်သည်။ "ဒီလိုအခြေအနေမှာတောင် မိန်းမလှလေးကိုကယ်တင်တဲ့ သူရဲကောင်းပြဇာတ်ကို က ချင်နေတုန်းပဲလား။"
သူ၏စကားသံမှာ လှောင်ပြောင်သရော်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ထို့နောက် လက်အားဝေ့ယမ်းလျက် ပျင်းရိစွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ မင်းတို့က ပြဇာတ် က ချင်တော့လည်း ငါကဖြည့်ဆည်းပေးလို့ရပါတယ်။ မင်းတို့အတွက် အရမ်းကြည့်လို့ကောင်းမယ့် ဇာတ်ကွက်ကို ဖန်တီးပေးမယ်လေ။ အချစ်ငှက်လေးနှစ်ကောင် အချစ်အတွက် အသက်စွန့်သွားရတဲ့ ဇာတ်ကွက်ဆိုရင်ရော ဘယ်လိုလဲ။ မဆိုးဘူးမလား။"
ဇူယွမ်မှ တည်ငြိမ်သောအမူအရာဖြင့်ပင် တုံ့ပြန်လိုက်သည်။ "တိုက်ပွဲမပြီးဆုံးသေးသမျှ ဘယ်အရာမဆို ဖြစ်သွားနိုင်တယ်။ ကြိုပြီးဘဝင်မြင့် အနိုင်ရပြီလို့ ထင်နေတက်တာလည်း စိတ်ရောဂါတစ်မျိုးပဲ။ အခု မတရားမြင့်တက်နေတဲ့ မင်းရဲ့စွမ်းအင်တွေက အချိန်အတိုင်းအတာတစ်ခုထိပဲ ရှိနေလိမ့်မယ်ဆိုတာ ငါပြောရဲတယ်။"
ဖန့်ယောင်မှာ လက်တစ်ဖက်အား မြှောက်တင်လျက် ချီစွမ်းအင်များအား စုစည်းစေလိုက်ပြီးနောက် အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ "မပူပါနဲ့။ မင်းတို့ကိုသတ်ဖို့အချိန်က ဘယ်လောက်မှလိုတာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် ငါ့မှာရှိတဲ့အချိန်က မင်းတို့ရဲ့ လက်အောက်ငယ်သားတွေကိုပါ သတ်ပစ်ဖို့ လုံလောက်တယ်။"
သူသည် ထန်းရှောင်ယန့်အား စူးရဲစွာကြည့်လျက် အေးစက်ခက်ထန်စွာ စကားဆိုလိုက်သည်။ "ထန်းရှောင်ယန့် မင်းအခုတော့ အသုံးမကျတဲ့ ကန်ရွှမ်းကလန်နဲ့ ပူးပေါင်းလိုက်ရတာကို နောင်တရနေပြီမလား။"
ထန်းရှောင်ယန့်မှ အေးစက်စွာ ရယ်မောလိုက်သည်။ "အဟက်....ငါကနောင်တရစရာလား။ ပြောရမယ်ဆိုရင် ဂိုဏ်းတူညီအကိုရဲ့ ရုပ်အလောင်းကိုတောင် အေးအေးဆေးဆေး အနားယူခွင့်မပေးပဲ လိုသလိုခိုင်းပြီး နောက်ဆုံး အလောင်းရဲ့သွေးတောင်မချန်ပဲ သောက်ပစ်တဲ့လူမျိုးနဲ့ ဘယ်သူက ယုံကြည်ပြီး ပူးပေါင်းရဲမှာလဲ။ ပြောရရင် နင့်လိုလူမျိုးက ခွေးနဲ့တောင်နှိုင်းဖို့ မတန်ဘူး။"
ဖန့်ယောင်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် တိုက်ပွဲမှာ နောက်ဆုံးအနိုင်ရတဲ့သူကသာ အမှန်တရားကို ရေးခြစ်ခွင့်ရှိတာ။"
"ဒါပေမယ့် မင်းတို့တွေကို ကျေးဇူးတင်ရမယ်။ မင်းပြောသလို ငါ့ရဲ့လုပ်ရပ်တွေက လူသိခံစရာကောင်းတဲ့ ကိစ္စမျိုးမဟုတ်ဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ငါ့ရဲ့ဂုဏ်သိက္ခာကို ကာကွယ်တဲ့အနေနဲ့ ဒီကကိစ္စတွေ အပြင်ကိုမပြန့်ရအောင် မင်းတို့ကို သတ်ပြီးတာနဲ့ မင်းတို့ရဲ့ လက်အောက်ခံတပည့်တွေ အကုန်လုံးကိုပါ တခါတည်း သတ်ပစ်ရမှာပေါ့။"
ဖန့်ယောင်၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စကားများကြောင့် ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်ရှိ စောင့်ကြည့်နေကြသော တပည့်များမှာ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွားရသည်။
ထန်းရှောင်ယန့်၏ လှပသော မျက်နှာလေးသည်ပင် ပိုမိုဖြူရော်သွားရသည်။
တစ်ဖက်တွင်မူ ဇူယွမ်၏ အမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေလျက်သာ ရှိပေသည်။ သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား။"
"ငါမနိုင်စရာအကြောင်းမှမရှိတာ။" ဖန့်ယောင်မှာ ကျောချမ်းစရာကောင်းသောအပြုံးဖြင့် သွားဖြဲပြကာ ပြောလိုက်သည်။
ဇူယွမ်မှ ထန်းရှောင်ယန့်အားကြည့်ကာ ပြောလိုက်သည်။ "သူ့ကိုငါပဲတိုက်လိုက်မယ်။ မင်းဝင်ကူပေးစရာ မလိုဘူး။"
ထန်းရှောင်ယန့်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် ခေါင်းညိတ်သဘောတူလိုက်၏။
ဖန့်ယောင်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား ဆော့ကစားစရာ ကြွက်ငယ်လေးတစ်ကောက်သဖွယ် ကြည့်ရှုလိုက်သည်။
ဝှစ်....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ခြောက်ရောင်စဉ်ရေကန်၏အဝေးသို့ လျင်မြန်စွာ ပျံဝဲသွားလေသည်။
ခြောက်ရောင်စဉ်ရေကန် အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်၏ ပျံဝဲထွက်ပြေးမှုကြောင့် အလွန်ပင် အံ့အားသင့်ကုန်ကြရ၏။
ဖန့်ယောင်မှာလည်း ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် ဝါးလုံးကွဲရယ်မောကာ ထန်းရှောင်ယန့်အားကြည့်၍ စကားဆိုလိုက်သည်။ "တိုက်တောင်မတိုက်ရသေးဘူး။ မင်းတို့အကုန်လုံးကိုထားခဲ့ပြီး ထွက်ပြေးသွားပြီ တွေ့လား။ ဟားဟားဟားဟား......ဟားဟား။"
ထန်းရှောင်ယန့်မှာ မည်သည့်စကားမှ မပြောနိုင်လောက်အောင်ပင် ထွက်ပြေးသွားသော ဇူယွမ်အားကြည့်ကာ အံ့သြတုန်လှုပ်နေရသည်။
ဖန့်ယောင်မှ သက်ပြင်းချကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ မင်းတို့ အချစ်ငှက်လေးနှစ်ကောင်ကို အတူတူပေးသေမယ်လို့ ငါပြောထားပြီးပြီပဲ။ ဘယ်လိုလုပ် သူ့တစ်ယောက်တည်းကို အသက်ရှင်အောင် လွှတ်ရက်လိုက်ပါ့မလဲ။"
ဝှစ်....
သူ၏ပုံရိပ်မှာ မြင်ကွင်းမှ ဝေဝါးသွားပြီးနောက် လျင်မြန်စွာပင် ဇူယွမ်၏ပုံရိပ်အနောက်သို့ လိုက်ပါသွားသည်။
ဖန့်ယောင်မှာ အလွန်ပင် လျင်မြန်လွန်းလှသောကြောင့် မျက်စိတစ်မှိတ်စာမျှသော အချိန်လေးအတွင်းမှာပင် ဇူယွမ်အား မှီလုမှီခင် ဖြစ်လာ၏။
မည်သို့ပင်ကြည့်ရှုစေကာမူ ဇူယွမ်မှာ ဖန့်ယောင်လက်အတွင်းမှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း ထင်ရှားနေသည်။
ကျင်ကျန်းမှာ ထန်းရှောင်ယန့်ဘေးသို့ ပျံဝဲရောက်ရှိလာလေသည်။ ထန်းရှောင်ယန့်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် ကျင်ကျန်းအားကြည့်ကာ မေးလိုက်သည်။ "ဇူယွမ်က ဘာတွေလုပ်နေတာလဲ။"
သူမသည် ဇူယွမ်မှာ တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းရန် ကြိုးစားနေသည်ဟု အမှန်တကယ် ထင်မြင်မိနေခြင်းပင် ဖြစ်သည်။
ကျင်ကျန်းမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "စိတ်မပူနဲ့။ ဇူယွမ်က အဲ့လိုလူမျိုး မဟုတ်ဘူး။"
ထန်းရှောင်ယန့်မှာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမသည်လည်း ဇူယွမ်အား တစ်ကိုယ်ကောင်းသမားမဟုတ်ဟု ခံစားမိပါသော်လည်း ယခုလုပ်ရပ်မှာ နားမလည်နိုင်စရာ ဖြစ်နေ၏။
ခြောက်ရောင်စဉ်ရေကန် တဝိုက်ရှိ လူများအားလုံးမှာ ကောင်းကင်ထက်မှ ဇူယွမ်နှင့် ဖန့်ယောင်တို့၏ပုံရိပ်အား မျက်တောင်ပင်မခတ်နိုင်လောက်အောင် ငေးမောကြည့်ရှုနေကြသည်။
ဝှစ်....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ရှေးဟောင်းတောအုပ်တစ်ခု၏အလယ်၌ ရပ်တန့်ကာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပျံဝဲဆင်းသက်သွား၏။
ဖန့်ယောင်မှာလည်း ဇူယွမ်၏နောက်မှ လိုက်လံဆင်းသက်လာပြီးနောက် မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "အဟက်....မင်းက ကိုယ့်သင်္ချိုင်းကိုယ်ရှာထားတဲ့ သဘောလား။"
"ဒါလည်းကောင်းပါတယ်လေ။"
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်းမရှိပဲ မြေပြင်ပေါ်တွင်ထိုင်ကာ လက်နှစ်ဖက်အား မြေပြင်နှင့် ထိတွေ့လိုက်သည်။
ဖန့်ယောင်မှာ မျက်ဝန်းများကျဉ်းမြောင်းသွားပြီးနောက် စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်သည်။
"ထားလိုက်ပါတော့။ မင်းနဲ့ ကစားနေရတာ ပျင်းဖို့ကောင်းလာပြီ။ အခုပဲ မင်းကို သတ်တော့မယ်။"
ဇူယွမ်မှာ သူ၏လက်ဖမိုးပေါ်တွင် မှေးမှိန်စွာ လင်းလက်တောက်ပနေသော မှော်စာလုံးတစ်ခုအား ကြည့်ရှုလိုက်သည်။
ဝုန်း....
ထိုအချိန်မှာပင် ကမ္ဘာမြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။
ဇူယွမ်မှာ မျက်ဝန်းများကိုမှိတ်လျက် နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။
"မင်းရဲ့စွမ်းအင်တွေကို ငါသိပါရစေ။"
"မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံး။"