← Chapters

လည်ပင်းညှစ်သတ်ချင်နေလိမ့်မည်

Vol. 26 Ch. 363

လည်ပင်းညှစ်သတ်ချင်နေလိမ့်မည်

Vol. 26 Ch. 363

အခန်း (၃၆၃) လည်ပင်းညှစ်သတ်ချင်နေလိမ့်မည်

ချန်ချီက ရန်ကျောက်ကဲကို တည်ငြိမ်စွာကြည့်ရင်း...

“’ရန်’ သခင်လေး အကဲဖြတ်ကြည့်သလောက် အဲဒီသိုင်းပညာက ဘယ်လိုသိုင်းပညာမျိုးလဲ သိခွင့်ရမလားဗျ”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“ကြယ်တာရာချီစွမ်းအားကို မီးလိုလောင်ကျွမ်းပူပြင်းအောင် ကျင့်ကြံထားတဲ့ သိုင်းပညာမျိုးပဲ ၊ မြေပြင်ကိုတောင် လောင်ကျွမ်းသွားစေတယ် ၊ ဆိုတော့... အရမ်းအဆင့်မြင့်တဲ့ ‘မီးစွမ်းအားသိုင်းပညာ’ လို့ ပြောလို့ရတယ် ၊ အဲဒီလူက အပြင်ပိုင်းကြယ်တာရာချီစွမ်းအားအဆင့်ပဲ ရှိသေးတာတောင် ကြီးမားတဲ့ပျက်ဆီးမှုတွေ ဖြစ်သွားစေတယ်”

သူက ဆက်ပြောသည်။

“ကျွန်တော်သိသလောက်... လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းကလွဲပြီး ဒီလို အဆင့်မြင့် ‘မီးစွမ်းအားသိုင်းပညာ’ မျိုးကို တခြားနေရာမှာ မတွေ့ဖူးဘူး ၊ သမိုင်းထဲမှာတော့ ကြားဖူးထားတဲ့ သိုင်းပညာတွေ ရှိပါတယ် ၊ ဒါပေမဲ့ အဲဒီသိုင်းပညာတွေက ပျောက်ကွယ်နေပြီ မဟုတ်လား ၊ ဥပမာဆိုရရင်... နေမိစ္ဆာကျမ်းစာတို့ ၊ မီးဒြပ်စင်လက်ဝါးသိုင်းရဲ့ မီးတောက်မိစ္ဆာဝိညာဉ်တို့ပေါ့ ၊ မြေပြင်လောင်ကျွမ်းချီစွမ်းအားနဲ့ နေလောင်ကျွမ်းမိစ္ဆာဓားသိုင်းတွေလည်း ရှိတာပဲလေ”

ရန်ကျောက်ကဲက ချန်ချီကို အကဲခတ်ရင်း...

“ပင်လယ်ပြင်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ အများကြီးရှိနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ် ၊ ဒီဒေသက ထိပ်တန်းသိုင်းသမားတွေကို ကျွန်တော်တို့ ပြည်မဘက်မ မသိနိုင်ပေမယ့် ‘စိမ်းလန်းဆေးလုံး’ ကျွန်းကတော့ မသိတဲ့အရာ မရှိနိုင်ဘူးလို့ ထင်ပါတယ်”

ချန်ချီက ခဏမျှ တိတ်ဆိတ်နေရင်း...

“ဆရာကတော့ ဒီအကြောင်းတွေကို ငါ့ထက်ပိုသိနိုင်တယ် ၊ ဒါပေမဲ့ ပြင်ပလောကအကြောင်း အကုန်အစင်သိဖို့ဆိုတာက ခပ်ရှားရှားပဲ ၊ ဒီတော့ ‘ရန်’ သခင်လေး လိုချင်တဲ့အဖြေကို ပေးနိုင်မှာမဟုတ်ဘူး”

ရန်ကျောက်ကဲက နားလည်ဟန်ဖြင့် ခေါင်းညိတ်ရင်း...

“ကိစ္စမရှိပါဘူး ၊ ခင်ဗျားများ အကူအညီပေးနိုင်မလားလို့ မေးကြည့်တာပါဗျာ ၊ ကျေးဇူးပါပဲ”

ချန်ချီက...

“’ရန်’ သခင်လေးက ယဉ်ကျေးလွန်းနေပြီ”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေထဲတွင်မတ်တတ်ရပ်ရင်း အေးဆေးစွာဖြင့် စကားဆက်ပြောသည်။

“ကျွန်တော့်ရဲ့ ဂိုဏ်းတူညီမလေးက ပြင်ပလောကအတွေ့အကြုံရချင်လို့ ပင်လယ်ပြင်ကို ခရီးထွက်လာတာပါ ၊ ပန်းချီဆရာသူတော်စင်ရဲ့ အဆက်အနွယ်တွေက သူနဲ့တွေ့ရင် ကျေးဇူးပြုပြီး နည်းနည်းလောက် ဂရုစိုက်ပေးပါဦးဗျာ ၊ ဒီ ‘ရန်’ မျိုးနွယ်က ခင်ဗျားကို အရင်ဆုံး ကျေးဇူးတင်နေမှာပါ”

ချန်ချီက သက်ပြင်းရှည်တစ်ချက်ချရင်း...

“’ရန်’ သခင်လေး စိတ်ချပါ ၊ ဝါဒတောင်နဲ့ ငါတို့ ‘စိမ်းလန်းဆေးလုံးကျွန်း’ က အပြန်အလှန် အဆက်အသွယ်နည်းပါးပေမယ့် ဟန်ထျန်းပုဂ္ဂိုလ်မြတ်နဲ့ ကောင်းကင်ခန့်မှန်းသူတို့က အရမ်းလေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပါ ၊ သူတို့နဲ့အတူ ဝါဒတောင်က ထိပ်တန်းသိုင်းသမားတွေက အစွန်းရောက်ရှစ်ပါးကမ္ဘာထဲ မီးတောက်မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်တာကို ရဲရဲရင့်ရင့် တားဆီးခဲ့ကြတာလေ”

သူက ဆက်ပြောသည်။

“ဒီ ပင်လယ်ဒေသမှာ မင်းရဲ့ ဂိုဏ်းတူညီမလေးကို တွေ့တာနဲ့ ငါတို့တွေအားလုံး လိုအပ်သမျှ ကူညီပေးသွားပါ့မယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါဆိုရင်တော့ ကျွန်တော့် ဂိုဏ်းတူညီမလေးကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်စကားဆိုပါရစေ”

ထို့နောက် သူက ချန်ချီကို ကြည့်ရင်း...

“ဒါဖြင့် ဒီ ‘ရန်’ မျိုးနွယ်က ဆရာကြီးရဲ့အချိန်တွေကို မဖြုန်းတီးတော့ပါဘူး ၊ ကျွန်တော့်ဘက်က ရိုင်းပြမိတာတွေရှိရင် ခွင့်လွှတ်ပါ”

ချန်ချီက ရန်ကျောက်ကဲကို လေးနက်စွာကြည့်ရင်း...

“ကောင်းပြီလေ... ဒါဖြင့် ငါ့ကိုခွင့်ပြုဦး ၊ နောက်မှ ပြန်ဆုံကြတာပေါ့ ‘ရန်’ သခင်လေး”

ထို့နောက် သက်တံ့ရောင်ဓားအလင်းတန်း တောက်ပသွားပြီး ချန်ချီက ကောင်းကင်ကိုကျော်ဖြတ်ကာ ပျံသန်းထွက်ခွာသွားသည်။ ကောင်းကင်တစ်ခွင် ရှည်လျားသည့် သက်တံ့ကြီးတစ်စင်း ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်။

သို့သော် ချန်ချီထွက်ခွာသွားသည့် ဦးတည်ရာလမ်းကြောင်းက စောစောက သွားနေသည့် ဦးတည်ရာလမ်းကြောင်းမဟုတ်တော့ဘဲ ပြောင်းလဲသွားလေသည်။

ညာဘက်မျက်လုံးထဲတွင် တောက်ပနေသော ခရမ်းရောင်လျှပ်စီးမှတစ်ဆင့် ချန်ချီ နောက်ပြန်ဆုတ်သွားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ အတည်ပြုနိုင်ခဲ့သည်။ သူကလည်း ချန်ချီနောက်သို့လိုက်သွားရန် ရည်ရွယ်ချက် မရှိပေ။ ပခုံးတစ်ချက်တွန့်လိုက်ပြီး အားဟူတို့နောက်သို့သာ လိုက်ပါသွားတော့သည်။

အားဟူ ၊ စစ်ခုန်ချင်းနှင့် ချွိယန်ချီတို့သည် ပန်ပန်၏ ကျောထက်တွင် ထိုင်နေကြသည်။ ကြီးမားသော သားရဲကြီး ‘ပန်ပန်’ သည် ပျင်းရိပျင်းတွဲ အိပ်ငိုက်လျှက် ပင်လယ်ပြင်ထက်တွင် လမ်းလျှောက်နေလေသည်။

ရန်ကျောက်ကဲ ရောက်လာသည်ကိုတွေ့သည်နှင့် ပန်ပန်က ချက်ချင်းပင် တက်ကြွလန်းဆန်းနေသည့်ဟန်ပန်မျိုး ပြောင်းလဲပစ်လိုက်သည်။

ထိုသတ္တဝါကြီး၏ ပျင်းရိလွန်းသောဗီဇကြောင့် ရန်ကျောက်ကဲမှာ ငိုရမလို ရယ်ရမလိုပင် ဖြစ်ရသည်။

သူက ပန်ပန်၏ ကြီးမားသောဦးခေါင်းကြီးကို ပွတ်သပ်လိုက်တော့ ထိုသားရဲကြီးက လူသားတစ်ယောက်ပမာ ရိုးရှင်းစွာ ပြုံးပြသည်။

ထိုအပြုံးကိုတွေ့တော့ ရန်ကျောက်ကဲက အားဟူကိုကြည့်ပြီး စိတ်တိုဟန်ဖြင့် စကားဆိုသည်။

“သူ အဲဒီလိုပြုံးပြတာ မင်းဆီက ဓာတ်ကူးသွားတာနေမှာ”

အားဟူက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲကို ရိုးရှင်းစွာ ပြုံးပြလိုက်သည်။

ရန်ကျောက်ကဲက ပန်ပန်၏ ကျောထက်သို့ ဆင်းသက်လိုက်ပြီး ချွိယန်ချီကို လှမ်းကြည့်သည်။

“မင်းရဲ့ ဆရာနာမည်က ချန်ချီလား”

ချွိယန်ချီက...

“ဟုတ်တယ် ၊ အဲဒါ ငါ့ဆရာပဲ”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“ဘယ်လိုတောင်လဲ ၊ မင်းတို့က ဆရာတပည့်ဖြစ်ပြီး မျိုးနွယ်သာမတူတာ ‘ချီ’ ဆိုတဲ့နာမည်က တူနေတယ် ၊ သူက မင်းကို နာမည်မပြောင်းခိုင်းဘူးလား”

သူ့စကားကြောင့် ချွိယန်ချီမှာ ငိုရမလား ရယ်ရမလား မသိ ဖြစ်သွားသည်။

“ပင်လယ်ဒေသမှာတော့ ဒါတွေက အရေးမကြီးပါဘူး”

“သြော်... အဲဒီလိုလား”

ရန်ကျောက်ကဲ ပခုံးတွန့်လိုက်ပြီး ထိုကိစ္စ ဆက်မမေးတော့ပေ။

“နောက်ရက်တွေတော့ မင်း ငါတို့ဂိုဏ်းမှာ ဧည့်သည်အဖြစ် အချိန်တစ်ခုအထိ နေရလိမ့်မယ် ၊ ဘယ်လောက်ကြာမလဲဆိုတာကတော့ ငါတို့ဂိုဏ်းက အကြီးအကဲတွေအပေါ် မူတည်တယ် ၊ တခြားကိစ္စတွေတော့ မင်းကို အနှောက်အယှက်ပေးမှာ မဟုတ်ပါဘူး”

ချွိယန်ချီက မည်သည့်စကားမှမဆိုဘဲ ခေါင်းငုံ့ရင်းသာ သက်ပြင်းချလိုက်၏။

အားဟူက...

“သခင်လေး... ကျွန်တော်တို့ ‘ကျောက်သားမြို့တော်’ ကို ပြန်မှာလား”

ရန်ကျောက်ကဲက...

“ဂိုဏ်းတူအစ်ကို’ရွှီဖေး’ က ကျွင်းအာကို တောင်ပေါ်ပြန်ခေါ်သွားလောက်ပြီ ၊ ဒီတော့ အဲဒီကိုပြန်စရာ မလိုတော့ဘူး ၊ ငါ ပင်လယ်ပြင်မှာ အချိန်တစ်ခုအထိနေရင်း မီးတောက်မိစ္ဆာတွေကိုလေ့လာဖို့ ရည်ရွယ်ထားတယ်”

သူက ဆက်ပြောသည်။

“အရင်က ပြင်းထန်တဲ့တိုက်ပွဲတွေဆက်တိုက်ဆင်နွှဲပြီး မီးတောက်မိစ္ဆာတွေကို နှိမ်နင်းခဲ့တယ် ၊ ဒါပေမဲ့ အခုနှစ်ပိုင်းမှာ မီးတောက်မိစ္ဆာတွေရဲ့လှုပ်ရှားမှုက ပြန်အားကောင်းလာတယ် ၊ သူတို့ တစ်ခုခု ကြံစည်နေတယ်လို့ ခံစားရတယ် ၊ ကိုယ့်ကိုယ်ကိုယ် သိသလို ရန်သူကိုလည်းသိမှ တိုက်ပွဲတစ်ရာတိုက်ရလည်း အသက်အန္တရယ် မရှိမှာပေါ့ ၊ ဒါကြောင့် ငါတို့လူတွေမလှုပ်ရှားခင် အရင်ဆုံး သတင်းစုံစမ်းရမယ် ၊ ပြင်ဆင်မှုတွေ တတ်နိုင်သမျှ မြန်မြန်လုပ်ထားဖို့ လိုတယ်”

သူက စစ်ခုန်ချင်းကို လှည့်ကြည့်ရင်း...

“ဂိုဏ်းတူညီမလေး’စစ်ခုန်’ လည်း ဒဏ်ရာတွေ ကုသရဦးမယ် ၊ ငါ့မှာလည်း ဆေးဝါးတွေ သိပ်ပါမလာဘူးဆိုတော့ အရင်ဆုံး ‘အရှေ့နဂါးကျွန်း’ ကို ခရီးဆက်ကြတာပေါ့”

ရေနယ်မြေ ၊ မြို့တော်ကိုးခု၏ ခေါင်းဆောင်ဖြစ်သော ‘ကျောက်စိမ်းပင်လယ်မြို့တော်’ က အရှေ့ပင်လယ်တွင် အကြီးမားဆုံး ကျွန်းကြီးတစ်ကျွန်းဖြစ်သော “အရှ့နဂါးကျွန်း” ထက်တွင် တည်ရှိသည်။ ထိုကျွန်းကြီးကို ဗဟိုပြုလျှက် အရှေ့ပင်လယ်ပတ်ဝန်းကျင်တစ်ခွင် ရေနယ်မြေကို ကျောက်စိမ်းပင်လယ်မြို့တော်က ထိန်းချုပ်ထားသည်။

စစ်ခုန်ချင်းက...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ မီးတောက်မိစ္ဆာတွေနဲ့ ရင်ဆိုင်ချင်ရင် သွားလို့ရပါတယ် ၊ ကျွန်မ ဒဏ်ရာတွေက ဂိုဏ်းတူအစ်ကိုကြီးကုသပေးလို့ သက်သာနေပါပြီ ၊ စိတ်ပူစရာမရှိတော့ပါဘူး ၊ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ”

ရန်ကျောက်ကဲက...

“ဘာမှ မဖြစ်ပါဘူး ၊ ငါလည်း စဉ်းစားစရာကိစ္စတွေ ရှိနေသေးလို့ပါ”

စကားဆုံးသည်နှင့် သူ့အကြည့်က ချွိယန်ချီဆီကျရောက်သွားသည်။ ဒါကိုမြင်တော့ စစ်ခုန်ချင်း သဘောပေါက်သွားပြီး မည်သည့်စကားမှ မဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။

လေကိုစီးကာ လှိုင်းကိုခွဲလျှက် အရှေ့ပင်လယ်ကုန်းတွင်းပိုင်း အစွန်းဖြစ်သော အရှေ့နဂါးကျွန်းသို့ ရန်ကျောက်ကဲတို့အုပ်စု ရောက်ရှိလာသည်။

“အရှေ့နဂါးကျွန်း”က အရှေ့ပင်လယ်တွင် အကြီးမားဆုံး ကျွန်းတစ်ကျွန်းဖြစ်ပြီး မြေပြင်အကျယ်အဝန်းအရ တိုက်ကြီးတစ်တိုက်ဟုပင် ယူဆနိုင်သည်။

ရန်ကျောက်ကဲနှင့် အခြားသူများ ‘အရှေ့နဂါးကျွန်း’ သို့ ရောက်ရှိလာသည်နှင့် ရေနယ်မြေ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးဖြစ်သော “ကျောက်စိမ်းပင်လယ်မြို့တော်” က ချက်ချင်း သိရှိသွားသည်။

‘အရှေ့နဂါးကျွန်း’ က ကျောက်စိမ်းပင်လယ်မြို့တော် ဌာနချုပ်ပင် မဟုတ်ပါလား။

ရန်ကျောက်ကဲက သာမန်လူတစ်ယောက်မဟုတ်လေရာ မြို့တော်သခင် ‘စုန့်ဝူလျန်’ ၏ သားဖြစ်သူ ရေနယ်မြေ၏ လူငယ်မျိုးဆက် ခေါင်းဆောင် ‘ပင်လယ်ခုနစ်စင်းသခင်လေး’ စုန့်ချောင်ကိုယ်တိုင် လာရောက်ကြိုဆိုသည်။

ထိုပြင် သူတို့နှစ်ယောက် စကားအပြောအဆိုကိုကြည့်ခြင်းအားဖြင့် ရင်းနှီးသူများဖြစ်ကြောင်း သိနိုင်သည်။

စစ်ခုန်ချင်းမှာလည်း စုန့်ချောင် ၊ လီကျင်းဝမ်တို့နှင့် ရေနယ်မြေသို့ အတူတကွ ခရီးထွက်လာသူ ဖြစ်လေရာ ရင်းနှီးမှု ရှိကြသည်။ ယခု ပြန်လည်ဆုံတွေ့သည့်အခါ သူမနှင့် လီကျင်းဝမ်သည်လည်း ရင်းနှီးစွာပင် စကားများလျှက် ရှိကြသည်။

ချွိယန်ချီကိုတော့ အားဟူက စောင့်ကြည့်ထားပြီး အခြားသူများ မရိပ်မိစေရန် ဖုံးကွယ်ထားသည်။

“မြောက်ဖျားကိုသွားပြီး အခု ဘယ်လေတိုက်လို့ ဒီကိုပြန်ရောက်လာရတာလဲ ညီလေး’ရန်’”

အတူတူလမ်းလျှောက်လာရင်း စုန့်ချောင်က မေးသည်။

“မင်း ဝါဒတောင်ကို မပြန်သေးဘဲ ပင်လယ်ပြင်မှာ လှုပ်ရှားဦးမယ်ဆိုရင်တော့ သတိထားရမယ်နော် ၊ ဒီတစ်ခေါက် မြောက်ဖျားမှာ မင်းလုပ်လိုက်တာက ကောင်းကင်မိုးကြိုးခန်းမကို အတော်ထိသွားတာ ၊ ဒါကြောင့် သူတို့က မင်းကို ပစ်မှတ်ထားလိမ့်မယ် ၊ ပင်လယ်ဆိုတာကလည်း အတော်လေးမာယာများတာကလား ၊ ငါတို့ ကျောက်စိမ်းပင်လယ်မြို့တော်က တပည့်တွေတောင်မှ အန္တရယ်ကင်းဖို့ ခပ်ခက်ခက်ပဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒါပေမဲ့ မင်းတို့ ကျောက်စိမ်းပင်လယ်မြို့တော်က တပည့်အများစုက အရမ်းထူးချွန်ထက်မြက်ကြတယ်လေ ၊ ဘယ်လိုပြဿနာမျိုးကြုံပါစေ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ကြတာပဲ မဟုတ်လား”

စုန့်ချောင်က ရယ်မောရင်း ခေါင်းခါယမ်းသည်။

“မင်း ဒီလိုတော့ မချီးကျူးနဲ့လေ ညီလေး’ရန်’ ၊ မင်းတို့ ဝါဒတောင်မှာ ငါတို့ထက်တောင် ပါရမီရှင်တွေ ပိုများသေးတယ် ၊ မင်းက ဒီလိုချီးကျူးတော့ ငါတို့ ရှက်လွန်းလို့ အသက်တိုရတော့မှာပဲ”

သူက တည်ကြည်လေးနက်သောအကြည့်ဖြင့် ရန်ကျောက်ကဲကို ကြည့်ရင်း...

“ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ ကောင်းကင်မိုးကြိုးခန်းမရဲ့ လှုပ်ရှားမှုတွေကို သတိထားသင့်တယ်”

ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

တကယ်တမ်း သူ့စိတ်ထဲတွင် တွေးတောနေသည်မှာ -

တောင်ပိုင်းမြေအောက်နန်းတော်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများက သူ့လက်ချက်ဖြစ်ကြောင်း နေသူတော်စင်ဂိုဏ်း ရိပ်မိသွားခဲ့ပါက သေချာပေါက် သူ့ကိုလည်ပင်းညှစ်သတ်ချင်နေမည်ဆိုသော အချက်ပင်။

All Chapters