အခိုင်မာဆုံး ဘက်တော်သား
Vol. 20 Ch. 267
ဝေ့ကျုံးရှန့် အရှေ့ကို ထွက်လာတာနှင့် အခန်းထဲရှိ အရာရှိများ အားလုံး တိတ်ဆိတ် သွားခဲ့သည်။
အမှန်စင်စစ်အားဖြင့် သာမန်အရှင်မင်းကြီးအား နှုတ်ဆက်သော တွေ့ဆုံပွဲ တစ်ခုသာ ဆိုသော်ငြား… လက်တွေ့တွင် အရှင်မင်းကြီးက ကျန်းနန်မြို့ရှိ အရာရှိများ နေ့စဉ်တင်ပြသော တင်ပြစာစောင်များကို မတုံ့ပြန်ခဲ့လေရာ၊ အရှင်မင်းကြီးရဲ့ ကျန်းနန်မြို့သို့ ဤခရီးစဉ်သည် အရာရှိများအတွက် အရှင်မင်းကြီးအား တိုင်တောနိုင်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် စိတ်အား ထက်သန်စွာဖြင့် ရှကျိုးယွီကို တွေ့ချင်နေသော အရာရှိများက ဆယ်ယောက်ထက် မနည်းရှိ၏။
တစ်ယောက်ချင်းစီကို မတွေ့ဆုံနိုင်၍ ရှကျိုးယွီသည် အခုလိုမျိုး တွေ့ဆုံပွဲကို စီစဉ်လိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တင်ပြစရာ ရှိပါတယ်”
အစိမ်းရောင် ကျောက်စိမ်းပြားကို လက်မှာ ရိုသေစွာ ကိုင်ထားရင်း ကျန်းနန်မြို့သုံးမြို့၏ ကျန်းပိုင် မြို့အုပ်ချုပ်ရေးမှူးက အရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။
ကျန်းနန်မြို့၏ မြို့ သုံးခုလုံးတွင် ဦးဆောင်နေသော အရာရှိအားလုံးမှာ ရည်ရွယ်ချက် ကိုယ်စီရှိနေမှန်း ရှကျိုးယွီ သိထားပြီး ဖြစ်ပေမဲ့ အခုအချိန်မှာ ကျန်းပိုင်မြို့ရဲ့ အုပ်ချုပ်ရေးမှူးက ဦးစွာ ရှေ့ဆောင်လာခဲ့သည်။
“အမတ်ဖုန်း ကျေးဇူးပြုပြီး ပြောပါ”
အရှင်မင်းကြီးထံက အမိန့်တော်လက်ခံရရှိပြီးသည်နှင့် ဖုန်းဟွာ အချိန်မဆွဲတော့ပဲ နက်ရှိုင်းတဲ့ အသံနဲ့ ပြန်လည် ဖြေကြားလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုး ချင်မင်းသားနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်။ ချင်မင်းသားက ကျွန်တော်တို့ရဲ့ မြို့နယ်သုံးခုကို ဦးဆောင်ပြီး စောင့်ရှောက်ပေးရမှာ ဆိုပေမဲ့ နေ့ရက်တိုင်းကို အိမ်တော်မှာပဲ ကုန်ဆုံးပြီး ပျင်းရိစွာ အုပ်ချုပ် နေပါတယ်။ အဲ့ဒါက ကျွန်တော်မျိုး အရဲစွန့်ပြီး တင်ပြချင်တဲ့ အရှင်မင်းသားရဲ့ ပထမပြစ်မှုပါ။ ဒုတိယ ပြစ်မှုက အရှင်မင်းသားရဲ့ ဇွတ်တရွတ်ဆန်မှုကြောင့် ကျန်းနန်မြို့က ဂိုဏ်းတွေ အားလုံးကို စွန့်ခွာခဲ့ရတယ် ဆိုပေမဲ့ သူတို့တွေက ကျွန်တော်တို့အပေါ် ကြီးမားတဲ့ အမုန်းတရားတွေ ထားရှိခဲ့ရပြီး အဲ့ဒီ အမုန်းတရားကြောင့်ပဲ ကျွန်တော်တို့ ကျန်းနန်မြို့က ရေကြီးမှုကို ကြုံတွေ့ ခဲ့ရတယ်။ ဒါက အုပ်ချုပ်သူ မကောင်းလို့ ဖြစ်ရတဲ့ အဖြစ်အပျက်ပါ။ ကျွန်တော်မျိုး တင်ပြချင်တဲ့ အရှင်မင်းသားရဲ့ နောက်ဆုံး ပြစ်မှုကတော့ မြစ်ကမ်းဘေးမှာ ချင်မင်းသားက စစ်စခန်းတစ်ခု လျှို့ဝှက်တည်ထောင်ပြီး တပ်သားတွေကို နေ့စဉ် လေ့ကျင့်ပေးနေပါတယ်။ အဲ့ဒီအတွက် ပြည်သူတွေလည်း ခံစားခဲ့ရပြီး သူ့ရဲ့ပြစ်မှုက အုပ်ချုပ်ရေးပိုင်းကို နှောက်ယှက်တဲ့အတွက် ပြင်းထန်ပါတယ်”
ထိုအချိန်မှာပင် အပ်ကျသံပင် မကြားရလောက်အောင် ခန်းမတစ်ခုလုံး ထိတ်ဆိတ်သွားခဲ့သည်။ အချိန်တစ်ခု ကြာပြီးနောက်မှသာ ဖုန်းဟွာ ဒူးထောက်နေရာမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ချင်မင်းသားကို အုပ်ချုပ်ရေးမှူး ရာထူးက ဖယ်ရှားပေးပြီး ပြည်သူတွေရဲ့ တည်ငြိမ်မှုနဲ့ မျှတမှုကို ပြန်လည် ခေါ်ဆောင် ပေးတော်မူပါ”
ခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားသော ထိုအော်သံပြီးတာနဲ့ အရာရှိတစ်ဝက် ကျော်ကျော်လောက်သည် ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး သံပြိုင်အော်ဟစ် လိုက်ကြသည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ချင်မင်းသားကို ရာထူးမှ ဖယ်ရှားရင်း ပြည်သူတွေအတွက် မျှတမှုကို ခေါ်ဆောင်ပေးပါ”
အောက်တွင် ဒူးထောက်နေသော အရာရှိများကို ရှကျိုးယွီ နဂါးပလ္လင်ထက်ကနေ တည်ငြိမ်စွာ တစ်ချက်သာ ကြည့်လိုက်သည်။ ထို့နောက်မှာ ဝေ့ကျုံးရှန့်ကို အချက်ပြလိုက်၏။
ရှကျိူးယွီ ကိုယ်စား အမိန့်စာ ရေးပေးရန် တာဝန်ရှိသော ဝေ့ကျူံးရှန့် ချက်ချင်းပဲ အထာပေါက်လိုက်ပြီး အရှေ့ တစ်လှမ်းတိုးကာ မာန်ပါပါ အော်ဟစ်လိုက်သည်။
“တိတ်ကြစမ်း”
မိုးကြိုးပမာ ပြင်းထန်လှသော အသံကြီးတစ်ခု ခန်းမအတွင်း လွှမ်းမိုးသွားတာနှင့် ဒူးထောက်နေသော အရာရှိများ အားလုံး ရှကျိုးယွီကို တိတ်တဆိတ် မော့ကြည့်လာခဲ့ကြသည်။
“ငါကိုယ်တော်ရဲ့ ဦးရီးတော်ကို ထိုင်ခုံ ပေးလိုက်စမ်း”
မြေပြင်ပေါ်မှာ ဒူးထောက်နေသော အမတ်များ အားလုံးကို မသိကျွန်းကျွံ ပြုထားရင်း ရှကျိုးယွီ ပုံမှန်လိုပဲ လက်တစ်ဖက် ယမ်းပြခါ ဓားတစ်ချောင်းနဲ့ ဘေးမှာရပ်နေသော ရှထိုက်အန်းအား ထိုင်ရန် ညွှန်းဆိုလိုက်သည်။
“ရတယ် ခုံကို ဒီနားအထိယူမလာနဲ့ အဲ့ဒီနေရာမှာပဲ ထားလိုက်တော့။ ငါအကြာကြီး ရပ်နေရတော့ တကယ်ကို ထိုင်ချင်နေခဲ့တာ။ အရှင်မင်းကြီးရဲ့ ကျေးဇူးက ကြီးမားလှပါတယ်”
မိန်းမစိုးများ ယူလာပေးသော ထိုင်ခုံကို ချင်မင်းသား ကိုယ်တိုင် သွားရောက်ယူလိုက်ပြီး အင်္ကျီ လက်တစ်ဖက်ကို ဝဲနေအောင် ခါယမ်းရင် ထိုင်ခုံပေါ်မှာ ဟိတ်ဟန်ပါပါ ဝင်ထိုင်လိုက်သည်။ ချင်မင်းသားရဲ့ မျက်နှာက ဘာကိုမှ ဂရုမစိုက်နေဟန် ရှိ၏။ ဦးရီးတော်နဲ့ တူတော်မောင်သည် ထိုင်ခုံပေါ်မှာ ဇိမ်ကျစွာ ထိုင်နေရင်း မြေပြင်ပေါ်မှာ ဒူးထောက်နေသော အမတ်များကို သာမန်လိုမျိုး ကြည့်ရှု့နေကြလေရဲ့။
“အရှင်မင်းကြီး ကျန်းနန်မြို့ရဲ့ မြို့သုံးခုက တိုင်းပြည်ရဲ့ အဓိက အခွန်ငွေကို ဖြည့်စွက်ပေးနေတဲ့ နေရာတစ်ခုပါ။ ဒီလိုမျိုး အရေးကြီး နေရာကို စစ်တပ်ပိုင်းပဲ နားလည်တဲ့ လူတစ်ယောက်ကြောင့် ပျက်ဆီးခံလို့ မဖြစ်ပါဘူး”
“ကျွန်တော်မျိုးတို့ရဲ့ တရှားတိုင်းပြည်ကြီး ထိခိုက်လာနိုင်ပါတယ်”
ကျန်းပိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်းဟွာက အကြိမ်ကြိမ် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။ သို့ပေမဲ့ သူပြောသွားသော စကားလုံးများ အားလုံးက ရှကျိုးယွီ ကြားချင်နေသော စကားလုံးများဆိုတာကို သိခဲ့ပါလေစ။
“အဓိပ္မာယ် မရှိလိုက်တာ။ ငါကိုယ်တော်ရဲ့ ဦးရီးတော်က ကျန်းနန်မြို့ တစ်ခုလုံးကို ကောင်းမွန်စွာ အုပ်ချုပ်ခဲ့ပြီး အပြုအမူ ကောင်းတွေရှိခဲ့တဲ့ လူတစ်ယောက်ပဲ။ မင်းဘယ်လိုလုပ် ပြောရဲတာလဲ”
အမတ်များကို ရင်ဆိုင်ပြောဆို လိုက်ချိန်တွင် ရှကျိုးယွီရဲ့ ခန္ဓာကိုယ်မှ ရှင်ဘုရင် တစ်ယောက်ရဲ့ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့ မျက်လုံးများက တောက်ပကာ တက်ကြွနေပြီး အရာရှိများ အားလုံးကို စိုက်ကြည့်လိုက်ပုံက အဆုံးမဲ့သော တော်ဝင်ဆန်တဲ့ အရှိန်အဝါကို လူတိုင်း အပေါ်မှာ လွှမ်းမိုးသွားစေသည်။
“ဘာလဲ ဒီတိုင်းပြည်က ငါကိုယ်တော်ရဲ့ တိုင်းပြည်မဟုတ်ဘူးလား။ မဟုတ်မှ မင်းအပိုင်အဖြစ် လိုချင်နေတာလား”
ရှကျိုးယွီသည် တစ်ယောက်ချင်းစီအား အသေးစိတ် စစ်ဆေးလိုက်သည်။ စူးရှတဲ့ သူ့ရဲ့အကြည့်ကို ရင်ဆိုင် လိုက်ရတာနဲ့ နှလုံးသား တစ်ခုလုံး စုပ်ကိုင်ခံစား လိုက်ရသလိုမျိုး ခံစားရလေရာ အမတ်များ အားလုံး ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျန်းနန်မြို့မှာ ရှိသော လူသန်းချီရဲ့ ဘဝကို စဉ်းစားပေးပါ”
သိုပေမဲ့ အခုထိ လက်မလျော့သေးသော ကျန်းပိုင် အုပ်ချုပ်ရေးမှူးဖုန်းဟွာက ထပ်မံအကြံပြုလိုက်သည်။
“ဖုန်းဟွာ၊ မင်းက သာမန်အဆင့်နှစ် အရာရှိတစ်ယောက်ပဲ။ ငါကိုယ်တော် အစား နဂါးပလ္လင်မှာ လာထိုင်လိုက်ပါလား။ ချင်မင်းသားကို ဒီကျန်းနန် မြို့နယ်သုံးခုရဲ့ အုပ်ချုပ်သူအဖြစ် ငါကိုယ်တော်ကိုယ်တိုင် ခန့်အပ်ခဲ့တာပဲ။ ငါအရှင်မင်းကြီးရဲ့ အမိန့်အရ မင်းတို့ အမတ်တွေ အားလုံးကလည်း ချင်မင်းသားကို နှလုံးသားတစ်ခုလုံးနဲ့ ကူညီသင့်ပြီး အမှားအယွင်း မရှိအောင် ထိန်းကြောင်းပေးကြသင့်တာ”
ရှကျိုးယွီ မားမတ်စွာ ထိုင်နေခဲ့သည်။ သူရဲ့အနောက်ကနေ စစ်မှန်တဲ့ နှဂါးကိုးကောင်က အဆက်မပြတ် ပျံသန်းနေသလိုမျိုး လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါကြီး ထွက်ပေါ် နေလေရာ စစ်တပ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း အမတ်များ အားလုံး မြေပြင်ပေါ်မှာ ဒူးထောက်နေရင်း လွှမ်းမိုး ခံလိုက်ရပြီး အသံတစ်ချက်တောင် မထွက်ဝံ့တော့ပေ။ အင်အားကြီး နဂါးအရှိန်အဝါကို ထိပ်တိုက်ရင်ဆိုင် နေရရင်း ဖုန်းဟွာရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ရွဲစိုလာခဲ့သည်။ မြေပြင်နဲ့ ထိလုမတက် ခေါင်းကိုငုံ့ထားရင်း အသံတစ်ချက်တောင် မထွက်ဝံ့တော့ချေ။
“ငါကိုယ်တော် ပြောတာကို မင်းတို့ နားလည်သလား”
ထိုအချိန်မှသာ နဂါးပလ္လင်ထက်မှာ ထိုင်နေတဲ့ ရှကျိုးယွီရဲ့ အသံက အနည်းငယ် နူးညံ့သွားခဲ့သည်။ ဦးညွှတ် အရိုအသေ ပေးနေသော အမတ်များ အားလုံး တစ်ပြိုက်နက်ထဲ ဖြေကြားလာ၏။
“အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ကျွန်တော်မျိုးတို့ ဆောင်ရွက်ပါ့မယ်”
ထိုအချိန်မှသာ အလွန်ကျေနပ်စွာဖြင့် ရှကျိုးယွီ ခေါင်းငြိမ့်လိုက်သည်။ ကျန်းနန်မြို့ကို ရှထိုက်အန်း ရောက်ရှိလာခြင်းက ပြည်သူတွေထံမှ အမြင်ကောင်း မရခဲ့သည့်အပြင် အရာရှိများရဲ့ မျက်စိဆံပင်မွှေး စူးစရာ ဖြစ်ခဲ့မှန်း ရှကျိုးယွီ သဘောပေါက်လိုက်သည်။ ဤအခြေအနေကား သူလိုချင်သည့် အခြေအနေပင်။
“တခြားကိစ္စ မရှိဘူးဆိုရင် ညီလာခံကို ရပ်နားကြမယ်”
ရှကျိုးယွီ ချက်ချင်းပဲ နဂါးပလ္လင်ထက်မှ ဆင်းသွားပြီး အိပ်ဆောင် ရှိရာသို့ ဦးတည်လိုက်၏။
ညီလာခံအပြီးတွင် အရှင်မင်းကြီးကို ကြိုဆိုသော စားသောက်ပွဲ တစ်ခု ရှိသေးသည့်အတွက် အရာရှိများ အားလုံး မပြန်ကြသေးပဲ ဘေးခန်းမတွင် စားသောက်ပွဲ စတင်ဖို့ရန် စောင့်ဆိုင်းနေကြသည်။
“အမတ်ဖုန်းရဲ့ ပြစ်ချက်သုံးခုက တကယ်ကို ကောင်းမွန်ပြီး တွေးတောထားမှန်း သိသာပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ချင်မင်းသားကို အရမ်းဂရုစိုက်လွန်းတယ်။ အဲ့ဒါက စိတ်မကောင်းစရာပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အရှင်မင်းကြီးက အခုလိုမျိုး သဘောမတူပဲ နေမှာမဟုတ်ဘူး”
“ဟာ ကျန်းနန်မြို့ကို အုပ်ချုပ်သူအဖြစ် ချင်မင်းသား ရောက်လာကတည်းက သူက အရမ်းမောက်မာပြီး စစ်နတ်ဘုရားတစ်ပါးလိုမျိုး ပြုမူခဲ့တယ်။ ကျွန်တော်တို့ ဘယ်မြို့က ကုန်သည်မှုတွေ မထိခိုက်ခဲ့တာ ရှိလို့လဲ”
“အဲ့ဒါအမှန်ပဲ။ ကျွန်ုပ်တို့ မြို့ သုံးခုလုံးမှာရှိတဲ့ ဂိုဏ်းအသီးသီလည်း ဖယ်ရှားခံလိုက်ရပြီး။ အဲ့ဒါကြောင့်ပဲ ကုန်သွယ်မှုပိုင်း နှောက်ယှက်ခံခဲ့ရတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ် တပ်စခန်းအတွက် လိုအပ်သမျှ ငွေကြေးတိုင်းကို ကျွန်ုပ်တို့ အုပ်ချုပ်ရေးမှူးတွေက ပေးနေရတာ မဟုတ်ဘူးလား”
အမတ်များရဲ့ကြားမှာ ဆွေးနွေးသံများ တစ်စတစ်စ ထွက်ပေါ်လာခဲ့သည်။ ကျန်းနန်မြို့သုံးမြို့သည် ငွေကြေး အချက်အချာ နေရာတစ်ခု ဖြစ်၏။ ဒါပေမဲ့ ချင်မင်းသား ရောက်ရှိလာကတည်းက ဤမြို့တွင် တပ်စခန်း တစ်ခု တည်ထောင်ကာ တပ်သားလေ့ကျင့်ခဲ့ပြီး မျိုးစုံသော လက်နက်များကို ဝယ်ယူခဲ့သည်။
ငွေကုန်ကြေးကျ များလာသည့် အပြင် စည်းကမ်းတင်းကျပ် လာသည့်အတွက် အရာရှိများ မပျော်ရွှင်ကြတော့ပေ။
“ဟမ်း မင်းတို့ရဲ့ ပြောစကားတွေက အမြင်ကျဉ်းမှန်း သိသာစေလိုက်တာ။ မင်းတိုတွေက မင်းတို့ ရစရာရှိတဲ့ ကိစ္စတွေကိုပဲ စဉ်းစားနေကြတာ။ အရှင်မင်းကြီး ဘာကိုလိုချင်လဲဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဘူးမလား”
ထိုအချိန်မှာပဲ ချင်မင်းသားဘက်ကနေ အမတ်တစ်ယောက်က နက်ရှိုင်းစွာ ထပြောလာခဲ့သည်။ နေရာတွင် ရှိနေသော စစ်တပ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း အမတ်များ အားလုံး ဆွေးနွေးနေတာများ ရပ်တန့်သွားပြီး ထိုရဲတင်းသော အရာရှိကို ကြည့်ချင်ခဲ့သည်။ လူအများနဲ့ တစ်ယောက် ဆန့်ကျင်ကာ ငြင်းဆိုရဲတဲ့ ထိုပုဂ္ဂုလ်က ဘယ်သူလဲဆိုတာ သိရအောင် ချက်ချင်းပဲ ခေါင်းလှည့်လာကြ၏။
“ဒါက ကျန်းနန်မြို့ရဲ့ အုပ်ချုပ်ရေးမှူးလီ မဟုတ်ဘူးလား။ ချင်မင်းသားက ဒီနေရာမှာ ရှိနေတဲ့အတွက် ငါတို့ထဲမှာ မင်းက အခံစားရဆုံးလူ ဖြစ်ရမှာလေ။ ဘာကိစ္စ သူ့အတွက် ပြောပေးနေရတာလဲ။ ဘာလဲ အရှင်မင်းကြီးဆီကနေ မျက်နှာသာ ရအောင်လို့ ဒီလိုမျိုး ပြောပေးနေတာလား”
ရုံးတော်အတွင်းမှာ ဒေါသ ပုံချခွင့် မရခဲ့သော အမတ်များ အတွက် ခန်းမအလယ်တွင် အရာရှိဝတ်စုံနဲ့ ရှည်လျားစွာ ရပ်နေခဲ့သော ကျန်းနန် မြို့၏ အုပ်ချုပ်ရေးမှူး လီမီသည် အလိုအလျောက် ပြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
“မင်းဘာတွေ ပြောနေတာလဲ။ ငါဘယ်လောက်တောင်ဖြောင့်မတ်တဲ့ လူတစ်ယောက်လဲဆိုတာ ဒီကျန်းနန်မြို့သုံးမြို့လုံး သိတယ်ကွ”
ထိုအချိန်မှာပဲ လီမီက ရစ်ငှက်ပုံစံ ချည်ထိုးထားသော အရာရှိ ဝတ်ရုံရဲ့ ရင်ဖက်နေရာကို ဟိတ်ဟန်ပါပါ ပုတ်လိုက်ရင်း ရဲဝင့်စွာ ကြွေးကျော်လိုက်၏။
“မင်းတို့ အားလုံးက အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ ရုံးတော်အရာရှိတွေ ဖြစ်ပြီး တရှား တိုင်းပြည် အတွက် အလုပ်လုပ် နေကြရတာနော်။ မင်းတို့ပြောသလိုမျိုး ချင်မင်းသား ရောက်ရှိလာပြီး စစ်တပ်လေ့ကျင့်မှုက ကျွန်ုပ်တို့နေရာရဲ့ ကုန်သွယ်မှုပိုင်းကို ထိခိုက်မှု ရှိစေတယ်ဆိုတာ မှန်ပေမဲ့ အဲ့ဒါက တရှားတိုင်းပြည်အတွက် များစွာတဲ့ အကျိုးကျေးဇူးကို ယူလာပေးလိမ့်မယ်”
သံသယ မျက်လုံးများနဲ့ ကြည့်ရှုနေခဲ့သော အမတ်များ အားလုံးကို စိုက်ကြည့်နေရင်း လီမီ အင်္ကျီ အတွင်းမှ ချက်ကျလက်ကျ ရေးသားထားသော စာစောင် တစ်ခုကိုထုတ်ယူလိုက်ပြီး အမတ်တွေကို တစ်လှည့်စီ ကြည့်ရှုခွင့်ပေးလိုက်သည်။
“ဒီစာစောင်ထဲမှာ ကျန်းနန်မြို့ရဲ့ ပြည်သူတွေ ပြောထားတဲ့ စကားတွေ ရေးထားတယ်။ မင်းတို့ကြည့်လိုက်ကြ”