ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်
Vol. 20 Ch. 271
ကောင်းကင်ဘုံရဲ့အထူးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခြင်းသည် လူတစ်ယောက်ရဲ့ ကံကြမ္မာမှာ အမြင့်မြတ်ဆုံး အခွင့်အရေးဖြစ်၏။ သာမန်လူတွေအတွက် ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်ဖြစ်လာခြင်းသည် တစ်သက်တာလုံး အကျိုးကျေးဇူးလိုက်သည့်နှယ်၊ ထိုဂုဏ်ပုဒ်၏ကာကွယ်မှုကြောင့် ထိုသူရဲ့ဘဝသည် ကပ်ဘေးအားလုံးနဲ့ အခက်အခဲအားလုံးမှ အလိုအလျောက် ကင်းလွတ်သွားပြီး ငြိမ်းချမ်းသာယာတဲ့ဘဝကို ရရှိလိမ့်မည်။
ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းက လူငယ်ရဲ့ပြောဆိုလာသော စကားသံကိုနားထောင်ရင်း ရှကျိုးယွီ ရယ်မောလိုက်သည်။
“မင်းတို့ရဲ့ လူတွေရဲ့နှလုံးသားကို လွှမ်းမိုးနိုင်စွမ်းက တစ်ကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ ဘာလဲ လူတွေကို တွေ့တာနဲ့ ချက်ချင်းပဲ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့ သူတစ်ယောက်လိုမျိုး ဆက်ဆံပစ်လိုက်တာလား။ ငါက အရမ်းကို ရိုးအလွန်းပြီး မင်းတို့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတစ်ချို့မှာ မျောပါသွားမယ်လို့ထင်နေလား”
ချက်ချင်းပဲ ထိုလူငယ်ရဲ့မျက်နှာက အရှက်ရသွားလေရဲ့။ လွန်ခဲ့တဲ့ ရက်တစ်ချို့မှာ ထိုနည်းလမ်းအတိုင်းပင် လူငယ် ခြောက်ယောက်လောက်ကို လှည့်စားထားခဲ့ပြီး ထိုလူငယ်တွေအားလုံးက သူတို့ရဲ့ချီးမြှောက်သောစကားသံကို ကြားလိုက်တာနဲ့ ချက်ချင်းဆိုသလိုပင် အဖွဲ့အစည်းထဲ မပါဝင်ခဲ့ကြသော်ငြား ပျော်ရွှင်စွာဖြင့် ရွှေငွေများကို လက်ဆောင်ပေးခဲ့ကြသည်။
“သခင်ကြီး အထင်လွဲနေတာပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ ပြောခဲ့တဲ့ အရာအားလုံးက အမှန်တရားအတိုင်းပါပဲ။ ကျွန်တော်တို့မှာ လှည့်စားလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး”
မျက်စိရှေ့ကပုဂ္ဂိုလ်ရဲ့ ထူးခြားကောင်းမွန်သော ခုခံလာမှုကြောင့် ထိုသူက သာမန်ချမ်းသာတဲ့ ကုန်သည်မျိုးရိုးရဲ့ တက်ရောင်ကန်း သခင်လေးတွေလိုမျိုး မဟုတ်မှန်း အထာပေါက်လိုက်ကြပြီး အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့ရဲ့ စစ်မှန်တဲ့အရည်အချင်းကို ပြသဖို့ ကြိုးစားလိုက်ကြလေ၏။
“သခင်ကြီး မယုံဘူးဆိုရင် ကျေးဇူးပြုပြီး ဒါကိုကြည့်ပေးပါ”
ထိုလူငယ်နှစ်ယောက်ထဲမှ ပိုအသက်ကြီးပုံရသော လူက ချက်ချင်းပဲ အိပ်ကပ်အတွင်းမှ နီညိုရောင်အဝတ်စနဲ့ ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကိုယူလိုက်သည်။ ထိုအထုပ် ထွက်ပေါ်လာနဲ့ ဖျော့တော့သော ရွှေရောင်အလင်းက ငါးမီတာလောက်ထိ ပျံ့နှံ့လာ၏။
“ဒါက အဆင့်နှစ် စိတ်ဝိဉာဏ်အသုံးပြုရတဲ့ ရတနာတစ်ခုပါ။ ဒီပစ္စည်းကို သခင်ကြီးနဲ့အတူ သယ်သွားမယ်ဆိုရင် အသက်ရှည်စေပြီး ခန္ဓာကိုယ်အတွင်းက ချီစွမ်းအင်နဲ့သွေးလည်ပတ်နှုန်းကို မှန်ကန်စေလိမ့်မယ်။ ကျွန်တော်တို့ပြောတာ မယုံဘူးဆိုရင် သခင်ကြီးကိုယ်တိုင် ကြိုးစားကြည့်ပါလား”
ထိုလူပျက်နှစ်ယောက်ရဲ့တင်ပြမှုကို ရှကျိုးယွီ ပျော်ရွှင်စွာပဲ ကြည့်ရှုနေခဲ့သည်။ ညီလာခံအတွင်းက ရှုပ်ထွေးသော လိမ်ညာမှုများနဲ့ နောက်ကျောဓါးထိုးခံရမှုကို ကျင့်သားရနေသည့် သူ့အတွက်တော့ အခုလိုမျိုး သေးငယ်တဲ့လှည့်စားမှုက အပျင်းပြေစေတဲ့ ဖျော်ဖြေမှုတစ်ခုသာဖြစ်သည်။
ရှကျိုးယွီ ချက်ချင်းပဲ နီညိုရောင်အဝတ်စနဲ့ပတ်ထားသော အထုပ်ကို ဆွဲယူလိုက်ရင်း ဖြည်ကြည့်လိုက်ရာ အထဲမှ လက်ဖဝါးအရွယ်ခန့်ရှိသော ကြေးမုံမှန်တစ်ခုထွက်ပေါ်လာခဲ့သည်။ ကြေးမုံမှန်ကို ပန်းပွင့်၊ ငှက်၊ ငါး၊ ပိုးကောင်၊ တောင်တန်း၊ မြစ်၊ သစ်ပင် စသည်ဖြင့် ဘေးပတ်ပတ်လည်၌ လှပစွာ ထွင်းထုပုံဖော်ထား၏။
ဒီကြေးမုံက တစ်ခုခုထူးခြားနေလို့လား………
ထိုအချိန်မှာတော့ ကြေးမုံမှန်အား ဖင်လှည့်ခေါင်းလှည့် စစ်ဆေးနေခဲ့သော ရှကျိုးယွီကို ထိုလူငယ်နှစ်ယောက်က ကြောက်ရွံ့စွာ ကြည့်နေကြလေရဲ့။ သူရဲ့နှလုံးသားတစ်လုံးက ရုတ်တရက် ကြေးမုံမှန် ပြုတ်ကျသွားမည့် ဖြစ်ရပ်ကို စိုးရိမ်ကာ ထိတ်လန့်နေကြသည်။
ဒါက စိတ်ဝိဉာဏ်စွမ်းအင်အသုံးပြုရတဲ့ အဆင့်နိမ့် ရတနာတစ်ခုသာဆိုပေမဲ့ ဒီ ဝိဉာဏ်ဖမ်းနတ်ကြေးမုံသည် တောင်ပင်လယ်ဂိုဏ်း၏ အထူးတန်ဖိုးထားရသော ရတနာပစ္စည်းတစ်ခုဖြစ်သည်။ ချင်မင်းသားရဲ့တိုက်ခိုက်မှုကြောင့် ကျန်းနန်းမြို့ရှိ တောင်ပင်လယ်ဂိုဏ်းရဲ့တပည့်တွေအားလုံး ဒဏ်ရာအပြင်းအထန်ရကာ အသတ်ခံလိုက်ရသည်။ ဂိုဏ်း၏ လက်ကျန်ညီနောင်နှစ်ယောက်သာ ပျက်ဆီးကျိုးပဲ့နေသော ဝိဉာဏ်ဖမ်းကြေးမုံကို သယ်ဆောင်ရင်း ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းကိုပါဝင်ခဲ့ကြ၏။
“ဒီကြေးမုံမှန်က တစ်ကယ် ထူးခြားတာနော်။ တစ်ကယ်လို့ ဒီကြေးမုံပေါ်မှာ လူတစ်ယောက်ရဲ့အတိတ်က လှုပ်ရှားမှုကို သိရှိထားမယ်ဆိုရင် ထိုသူကို ကြေးမုံအလင်းပြလိုက်တာနဲ့ အဲ့ဒီလူက နေရာမှာတင် မလှုပ်မယှက်နိုင်ဖြစ်သွားလိမ့်မယ်”
တောင်ပင်လယ်ဂိုဏ်းရဲ့ညီအကိုနှစ်ယောက်က စိတ်ရှည်စွာဖြင့် ရှကျိုးယွီကို သိမ်းသွင်းဖို့ကြိုးစားနေ၏။
“တဖက်လူရဲ့အခြေအနေကို ကောင်းကောင်းနားလည်မယ်ဆိုရင် အဲ့ဒီသူက ပထမအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင်မှ ဘယ်နေရာမှာမဆို သူတို့ကို အေးခဲသွားအောင်လုပ်နိုင်တယ်”
ထိုရှင်းပြချက်ကြောင့် လက်ထဲက ထူးဆန်းသော ပစ္စည်းကို ရှကျိုးယွီအနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။
“ဒီပစ္စည်းက ငါ့ရဲ့ကိုက်ညီမှုနဲ့ တကယ်ကို ကွက်တိကျနေတာပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒီ သိပ်ပြီးတော့ အသုံးမဝင်တဲ့ လက်နက်က အခြေအနေကြီးတွေမှာ အသုံးပြုလို့မရဘူး။ လူတစ်ယောက်နောက်ကျောကို ဓါးနဲ့ထိုးတဲ့အခြေအနေမှာပဲ သုံးလို့ရတယ်”
ထိုစကားလုံးများကြောင့် ညီအကိုနှစ်ယောက်လုံး အနည်းငယ် ရှက်ရွံ့သွားကြဟန်ရှိသည်။ တစ်ကယ်တော့ ထိုအကြောင်းအရင်းကြောင့်ပင် သူတို့ရဲ့တောင်ပင်လယ်ဂိုဏ်းက သူများဂိုဏ်းတွေထက် ပိုမိုလျင်မြန်စွာဖျက်ဆီးခံခဲ့ရခြင်းဖြစ်၏။ ထိုအကြောင်းအရင်းကြောင့်ပင် ကောင်းကင်နဲ့မြေကြီး လူမှု့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ခဲ့ပေမဲ့ အများရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
ရှကျိုးယွီကတော့ လက်ထဲက ကြေးမုံမှန်ကို ကိုင်နေရင်း အသေးစိတ် ကြည့်နေခဲ့သည်။ ထိုမှန်ရဲ့ပတ်ပတ်လည်ရှိ ထူးခြားသော ပုံစံခွက်ဖော်ထားမှုက အနည်းငယ်ရင်းနှီးနေသလိုမျိုး ခံစားရစေသည်။ အတွေးတစ်ခုနဲ့အတူ ရှကျိုးယွီ လက်တစ်ဖက်အား ပုံမှန်အတိုင်းလှုပ်ရှားလိုက်ပြီး ချက်ချင်းပဲ နောက်ထပ် ကြေးမုံမှန်တစ်ခုကို ပေါ်ပေါက်စေ လိုက်သည်။ စနစ်ထံမှ မကြာသေးခင်ကမှ ချီးမြှောက်ထားခဲ့တဲ့လူတွေရဲ့ စစ်မှန်တဲ့နှလုံးသားကို မြင်နိုင်တဲ့ အမှန်တရားကြေးမုံနဲ့ ဒီဝိဉာဏ်ဖမ်းကြေးမုံသည် တော်တော်လေးဆင်တူသည်ဟု ဆိုနိုင်သည်။ တစ်ခုတည်းသောကွားခြားချက်က ဝိဉာဏ်ဖမ်းကြေးမုံတွင် ပန်းပင်နှင့်ငှက်များရဲ့ပုံစံအား ထွင်းထုထားပေမဲ့ အမှန်တရားကြေးမုံတွင်တော့ လူတစ်ယောက် အလုပ်လုပ်နေတဲ့ မျိုးစုံသော မြင်ကွင်းများကို ပုံဖော်ထား၏။
“ဘာတွေဖြစ်နေတာလဲ”
အနည်းငယ်ရှုပ်ထွေးလာသဖြင့် ရှကျိုးယွီ ထိုကြေးမုံနှစ်ခုကို ဘေးချင်းကပ်ရပ်ယှဉ်ထားကာ နှိုင်းယှဉ်ဖို့ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပဲ မထင်ထားတဲ့ဖြစ်ရပ် ပေါ်လာခဲ့ပြီး အမှန်တရားကြေးမုံနဲ့ ဝိဉာဏ်ဖမ်းကြေးမုံတို့သည် အချင်းချင်းတုံ့ပြန်လာလေကာ ရွှေရောင်အလင်းတန်းများ ဆက်နွယ်သွားခဲ့သည်။ ရုတ်တရက်ပြောင်းလဲလာသော ဖြစ်စဉ်ကြောင့် လမ်းမပေါ်ရှိ လူများစွာရဲ့ အာရုံစိုက်မှုကိုပါခံလာရ၏။
“သခင်ကြီး ဒီနေရာက မလုံခြုံတော့ဘူး။ ကျွန်တော်တို့ နောက်ထပ် အကာကွယ်တစ်ခုကို ရှာဖွေကြမလား”
ကြီးမားတဲ့အဖြစ်အပျက်ပြီးမှာ လူတွေရဲ့မြင်ကွင်းထဲသို့ တောင်ပင်လယ်ဂိုဏ်းသားနှစ်ယောက်လုံး ပေါ်ထင်စွာ လမ်းမလျှောက်ရဲတော့ပေ။ သူတို့ဂိုဏ်းရဲ့အထွက်အမြတ်ကြေးမုံနဲ့ တဖက်ပုဂ္ဂိုလ်ရဲ့ ထူးဆန်းသောကြေးမုံက အချင်းချင်းတုံ့ပြန်နေသော အကြောင်းအရင်းကိုတောင် အရင်မစုံစမ်းနိုင်ပဲ လူမြင်ကွင်းမှ ထွက်သွားဖို့အရေးသာ အားစိုက်ခဲ့ကြ၏။
“မင်းတို့ လမ်းပြ”
အခုတော့ ကောင်းကင်နဲ့မြေကြီး လူမူ့အဖွဲ့အစည်းကို ရှကျိုးယွီစိတ်ဝင်စားလာခဲ့ပြီပင်။ ကြေးမုံမှန်နှစ်ခု အချင်းချင်း ဆက်နွယ်သွားတာနဲ့ ရှကျိုးယွီရဲ့ဦးခေါင်းထဲသို့ သတင်းအချက်အလက်တစ်ချို့ ဝင်ရောက်လာခဲ့သည်။ အမှန်တော့ ဝိဉာဏ်ဖမ်းကြေးမုံသည် ဟောင်ထျန်းကြေးမုံမှန်ဟု အရင်က ခေါ်တွင်ခဲ့ပြီး ထိုကြေးမုံမှန်တွင် အစီအရင်အတုများကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိပြီး လူတွေရဲ့နှလုံးသားကို ဖိနှိပ်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။ သို့ပေမဲ့ နှစ်တချို့ကြာလာပြီးနောက်မှာ ထိုကြေးမုံအား နှစ်ပိုင်းခွဲခြားခံလိုက်ရ၏။ ကြေးမုံတစ်ခုသည် လူတွေရဲ့နှလုံးသားကို ဖိနှိပ်နိုင်စွမ်းရှိပြီး နောက်ထပ်ကြေးမုံတစ်ခုက ပုံရိပ်ရောင်များကို ဖောက်ထွင်းမြင်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။ မထင်ထားစွာပဲ ကံတရားရဲ့လှည့်ကွက်တွေကြားမှာ ထိုကြေးမုံမှန်နှစ်ခုလုံးက ရှကျိုးယွီရဲ့လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ ဒီလိုမျိုးနဲ့ပဲ ရှကျိုးယွီတို့အုပ်စုသည် ကျန်းနန်းမြို့အတွင်းရှိ ကြီးမားသော စံအိမ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
“အထဲဝင်ပြီးတော့ ဂိုဏ်းခေါင်းဆောင်ကို သတင်းပေးလိုက်။ တောင်ပင်လယ်ဂိုဏ်းရဲ့ ယန်ရှောင်းနဲ့လျိုထန်းက ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်ကို ဖိတ်ခေါ်လာခဲ့တယ်လို့”
လူငယ်နှစ်ယောက်ထဲက အကြီးဖြစ်သော ယန်ရှောင်းစကားပြောချိန်မှာ ရှကျိုးယွီသည် လက်ထဲရှိ ဟောင်ထျန်းကြေးမုံမှန်ရဲ့ သတင်းအချက်အလက်များကို ရှာဖွေနေခဲ့သည်။
“ဒါဆိုရင် ဒီလိုဖြစ်သွားတာပေါ့။ ဒီနေရာက တစ်ကယ်တော့ လက်ကျန်ဂိုဏ်းတွေရဲ့ စုဝေးတဲ့နေရာတစ်ခုလား”
ချင်မင်းသားရဲ့သုတ်သင်ရှင်းလင်းမှုပြီးခဲ့ပေမဲ့ ကျန်းနန်းမြို့မှာရှိသော ဂိုဏ်းရဲ့လက်ကျန်ဂိုဏ်းသားများက လျှို့ဝှက်စွာ စုဝေးပြီး ဒီနေရာမှာ တစ်စုတစီးထဲဖြစ်လာခဲ့သည့်အတွက် မကြာခင်မှာပဲ ကိစ္စကြီးတစ်ခုဖြစ်ပေါ်လာနိုင်ချေရှိသည်။
“သခင်ကြီး ဒါက…… ကျွန်တော်တို့ရဲ့ ကြေးမုံမှန်က…….”
မျက်စိရှေ့ကပုဂ္ဂိုလ်ရဲ့ ထူးကဲမှုကို ယန်ရှောင်း အလိုအလျောက်သတိထားမိပါသည်။ သူ့တို့ရဲ့ဝိဉာဏ်ဖမ်းကြေးမုံမှန်သည် ပျက်စီးနေသော်ငြား ဂိုဏ်းရဲ့အထွက်အမြတ်ကြေးမုံမှန်ဖြစ်သည်။ ထို့ကြောင့် ဒီလိုမျိုး ရှားပါးရတနာတစ်ခုကို မလိုအပ်ပဲ အဆုံးရှုံးမခံလိုပေ။
“ဟမ် မင်းတို့ရဲ့ ကြေးမုံမှန် ဟုတ်လား”
ဟောင်ထျန်းကြေးမုံမှန်ရဲ့ သတင်းပြသပေးမှုကြောင့် ရှကျိုးယွီအရင်တုန်းကအဖြစ်အပျက်များကို ရှင်းလင်းစွာ သိမြင်လာခဲ့သည်။
“မင်းတို့တွေသာ အပြင်လူတွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး ဂိုဏ်းရဲ့ရတနာကို အဲ့ဒီတုန်းက ခိုးယူဖို့မကြိုးစားခဲ့ဘူးဆိုရင် တောင်ပင်လယ်ဂိုဏ်းက ဒီလိုမျိုး အလွယ်တကူ နှိမ်နင်းခံလိုက်ရမှာလား။ မင်းတို့က အဲ့ဒါကိုများ ဒီကြေးမုံကို မင်းတို့ရဲ့ ကြေးမုံမှန်လို့ ပြောရဲသေးတာလား”
သူတို့ရဲ့နှလုံးသားထဲမှာ အချိန်ကြာမြင့်စွာ လျှို့ဝှက်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကြီးကို မျက်စိရှေ့ကပုဂ္ဂိုလ်ရဲ့ အလွယ်တကူ ဖွင့်ထုတ်လိုက်မှုကြောင့် လျိုထန်းနဲ့ယန်ရှောင်းရဲ့ ကျောရိုးတစ်လျောက်လုံး ချမ်းစိမ့်သွားခဲ့သည်။ ဟောင်ထျန်းကြေးမုံမှန်ရဲ့ အကျိုးကျေးဇူးကြောင့် အခုလိုမျိုးသိရှိလာခဲ့ရမှန်း ထိုနှစ်ယောက်သိခဲ့ပါလေစ……..
“မင်းဘယ်လိုလုပ် ရှာတွေ့သွားတာလဲ”
လေသံနိမ့်နဲ့ မေးခွန်းထုတ်လာတဲ့ ယန်ရှောင်းရဲ့မျက်လုံးများက ရှကျိုးယွီအား စူးရဲစွာစိုက်ကြည့်နေခဲ့သလို ယန်ရှောင်းရဲ့အနောက်မှာရှိသော လျိုထန်းကလည်း လူသတ်လိုတဲ့ရည်ရွယ်ချက်များ ထုတ်ဖော်ပြလာခဲ့သည်။ တစ်ကယ်လို့ ဒီသတင်းသာ ထွက်သွားခဲ့ရင်… သူတို့အနေနဲ့ ကောင်းကင်နဲ့မြေကြီးလူမူ့အဖွဲ့အစည်းမှာ ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒီလိုဆိုရင် သူတို့ရဲ့ဘဝက လမ်းပေါ်က ခွေးလေခွေးလွင့်တွေလိုမျိုး ဖြစ်လာလိမ့်မည်။
“ငါ ဘယ်က သိလာတယ်ဆိုတာ မင်းတို့သိဖို့မလိုပါဘူး။ ဒါပေမဲ့ အဲ့ဒီအကြောင်းအရာကို ငါသိနေတယ်ဆိုတာတော့ မင်းတို့သိသင့်တယ်။ မင်းတို့က ငါ့ကိုဆန့်ကျင်ဖို့ ငယ်လွန်းပါသေးတယ်”
ရှကျိုးယွီတစ်ယောက် ချက်ချင်းပဲ သူ့ရဲ့ခန္ဓာကိုယ်ကနေ ပထမအဆင့် သိုင်းနတ်ဘုရားရဲ့အရှိန်အဝါကို အနည်းငယ်မျှ ထုတ်လွတ်လိုက်သည်။ တောင်တစ်တောင်လိုမျိုး လျင်မြန်စွာကျရောက်လာခဲ့တဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကြောင့် ယန်ရှောင်းနဲ့လျိုထန်း ကျောက်ရုပ်များဖြစ်သွားသည့်နှယ် ရပ်တန့်သွားခဲ့ပြီး ရှကျိုးယွီအရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်တာတောင်မှ သူတို့နှစ်ယောက်လုံး မနေနိုင်စွာ မြေပြင်ပေါ်သို့ ပုံလဲကျသွားခဲ့သည်။ မျက်နှာတစ်ခုလုံး ဖြူဖွေးနေရုံတင်သာမကပဲ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း မထိန်းနိုင်စွာ တုန်ယင်နေ၏။
“သွားပြီ။ ငါတို့တော့ လူရွေးမှားပြီ”
ယန်ရှောင်း၏နှလုံးသားတစ်ခုလုံး ချက်ချင်းပဲ နောင်တတရားများနှင့် ပြည့်နှက်သွားခဲ့သည်။ ကြမ်းတမ်းသော နတ်ဘုရားကို ရန်စခဲ့မှုကြောင့် သူတို့ရဲ့ရတနာကို ဆုံးရှုံးရလိုက်ရုံတင်သာမကပဲ သူတို့ရဲ့လျှို့ဝှက်ချက်ကြီးလည်း ဖော်ထုတ်ခံလိုက်ရသည်။ ဒါက လက်ပူးလက်ကျပ် အဖမ်းခံရခြင်းပဲ မဟုတ်ဘူးလား။