လမ်းစမယ်
Vol. 20 Ch. 272
“သခင်ကြီးတို့၊ ဂိုဏ်းခေါင်းဆောင်က ဖိတ်ခေါ်လိုက်ပါတယ်”
ထိုအချိန်မှာပဲ အစောပိုင်းက သတင်းသွားပို့သော အစေခံလေး ပြန် ရောက်လာခဲ့ပြီး သူတို့အတွက် တံခါးချပ်ဖွင့်ပေးလာခဲ့သည်။
“သခင်ကြီးတို့ မြေကြီးပေါ်မှာ နားမနေပါနဲ့။ အထဲဝင်ပြီး ဂိုဏ်းခေါင်းဆောင်ကို လာတွေ့ကြပါ”
ရှကျိုးယွီ အရှေ့ကို ရောက်သွားတာနဲ့ မြေပြင်ပေါ်မှာ ပုံလျက်သား လဲကျနေသော ယန်ရှောင်းနဲ့ လျိုထန်းအား သတိပေးလိုက်သည်။ ရှကျိုးယွီရဲ့ ခိုင်းစေလာမှုကြောင့် ထိုနှစ်ယောက်လုံး ကတုန်ကရင် ထရပ်လိုက်ကြ၏။ တဖြည်းဖြည်းထွက်သွားနေသော ရှကျိုးယွီရဲ့ နောက်ကျောကို ကြည့်နေရင်း လျိုထန်း အိပ်ကပ်အတွင်းမှ တစ်စုံတစ်ခု ထုတ်ယူဖို့ ပြင်လိုက်သည်။ သို့ပေမဲ့ ယန်ရှောင်းရဲ့ တားမြစ်ခြင်းကိုသာ ခံလိုက်ရ၏။
“ရိုးရိုးသားသားပဲ နေကြရအောင်။ ဒီတစ်ခေါက် ငါတို့ အရေးမသာဘူး”
ယန်ရှောင်းရဲ့ မျက်လုံးထဲမှာ နက်ရှိုင်းသော အကြောက်တရားများရှိနေခဲ့သည်။ သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းဖို့ သူတောင်းစားတစ်ယောက်ကို ရှာတွေ့ခဲ့ပြီလို့ ထင်မှတ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မြစ်ကို ဖြတ်သန်းလာတဲ့ နဂါးတစ်ကောင်နဲ့ တွေ့ဆုံခဲ့ရသည်။
ထိုအချိန်မှာပဲ မြင်ကွင်းထဲက ပျောက်ကွယ်လုမတက် ဖြစ်သွားသော ရှကျိုးယွီကြောင့် သူတို့နှစ်ယောက်လုံး လျင်မြန်စွာ အမှီလိုက်ကြရလေရဲ့။
“ဟားဟား ငါကြားခဲ့တာ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်ကို ရှာတွေ့ခဲ့တယ်ဆို”
လူတစ်ယောက်ကိုမှ မမြင်ရသေးသော်ငြား အတွင်းခန်းကနေ စိတ်အလိုလက်ရ ရယ်သံကြီးနဲ့အတူ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါ့ကြောင့် ဒီနေ့ ကိစ္စကောင်းတစ်ခု ဖြစ်မယ်လို့ ခံစားချက်ရနေတာကိုး”
အတွင်းခန်းကနေ ခပ်ဖြည်းဖြည်းလမ်းလျှောက်ရင်း ထွက်လာခဲ့တဲ့ ဆံပင်ဖြူ၊ မုတ်ဆိတ်မွှေးဖြူများနဲ့ အသက်ကြီးကြီးအဖိုးအိုက ရှကျိုးယွီကို မြင်တာနဲ့ လုံးဝကို မှင်သက်သွားလေသည်။
“ သူ့ရဲ့မြင့်မြတ်မှုက စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။ တကယ်ကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပါလား”
ထိုအချိန်မှာ ယန်ရှောင်းနဲ့ လျိုထန်းလည်း အတွင်းခန်းထဲသို့ ရောက်ရှိလာခဲ့သည်။
“ခေါင်းဆောင် ဒါက ကျွန်တော်တို့ ရှာဖွေနေတဲ့ ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်ပါပဲ”
အဖြူရောင်မုတ်ဆိတ်မွှေးဖြူများကို ခပ်ဖွဖွပွတ်သပ်နေရင်း အနည်းငယ် အဝါရောင် သန်းနေသော မျက်လုံးများက ရှကျိုးယွီကို အသေးစိတ် စစ်ဆေးနေခဲ့သည်။
“ မင်းက တစ်ကယ်ပဲ ဘယ်သူလဲ”
မျက်စိရှေ့က ပုဂ္ဂိုလ်ရဲ့ဘေးတွင် နဂါးအစစ်များ ဝန်းရံနေသလို ခံစားချက်ကြောင့် ထိုဂိုဏ်းခေါင်းဆောင် ထိတ်လန့်သွားခဲ့ပြီး ထိုသူရဲ့ မရိုးရှင်းမှုကို ချက်ချင်း မှန်းဆမိလိုက်သည်။
“မင်းတို့က ငါဘယ်သူလဲ မသိပေမဲ့ ငါကတော့ မင်းတို့ကို ဘယ်သူမှန်းသိတယ်။ မင်းက ကျန်းနန်မြို့ရဲ့ ယူအိမ်တော်ကဘိုးဘေး ယူကျောင်းဟွာပဲ”
နောက်ဆုံးတော့ ရှကျိုးယွီသည် သူ့ရဲ့စစ်မှန်တဲ့ နဂါးဘုန်းတော်အရှိန်အဝါကို ဖုံးကွယ်ဖို့မကြိုးစားတော့ပေ။ ခပ်ဖြည်းဖြည်း ဂိုဏ်းခေါင်းဆောင်ရှိရာသို့ လျှောက်လှမ်းလာလေရာ ရှကျိုးယွီရဲ့အနောက်ရှိ ဟင်းလင်းပြင်ကနေ ရွှေရောင်နဂါးများ အဆက်မပြတ် ဟိန်းဟောက်သံများကို ဂိုဏ်းခေါင်းဆောင်မြင်လိုက်ရသည်။ အလွန့်အလွန် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တော်ဝင်အရှိန်အဝါက လူတိုင်းကို ဒူထောက်ကျစေဖို့ လုံလောက်၏။
“ငါဘယ်သူလဲဆိုတာကို နောက်ထပ် သေချာကြည့်မလား”
ထိုအချိန်မှာပဲ စစ်မှန်လှတဲ့ အရှိန်အဝါနဲ့ ခပ်တိုးတိုး ထွက်ပေါ်လာတဲ့ အသံတစ်ခုကြောင့် ယူကျောင်းဟွာ ချက်ချင်းပဲ မျက်စိရှေ့က ပုဂ္ဂိုလ်ရဲ့အဆင့်အတန်းကို ခန့်မှန်းမိလိုက်သည်။
“ဘာလဲ တရှားတိုင်းပြည်ရဲ့ အရှင်မင်းကြီးက ကျုပ်တို့ ဂိုဏ်းသား အကြွင်းအကျန်တွေကို ဖမ်းဆီးဖို့အတွက် ဒီနေရာအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့တာလား”
ဒုတိယအဆင့် ကျင့်ကြံသူဖြစ်တဲ့ ယူကျောင်းဟွာသည် ချင်မင်းသားလို တရှားတိုင်းပြည်၏ စစ်နတ်ဘုရားကိုတောင် ယှဉ်တိုက်နိုင်ခဲ့သည်။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ သူ့ရဲ့ကျင့်ကြံမှုက အများကြီး နိမ့်နေသလိုမျိုး ခံစားလိုက်ရပြီး ဖိနှိပ်ခြင်းကို ခံစားခဲ့ရသဖြင့် လွန်စွာထိတ်လန့်နေတော့သည်။
“ငါကိုယ်တော်က ဖမ်းရမယ်ဟုတ်လား။ မင်းတို့က ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ”
“ငါမြို့ထဲကို အလကားလျှောက်ပတ်နေတုန်းမှာ မထင်မှတ်ဘဲနဲ့ မင်းတို့ရဲ့ အကြွင်းအကျန်ဂိုဏ်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမဲ့ မင်းတို့ဂိုဏ်းတွေက ပုန်းကွယ်ပြီးနေနေတာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ဒါမှ လိုအပ်လာတဲ့အချိန် ငါ့အတွက် လှေကားထစ်တွေအနေနဲ့ ကူညီပေးလို့ရမှာလေ”
“ဒါပေမဲ့ ငါကိုယ်တော်က မင်းတို့ကို အစားအသောက်နဲ့ အဝတ်အစားအတွက် ပူပင်စရာမလိုအပ်တဲ့ အလုပ်တစ်ခု ပေးနိုင်တယ်။ ဒီတော့ ငါက မင်းတို့ကို ကျေးဇူးပြုနိုင်တဲ့ ကောင်းကင်ဘုံရဲ့ အထူးပုဂ္ဂိုလ်လို့ပြောမယ်ဆိုရင်လည်း မမှားပါဘူး”
မျက်စိရှေ့က ပုဂ္ဂိုလ်တွေအတွက် ရှကျိုးယွီ စဉ်းစားနိုင်တဲ့ အကောင်းဆုံးသောနေရာက တော်ဝင်နန်းတော်ရဲ့ အကျဉ်းထောင်ပင်။ ထိုနေရာမှာဆိုရင် ဒီဂိုဏ်းသားတွေအားလုံး မပူမပင်နဲ့ နေ့တိုင်း စားသောက်စရာ ရရှိပြီး ဝတ်စရာအဝတ်အစားလည်း ရရှိမည်မလား...
“ဟမ်း မင်းက ငါတို့ကို ဒီလောက်ထိ အလွယ်တကူ လက်လျှော့မယ်လို့ထင်နေလား”
ထိုအချိန်မှာပဲ အသက်အရွယ်ရနေသော ဂိုဏ်းခေါင်းဆောင် ယူကျောင်းဟွာရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ ပြင်းထန်တဲ့အရှိန်အဝါသည် ရှကျိုးယွီရဲ့ ဖိနှိပ်နိုင်တဲ့ အရှိန်အဝါကို အနည်းအကျဉ်းမျှ ထိုးဖောက်သွားခဲ့သည်။
“ကောင်းကင်နဲ့ မြေကြီးက အဆုံးမရှိဘူး။ ငါ များပြားလှတဲ့ နေရာတွေအထိ ထွက်ပြေးလို့ရတယ်။ ငါ ယူကျောင်းဟွာကို အလွယ်တကူ အဖမ်းခံလိမ့်မယ်လို့ မျှော်လင့်မနေနဲ့”
ချက်ချင်းပဲ ဂိုဏ်းခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်သည် အလင်းတန်းအဖြစ်ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ပေါ်သို့ လျှင်မြန်စွာ ပြေးတက်သွားလေ၏။ ယူကျောင်းဟွာ လွတ်မြောက်တော့မည်ဟု ခံစားလိုက်ရချိန်မှာပဲ ရှင်းလင်းတဲ့ အလင်းတန်းတစ်ခု သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“ပြန်လာစေ”
လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဟောင်ထျန်းကြေးမုံမှန်ကို ရှကျိုးယွီကြည့်လိုက်ရင်း ခပ်တိုးတိုးပြောဆိုလိုက်၏။ ထိုအချိန်မှာပဲ မိုင်ပေါင်းများစွာ အဝေးသို့ ပျံသန်းသွားပြီးဖြစ်တဲ့ ယူကျောင်းဟွာရဲ့ ခန္ဓာကိုယ်က အိမ်တော်အတွင်းသို့ အတင်းအကြပ် ပို့ဆောင်ခံလိုက်ရသည်။
“ဒါက ဘယ်လိုဆန်းကြယ်တဲ့ စွမ်းအင်မျိုးလဲ”
ဒုတိယအဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသော်ငြား ရှင်းလင်းတဲ့ အလင်းတန်းမှာ လွှမ်းမိုးခံလိုက်ရမှုကြောင့် ပါးစပ်တောင် ဖွင့်ဟခွင့်မရခဲ့သည့် ဂိုဏ်းခေါင်းဆောင် ယူကျောင်းဟွာရဲ့မျက်လုံးများက မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေခဲ့သည်။
“ဒီကောင်လေး အလုပ်လုပ်တာ မဆိုးဘူးပဲ။ မင်းတို့ကို ကျေးဇူးတင်ရမယ်။ မင်းတို့သာ အရေးကြီးပုဂ္ဂိုလ် ရှာနေတာမဟုတ်ဘူးဆိုရင် ဒီလိုမျိုး အသုံးဝင်တဲ့ရတနာကို ငါရှာတွေ့ခဲ့မှာ မဟုတ်ဘူး”
သက်ရှိအားလုံးကို လွှမ်းမိုးနိုင်သည်ဟု ဆိုလို့ရသော လူတွေရဲ့အတွင်းစိတ်ကို ဖတ်နိုင်ပြီး လူတွေရဲ့စိတ်ဝိဉာဥ်ကို ချည်နှောင်နိုင်တဲ့ ဒီဟောင်ထျန်းကြေးမုံမှန်ကို ရှကျိုးယွီ တော်တော်လေး ကျေနပ်သွားခဲ့သည်။
“ဒီကိစ္စတွေကို ငါကိုယ်တော်ရဲ့ ဦးရီးတော်နဲ့ပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်။ ဒါမှ ဒီဂိုဏ်းသားတွေအားလုံးကို နမူနာကောင်းပြပေးလို့ရမှာ”
ထိုအချိန်မှာပဲ အိမ်အတွင်းမှ အသီးသီးထွက်လာခဲ့တဲ့ လူအုပ်ကို ရှကျိုးယွီ လှမ်းကြည့်လိုက်သည်။ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ပင် ဒူးထောက်ပြီး တောင်းပန်ဖို့ ခစားခဲ့ရသည့်အတွက် သူတို့အားလုံးလည်း အခြေအနေကို နားလည်သဘောပေါက် သွားကြရင်း ထွက်ပြေးဖို့ ပြင်ဆင်လိုက်ကြသည်။
“ဒီနေရာကိုလာပြီး ဒူးထောက်လိုက်ကြစမ်း”
ထိုအချိန်မှာပဲ စံအိမ်တစ်ခုလုံးကို ရှင်းလင်းတဲ့ အလင်းတန်းက လွှမ်းမိုးသွား၏။ တည်တင်းနေသောရုပ်များနဲ့ ကောင်းကင်နဲ့မြေကြီး၏ လူမှုအဖွဲ့အစည်း ဂိုဏ်းသားများအားလုံး တောင့်တင်းစွာ လျှောက်လှမ်းလာရင်း ယူကျောင်းဟွာရဲ့ဘေးမှာ ဒူးထောက်လိုက်ကြသည်။
အုပ်ချုပ်သူစံအိမ်အတွင်းတွင်...
“ဘာ အရှင်မင်းကြီးက အဲဒီကို ကိုယ်တိုင်သွားပြီးတော့ ဂိုဏ်းတွေရဲ့ အကြွင်းအကျန်ဂိုဏ်းသားတွေကို ဖမ်းခဲ့တယ် ဟုတ်လား”
သတင်းပို့သူကို လက်တစ်ဖက်ယမ်းပြကာ ထွက်သွားခိုင်းပြီးတာနဲ့ ရှထိုက်အန်းကိုယ်တိုင် ရှချီတပ်စခန်းရဲ့ တပ်သားသုံးရာကို ဦးဆောင်ရင်း အလင်းလိုအရှိန်နှင့် ထွက်လာခဲ့သည်။ မကြာခင်မှာပဲ လမ်းဘေးမှာ ဇိမ်ကျစွာထိုင်နေရင်း လေညှင်းခံနေသော ရှကျိုးယွီကို တွေ့လိုက်လေ၏။
“တူတော်မောင် မင်းကြီး အဆင်ပြေရဲ့လား”
ရှကျိုးယွီကိုမြင်တာနှင့် အလျင်စလို ရောက်ရှိလာခဲ့တဲ့ ရှထိုက်အန်းက ခန္ဓာကိုယ်တစ်ခုလုံးကို အသေးစိတ်စစ်ဆေးတော့သည်။ ရှကျိုးယွီ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာမပြောနဲ့ ဖုန်မှုန့်တစ်ခုတောင် မရှိတာကို တွေ့တဲ့အချိန်မှသာ စိတ်သက်သာစွာဖြင့် မျက်နှာကြောဖြေလျှော့လိုက်လေရဲ့။
“အထဲဝင်ပြီးတစ်ချက်ကြည့်ကြတာပေါ့”
ရှကျိုးယွီ အရှေ့မှ ဦးဆောင်ကာ ဝင်သွားချိန်တွင် အေနောက်ကနေ ရှထိုက်အန်း နီးကပ်စွာ လိုက်ပါလာခဲ့ပြီး အတူပါလာခဲ့သော လက်ရွေးစင်တပ်သားသုံးရာသည် အပြင်ဘက်မှာ နာခံစွာ စောင့်ဆိုင်းနေခဲ့သည်။
“တူတော်မောင် မင်းကြီး မင်းက သူတို့အတွက် ထွက်ပြေးဖို့လွယ်ကူအောင် လုပ်ထားပေးသလိုမျိုး ဖြစ်မနေဘူးလား”
လမ်းတစ်လျှောက်လုံးတွင် အစောင့်အကြပ်တစ်ယောက်မှ ချမထားခြင်းကြောင့် ရှထိုက်အန်း မနေနိုင်စွာ မေးလိုက်သည်။ ထိုမေးခွန်းက အဖြစ်အပျက်တစ်ခုလုံးကို ပြန်လည်မြင်ယောင်စေလိုက်သဖြင့် ရှကျိုးယွီရဲ့မျက်နှာပေါ်မှာ ခပ်ဖွဖွအပြုံးတစ်ခု ဝင်ရောက်လာ၏။
“ငါကိုယ်တော်က ဒီအတိုင်းပဲ မြို့အတွင်းမှာ လမ်းလျှောက်ထွက်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကံတရားရဲ့အလိုအရ ဒီလူတွေနဲ့ မတော်တဆ တွေ့ခဲ့တယ်လေ။ အဲဒီတော့ ငါကိုယ်တော်မှာ ဘယ်လိုလုပ် အစောင့်တပ်ဖွဲ့ပါလာမှာလဲ”
ရှထိုက်အန်း၏ မျက်နှာမှာ ချက်ချင်းပဲ နားလည်မှုများဝင်ရောက်လာခဲ့သည်။
ငါ့ရဲ့တူတော်မောင်က သူတို့တွေ တစ်ယောက်နှစ်ယောက်လောက်ကို သတိမေ့အောင်လုပ်ထားတာပဲ ဖြစ်ရမယ်။ တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ အရှင်မင်းကြီးတစ်ယောက်အနေနဲ့ ဒီလောက်ထိ သိုင်းပညာတတ်တာတောင်မှ ထူးခြားနေပါပြီ။ ဒါက ထူးကဲတဲ့ ကိစ္စတစ်ခုပဲ။
“ဒီလောက် လူတွေအများကြီးလား...”
အိမ်အတွင်းသို့ ဝင်ရောက်လိုက်တာနဲ့ မြေပြင်ပေါ်မှာ ညီညာစွာ ဒူးထောက်နေတဲ့ ဂိုဏ်းသားများကို ကြည့်လိုက်ရင်း ရှထိုက်အန်း မနေနိုင်စွာ အံ့ဩတကြီး ရေရွတ်မိသွား၏။
“ဒါက ယူအိမ်တော်ရဲ့ ဘိုးဘေးကြီး ယူကျောင်းဟွာမလား။ ဒီကောင်က ရှဉ့်တစ်ကောင်လိုမျိုး ဖမ်းရခက်တဲ့ကောင်ပဲ။ ရှချီတပ်ဖွဲ့ရဲ့ အစီအရင်နဲ့ အကြိမ်ရေတစ်ချို့ပိတ်ဖမ်းတာတောင်မှ အကြိမ်တိုင်းလွတ်မြောက်သွားခဲ့တယ်လေ”
မျက်စိရှေ့က မြင်ကွင်းက ရှထိုက်အန်းကို အလွန်အမင်းအံ့အားသင့်စေခဲ့သည်။ ထိုသူတွေအားလုံးက အခုချိန်မှာ ညီညာစွာ ဒူးထောက်နေကြပေမဲ့ ရှထိုက်အန်း အတွက်တော့ အကြိမ်ပေါင်းများစွာ ဖမ်းဆီးခဲ့တာတောင်မှ ဖမ်းမမိတဲ့ သူခိုးကောင်များဖြစ်သည်။ သူတို့က တိုက်ခိုက်တဲ့နေရာမှာ မထူးချွန်ရင်တောင်မှ ထွက်ပြေးတဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ။
“တူတော်မောင် မင်းကြီး သူတို့ကို ဘယ်လိုလုပ်ဖို့ အရှင်မင်းကြီး စဉ်းစားထားလဲ”
ထိုအချိန်မှာပဲ အိမ်ရဲ့ အလယ်တည့်တည့်ရှိ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ရှကျိုးယွီကို ရှထိုက်အန်း လှမ်းမေးလိုက်သည်။
“ငါ့အမြင်အရတော့ သူတို့ကို အသုံးချပြီး ပုန်ကန်ဖို့အစီအစဉ်ကို စတင်သင့်တယ်ထင်တယ်”