သန်မာမှု တိုးမြှင့်မယ်
Vol. 20 Ch. 273
ရှထိုက်အန်း အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်လေ၏။
“သူတို့က သာမန်ဂိုဏ်းသားအကြွင်းအကျန်တွေပဲလေ။ သူတို့က ဘာလုပ်နိုင်မှာမို့လို့လဲ”
ထိုအချိန်မှာပဲ ရှချီ တပ်ဖွဲ့ဖမ်းဆီးထားသော ဂိုဏ်းသားတွေနဲ့အတူ ရှထိုက်အန်းကို ချန်ထားရင်း၊ ရှကျိုးယွီတစ်ယောက် တစ်ဦးတည်းမြင်းပေါ်သို့ ခုန်တက်လိုက်ကာ နားမလည်နိုင်သော စကားတစ်ခွန်းကို ပြောဆိုပြီး နန်းတော်ရှိရာသို့ ထွက်သွားလေ၏။
“သူတို့ပဲ ကျန်တော့တယ်ဆိုမှတော့ သေချာပေါက် အသုံးဝင်လို့ပဲပေါ့”
ရှထိုက်အန်းနဲ့ တပ်သားများ အချင်းချင်းနားမလည်နိုင်စွာသာ ကြည့်ရှုလိုက်တော့သည်။ သူတို့ ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ ရှကျိုးယွီသည် ပုန်ကန်ဖို့သာပြောသွားခဲ့ပြီး လုပ်ရမည့် အဆင့်ဆင့်ညွှန်ကြားချက်များကို မပြောဆိုခဲ့ပေ။ ရှထိုက်အန်း အသဲအသန်စဉ်းစားနေရင်း နောက်ဆုံးမှာ ညီလာခံအတွင်း၌ သူ့အတွက် ခုခံပြောဆိုပေးခဲ့သော လီမီကိုစဉ်းစားမိသွား၏။ ထိုသူက ဉာဏ်များသည့်အတွက် အရှင်မင်းကြီး၏ ရည်ရွယ်ချက်အား ဖော်ထုတ်နိုင်လိမ့်မည်ပင်။
ထို့ကြောင့် အုပ်ချုပ်သူအိမ်တာ်သို့ ပြန်ရောက်သည်နှင့် ရှထိုက်အန်း ချက်ချင်းပဲ တော်ဝင်အစောင့်များနှင့် လီမီကို ဖိတ်ခေါ်ခိုင်းလိုက်သည်။
“အရှင်မင်းသား ကျွန်တော်မျိုးကို ဘာကြောင့် ဖိတ်ခေါ်တာပါလဲ”
ရှည်လျားသော အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ လီမီ ချက်ချင်းပဲ အုပ်ချုပ်သူစံအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ့ရဲ့မျက်နှာက ပေါ့ပါးနေပြီး ရှထိုက်အန်းရဲ့ ဖိတ်ခေါ်မှုအား သာမန်တွေ့ဆုံပွဲတစ်ခုအတွက်ဟုသာ ထင်မှတ်ထားခဲ့သည်။
“အမတ်လီ ငါ အရှင်မင်းသားမှာ မင်းနဲ့ တိုင်ပင်ဆွေးနွေးချင်တာ ရှိတယ်”
ရှထိုက်အန်း ချက်ချင်းပဲ တပ်သားများကို ဆုတ်ခွာဖို့ အချက်ပြလိုက်လေရာ မကြာခင်မှာပဲ နန်းဆောင်အတွင်း၌ ရှထိုက်အန်းနဲ့ လီမီသာ ကျန်ရှိတော့သည်။ လီမီရဲ့ပုံစံက အနည်းငယ် ရှုပ်ထွေးလာဟန်ပဲ။ သူ့အနေနဲ့ ချင်မင်းသားရဲ့ ဖိတ်ခေါ်မှုများကို ရရှိခဲ့ပေမဲ့ ဘယ်တုန်းကမှ အခုလိုမျိုး မပြင်းထန်ခဲ့ဖူးပေ။
“အရှင်မင်းသား၊ တစ်ကယ်လို့ အရှင်မင်းသားမှာ ပြောစရာစကားရှိတယ်ဆိုရင် ဒီတိုင်းပဲ ပြောလိုက်ပါ။ ကျွန်တော်မျိုးအတတ်နိုင်ဆုံး ကူညီပေးပါ့မယ်”
နှစ်ယောက်တည်းသီးသန့် ဖြစ်သွားသည့်အတွက် အနည်းငယ် စိတ်လျှော့လိုက်ဟန်ရှိသော လီမီသည် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး အခါးရည်တစ်ခွက်ကို ငှဲ့လိုက်သည်။ အရှင်မင်းသားက ကျင့်ဝတ်ထုံးတမ်းများကို ဂရုမစိုက်တဲ့ပုဂ္ဂိုလ်ဟု နားလည်ထားသည့်အတွက် သူ့ဘာသာ ဝင်ထိုင်လိုက်တာပင်။
“ငါ အရှင်မင်းသား ဘယ်လိုပြောရမလဲ မသိတော့ဘူး။ တကယ်တော့ ငါမင်းကို သင်ခိုင်းချင်တဲ့ ကိစ္စတစ်ခုရှိတယ်။ ဒါပေမဲ့ ထုတ်ပြောဖို့အတွက်လည်း အနည်းငယ် အရှက်ရနေမိတယ်”
ဗဟုသုတ ပိုရှိသူကို ဆရာသခင်အဖြစ် သတ်မှတ်ပြီး သင်ယူစရာအား သင်ယူခြင်းသည် ရှထိုက်အမ်း၏ ဘဝဆောင်ပုဒ်ဖြစ်သော်ငြား သူ့ရဲ့နှလုံးသားထဲက လက်ရှိအရှုပ်အထွေးကတော့ မေးခွန်းထုတ်လို့ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်သည့်အတွက် ရှထိုက်အန်း အနည်းငယ် အခက်တွေ့နေလေရဲ့။
“အရှင်မင်းသား ဘာလို့ ဒီလို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရတာပါလဲ။ ကျွန်တော်မျိုးကို ဒီတိုင်းပဲပြောလိုက်ပါ။ ကျွန်တော်မျိုးသေချာပေါက် သိကျွမ်းသမျှ အကုန်ဖြေပေးပါ့မယ်”
လီမီရဲ့စကားက ရှထိုက်အန်းကို အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး ရှထိုက်အန်းအတွက် မျက်စိရှေ့က လီမီသည် ယုံကြည်နိုင်သော လူတစ်ယောက်ဖြစ်လာခဲ့သည်။
“ဒီလောက်ကြီးထိ အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငါအရှင့်သား မေးချင်တာက..”
“ ပုန်ကန်ဖို့ ဘယ်လိုလုပ်ရမလဲ”
လီမီတစ်ယောက် သောက်နေသော အခါးရည်ပင် ပါးစပ်ထဲမှ ပြန်ထွက်လာလေရဲ့။ ရုတ်တရက် သူ့ရဲ့ထိုင်ခုံက ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပြုတ်ကျသွားခဲ့သည်။
“အရှင်မင်းသား၊ အရှင်မင်းသား ဘာကို ပြောလိုက်တာလဲ”
မျက်စိရှေ့က ပုဂ္ဂိုလ်ရဲ့စကားလုံးများက လီမီအတွက် အလွန်ကို မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အရှင်မင်းသားကို ဆန့်ကျင်ပြောဆိုသူများအား ညီလာခံအတွင်းမှာပဲ တိုက်ရိုက်ချေပပြောဆိုခဲ့သည်။ ဒါပေမဲ့ နှစ်ရက်ကြာပြီးနောက်မှာ ထိုပုဂ္ဂိုလ်က တကယ်ပဲ ပုန်ကန်ဖို့ရန်အတွက်သူ့အား သီးသန့်အကြံဉာဏ်တောင်းလာ၏။ ဒါဘယ်လိုတောင် မဖြစ်သင့်တဲ့ အခြေအနေကြီးလဲ...
“အရှင်မင်းသားကို ဒီလိုပုဂ္ဂိုလ်မျိုးမှန်း ကျွန်တော်လုံးဝ မထင်ထားခဲ့မိဘူး။ ကျွန်တော်မျိုး အထင်မှားခဲ့မိတာပဲ။ တိုင်းပြည်ကို သစ္စာဖောက်မယ့်အစား ကျွန်တော်မျိုးသေပစ်လိုက်မယ်။ အရှင်မင်းသား မကျေနပ်ဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလိုသာလုပ်”
ဝံပုလွေတွင်းထဲကျရောက်နေသော သူ့ရဲ့အခြေအနေကို လီမီ သဘောပေါက်ထားပေမဲ့ သူ့ရဲ့စိတ်ရိုးစိတ်မှန်က သစ္စာဖောက်ဖို့ရန် ခွင့်မပြုခဲ့ပေ။ စကားတစ်လုံးမှားသည်နှင့် ဒီအုပ်ချုပ်သူစံအိမ်အတွင်းမှ အသက်ရှင်လျက် မလွတ်မြောက်နိုင်မှာကို သိပါသည်။ ဒါပေမဲ့ သစ္စာဖောက်ဖို့ ကူညီမယ့်အစား သေပဲ အသေခံလိုက်မည်...
“မင်းမှားနေပြီ။ ငါက အဲဒီလိုဆိုလိုချင်တာ မဟုတ်ဘူး”
လီမီရဲ့အပြုအမူကြောင့် ရှထိုက်အန်း၏ မျက်လုံးအတွင်းမှာ ကျေနပ်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ဒီလိုမျိုး စစ်မှန်တဲ့ ပုဂ္ဂိုလ်ထွက်ပေါ်လာအောင် ရှထိုက်အန်း စမ်းသပ်ခဲ့တာပင်။ သစ္စာဖောက်မည့်အစား သေဆုံးသွားမယ့် လီမီလို ပုဂ္ဂိုလ်မျိုးကပဲ အခုလို ကြီးမားလှသည့် ကိစ္စမှာ ညာလက်ရုံးအဖြစ် ဆောင်ရွက်ဖို့ ထိုက်တန်သည်။
“ငါ မင်းသားက ငါ့ရဲ့သဘောနဲ့ ပုန်ကန်တာ မဟုတ်ဘူး။ အရှင်မင်းကြီးက ငါ့ကို ပုန်ကန်ဖို့ အမိန့်ပေးခဲ့တာပဲ”
ရှထိုက်အန်း၏ စကားလုံးများက လီမီကို လှောင်ပြောင်နေဟန်ရှိသည်။ သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ချက်ချင်းပဲ မတ်တပ်ရပ်လာကာ စစ်မှန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရှိန်အဝါများကိုဖော်ထုတ်လိုက်သည်။
“လုံးဝကိုဖြစ်တန်ချေ မရှိတဲ့စကားပဲ။ ကျွန်တော်တို့ရဲ့ အရှင်မင်းကြီးကို ဘာကြောင့်များ အပြစ်တင်ရဲတာလဲ။ ကျွန်တော်လီမီက အဆင့်လေးကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ ဒီနေ့တိုင်းပြည်ရဲ့ အဆင့်တစ် စစ်နတ်ဘုရားကို သေချာပေါက်ကန့်ကွက်ပြီး အပြစ်တင်ပြောဆိုတယ်”
ဒေါသတကြီး ပြောဆိုသံပြီးသည်နှင့် လီမီသည် သူ့ရဲ့ခါးမှာ ချိတ်ဆွဲထားသော ဓားအိမ်မှ ဓားကို ဆွဲထုတ်ကာ ရိုက်ချဖို့ ပြင်ဆင်လိုက်သည်။
“ရပ်လိုက်”
ချင်မင်းသား၏ မျက်နှာရှေ့တည့်တည့်သို့ ကျရောက်လာသော ဓားချက်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ရွှေဝါရောင်စာလိပ်ကို မြင်တာနဲ့ ရပ်တန့်သွားခဲ့သည်။
“ဒီတော်ဝင်အမိန့်တော်ကို အရင်ကြည့်လိုက်။ ဒီကိစ္စက ပြောရရင် နည်းနည်းတော့ ရှုပ်ထွေးတယ်”
ပထမအဆင့် သိုင်းနတ်ဘုရားအဖြစ် ရောက်ရှိလုနီးပါဖြစ်နေသော အရှင်မင်းသားကို သတ်ဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်တာကို သိသည့်အလျောက် လီမီသည် သံသယမျက်လုံးများဖြင့် သူ့ရဲ့ သုံးပေအမြင့်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။ အရှင်မင်းသားနဲ့ တိုက်ရိုက်မဆန့်ကျင်သေးဘဲ တော်ဝင်အမိန့်တော်ကို ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်၏။ မင်းဆက်တစ်ခုရဲ့ အသက်သွေးကြောကို မူတည်ပြီး ကျင့်ကြံရသော စိတ်ဝိဉာဥ်သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူအနေနဲ့ လီမီအတွက်တော့ စစ်မှန်တဲ့ အရှိန်အဝါကို ခွဲခြားသိမြင်နိုင်သည်။ ထို့ကြောင့် ဤတော်ဝင်စာလိပ်မှ အရှင်မင်းကြီး၏ အရှိန်အဝါကို ခံစားလို့ရ၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုပဲ”
တော်ဝင်စာလိပ်ကို ဖတ်ပြီးသည့်တိုင်အောင် လီမီတစ်ယောက် ဒေါသထွက်စွာဖြင့် အရှေ့နှင့်အနောက် ဒုန်းဆိုင်းကာ ပြေးလွှားနေလေရဲ့။ တော်ဝင်စာလိပ်အတွင်းမှာ တကယ်ပဲ မင်းသားကို ပုန်ကန်ဖို့ ညွှန်းဆိုထား၏။ ဒါက သူ့အတွက်တော့ မယုံကြည်နိုင်စရာ ကိစ္စတစ်ခုဖြစ်နေခဲ့သည်။
“မဟုတ်ဘူး ဒါက လုံးဝကို မမှန်နိုင်ဘူး”
တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တစ်လတည်းနဲ့ ခြောက်ဆတက်အောင် ဖန်တီးနိုင်ခဲ့ပြီး လအနည်းငယ်အတွင်းမှ ဆယ်ဆတက်အောင် ပြုလုပ်နိုင်ခဲ့တဲ့ အရှင်မင်းကြီးက သေချာပေါက် ဉာဏ်အမျှော်အမြင်ကြီးမားတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး ထူးကဲကောင်းမွန်တဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားမှာ ဖြစ်သည်။ ထိုအချက်ကို ကောင်းမွန်စွာ နားလည်ထားတဲ့ လီမီအတွက်တော့ မျက်စိရှေ့က တော်ဝင်အမိန့်တော်သည် အလွန်ရှုပ်ထွေးဖွယ်ဖြစ်နေခဲ့သည်။ ဒါပေမဲ့ အကယ်လို့ အရှင်မင်းသားရဲ့ အကြွင်းမဲ့သစ္စာရှိမှုကိုသာ အာမခံနိုင်တယ်ဆိုရင် ဒီပုန်ကန်မှုကို စမ်းသက်မှုတစ်ခုအဖြစ်တော့ သုံးလို့ရနိုင်သည်မလား…
အရှင်မင်းသားကို ပုန်ကန်ဖို့သာ မိန့်ဆိုထားသည့် တော်ဝင်အမိန့်တော်မှာ အချက်အလက်မပြည့်စုံသည့်အတွက် အခြေအနေတစ်ခုလုံးကို လီမီနားမလည်သေးသောငြား တိုင်းပြည်၏ လက်ရှိပြောင်းလဲမှုကြောင့် မကြာခင်မှာပဲ ကြီးမားတဲ့မုန်တိုင်း ကျရောက်လာမည်ဟု လီမီအမြဲတမ်း ခံစားနေခဲ့ရသည်။ ထို့ကြောင့်အခုလိုမျိုး ရဲတင်းသော မှန်းဆချက်ကို ပြောဆိုလိုက်၏။
“ဒီကိစ္စနဲ့ပတ်သတ်ပြိး အရှင်မင်းကြီး ဘာပြောသလဲ”
ထိတ်လန့်မှုတို့ တဖြည်းဖြည်းတည်ငြိမ် လာသည်နှင့် လီမီ၏ အတွေးစိတ်တို့ ကြည်ရှင်းလာခဲ့ပြီး ချင်မင်းသားကို စတင်စစ်မေးလိုက်သည်။
“တူတော်မောင် မင်းကြီးက ပုန်ကန်မှုကို အသုံးပြုပြီး အီမ်နီးချင်းတိုင်းပြည်တွေရဲ့ အာရုံစိုက်မှုကို လျော့ချချင်နေတယ်။ ပြီးရင် တရှားတိုင်းပြည်ရဲ့ သန်မာမှုကို အသေးစိတ်တိုးမြှင့်ရမယ်လို့ပဲ ပြောသွားခဲ့တယ်။ အို ပြီးတော့ ငါ့ကို ပြည်သူတွေကြားမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရအောင် ပြုလုပ်ဖို့လည်း ပြောသွားသေးတယ်”
အခုချိန်မှသာ လီမီအားဖိတ်ခေါ်ခဲ့သော တစ်ကယ့်အကြောင်းအရင်းအား ရှထိုက်အန်းသတိရသွားခဲ့သည်။
“အမတ်လီကို ဒီနေရာဖိတ်ခေါ်ခဲ့တာက တစ်ကယ်တော့ ဘာဆက်လုပ်ရမလဲဆိုတာ မေးဖို့ပဲ။ တူတော်မောင် မင်းကြီးက ငါ့ကို ဘာဆက်လုပ်ရမလဲ ပြောမသွားဘဲ ဇဝေဇဝါနဲ့ချန်ထားခဲ့တယ်”
လူရေပါးနပ်သောလီမီတစ်ယောက် ရှကျိူးယွီ၏ ဆိုလိုရင်းကို ချက်ချင်းပဲ သဘောပေါက်သွားကာ စိတ်လိုလက်ရ ရယ်မောလိုက်တော့သည်။
“အရှင်မင်းကြီးရဲ့ ဆိုလိုရင်းက သေချာပေါက် ဟန်လုပ်ဖို့ပဲ”
အရှင်မင်းသားရဲ့ နားမလည်နေသော မျက်နှားထားကြောင့် လီမီ အသေးစိတ်ရှင်းပြပေးလိုက်သည်။
“ပုန်ကန်ဖို့ အမိန့်ပေးထားတယ်ဆိုမှတော့ ပထမတစ်ချက်က ပြည်သူတွေရဲ့ နှလုံးသားကို အနိုင်ယူဖို့ မဟုတ်ဘူးလား။ ဒီပြည်သူတွေကို အနိုင်ကျင့်ခဲ့တဲ့ ဂိုဏ်းသားအကြွင်းအကျန်တွေက သေဖို့ထိုက်တန်တယ်။ ဒါ့ကြောင့် အရှင်မင်းသား လုပ်ဖို့လိုအပ်တာက ဒီသူတွေအားလုံးကို ကြီးမားတဲ့အပြစ်ပေးအပ်ဖို့ပဲ။ အဲဒီအချိန်ကျရင် ကျန်းနန်မြို့မှာရှိတဲ့ ပြည်သူတွေ အားလုံးက အရှင်မင်းသားကို အထူးကျေးဇူးတင်ပြီး ကြီးမားစွာ ထောက်ပံ့ကြလိမ့်မယ်”
ရှထိုက်အန်း လိုမျိုး ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်က ရုံးတော်ရဲ့လှည့်ကွက်တွေကို နားမလည်ခဲ့ပေ... ထို့ကြောင့်အရာရာက လီမီရဲ့လက်ထဲသို့ကျရောက်သွားခဲ့သည်။