ကျန်းနန်မြို့၏ ခရီးသည်များ
Vol. 20 Ch. 274
နောက်တစ်နေ့ မနက်တွင် ကျန်းနန်မြို့၏ အုပ်ချုပ်သူ ရုံးတော်အပြင်ဘက်ရှိ စည်တော်မှ စည်တော်ထုသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်၏ ပြောကြားချက်အရ ချင်မင်းသား၏ မြင်းလှည်းသည် လမ်းမထိပ်မှာ တည်ရှိနေခဲ့ပြီး ရုံးတော်မှ ပြစ်ချက် စီရင်မှုတစ်ခုကို ပြုလုပ်တော့မည် ဟူ၍ပင်။ ချင်မင်းသား၏ အမိန့်နှင့် ကျန်းနန်မြို့တွင် အလွှမ်းမိုးနိုင်ဆုံးသော ဂိုဏ်းတစ်ခု ဖြစ်ခဲ့သည့် ရှူဒါဂိုဏ်းနှင့် တစ်ခြား အင်အားကြီးဂိုဏ်း၏ လက်ကျန်ဂိုဏ်းသားများကို တပ်သားများက မရပ်မနား လိုက်လံဖမ်းဆီးနေခဲ့သည်။ ထိုသို့ဖြင့် ကျန်းနန်မြို့၏ လမ်းမတစ်ခုလုံးက ရှုပ်ထွေးပွေလီနေလျက်ပင်။ ကျန်းနန်မြို့သာမက ဘေးရှိ ကျန်းပိုင်မြို့နှင့် ကျိပိုင်မြို့၏ လမ်းမများတွင်ပါ အနည်းငယ် ဆူညံနေခဲ့သည်။
"ဟမ် မေးမယ်ဆိုရင် အဲဒီဂိုဏ်းရဲ့ ဂိုဏ်းသားတွေက ဖမ်းဖို့ လွယ်ကူတဲ့သူတွေ မဟုတ်ဘူး။ ချင်မင်းသားရဲ့ အမိန့်က လူတွေရဲ့ စွမ်းအင်ကို ဖြုန်းတီးနေတာပဲ။ အဲဒီအသုံးမကျတဲ့ ကိစ္စတွေ လုပ်နေတော့ ဘာရမှာမို့လို့လဲ။ သူက ပြည်သူတွေကြားထဲ အရှုပ်အထွေး ဖြစ်လာအောင် မွှေချင်နေတာ။ အဆုံးသတ်ရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာပဲ စောင့်ကြည့်ကြရအောင်"
ညီလာခံအတွင်းတွင် အပြစ်တင်ခံရပြီးကတည်းက ဖုန်းဟွာသည် ချင်မင်းသားအပေါ် အမုန်းထားရှိခဲ့သည်။ ချင်မင်းသားသည် လက်ကျန်ဂိုဏ်းသားများကို ရှင်းလင်းမည်ဟု မြို့တစ်ခုလုံး သတင်းပျံ့စေခဲ့ပြီး ခက်ခဲတဲ့ အခြေအနေကို ကိုယ်တိုင် ဖန်တီးခဲ့၏။ ထို့ကြောင့် ဖုန်းဟွာက ပါဝင်ဖြည့်စွက်သည့် အနေဖြင့် မကောင်းသတင်းများကို ပျံ့စေခဲ့သည်။ ဒါပေမဲ့ မထင်ထားစွာပင် ၂ရက်ကြာပြီးနောက်မှာ များစွာသော လက်ကျန်ဂိုဏ်းသားများအား ဖမ်းဆီးခဲ့ကြောင်း သတင်းက ဒီရေလှိုင်းတစ်ခုလိုမျိုး ကျန်းနန်မြို့ကို လှိုက်စားလာသည်။ အချိန်တစ်ခု ကြာသည်အထိ ထိုလက်ကျန်ဂိုဏ်းသားများကို မဖမ်းဆီးနိုင်ခဲ့သောကြောင့် ၂ရက်အတွင်း ထွက်ပေါ်လာသော ဤရလဒ်က ချင်မင်းသား၏ လုပ်ကြံဇာတ်လမ်းတစ်ခု ဖြစ်နေမလားဆိုသော သံသယများက မြို့အနှံ့ ထွက်ပေါ်လာခဲ့ပေမဲ့ မကြာခင်မှာပဲ ချင်မင်းသား၏ လူသိရှင်ကြား စစ်ဆေးမယ်ဆိုသော အမိန့်ကြောင့် သတင်းများအားလုံး တိတ်ဆိတ်သွားခဲ့သည်။
"ဒီဂိုဏ်းတွေရဲ့ အဆိပ်သင့်မှုကြောင့် ကျန်းနန်မြို့ တစ်ခုလုံး ခံစားခဲ့ရတာ ကြာပြီ။ အတိတ်မှာတုန်းက အရှင်မင်းကြီးရဲ့ အမိန့်နဲ့ ငါ ချင်မင်းသားက ဒီဂိုဏ်းသားတွေကို ရှင်းလင်းခဲ့တယ်။ အခု မင်းတို့ရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ ယူကျောင်းဟွာ၊ ယန်ရှောင်း၊ လျိုထန်း၊ ကျိမန်၊ ထျန်းလုရှိ အပါအဝင် ကျန်တဲ့ဂိုဏ်းသား ၃၇၂ယောက်လုံးကို ငါ ဖမ်းဆီးနိုင်ခဲ့ပြီ။ မနက်ဖြန် ညနေခင်းမှာ ပြည်သူတွေရဲ့ တရားမျှတမှုကို ပြန်လည်ရရှိဖို့အတွက် ကျန်းနန်မြို့ရဲ့ အုပ်ချုပ်သူ ရုံးတော် ပင်မဆောင်မှာ စုပေါင်းစစ်ဆေးမှု စတင်ဆောင်ရွက်မယ်"
ထိုဆန်းကြယ်လှသော သတင်းက ကျန်းနန်မြို့သာမက ကျန်းပိုင်မြို့နှင့် ကျိပိုင်မြို့၏ နေရာအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ ဂိုဏ်းများ၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရသော မိသားစုများအားလုံးသည် ငွေပြား ထောင်ချီကုန်ကျခံကာ ကျန်းနန်မြို့သို့ တိုက်ရိုက်ပဲ ရောက်ရှိလာကြ၏။ ကျန်းနန်မြို့ ၃မြို့၏ လူအသီးသီးထဲမှ ၄၃ယောက်ကို စိစစ်ရွေးချယ်ကာ မြို့ကိုယ်စားပြုများအဖြစ် သတ်မှတ်ပြီး စစ်ဆေးမှုကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ဖြင့် ကျန်းနန်မြို့၏ လမ်းမတစ်လျှောက်လုံးတွင် မရင်းနှီးသော မျက်နှာများနှင့် ပြည့်နှက်လာတော့သည်။
"ဟား ငါကိုယ်တော်ရဲ့ ဦးရီးတော်က တော်တော်လေး လုပ်နိုင်စွမ်း ရှိတာပဲ”
ရှကျိုးယွီသည် မတော်တဆ လမ်းလျှောက်ရင်း ကောင်းကင်နှင့် မြေကြီး လူမှုအဖွဲ့အစည်းကို တွေ့ရှိပြီး လက်ကျန်ဂိုဏ်းသားများကို ဖမ်းဆီးနိုင်ခဲ့သော်ငြား ရှထိုက်အန်းဆီမှာသာ လွှဲထားခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။ သို့ပေမဲ့ မထင်ထားစွာပင် ရှထိုက်အန်းသည် အခုလိုမျိုး ချက်ကျလက်ကျ ပြန်လည် တုံ့ပြန်နိုင်ခဲ့၏။
"ဦးရီးတော်က ဒီလောက်ကြီးထိ ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ် ဆိုမှတော့ ငါကိုယ်တော် အနားယူလို့ ရပြီပေါ့"
ရှကျိုးယွီသည် ကိုယ်လုပ်တော်ကျင်းနှင့်အတူ ကျန်းနန်မြို့ တစ်ခွင်လုံးကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး တစ်စတစ်စ များပြားလာသော တော်ဝင်စာဖတ်ဆောင် အတွင်းက နေ့စဥ် တင်ပြချက်များကို တစ်စက်ကလေးမှ မကြည့်ရှုခဲ့ပေ။
"အရှင်မင်းကြီး၊ ဒီနေ့ ကျွန်တော်မျိုးမတို့ ဘယ်သွားကြမှာလဲ"
ကျန်းနန်မြို့၏ တစ်မူထူးခြားသော အလှတရားများက ကိုယ်လုပ်တော်ကျင်း၏ အေးစက်သော ပင်ကိုဟန်ကိုပင် နူးညံ့မှု အနည်းငယ် ပေါ်ပေါက်စေခဲ့သည်။ ရှကျိုးယွီနှင့် တွေ့ဆုံချိန်တိုင်းမှာ အချိန်ရသလို မာန်ဖီနေတတ်သော်ငြား သူမရဲ့ ပုံစံက အစကလိုမျိုး မပြင်းထန်တော့ပေ။
"ငါကိုယ်တော်တို့ နွေဦးဘုရားကျောင်းကို သွားကြည့်ကြရင်ရော။ အဲဒီနေရာမှာ ရှိတဲ့ မက်မွန်သစ်တောက အရမ်းကို လှပတယ်လို့ ပြောတယ်"
ရှကျိုးယွီ ပုံမှန်လိုသာ ဖြေကြားလိုက်သည်။ တိုင်းပြည်၏ ကံကြမ္မာအမှတ်အား ဖျက်ဆီးရန် အစီအစဉ်တစ်ခု ရရှိထားသည့်အတွက် ထိုကိစ္စကို စိတ်ပူစရာ မလိုတော့ဘဲ သူ့ရဲ့ နေ့ရက်များသည် ပေါ့ပါးရွှင်လန်းနေခဲ့သည်။
ဒါက တစ်ကယ်ကို နန်းတော်ထဲမှာ အဲဒီမျက်နှာသေ အဘိုးကြီးတွေနဲ့ ရင်ဆိုင်ရတာထက် ကောင်းမွန်လိုက်တာ…
"အဲဒီဘုရားကျောင်းက ဘာတွေ စိတ်ဝင်စားဖို့ ကောင်းနေလို့လဲ အရှင်မင်းကြီး။ ကျွန်တော်မျိုးမတို့ အရှေ့ဘက်ရေကန်မှာ ငါးမျှားထွက်ကြရအောင်လေ”
ကိုယ်လုပ်တော်ကျင်းအတွက် ကျန်းနန်မြို့ရှိ ရေအိုင်နှင့် ရေကန်များသည် မခွဲနိုင် မခွာနိုင်ဖြစ်ပြီး သူမအတွက် တစ်နေကုန်လုံး လှေပေါ်မှာ နေခွင့်ရစေဖို့ ဆုတောင်းလောက်စေရန်အထိ ဆွဲဆောင်နိုင်သည်။
"ငါကိုယ်တော်တို့ မနေ့က သွားပြီးပြီ မဟုတ်ဘူးလား။ နောက်ရက် အနည်းငယ်နေမှ လှေစီးသွားကြရအောင်။ ဒီနေ့တော့ မက်မွန်ပန်းကြည့်ဖို့ ဘုရားကျောင်းကို သွားကြမယ်"
ရှကျိုးယွီ၏ ပြတ်သားစွာ ပြောဆိုလိုက်မှုကြောင့် ကိုယ်လုပ်တော်ကျင်း နားလည်သွားပြီး ဒေါသတကြီး ခြေဆောင့်လိုက်သည်။ ဒီလိုနဲ့ပဲ ပျော်ရွှင်ဖွယ် အချိန်တွေက မျက်စိတစ်မှိတ်အတွင်းမှာ ပြန်လည် ပျောက်ကွယ်သွား၏။
ထိုသို့ဖြင့် ရှကျိုးယွီတို့သည် ညအချိန်မှသာ ပြန်လည် ရောက်ရှိလာခဲ့သည်။ နန်းတော် တံခါးပေါက်တွင် ပူပင်စွာ ရပ်စောင့်နေသော ဝေ့ကျုံးရှန့် ချက်ချင်းပဲ အရှေ့တိုးလာပြီး လေးစားစွာ အခစားဝင်လာခဲ့ပေမဲ့ စကားတစ်ခွန်းမှ မပြောလာခဲ့ပေ။ အရင် ကျိကျီမြို့မှာရှိစဥ်က အရှင်မင်းကြီးကိုသာ မတွေ့နိုင်ခဲ့တာဖြစ်သည်။ အခု
ကျန်းနန်မြို့ကို ရောက်လာပြီးနောက်မှာ အရှင်မင်းကြီးရော ကိုယ်လုပ်တော်ကျင်းကိုပါ မတွေ့ရတော့ပေ။
"အရှင်မင်းကြီး၊ ချင်မင်းသား ရောက်နေပါတယ်။ သူက တော်ဝင်စာဖတ်ခန်းထဲမှာ စောင့်နေပါတယ်"
လက်ထဲမှာ တင်ပြချက်များကို မနိုင်မနင်း သယ်ဆောင်လာတဲ့ ဝေ့ကျုံးရှန့်တစ်ယောက် သူ့၏ ဝဖိုင့်ဖိုင့် မျက်နှာအား အတင်းအကျပ် ပြုံးပြလိုက်၏။
"ငါကိုယ်တော် နားလည်ပြီ။ ကိုယ်လုပ်တော်ကျင်းကို လိုက်ပို့ဆောင်ပေးလိုက်ပါ"
သူ့၏ သစ္စာရှိလှသော ဦးရီးတော်ကို ချီးကျူးဖို့ရန် ရှကျိုးယွီ စဥ်းစားလိုက်၏။ ဒီရက်ပိုင်းအတွင်းမှာ ရှထိုက်အန်း၏ ကြိုးစားပေးမှုကြောင့်သာ ရှကျိုးယွီ အချိန်အများကြီး အနားယူနိုင်ခဲ့သည်မလား။
တော်ဝင်စာဖတ်ခန်း အတွင်းမှာ တင်ပြချက်များ တဖြေးဖြေး များပြားလာသည် ဆိုသော်ငြား ထိုအချက်များက တိုင်းပြည်အပေါ်မှာ ဘယ်လိုမှ သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ချေ။
"တူတော်မောင် မင်းကြီး ရောက်လာပြီလား"
ရှကျိုးယွီကို မြင်သည်နှင့် ရှထိုက်အန်း ပုံမှန်လိုမျိုး မတ်တတ်ရပ်ကာ နှုတ်ဆက်လာသော်ငြား ရှထိုက်အန်းဘေးရှိ ရှည်လျားသော ပုံရိပ်က ချက်ချင်းပဲ ဒူးထောက်ချလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အရှင်မင်းကြီး၊ သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းကြီးရဲ့ အစေခံ ကျွန်တော်မျိုး လီမီက အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်။ အရှင်မင်းကြီးရဲ့ ကျန်းမာရေး နှစ်တစ်သောင်းအထိ တည်တံ့ပါစေ"
ရှကျိုးယွီ လက်တစ်ဖက်သာ ယမ်းပြပြီး တစ်ဖက်ပုဂ္ဂိုလ်အား အရမ်း ယဥ်ကျေးမနေစေဖို့ တားမြစ်လိုက်သည်။
"ငါကိုယ်တော် အဆင်ပြေနေပါတယ်။ ကြည့်ရတာ အမတ်လီက ဦးရီးတော်ရဲ့ ညာလက်ရုံး ဖြစ်မယ့်ပုံပဲ"
ချက်ချင်းပဲ ရှထိုက်အန်း၏ ဂုဏ်သရေရှိသော မျက်နှာထက်မှာ အပြုံးတစ်ချို့ ဖြစ်ပေါ်သွားခဲ့သည်။
"ဟုတ်ပါပြီ။ ဒီရက်ပိုင်းအတွင်း စီစဉ်ခဲ့သမျှ ကိစ္စတွေအားလုံးက တစ်ကယ်တော့ အရှင်မင်းကြီး ခန့်မှန်းသလိုမျိုး အမတ်လီ အကြံဥာဏ်ပေးခဲ့တာပါ။ သူ့ကြောင့်ပဲ ကျွန်တော်မျိုးလည်း တော်တော်လေး ခေါင်းကိုက် သက်သာသွားခဲ့တယ်"
အရှင်မင်းကြီးထံမှ ခွင့်ပြုချက် ရရှိသွားသဖြင့် လီမီ ခပ်ဖြည်းဖြည်း မြေပြင်ပေါ်မှ ထရပ်လိုက်သည်။ ထိုအချိန်မှာ မထင်ထားစွာဘဲ စားပွဲပေါ်၌ အပုံလိုက် ရှိနေသော တင်ပြချက်များကို မြင်တွေ့လိုက်ရ၏။ လီမီတစ်ယောက် မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။
"အရှင်မင်းကြီးက တကယ်ကို အုပ်ချုပ်မှုပိုင်းမှာ ထူးချွန်ပြီး ပြည်သူတွေကို ဂရုစိုက်တဲ့ အုပ်ချုပ်သူ တစ်ယောက်ပဲ။ ဒီလောက်ထိ ညနက်နေတာတောင်မှ အခုလို များပြားတဲ့ တင်ပြချက်တွေကို ကြည့်ရှုဦးမလို့လား။ ကျွန်တော်မျိုး အရမ်းကို ခံစားလိုက်ရပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့ အရှင်မင်းကြီးအတွက် ကျွန်တော်မျိုးရဲ့ တစ်ဘဝလုံးကို ပုံအပ်ထားရမယ် ဆိုရင်တောင်မှ နည်းနည်းလေးမှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး"
တစ်စတစ်စ ပိုများလာသော စားပွဲပေါ်ရှိ တင်ပြချက် စာလိပ်များကို ရှကျိုးယွီ လုံးဝ ဂရုမစိုက်သော်ငြား အခုအချိန်မှာ ဦးရီးတော်အရှေ့၌ အမတ်တစ်ယောက်၏ ထောက်ပြခံလိုက်ရခြင်းကြောင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
"အာ ဒါကတော့ နည်းနည်းများနေပါပြီ"
တစ်ကယ်တော့ ထိုစာစောင်တွေက လွန်ခဲ့သော လဝက်ခန့်ကတည်းက ရောက်ရှိနေသော စာစောင်တွေဟု ပြောဆိုရမည်ကို ရှကျိုးယွီ အနည်းငယ် အခက်တွေ့နေလေရဲ့။ ထိုအချိန်မှာပဲ သူ့ရဲ့ ဦးနှောက်ထဲသို့ ကောင်းမွန်လှတဲ့ အကြံဥာဏ်တစ်ခု ဝင်ရောက်လာခဲ့သည်။
….ဦးရီးတော်ရဲ့ ပြောကြားချက်အရ လီမီက တကယ်ကို စွမ်းဆောင်ရည်ရှိတဲ့ အမတ်ချုပ်တစ်ယောက်ဆိုပဲ... ဒါဆိုရင် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ငါ့ရဲ့ တင်ပြချက်တွေကို ဖယ်ထုတ်ဖို့ သုံးရမယ်မလား။ ဒါဆိုရင် ငါ့ရဲ့ဘဝက စောက်ရမ်း သာယာသွားတော့မှာ..ဟဲဟဲ။
"လီမီ၊ မင်းက ငါကိုယ်တော်ရဲ့ ဦးရီးတော် မကြာခဏ ချီးကျူးပြောဆိုခဲ့တဲ့သူပဲ"
ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ကျန်းနန်မြို့၏ အုပ်ချုပ်သူသည် ချက်ချင်းပဲ မြေပြင်ကို ထိလုမတတ် ဦးညွတ် အရိုအသေ ပေးလိုက်လေ၏။
"ကျွန်တော်မျိုးက ကျွန်တော်မျိုးရဲ့ တာဝန်ကို လုပ်ဆောင်ခဲ့ရုံတင်ပါ။ အရှင်မင်းကြီးဆီကနေ အခုလို ချီးကျူးမှုကို မခံယူရဲပါဘူး"
ရှကျိုးယွီသည် တင်ပြချက်စာပုံထဲမှ စာစောင်တစ်စောင်ကို ပုံမှန်လိုမျိုး ဆွဲယူလိုက်သည်။ ကြည့်ရှုလိုက်ချိန်မှာ ထိုစာစောင်က ထိုက်အန်းမြို့၏ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင် လုပ်ဆောင်ချက်ကို တင်ပြထားတာပင်။
"ဒါပေမဲ့ မင်းမှာ ဒီလောက်ထိ စွမ်းဆောင်ရည် ရှိမယ်လို့ ငါကိုယ်တော် မယုံကြည်ဘူး။ ဒါကြောင့် ငါကိုယ်တော်ရဲ့ အခွင့်အရေးကို အမိအရယူပြီး မင်းရဲ့ အရည်အချင်းကို ပြသပါ"
ချက်ချင်းပဲ ရှကျိုးယွီသည် လက်ထဲမှာ ကိုင်ထားသော စာစောင်ကို လီမီ၏ လက်အတွင်းသို့ ထိုးထည့်လိုက်သည်။
"ဒီနိမ့်ကျတဲ့ အစေခံက အရှင်မင်းကြီးကိုယ်စား အရှင်မင်းကြီးထံကို တင်ပြတဲ့ စာစောင်တွေကို ဘယ်လိုလုပ် ဖတ်ရဲမှာလဲ"
ရှကျိုးယွီရဲ့ ရုတ်တရက် လုပ်ရပ်ကြောင့် လီမီတစ်ယောက် အလွန် ထိတ်လန့်သွားကာ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး ရှကျိုးယွီရဲ့ လက်ထဲက စာစောင်ကို မယူရဲတော့ချေ။ ထိုအစား သူက နေရာမှာပဲ အကြိမ်ကြိမ် ဦးတိုက်လိုက်တော့၏။
"မင်းတို့က ငါကိုယ်တော်ရဲ့ ပူပင်မှုကို မျှဝေပေးမယ်လို့ ပြောကြတယ်။ အရှင်မင်းကြီးကို သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးပါ့မယ်လို့ အော်ဟစ်နေရုံနဲ့ ငါကိုယ်တော်ကို ကူညီနိုင်မယ်လို့ ထင်နေတာလား။ ငါကိုယ်တော်အတွက် ဒီလိုမျိုး သေးငယ်လှတဲ့ စာစောင်တစ်ခုကိုတောင်မှ ဖတ်မပေးနိုင်ဘူးလား"
ရှကျိုးယွီသည် လှပသော စကားလုံးများနဲ့ နေ့စဥ်အလုပ်မှ ရှောင်ထွက်ဖို့ ကြိုးစားလိုက်သည်။ ထိုအချိန်မှာပဲ တူညီတဲ့ လမ်းကြောင်းကို ပိုင်ဆိုင်ထားသော ရှထိုက်အန်းရဲ့ စိတ်ဝင်တစား အကြည့်ကို လက်ခံရရှိလိုက်လေရဲ့။