အသက်ချမ်းသာဖို့ တောင်းဆိုပေးမယ်
Vol. 20 Ch. 276
"ဒါက စောက်ရမ်းကောင်းတဲ့ အကြံပဲ”
ရေငတ်တုန်း ရေတွင်းထဲပြုတ်ကျသည့်နှယ်ပင်။ တူးမြောင်း တည်ဆောက်ခြင်း စီမံကိန်းက လူအများအမြင်အား ပြောင်းလဲပစ်နိုင်သော မဟာစီမံကိန်းကြီးတစ်ခု ဖြစ်သည်။ ကျန်းနန်မြို့၏ လက်ကျန်ဂိုဏ်းသားများကို ရှထိုက်အန်း ရှင်းလင်းနေရင်း ပြည်သူတွေ ထံမှ အမြင်ကောင်းရခဲ့သော်ငြား ထိုအချက်တစ်ခုတည်းနှင့် ပုန်ကန်မှု စတင်လိုက်လျှင် ဝေဖန်အပြစ်တင်သံများကို မဖြစ်မနေကြုံတွေ့ရလိမ့်မည်။ ထို့ကြောင့် ပြည်သူတွေ၏အမြင်ကို ရှုတ်ထွေးစေရန် တူးမြောင်းတည်ဆောက်ခြင်းက အကောင်းဆုံးဖြစ်လာခဲ့သည်။
"ငါတော်တော်လေး ခေါင်းကိုက်နေခဲ့တာ။ ဒီကောင့်ကြောင့်ပဲ အလင်းပွင့်သွားတော့တယ်"
ရှကျိုးယွီတစ်ယောက် သမိုင်းအစဉ်အဆက် အကြိမ်ကြိမ် နောက်ကျောဓားထိုးခံရသော ဖြစ်စဉ်များကို ပြန်လည်တွေးတောမိရင်း မျက်ရည်မထွက်ပဲ ငိုချင်မိသွားသည်။ သို့ပေမယ့် ဒီတစ်ခေါက်မှာတော့ သူ့ထံတွင် ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ရှိနေခဲ့ပြီ။ ထို့ကြောင့်ချက်ချင်းပဲ စုတ်တံကို ကောက်ကိုင်လိုက်ကာ တော်ဝင်အမိန့်တော်အား ရေးသားဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ…အပြင်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရ၏။
"အရှင်မင်းကြီး ဘာကြောင့်များ ခေါင်းကိုက်နေရတာပါလဲ။ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်မျိုးမ ဖြေလျှော့ပေးလို့ မရဘူးလား"
ရှကျိုးယွီ ချက်ချင်းဆိုသလို ခေါင်းလှည့်ကြည့်လိုက်စဉ်တွင် မြင်လိုက်ရသည်ကား…
ပုံမှန်လို အမည်းရောင်ကိုယ်ကြပ်ဝတ်စုံနှင့် မဟုတ်သော လီယုဟန်ပင်။ သူမ၏ ခြေချောင်းသွယ်သွယ်များက ကျောက်စိမ်းရောင်ဝတ်စုံရှည်ကြားမှာ ထင်ပေါ်နေပြီး ဆံပင်ကို တစ်ဖက်သိမ်းထားပုံသည် တစ်နည်းတစ်ဖုံ မိန်းမဆန်စေသည်။ သူမက အိန္ဒြေရှိစွာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်ဖို့ရာ အရှေ့တိုးလာခဲ့သည်။ ထိုအချိန်မှာပဲ ရှကျိုးယွီကရုတ်တရက် ခေါင်းလှည့်လိုက်သဖြင့် ရုတ်တရက်နီးစပ်သွားသော မျက်နှာနှစ်ခုသည်…. နီးကပ်စွာ အကြည့်ချင်းဆုံသွားလျက်။
ရှကျိုးယွီ၏လုပ်ရပ်ကို လီယုဟန်လုံးဝ မမျှော်လင့်ထားမိသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ရုတ်ချည်းဆိုသလို ပူနွေးသွားခဲ့ရသည်။ အရှေ့ကပုဂ္ဂိုလ်ထံမှ အချိန်နှင့်အမျှ ထုတ်လွှတ်နေသော အသက်ရှုငွေ့နွေးနွေးက သူမ၏ နှလုံးသားတစ်ခုလုံးကို ဗြောင်းဆန်ပြီး မောပန်းစေ၏။
"ဒါကငါကိုယ်တော်ရဲ့ တတိယအဆင့် စစ်သူကြီး မဟုတ်ဘူးလား မင်းဘယ်လိုလုပ် ငါကိုယ်တော်ရဲ့ အိပ်ဆောင်ထဲကို ထပ်မံချဉ်းကပ်ရဲတာလဲ"
ထိုအချိန်တွင် ရှကျိုးယွီသည် ခြေတစ်လှမ်း အနောက်ဆုတ်လိုက်သဖြင့် လီယုဟန် တစ်ယောက်သာ နေရာမှာ မျက်စိပိတ်လျက်ဖြင့် အနေခက်စွာ ရပ်ကျန်နေလေ၏။ ကိုယ်လုပ်တော်ကျင်းနှင့် အစောပိုင်းကမှ တစ်ပွဲတစ်လှမ်းနွှဲထားခဲ့ရသည့် ရှကျိုးယွီ၏ နှလုံးသားသည် မျက်စိရှေ့က အလှလေးအတွက် မတုန်လှုပ်နိုင်တော့ပေ။
"ဟမ်း ကျွန်မဝင်ချင်လဲဝင်မှာပဲ အရှင်မင်းကြီးနဲ့ ဘာဆိုင်လို့လဲ"
အချိန်တစ်ခုကြာသည်အထိ လီယုဟန်တစ်ယောက် မျက်လုံးမှိတ်ရင်း စောင့်ဆိုင်းနေခဲ့သော်ငြား တစ်ဖက်၏ လှုပ်ရှားမှုကို မလက်ခံရသဖြင့် စူးစမ်းစွာ မျက်လုံးဖွင့်ကြည့်လိုက်ရာ…ထိုအချိန်မှ ရှကျိုးယွီသည် သူမနှင့် ရှစ်လှမ်းအကွာသို့ ရောက်ရှိသွားမှန်းသတိထားမိသွား၏။ သူမ၏ မျက်နှာတစ်ခုလုံး ရှက်ဒေါသများနှင့် ပြည့်နှက်သွားကာ အံကြိတ်သံနှင့် ပြောဆိုလိုက်တော့သည်။
"ဒီနေရာက ငါကိုယ်တော်ရဲ့ နန်းတော်ပဲ ငါကိုယ်တော်နဲ့ မသက်ဆိုင်ဘူးလို့ မင်းဘာကြောင့်ထင်ရတာလဲ"
အခုနောက်ပိုင်းတွင် ကိုယ်လုပ်တော်ကျင်းသည် ရုတ်တရက် နာခံလာသဖြင့် ရှကျိုးယွီ အတွက်အပျင်းမပြေခဲ့ပေ။ ထို့ကြောင့် လီယုဟန်အားပြောင်းလဲ စနောက်ရင်း ပျော်ရွှင်ဖွယ်ခံစားချက်ကို ပြန်လည်ရရှိဖို့ ကြိုးစားလိုက်သည်။
"ရှင် ရှင်… အရှင်မင်းကြီးကအကျင့်ကိုမကောင်းဘူး”
အရှက်တကွဲအကျိုးနည်းမှုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာသဖြင့် လီယုဟန် တစ်ယောက် ရှကျိုးယွီအား သွားဖြင့် ကုန်းကိုက်ချင်စိတ်ပင် ပေါက်လာရသည်။
"ဟမ်း ကျွန်တော်မျိုးမမှာ သတင်းကောင်းရှိလို့ လာခဲ့တာကို ဒါပေမယ့် အခုတော့မပြောချင်တော့ဘူး”
လာရင်းကိစ္စအား စဉ်းစားမိသည်နှင့် လီယုဟန်၏ မျက်နှာသည် ခနဲ့တဲ့တဲ့ ပြုံးလိုက်တော့သည်။ မိန်းမတွေက စာအုပ်လှန်တာထက်ကို အပြောင်းအလဲမြန်တာပါလား…
"သတင်းကောင်းဟုတ်လား"
ရှကျိုးယွီ တစ်ဆက်တည်း ထျန်းလင်ဂိုဏ်းအား စဉ်းစားမိသွားပြီး နှလုံးသားတစ်ခုလုံး အနည်းငယ်တုန်ယင်သွား၏။ သူ့ရဲ့ရင်ထဲမှာ ခံစားနေရသော မကောင်းသည့်ခံစားချက်ကို ကြောက်ရွံ့ လာတော့သည်။ သူ့အတွက် တော့ ပုံမှန်သတင်းကောင်းဆိုတာ သတင်းဆိုး မဟုတ်ဘူးလား….
“ဒါဆိုနှုတ်ဆက်ပါတယ်။ မင်း ပြောဖို့မလိုတော့ဘူး”
ရှကျိုးယွီ၏ ပြောစကားကြောင့် လက်နှစ်ဖက် ခါးထောက်ကာ စိန်ခေါ်သလို ရပ်ကြည့်နေသည့် လီယုဟန်၏ မျက်နှာသည် တစတစကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ တစ်ဖက်လူ၏ မျှော်လင့်တကြီး မေးခွန်းထုတ်လာမှုကို မျှော်မှန်းထားသောငြား အငြင်းခံလိုက်ရသဖြင့် သူမအလောတကြီး ရှေ့တိုးကာ ရှင်းပြဖို့ ပြင်လိုက်စဉ်မှာပဲ….တစ်ဖက်မှ ရှကျိုးယွီ သည်လည်း မောင်းထုတ်ဖို့ရန် လက်တစ်ဖက် မြှောက်လိုက်လေရာ ရုတ်တရက်ရှေ့တိုးလာသော ရှကျိုးယွီ၏ လက်တစ်ဖက်နဲ့ လီယုဟန်၏ ရင်ဘတ်တို့ မတော်တဆရိုက်မိသွားလေ၏။
“ဒါကအထင်လွဲတာလို့ ပြောရင် ယုံမှာလား”
လက်ဖဝါးအောက်က နူးညံ့သောအထိအတွေ့ကို ခံစားရင်း ရှကျိုးယွီ မျက်နှာသေနဲ့ပဲ ပြောလိုက်သည်။ တစ်ဆက်တည်းမှာပဲ လီယုဟန်၏ ပိုင်ဆိုင်မှုက ကိုယ်လုပ်တော်ကျင်းလောက် မကြီးမားမှန်း တွက်ချက်မိလိုက်သည်။
“ဟေး လွှတ်စမ်း”
သွေးပေါက်ထွက်တော့မတတ် နီရဲနေသော မျက်နှာနှင့် လီယုဟန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ကြီးမားပူနွေးသော လက်ဖဝါး၏ လွှမ်မိုးမှုကြောင့် သူမ၏ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် အခုန်မြန်နေရသည်။
ရှကျိုးယွီလည်း နူးညံ့တောင့်တင်းသည့် တောင်ပို့လေးထံမှ မဖယ်ခွာခင် အနည်းငယ်အားသုံးရင်း နူးညံ့စွာညှစ်လိုက်၏။
“အို ရှင်...ရှင်ရဲ့လက်ကြီးကို အခုဖယ်လိုက်စမ်း”
လီယုဟန် ဒေါသတကြီးဖြင့် သူမ၏ အရှက်ရမှုကို ပြေလျော့စေရန် ဝတ်ရုံစကို တဖျတ်ဖျတ် ခါလိုက်တော့သည်။
“အရှင်မင်းကြီး၊ အရှင်မင်းသားက စစ်ဆေးမှုကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ အဲ့ဒီလူတွေကို အရှင်မင်းကြီး ဖမ်းပေးခဲ့တာဆိုတော့ အရှင်မင်းကြီး တစ်ခေါက်လောက် သွားကြည့်သင့်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ်”
ထိုအချိန်မှာပဲ အပြင်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာသော ဝေ့ကျုံးရှန့်၏ တင်ပြသံကြောင့် အခန်းထဲမှ အနေခက်ဖွယ်လေထုက ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။
“ငါကိုယ်တော် သွားမှာမဟုတ်ဘူး။ ဦးရီးတော်ကို အဆင်ပြေသလိုကိုင်တွယ်ဖို့ ပြောလိုက်တော့”
ရှကျိုးယွီ စိတ်လျော့လိုက်ရင်း ခပ်ဖျော့ဖျော့ လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ ဝေ့ကျုံးရှန့်၏ ရုတ်တရက် ရောက်ရှိလာမှုက ကျေးဇူးတင်ဖို့ ကောင်းစွာဖြင့် အရေးကြီးအချိန်ကို နှောက်ယှက် ပေးသွားသည်။ အရှက်ရမှုအား ဖုန်းကွယ်ရန် လီယုဟန် ဘာကိုမှ ဂရုမစိုက်သလို ဟန်ဆောင်ရင်း စားပွဲပေါ်က တင်ပြချက်တစ်ခုကို ကောက်ယူလိုက်၏။
“တူးမြောင်းတည်ဆောက်မယ် ဟုတ်လား။ အဲ့တာက ဘာတွေခဲယဥ်းနေလို့လဲ”
ကျောက်းစိမ်းရောင် ဝတ်ရုံကြားက လီယုဟန် တောက်ပစွာ ပြုံးလိုက်ရင်း သွယ်လျသော လက်ချောင်း များနှင့် စားပွဲပေါ်ကို ဆော့ကစားလိုက်သည်။
“ကျွန်တော်မျိုးမတို့ ထျန်းလင်ဂိုဏ်းရဲ့ အခြေနေတွေကိုသာ အရှင်မင်းကြီး သဘောတူသ၍ ကျွန်တော်မျိုးမတို့ ထျန်းလင်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ လာရောက်ပြီး ကူညီပေးလိမ့်မယ်။ အဲ့တာဆိုရင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အများကြီး ထိခိုက်စေမှာ မဟုတ်တော့ဘူး”
ထျန်းလင်ဂိုဏ်းကို ရန်ပြုမည့် သူ၏ မဟာအစီစဉ်ကြီး ဖျက်ဆီးခံလိုက်ရမှန်း ရှကျိုးယွီ ချက်ချင်း သဘောပေါက်လိုက်သည်။ မတတ်နိုင်စွာဖြင့် သက်ပြင်းသာ ချလိုက်တော့သည်။ နောက်တစ်ကြိမ် နောက်ကျောဓားထိုးခံရမှုပါလား...
“မလိုဘူး။ ဒီတရှားတိုင်းပြည်က တရှားပြည်သူတွေ အတွက်ပဲ။ တူးမြောင်းဆောက်ရမယ် ဆိုရင်တောင်မှ ငါတို့ဘာသာငါတို့ ဆောက်လုပ်လို့ရတယ်”
ရှကျိုးယွီ စစ်မှန်စွာဖြင့် လီယုဟန်၏ ရက်ရောလှသော ကမ်းလှန်းမှုကို ငြင်းဆိုလိုက်သည်။ ဘာကြောင့်များ သူ၏နောက်ထပ် အကြံဉာဏ်ကို ထပ်မံဖျက်ဆီးခံရမှာလဲ...
“တရှားတိုင်းပြည်ရဲ့ ပြည်သူတွေကတော့ အများကြီး ခံစားရတော့မှာပဲ”
လီယုဟန်၏ လှပသော မျက်လုံးအတွင်းမှာ ဝမ်းနည်းမှုများ ချက်ချင်းဆိုသလို ဝင်ရောက်လာရင်း သူမက အနည်းငယ် အထွန့်တက်သလို ပြောဆိုလိုက်သည်။
“ကျွန်မတို့ ထျန်းလင်ဂိုဏ်းရဲ့ အခြေနေတွေကို နားမထောင်ကြည့်တော့ဘူးလား”
ထိုအချိန်မှာပဲ လီယုဟန်၏ လက်အတွင်းက တင်ပြချက် စာစောင်ကို ရှကျိုးယွီ ယူလိုက်ရင်း လူတိုင်းမြင်သာလောက်မည့် အနေအထားမှာပဲ စားပွဲပေါ်မှာ ရေးလက်စ အမိန့်စာစောင်ကို ဆက်လက်ရေးသားလိုက်သည်။
“ကျွန်တော်မျိုးမရဲ့အဖိုးက မှာထားတယ်။ တစ်ကယ်လို့ အရှင်မင်းကြီးသာ စွမ်းအင်ကျောက်တုံးထုတ်လုပ်တဲ့ ကိစ္စမှာ ထျန်းလင်ဂိုဏ်းနဲ့ ပူးပေါင်းပေးသ၍ တာဝန်ယူမှုအားလုံး ရရှိရုံတင်မကဘူး ကျွန်တော်မျိုးမလည်း အရှင်မင်းကြီးရဲ့ဘေးကို ရောက်လာလိမ့်မယ်”
ရှကျိုးယွီထံမှ ထပ်မံအငြင်းခံရမည်ဆိုးသဖြင့် သူမ၏ မျက်နှာတစ်ခုလုံးက မသက်မသာ ဖြစ်နေခဲ့သည်။ အကယ်လို့ ရှကျိုးယွီသာ ငြင်းဆိုလိုက်ရင် ဘယ်လိုမျိုး ဆက်လက် ကိုင်တွယ်ရမည်ကို သူမ မသိရှိတော့ပေ။
ထိုအချိန်မှာပဲ တင်ပြချက် စာစောင်အား ရေးသားနေသော ရှကျိုးယွီ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လီယုဟန်၏ ရိုးသားသော စကားလုံးများကြောင့် မဟုတ်ပဲ ထိုအစား အရေးကြီးကိစ္စတစ်ခုကို တွေးမိသွားလို့ပင်။
အကယ်လို့ ငါက ဦးရီးတော်အတွက် အားလုံးကို ပြီးပြည့်စုံအောင် စီစဉ်ထားတယ် ဆိုရင်တောင်မှ လူတွေက ဘယ်လိုပဲဆိုဆို စစ်ပွဲကို ရှောင်ရှားချင်ကြမှာပဲ။ ဒါ့အပြင် ကျန်းနန်မြို့ရဲ့ တပ်ဖွဲ့က လက်ရွေးစင်တပ်ဖွဲ့ဆိုတာ မှန်ပေမဲ့ တပ်သားငါးသောင်းတည်းနဲ့ တိုင်းပြည်တစ်ခုလုံးကို တိုက်ခိုက်နိုင်မှာလား။ ထိုက်အန်းမြို့တော်အထိ ရောက်လာရင်တောင်မှ ကျူးကော့လုံ၊ လီလင်ပုနှင့် တခြားလုပ်နိုင်စွမ်းရှိတဲ့ အမတ်တွေလည်း ရှိသေးတယ်။ အဲ့ဒီကောင်တွေရဲ့ ဆေးထိုးမှုနဲ့ဆိုရင် ငါလိုချင်သလို စစ်ပွဲစလို့မရမှာပဲ ဆိုးတယ်....
“အဆင်ပြေတယ်။ ဒါပေမဲ့ မင်းတို့ဘက်က အစီအစဉ်တွေကိုတော့ ပြောင်းလဲဖို့လိုတယ်”
တစ်ချက်ကလေးတောင် မော့ကြည့်မလာသော ရှကျိုးယွီ၏ စကားလုံးများကြောင့် လီယုဟန် ကျောရိုးတစ်လျောက်လုံး ချမ်းစိမ့်သွားခဲ့သည်။
“အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲ။ အရှင်မင်းကြီးက ကျွန်တော်မျိုးမနဲ့ လက်မထပ်ချင်ဘူးလား”
သူမ၏ ကြည်ရှင်းသောအသံက အနည်းငယ် တုန်ယင်နေခဲ့သလို လှပတဲ့ မျက်လုံးကလည်း တစတစအနီရောင်သို့ ပြောင်းလဲလာ၏။
“မဟုတ်ဘူး။ ငါကိုယ်တော် အဲ့လိုဆိုလိုတာ မဟုတ်ဘူး။ ငါကိုယ်တော်ရဲ့ ဆိုလိုရင်းက ထျန်းလင်ဂိုဏ်းဘက်က ငါတို့အတွက် အခြေနေတစ်ခုကို လုပ်ပေးရမယ်”
နောက်ဆုံးတော့ ရှကျိုးယွီ စုတ်တံကို စားပွဲပေါ်သို့ ပြန်ချလိုက်ရင်း လီယုဟန်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။
“ထျန်းလင်ဂိုဏ်းဘက်က ငါကိုယ်တော်ကို သတ်ပေးရမယ်”
ရှကျိုးယွီ၏ နောက်ထပ်စကားလုံးကြောင့် ပျော်ရွှင်ဖို့တောင် အချိန်မရလိုက်သော လီယုဟန်၏ ရှင်းလင်းသောအသံသည် ချက်ချင်းဆိုသလို ရှိုက်သံများ ဝင်ရောက်လာခဲ့သည်။
“အရှင်မင်းကြီး ဘာကို ဆိုလိုချင်တာလဲ။ ကျွန်တော်မျိုးမရဲ့အဖိုးလီပဟန်က ကျွန်တော်မျိုးမကို ချစ်တာမှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအတွက်နဲ့ အရှင်မင်းကြီးကို ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်မျိုးမ တောင်းဆိုပေးလို့ရပါတယ်”
နောက်ဆုံးတော့ လီယုဟန်၏ လှပသော မြစိမ်းရောင်ဝတ်ရုံရှည်ပေါ်သို့ မျက်ရည်စများ စီးကျလာခဲ့သည်။ တစ်ကယ်တော့ ရှကျိုးယွီနှင့် တွေ့ဆုံသည့် အချိန်တွင် အမြင်ကောင်း ရရှိစေရန် သူမ ဤဝတ်စုံကို ဂရုတစိုက် ရွေးချယ်ထားတာဖြစ်၏။