← Chapters

တစ်ခုပဲလိုတော့တယ်

Vol. 20 Ch. 278

တစ်ခုပဲလိုတော့တယ်

Vol. 20 Ch. 278

အခုဆိုရင် အားလုံးက အဆင်သင့်ဖြစ်နေပြီပင်။ ရှကျိုးယွီ စုတ်တံအား စားပွဲပေါ် ပြန်ချလိုက်ရင်း နူးညံ့စွာ သက်ပြင်းချလိုက်သည်။ လူထုရဲ့ မုန်းတီးမှုက လုံလောက်သော ပမာဏအထိ မြင့်တက်သွားပြီဆိုရင် တစ်ဖက်မှ ပုန်ကန်မှုကိုလည်း စတင်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ရှကျိုးယွီ ကိုယ်တိုင်ရေးသားခဲ့သော အမိန့်စာစောင်က လျင်မြန်လှသော အရှိန်ဖြင့် ထိုက်အန်းမြို့တော်သို့ ရောက်ရှိသွား၏။

အလုပ်ခွင်ပိုင်းဆိုင်ရာ ဌာနရှိ အမတ်များအားလုံး ချက်ချင်းပဲ တူးမြောင်းတည်ဆောက်ရေး စီမံကိန်းအား ညတွင်းချင်း ဆွေးနွေးခဲ့သော်ငြား ထိုသို့ ကြီးမားလှသော စီမံကိန်းကို သူတို့၏ ဆုံးဖြတ်ချက် တစ်ခုတည်းနှင့် မလုပ်ဆောင်ရဲကြပေ။ ထို့ကြောင့် နောက်ဆုံးမှာတော့ အမတ်ချုပ် ကျူးကော့လုံကို ဆင့်ခေါ်ခဲ့ကြသည်။

"လာတော့။ ကိစ္စကြီးတစ်ခု ဖြစ်နေတယ်"

ဂုဏ်သရေရှိလှသော အဆင့်မြင့် အရာရှိများအားလုံး ညပင် မအိပ်ရဲတော့ဘဲ အလုပ်ခွင်ပိုင်းဆိုင်ရာ ဌာနချုပ်သို့ တူးမြောင်းဆောက်လုပ်ရေး စီမံကိန်းကို ဆွေးနွေးရန် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

"အမတ်ကျူးကော့လုံ၊ ကျေးဇူးပြုပြီး ကျုပ်နဲ့အတူ လိုက်ခဲ့ပါ"

သတင်းကြားသည်နှင့် လီလင်ပုတစ်ယောက် အလျင်စလို ထွက်လာခဲ့ရခြင်းကြောင့် သူ၏ ဆံပင်ကိုပင် ကောင်းမွန်စွာ မဖြီးသင်ခဲ့ရပေ။

"ဘာဖြစ်တာလဲ"

နေအိမ်အတွင်းမှာ ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသည့် ကျူးကော့လုံ၏ နေ့ရက်များသည် တရားထိုင်ရင်း သိုင်းကျင့်ရင်းဖြင့် သာယာဖွယ် ကောင်းနေခဲ့သည်။ ထို့ကြောင့် ညကြီးအချိန်မတော် လီလင်ပု၏ အလောတကြီး ရောက်ရှိလာမှုကိုပင် ဒေါသမထွက်ခဲ့ချေ။

"ဒါကဗျာ အရှင်မင်းကြီးကိုယ်တိုင် အမိန့်ထုတ်ခဲ့တယ်။ ထိုက်အန်းမြို့နဲ့ ကျန်းနန်မြို့ကို ဆက်သွယ်ဖို့ တူးမြောင်း ဆောက်လုပ်ရမယ်တဲ့။ ပြီးတော့ဗျာ အဲဒီတူးမြောင်း ဆောက်လုပ်ဖို့အတွက် သန်းချီတဲ့ လုပ်သားတွေကို လုပ်သား ခေါ်ယူခိုင်းထားတယ်"

ဖြစ်ကြောင်းကုန်စင်အား အသေးစိတ် ရှင်းပြနေသော လီလင်ပု၏ မျက်နှာတစ်ခုလုံးသည် စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။ ထိုသတင်းအား လက်ခံရရှိပြီးစဥ်ကတည်းက သူ၏နှလုံးသားက မသက်မသာ ခံစားနေရတာပင်။ တရှား၏ နယ်နိမိတ်တွင် တည်ဆောက်ခဲ့သော မဟာတံတိုင်း စီမံကိန်းအတွက် ငွေကြေး အရင်းအမြစ်အပြင် လူပေါင်းများစွာကို အသုံးပြုခဲ့ရသည်။ ပြည်သူတွေရဲ့ မောပန်းမှုက အခုထိတောင် မသက်သာကြသေးပေ။ ထို့အပြင် တရှားတိုင်းပြည်အတွင်းမှာ စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းနိုင်သော အစီအရင်ကြီး ၃ခုကို မနားမနေ ဆောင်ရွက်နေပြီး အထောက်အပံ့က ဆက်လက် ပို့ပေးနေရ၏။ တရှားတိုင်းပြည် တစ်ခုလုံးက လုပ်နိုင်စွမ်းထက် ပိုမိုကျော်လွန်စွာ လုပ်ဆောင်နေရသည်ဟု ဆိုနိုင်သည်။ အခုလို ကြီးမားလှသော တူးမြောင်း စီမံကိန်းအတွက် ဘယ်မှာ လူအင်အားနဲ့ အရင်းအနှီး ရှိပါတော့မလဲ။

"အမတ်ကျူးကော့လုံပဲ ပြောတော့ဗျာ။ အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ"

လီလင်ပု၏ အလွန်စိတ်လှုပ်ရှားနေသော မျက်နှာထားကြောင့် ကျူးကော့လုံ မနေနိုင်စွာ ရယ်လိုက်တော့သည်။

"အမတ်ကျူးကော့လုံ၊ ဒီလိုအခြေအနေကြီးမှာ ဘာကိစ္စ ရယ်နေရတာလဲဗျာ"

သူနှင့် မတူညီလှစွာ အခုအချိန်မှာ အလွန်တည်ငြိမ်ပြီး ဣန္ဒြေရနေသော အမတ်ကျူးကော့လုံရဲ့ ပုံစံကြောင့် လီလင်ပု မနေနိုင်စွာ ဒေါသတကြီး ဖြစ်လာရ၏။

"အမတ်လီကို ကျုပ်မေးမယ်။ အရှင်မင်းကြီးက အမှားတစ်ခုတောင် လုပ်ခဲ့ဖူးလား"

"ရုံးတော်ကို စီမံတယ်။ ကျန်းနန်မြို့ရဲ့ ရေကြီးမှုကို ထိန်းချုပ်တယ်။ တရှားရဲ့ နယ်စပ်မှာ မဟာတံတိုင်း တည်ဆောက်တယ်။ အဲဒီ၃ခုလုံးမှာ အရှင်မင်းကြီးရဲ့ အမိန့်က ရိုးရှင်းခဲ့လို့လား"

ကျူးကော့လုံ တည်ငြိမ်စွာဖြင့် အပေါ်ဝတ်အား ဝတ်ဆင်လိုက်ပြီး လီလင်ပုနဲ့အတူ အလုပ်ခွင်ဌာနသို့ သွားရောက်ခဲ့သည်။ အရေးကြီးကိစ္စ ပေါ်ပေါက်လာသည့်အတွက် အရှင်မင်းကြီး၏ နေအိမ်၌ နားနေစေဟူသော အမိန့်ကို ဆန့်ကျင်ခဲ့ပြီး ထိုအမိန့်ကြောင့် အပြစ်ပေးခံရလျှင်တောင် ရက်တချို့သာ အကျဥ်းချခံရမှာ ဖြစ်သည့်အတွက် ကျူးကော့လုံ ဂရုမစိုက်ခဲ့ချေ။

"ကျုပ်ပြောမယ်ဗျာ လီလင်ပု ခင်ဗျားက အရှင်မင်းကြီးရဲ့ အမိန့်တော်နဲ့ အခုလို အဆင့်မြင့် အရာရှိတစ်ယောက် ဖြစ်မလာခင်တုန်းက အကျင့်ပျက်ခြစားတဲ့ အရာရှိငယ် တစ်ယောက်ပဲ မဟုတ်ဘူးလား။ အရှင်မင်းကြီးသာ လူတွေအများကြီးရဲ့ အမြင်ကို ဆန့်ကျင်ပြီး ခင်ဗျားကို ရာထူးတိုးပေးခဲ့လို့ မဟုတ်ဘူးဆိုရင် ဒီနေ့ ဒီလိုအခြေအနေကို ရောက်လာမှာလား"

ကျူးကော့လုံသည် တွက်ချက်တတ်သော မြေခွေးအိုဟူသော သူ၏ ဂုဏ်သတင်းနဲ့ တစ်ကယ်ကို ကိုက်ညီပါ၏။ စကားတစ်ခွန်းတည်းနှင့် ဒေါသတကြီး ဖြစ်နေခဲ့သော လီလင်ပုကို ဆွံ့အသွားစေခဲ့သည်။ နေအိမ်တွင် အကျဥ်းချခံထားရသည့် ရက်ပေါင်းများစွာအတွင်းမှာ ကျူးကော့လုံ သက်သာစွာဖြင့် တိတ်တဆိတ် တွေးတောနေခဲ့သည်။ ဘယ်လိုပင် တွေးတောပါစေ အရှင်မင်းကြီး၏ အမိန့်တိုင်းမှာ ရှိနေသော နက်ရှိုင်းသည့် အဓိပ္ပါယ်ကို ပြန်လည် မြင်ယောင်မိလာ၏။

"ကျုပ်မေးမယ်။ အရှင်မင်းကြီးရဲ့ ပထမဦးဆုံးအကြိမ် ရုံးတော်ကို ရှင်းလင်းခိုင်းတုန်းက ရည်ရွယ်ချက်ကို ခင်ဗျား သိသလား"

ကျူးကော့လုံ၏ မေးခွန်းအား နားမလည်သည့်အတွက် လီလင်ပု အနည်းငယ် တွေဝေသွားခဲ့သည်။

"သေချာပေါက် ရုံးတော်အတွင်းက အကျင့်ပျက်နေတဲ့ အရာရှိတွေကို ဖယ်ရှားပြီးတော့ လုပ်နိုင်စွမ်းရှိတဲ့ အရာရှိတွေနဲ့ အစားထိုး ပြောင်းလဲဖို့ပဲ"

လီလင်ပု၏ စကားအား ကျူးကော့လုံ ခပ်ပြုံးပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ လမ်းတစ်လျှောက်တွင် များစွာသော စစ်တပ်ပိုင်းနှင့် အုပ်ချုပ်ရေးပိုင်း အရာရှိများကို တွေ့ဆုံခဲ့ရသည်။ သူတို့အားလုံးအား ထိုက်အန်းမြို့တော်ရှိ အလုပ်ခွင်ဌာနမှ ခေါ်ဆောင်ထားဟန် ရှိသည်။

"ဒါဆိုရင် နယ်စပ်မှာ တည်ဆောက်ခိုင်းတဲ့ မဟာတံတိုင်းရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ"

ထိုအချိန်မှသာ နားလည်သဘောပေါက်သွားဟန် ရှိသော လီလင်ပု၏ မျက်နှာထက်၌ တွေးဆဆ မျက်နှာထားတစ်ခု ဝင်ရောက်လာ၏။

"ကျုပ်ဖြေမယ်ဗျာ။ တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းက နယ်စပ်က ကျူးကျော်လာမယ့် ကျူးကျော်သူတွေကို တားမြစ်ဖို့ပဲ။ ပြီးတော့

စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်က ပြည်သူတွေကို ဘဝ တိုးမြင့်လာစေဖို့ပဲ။ ဒါ့အပြင် ချင်မင်းသားကို ကျန်းနန်မြို့ကို စေလွှတ်ခဲ့တာကလည်း အဲဒီနေရာမှာ လက်ဝါးကြီးအုပ် နေရာယူထားတဲ့ ဂိုဏ်းတွေကို ဖျက်ဆီးပစ်ပြီး တိုင်းပြည်ရဲ့ သန်မာမှုကို မြင့်တက်အောင် တပ်ဖွဲ့တစ်ခု တည်ဆောက်နိုင်အောင် စေလွှတ်ခဲ့တာ။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ ကျန်းနန်မြို့က ရေကြီးမှုကို ဖြေရှင်းလိုက်ပုံက တိုင်းပြည်ရဲ့ တည်ဆောက်မှုပိုင်း တိုးတက်ရေးကို မြင့်တက်စေခဲ့တယ်"

အရှင်မင်းကြီး၏ လုပ်ရပ်တိုင်းက တိုင်းပြည်၏ ကံကြမ္မာကို မထင်ထားသော နည်းလမ်းများဖြင့် မြင့်တက်စေမှန်း လီလင်ပု နောက်ဆုံးတော့ သဘောပေါက်သွားခဲ့သည်။

"ဒါဆိုရင် အရှင်မင်းကြီးရဲ့ တခြားရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ ခင်ဗျား ထင်သလဲ"

ထိုအချိန်မှာပဲ ကျူးကော့လုံသည် မြေပြင်ပေါ်မှ တုတ်ချောင်းတစ်ခုအား ကောက်ယူလိုက်ရင်း ရုပ်ပုံတစ်ခုကို ရေးဆွဲပြလိုက်သည်။

"တရှားတိုင်းပြည်ရဲ့ အတွင်းပိုင်းရော အပြင်ပိုင်းရောမှာရှိတဲ့ သန်မာမှုနဲ့ လုပ်နိုင်စွမ်းကို မြင့်တက်စေပြီး သန်မာတဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အရှင်မင်းကြီးက စစ်ပွဲတစ်ခု စတင်ဖို့ ရည်ရွယ်နေတာပဲ မဟုတ်ဘူးလား"

လီလင်ပုတစ်ယောက် လွန်စွာ ထိတ်လန့်သွားလေရဲ့။ ယခင်က တရှားတိုင်းပြည်နှင့် အိမ်နီးချင်း တိုင်းပြည်များတွင် ကတောက်ကဆ အခြေအနေများ ရှိခဲ့သော်ငြား စစ်ပွဲဟု ခေါ်ဆိုနိုင်သော ကြီးမားသည့် ပဋိပက္ခမျိုး မရှိခဲ့ဖူးချေ။ သို့ပေမဲ့ အရှင်မင်းကြီး၏ လက်ရှိလုပ်ရပ်များနှင့် ပြင်ဆင်မှုများအားလုံးက အမတ်ကျူးကော့လုံ ခန့်မှန်းသွားသည့်အတိုင်း ကြီးမားသော စစ်ပွဲတစ်ခုအား ဦးတည်နေ၏။

“ဒါဆိုရင် ကျုပ် ထပ်မေးမယ်။ ကျုပ်တို့ရဲ့ တရှားတိုင်းပြည်မှာ ဘာကို လိုအပ်နေဆဲ ဖြစ်နေတာလဲ"

ကျူးကော့လုံက သစ်သားတုတ်ကို ပြန်ပစ်ချလိုက်ပြီး ရှည်လျားတဲ့ မုတ်ဆိတ်မွေးများအား ဂရုမစိုက်ဟန်ဖြင့် အနည်းငယ် ပွတ်သပ်လိုက်သည်။

"ကျန်းနန်မြို့က ရိက္ခာပေါကြွယ်ဝပြီး မြို့အတွင်းမှာလည်း သန်မာတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားတယ်။ အကယ်လို့ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမယ်ဆိုရင် ကျန်းနန်မြို့ကို ဗဟိုပြုပြီး ပတ်ပတ်လည်က နေရာတွေကို ရိက္ခာထောက်ပံ့တာ၊ ခိုလှုံခွင့်ပေးတာတွေ လုပ်လို့ မရဘူးလား။ ဒါဆိုရင် ကျုပ်တို့ တရှားတိုင်းပြည် လိုအပ်နေတာက ကြီးမားတဲ့ တူးမြောင်းကြီး တစ်ခုပဲ မဟုတ်ဘူးလား"

တဖြည်းဖြည်းနှင့် လီလင်ပု၏ ပုံစံက လွန်စွာ စိတ်လှုပ်ရှားလာခဲ့ပြီး နဂိုက အိပ်ချင်နေသော မျက်လုံးများပင် တောက်ပကာ တက်ကြွလာလေ၏။

"အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က ဒီလိုဆိုမှတော့ ကျုပ်တို့ အလျင်မြန်ဆုံး နည်းလမ်းနဲ့ အဲဒီတူးမြောင်းကို တည်ဆောက်ရမှာပေါ့"

ကျူးကော့လုံ၏ မျက်လုံးအတွင်းမှာလည်း တူညီသော တောက်ပမှုများ ဝင်ရောက်နေခဲ့သည်။ ဥာဏ်ပညာ မြင့်မားသော ရှင်ဘုရင်တစ်ယောက်၏ ကြီးမားသော အရာများအား တိုက်ခိုက်ယူချင်စိတ်ကို မထောက်ပံ့လိုသော အမတ်မရှိပါချေ။

အချိန်ကျလာရင် လျှို့ဝှက်ထားသော တရှားတိုင်းပြည်၏ သန်မာမှုကို ထုတ်ပြခွင့် ရရှိခဲ့ပြီး အိမ်နီးချင်းတိုင်းပြည်တွေ အားလုံးကို တစ်ချိန်တည်းမှာ တိုက်ခိုက်နိုင်လိမ့်မည်။ ဒီလိုဆိုရင် တရှားတိုင်းပြည်က ထျန့်ရှန်းနယ်မြေကြီး တစ်ခုလုံးမှာ အသန်မာဆုံး တိုင်းပြည်တစ်ခု ဖြစ်လာလိမ့်မည်။

"ကျုပ်တို့ရဲ့ မျိုးဆက်တွေတော့ ကံကောင်းတာပဲ။ ဒီလိုမျိုး ဥာဏ်ပညာ ထက်မြက်လှတဲ့ ရှင်ဘုရင်ကို ပိုင်ဆိုင်ထားတယ်"

ထိုအချိန်မှာပဲ လီလင်ပု၏ ပခုံးကို ကျူးကော့လုံ အသာလေး ပုတ်ပေးလိုက်သည်။ ဒီလိုဖြင့် တိုင်းပြည်၏ ယုံကြည်ရသော အကြံပေးအမတ် နှစ်ယောက်လုံး အခြေအနေကို သဘောတူစွာ လက်ခံလိုက်ကြ၏။

ထို့ကြောင့် ကျန်သော အမတ်များ အားလုံးနှင့် အတိုက်အခံ ငြင်းဆိုရင်း တူးမြောင်းစီမံကိန်းအား ထောက်ခံခဲ့ပြီး နောက်ဆုံးတွင် စီမံကိန်းအတွက် အသေးစိတ် အချက်အလက်များကို ညတွင်းချင်း အတည်ပြုနိုင်ခဲ့သည်။

၃ရက်မြောက်နေ့မှာ ကျန်းနန်မြို့၏ ရှကျိုးယွီ အနားယူနေသော နန်းတော်အတွင်းသို့ ရောက်ရှိလာခဲ့သော တင်ပြချက်ကို ဖတ်နေရင်း ရှကျိုးယွီ သံသယဖြစ်စွာ မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"ဘယ်လိုလုပ် ဒီလောက် အမြန်ကြီး တည်ဆောက်နိုင်ရတာလဲ"

တူးမြောင်းစီမံကိန်းသည် ငွေကုန်ကြေးကျ များသည့် စီမံကိန်းတစ်ခု ဖြစ်လေရာ အမတ်များ၏ အဆက်မပြတ် အချိန်ဆွဲမှုကို ရရှိလိမ့်မည်ဟု ရှကျိုးယွီ မှန်းဆထားခဲ့သည်။ ထို့ကြောင့်ပင် ထိုက်အန်းမြို့တော်သို့ ကိုယ်တိုင် သွားရောက်ချိန်မှသာ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖို့ ကြံစည်ခဲ့တာပင်။ သို့ပေမဲ့ မထင်ထားစွာဘဲ ၃ရက်အတွင်းမှာ ပြန်လည်တင်ပြစာစောင်ကို ရရှိခဲ့သည်။

"ကျူးကော့လုံနဲ့ လီလင်ပု လုပ်လိုက်တာများလား။ အင်း လုပ်တာတော်တယ်။ ငါ လူရွေးမမှားခဲ့ဘူးဘဲ"

တင်ပြချက်စာစောင်အတွင်း၌ နာမည်နှစ်ခုကို မြင်တွေ့လိုက်တာနှင့် ရှကျိုးယွီ ကျေနပ်စွာ ရေရွတ်လိုက်သည်။ ကျူးကော့လုံနှင့် လီလင်ပုကို ဤတစ်ခေါက်တွင်လည်း အနှောင့်အယှက် ပေးလာလိမ့်မည်ဟု ရှကျိုးယွီ မျှော်မှန်းထားခဲ့သော်ငြား မထင်ထားစွာပင် ထိုနှစ်ယောက်က အမတ်အားလုံးနှင့် ဆန့်ကျင်ရင်း တူးမြောင်း စီမံကိန်းကို အတည်ပြုနိုင်ခဲ့သည်။

"အရှင်မင်းကြီး၊ နန်းတော်အပြင်ဘက်မှာ ဟွမ်ပထျန်းလို့ခေါ်တဲ့ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"

လေးစားမှုများ ပါဝင်နေသည့် ဝေ့ကျုံးရှန့်၏ အသံသည် မထင်ထားစွာပင် အနည်းငယ် တုန်ယင်နေ၏။ နန်းတော်ရှေ့တွင် ရပ်နေသော လူ၁၉ယောက်ထံမှ ထုတ်လွှတ်ခဲ့သည့် အလွန် အင်အားကြီးသော အရှိန်အဝါများကြောင့် ဝေ့ကျုံးရှန့်တစ်ယောက် အသက်ရှူဖို့ပင် ခဲယဥ်းခဲ့သည်လေ။

"ကိစ္စကောင်းတွေက ဆက်တိုက်ဆိုသလို ရောက်လာကြတာပဲ"

ချောမွေ့သော အစီအစဉ်များကြောင့် ရှကျိုးယွီ အနည်းငယ် ကျေနပ်သွား၏။

"သူတို့အားလုံးကို အထဲဝင်ခိုင်းလိုက်"

အမိန့်တော်ကို လက်ခံရင်း ဝေ့ကျုံးရှန့် ချက်ချင်းပဲ နန်းတော်အပြင်သို့ ပြန်လည် ထွက်သွားလိုက်သည်။ ကံကောင်းသည်မှာ ထိုအုပ်စုသည် အလွန်အမင်း သန်မာကြသော်ငြား တော်ဝင်နန်းတော်နှင့် ရင်ဆိုင်ချိန်တွင် လုပ်ရိုးလုပ်စဥ်များကို နားလည်ထားကြပြီး အမိန့်မရမချင်း နေရာမှ တစ်လက်မတောင် မရွေ့လျားခဲ့ကြပေ။

"အရှင်မင်းကြီး၊ သူတို့ ရောက်ရှိလာပါပြီ"

ထိုအချိန်မှာပဲ ခေါင်းဆောင်ဖြစ်ဟန်ရှိသော လူတစ်ယောက်က ချက်ချင်းပဲ ဒူးတစ်ဖက်ထောက်ရင်း သစ္စာရှိမှုကို ပြသခဲ့သည်။

"အရှင်မင်းကြီး၊ နှင်းနဂါးမြို့က ကျွန်တော်မျိုး ဟွမ်ပထျန်း အရိုအသေ ပေးပါတယ်"

ထိုသူ၏ စကားသံဆုံးတာနှင့် အနောက်မှာ ရပ်နေသော ပုဂ္ဂိုလ်အသီးသီးလည်း ဒူးထောက်ကာ နှုတ်ဆက်လိုက်ကြသည်။

"နှင်းနဂါးမြို့ရဲ့ အစောင့်အရှောက် ၁၈ယောက် အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

All Chapters