← Chapters

ပုန်ကန်မှု

Vol. 20 Ch. 279

ပုန်ကန်မှု

Vol. 20 Ch. 279

"ထကြစေ"

ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်ချိန်မှသာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူအုပ်က မတ်တတ်ထရပ်လာ၏။

"သခင်ဖူ... မှားလို့ အရှင်မင်းကြီး၊ ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်တော်ကို လက်ခံရခဲ့တာနဲ့ ညတွင်းချင်းပဲ နှင်းနဂါးမြို့ကနေ ထွက်လာခဲ့တာပါ"

အလွန်စိတ်လှုပ်ရှားနေသော ဟွမ်ပထျန်းတစ်ယောက် ရှကျိုးယွီအား မှားယွင်းခေါ်ဆိုမိတော့မတတ် ဖြစ်သွားလေ၏။ သခင်ဖူမဲ့ ကာလမှာကတည်းက ရှကျိုးယွီ အပေါ်တွင် သစ္စာရှိခဲ့ပြီး ရှကျိုးယွီက တရှားတိုင်းပြည်၏ အရှင်မင်းကြီးမှန်း ရှာတွေ့သွားပြီးနောက်မှာ သူ၏ သစ္စာရှိမှုသည် အဆပေါင်းများစွာ ပိုမို မြင့်မားလာခဲ့သည်။

"ငါကိုယ်တော် မင်းတို့ကို ခေါ်လိုက်တာက လျှို့ဝှက်တာဝန် တစ်ခုရှိလို့ပဲ"

ရှကျိုးယွီသည် မူလက ဟွမ်ပထျန်းနဲ့ ကျင့်ကြံသူများကို ပုန်ကန်မှုအတွက် ကူညီဖို့ရန် စေလွှတ်ချင်ခဲ့သော်ငြား အရာအားလုံး အဆင်ပြေ ချောမွေ့နေသည့် အချက်က သူ၏ နှလုံးသားထဲကို သံသယများ ဝင်ရောက်စေခဲ့သည်။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ ပုန်ကန်သူအုပ်စုတွင် ပါဝင်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်၏။

"ဒီတာဝန်အတွင်းမှာ မင်းတို့အနေနဲ့ ဘာမေးခွန်းထုတ်တာမှ ငါ မလိုချင်ဘူး။ ငါ့ရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ရမယ်"

ဟွမ်ပထျန်း၏ ပင်ကိုစရိုက်ကို သိရှိထားသဖြင့် ရှကျိုးယွီ ကြိုတင် ပိတ်ပင်ထားလိုက်သည်။

"စိတ်မပူပါနဲ့ အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ စကားကို မြေဝယ်မကျ နားထောင်မှာပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို အရှေ့ဘက်သွားဖို့ အမိန့်ပေးရင် ကျွန်တော်မျိုးတို့ သေချာပေါက် အနောက်အရပ်ကို မသွားရဲပါဘူး။ ပြီးရင် ကျွန်တော်မျိုးတို့..."

ခါးကော့ရင်ကော့ဖြင့် စိတ်အားထက်သန်စွာ ပြောဆိုနေသော ဟွမ်ပထျန်း၏ မြောက်ပင့်မှုများကို ရှကျိုးယွီ လက်တစ်ဖက်သာ ယမ်းပြပြီး တားမြစ်လိုက်သည်။

"အရေးမပါတဲ့ ကိစ္စတွေ ပြောနေတာ တော်လိုက်တော့။ ငါ့နောက်ကိုသာ လိုက်ခဲ့ကြ"

ရှကျိုးယွီသည် ထိုပုဂ္ဂိုလ်များ၏ သရုပ်မှန်ကို ဖုံးကွယ်ဖို့ရန် ရည်ရွယ်ချက် မရှိသည့်အတွက် ဝေ့ကျုံးရှန့်အား ချက်ချင်းပဲ ချင်မင်းသားကို ဆင့်ခေါ်ခိုင်းလိုက်သည်။

"တူတောင်မောင် မင်းကြီး၊ ကျွန်တော်မျိုးကို ဘာလို့ အခုလိုမျိုး ခေါ်ခဲ့တာလဲ"

ရှထိုက်အန်း၏ ပုံစံသည် စိတ်အခြေအနေ ကောင်းနေဟန် ရှိသည်။ ဂိုဏ်းသားများအား လူသိရှင်ကြား စစ်ဆေးမှု ပြီးကတည်းက လူထုအမြင်သည် များစွာ မြင့်တက်ခဲ့သည့်အပြင် ထိုအကြောင်းအရင်းကြောင့်ပဲ မြို့၃မြို့၏ အရှာရှိများအားလုံးက သူ့အား ထပ်မံ ခေါင်းမစားကြတော့ပေ။ ဒီရက်ပိုင်းအတွင်းမှာ ရှထိုက်အန်းသည် တပ်ဖွဲ့ကိုသာ လေ့ကျင့်ပေးနေခဲ့ပြီး ဘယ်လို တွေ့ဆုံပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပေ။

"ဟားဟား တူတော်မောင် မင်းကြီး၊ ကျွန်တော်မျိုးရဲ့ ဒီရက်ပိုင်း နေ့ရက်တွေက ဘယ်လောက်တောင် သာယာနေသလဲဆိုတာ အရှင်မင်းကြီး သိပါရဲ့လား။ အရင်တုန်းက ယင်တစ်ကောင်လိုမျိုး နားတငြီးငြီး လုပ်နေတဲ့ အဲဒီအမတ်တွေအားလုံး အခုဆိုရင် ကျွန်တော်မျိုးကို အရမ်း တလေးတစား ဆက်ဆံနေကြတာ။ ပြီးရင် ပြည်သူတွေကတောင်မှ ကျွန်တော်မျိုးအတွက် နာမည်ပြောင်တစ်ခု ပေးခဲ့သေးတယ်။ အရှင်မင်းကြီး သိသလား။ အဲဒါက တရားမျှတမှုရဲ့ အရှင်သခင်တဲ့လေ"

အလွန်ယုံကြည်ချက်ရှိစွာ ပြောဆိုနေသော ရှထိုက်အန်း၏ အသံသည် လူထက်အရင် နန်းတော်ထဲကို ဝင်ရောက်လာခဲ့ပြီး စက္ကန့်အနည်းငယ် အတွင်းမှာပဲ အလင်းလို အလျင်နဲ့ လူကိုယ်တိုင် ဝင်ရောက်လာခဲ့သည်။ ထိုင်ခုံမှာ အလောတကြီး ဝင်ထိုင်ရင်း အခါးရည်သောက်ဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ အနီးအနားရှိ အင်အားကြီး အရှိန်အဝါများအား ရှထိုက်အန်း အာရုံခံမိလိုက်၏။

"ဘယ်သူတွေလဲ"

ရှထိုက်အန်း၏ လေသံက အနည်းငယ် အံ့သြနေဟန်ပဲ။ ထိုလူတွေသာ အနည်းငယ်မျှသော လူသတ်လိုသည့် အရှိန်အဝါအား ဖော်ထုတ်ခဲ့လျှင် ရှထိုက်အန်း ချက်ချင်းပင် အရှင်မင်းကြီးက သူ့အား သတ်ချင်နေသည်ဟု အထင်မှားသွားလောက်သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက အပြုံးတစ်ခုနဲ့ လက်တစ်ဖက် ယမ်းပြလိုက်၏။

"မင်းတို့အားလုံး ချင်မင်းသားကို လာရောက် နှုတ်ဆက်ကြလေ"

ရှကျိုးယွီ၏ ဘေးတွင် လက်နောက်ပစ်ရင်း ညီညာစွာ ရပ်နေကြသော ဟွမ်ပထျန်းနှင့် ကျင့်ကြံသူများ အားလုံး ရှကျိုးယွီ၏ အမိန့်သံကို ကြားတာနဲ့ မြေပြင်ပေါ် ဒူးထောက်ချရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေရဲ့။

"ချင်မင်းသားကို နှုတ်ဆက်ပါတယ်"

မြန်ဆန်လွန်းသော အဖြစ်အပျက်က အတွေ့အကြုံရှိ ရှထိုက်အန်းကိုပင် အလွန်အမင်း ထိတ်လန့်စေခဲ့သည်။ မြေပြင်ပေါ် ဒူးထောက်ခစားနေသော ကျင့်ကြံသူများတွင် ဒုတိယအဆင့် ကျင့်ကြံသူ ၁၀ယောက်ထက်မနည်း ပါဝင်ပြီး လူ၆ယောက်ထံမှ သူ့အား အနည်းငယ် အခက်တွေ့စေသော အရှိန်အဝါကိုပင် ခံစားနေရ၏။

"ဒီလူတွေအားလုံးက အရှင်မင်းကြီးရဲ့ လူတွေလား"

သူ၏ တူတော်မောင် မင်းကြီးက အခုလိုမျိုး အင်အားကြီး တပ်ဖွဲ့တစ်ခုအား ပိုင်ဆိုင်ထားမှန်း ရှထိုက်အန်းပင် မသိရှိခဲ့ပေ။

"သူတို့အားလုံးက နှင်းနဂါးမြို့ရဲ့ အစောင့်တပ်ဖွဲ့ပဲ။ သူတို့တွေကို ဦးရီးတော်ရဲ့ အမိန့်အောက်မှာ တော်ဝင်အစောင့်တွေအဖြစ် ဖုံးကွယ်ပြီး ငါကိုယ်တော် ထားရှိမလို့ ကြံရွယ်ထားတယ်"

ထိုအချိန်မှာပဲ ရှကျိုးယွီသည် လက်တစ်ဖက်ယမ်းပြီး အချက်ပြလိုက်လေရာ မြေပြင်ပေါ်ရှိ ဟွမ်ပထျန်းနဲ့ ကျင့်ကြံသူများအားလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

"ချင်မင်းသားသာ အမိန့်ရှိမယ်ဆိုရင် ကျွန်တော်မျိုးတို့ ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင်မှ မျက်တောင်တစ်ချက် မခတ်ဝံ့ဘဲ ဖြတ်သန်းပါ့မယ်"

အလွန် အင်အားကြီးသည့်အပြင် တစ်ချိန်တည်းမှာပဲ တူတောင်မောင် မင်းကြီးအား အလွန်အမင်း သစ္စာရှိဟန်ရှိသော ကျင့်ကြံံသူ များစွာကြောင့် ရှထိုက်အန်း၏ နှလုံးသားအတွင်းမှာ သိချင်စိတ်များ ဝင်ရောက်လာခဲ့သည်။ တူတောင်မောင် မင်းကြီးက ဘယ်လောက်တောင်များ ကျင့်ကြံမှုကို ရရှိနေတာလဲ။ ဘာကြောင့်များ ဒီလိုမျိုး ထူးချွန်လှတဲ့ ကျင့်ကြံသူ အများကြီးက အရှင်မင်းကြီးရဲ့ လက်အောက်မှာ နာခံစွာ အလုပ်လုပ်နေရတာလဲ။

"တောင်ဝင်ဦးရီးတော် ဘယ်လိုမြင်ပါသလဲ။ ပထမအဆင့် ကျင့်ကြံသူ ၆ယောက်နဲ့ ဒုတိယအဆင့် ကျင့်ကြံသူ ၁၃ယောက်က ဦးရီးတော်ရဲ့ အခြေအနေနဲ့ ကိုက်ညီပါသလား"

ရှကျိုးယွီ၏ တည်ငြိမ်သော စကားလုံးများကြောင့် ရှထိုက်အန်း မနေနိုင်စွာ ပြုံးမိသွားသည်။

ဘုရားရေ ဒီလိုများပြားတဲ့ အင်အားကြီး ကျင့်ကြံသူတွေကိုသာ ရရှိသွားလို့ကတော့ ငါ့အတွက် တပ်သားတွေတောင် လိုနေမှာ မဟုတ်ဘူး။ သူတို့တွေကိုပဲ တိုက်ရိုက်စေလွှတ်ပြီး ရန်သူတပ်ဖွဲ့ထဲကို သွားခိုင်းလိုက်ရင် တပ်သားတစ်ယောက် မပြောနဲ့ သတင်းပို့ကိုတောင်မချန် သတ်ခိုင်းလိုက်လို့ ရတယ်။

"ဟားဟား ကျွန်တော်မျိုး သေချာပေါက် ကြိုက်နှစ်သက်တာပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုးအတွက် ဒီလူတွေကို ဘယ်လောက်ကြာသည်အထိ ပေးအပ်ထားမှာလဲ သိပါရစေ"

လက်နှစ်ဖက်အား အရှက်ရစွာ ပွတ်သပ်ရင်း ရှထိုက်အန်း ပြောလိုက်သည်။ ဒီလိုမျိုး သန်မာလှတဲ့ ကျင့်ကြံသူများစွာက ရှကျိုးယွီအပေါ်မှာသာ သစ္စာရှိသူများ ဖြစ်ကြသဖြင့် သူ၏ လက်အောက်မှာ ထာဝရ မနေနိုင်မှန်း ရှထိုက်အန်း ကောင်းမွန်စွာ သိရှိပါ၏။

"ငါကိုယ်တော်တို့က တော်ဝင်မိသားစုတွေပဲ။ မိသားစုအချင်းချင်း ဒီလိုမျိုး သူစိမ်းဆန်တဲ့ စကားတွေ မပြောကြရအောင်။ ဒီလူတွေ အားလုံးကလည်း ငါတို့ရဲ့ တရှားတိုင်းပြည်အတွက် သစ္စာရှိတဲ့ စစ်သည်တော်တွေပါပဲ။ တော်ဝင်ဦးရီးတော်သာ သူတို့ကို အဆင့်မြင့်ရာထူးနဲ့ ရက်ရောတဲ့ လစာကို ပေးအပ်နေမယ်ဆိုရင် သူတို့ထဲက လူတချို့ကို ဦးရီးတော်ရဲ့ လူတွေအဖြစ် သိမ်းသွင်းကောင်း သိမ်းသွင်းနိုင်မှာပေါ့"

ရှကျိုးယွီသည် ပုံမှန်လိုမျိုး လက်တစ်ဖက် ယမ်းပြရင်း ဖြေကြားလိုက်သည်။

အမလေး ဒီလူတွေအားလုံးက နှင်းနဂါးမြို့မှာ အလဟဿ ပို့ထားခံရတာ။ သူတို့တွေ သေလောက်အောင် ပျင်းရိနေကြမှာပဲ။ ချင်မင်းသားဆီမှာ ပို့ထားမယ်ဆိုရင် သူတို့ကို အသုံးချဖို့ အခွင့်အရေးလည်း ရရှိလာမယ်။ ဘာလို့ ချင်မင်းသားဆီ မပေးပစ်ရမှာလဲ။

"ဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်တော်ကိုပဲ စောင့်ဆိုင်းပါ့မယ်။ အရှင်မင်းကြီး အမိန့်တော် ပေးတာနဲ့ တပ်ဖွဲ့ကို ဦးဆောင်ပြီး ကျွန်တော်မျိုး ပုန်ကန်ပါ့မယ်"

ရှထိုက်အန်း၏ ရုတ်တရက် စကားလုံးများကြောင့် နှင်းနဂါးမြို့၏ ကျင့်ကြံသူများအားလုံး နေရာတွင် အေးခဲသွားကြလေကာ သူတို့၏ မျက်နှာထက်ရှိ ပျော်ရွှင်နေသော အရိပ်အယောင်များအားလုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေရဲ့။ လေထုထဲသို့ ထိုးထွက်လာခဲ့သော ကြောက်မက်ဖွယ် အရှိန်အဝါက ပြင်းထန်စွာ ဖိနှိပ်နေခဲ့သည်။

"ဟမ် မင်းတို့အားလုံးက အရှိန်အဝါတွေ ထုတ်ပြီး ဘာလုပ်ချင်နေကြတာလဲ။ သူက တော်ဝင်ဦးရီးတော်ပဲ။ မင်းတို့ ကောင်းကောင်း ပြုမူကြတာ ကောင်းလိမ့်မယ်နော်"

ထိုအချိန်မှာပဲ ဟွမ်ပထျန်း အရှေ့ထွက်လိုက်ရင်း အနောက်ရှိ ကျင့်ကြံသူများကို ကြိမ်းဝါးလိုက်သည်။ အခြေအနေတစ်ရပ်လုံးကို နားမလည်ပါသော်ငြား အရှင်မင်းကြီး၏ အစောပိုင်းက ပြောဆိုထားသော စကားလုံးများအား မှန်းဆရင်း အတော်အသင့် သဘောပေါက်ထား၏။ ဒီကိစ္စက သေချာပေါက် မျက်လုံးနဲ့ မြင်ရသလောက် မရိုးရှင်းနိုင်ဘူး။ ထို့အပြင် ဒီကိစ္စသည် ဦးရီးတော်နှင့် တူတော်မောင်ကြားက ကိစ္စတစ်ခုဖြစ်သည်။ အရှင်မင်းကြီးကတောင်မှ ဘာမှ မတုံ့ပြန်သည့်အတွက် သူတို့ လက်အောက်ခံတွေ အနေနဲ့ ပါးစပ်ပိတ်နေရုံမှလွဲရင် တခြားမရှိတော့ချေ။

"ကောင်းပြီ။ အချိန်ကျလာပြီဆိုရင် ငါကိုယ်တိုင် မင်းတို့ကို ရှင်းပြမှာပါ"

ရှကျိုးယွီ၏ စကားလုံးများကြောင့်သာ နှင်းနဂါးမြို့၏ ကျင့်ကြံသူများ အနည်းငယ် စိတ်သက်သာသွားဟန် ရှိသည်။ ဒီကိစ္စတွေအားလုံးက ဟွမ်ပထျန်းနဲ့ ကျန်တဲ့ ကျင့်ကြံသူတွေရဲ့ သစ္စာရှိမှုကို စစ်ဆေးနိုင်လိမ့်မည်မလား။

"ဟီးဟီး ကျွန်တော်မျိုးတော့ အရှင်မင်းကြီးရဲ့ အဲဒီလူတွေကို သိမ်းသွင်းနိုင်ဖို့ မလွယ်လောက်ဘူး ထင်ပါတယ်"

"တူတော်မောင် မင်းကြီး၊ ဒီရက်ပိုင်းအတွင်းမှာ လူတွေကြားထဲ ပျံ့နေတဲ့သတင်းကို အရှင်မင်းကြီး ကြားထားရဲ့လား"

ရှထိုက်အန်း၏ ဆန်းကြယ်သဖွယ် ပြောဆိုလာမှုကြောင့် ရှကျိုးယွီပင် အနည်းငယ် ရယ်ချင်သွားခဲ့သည်။ ဒီရက်ပိုင်းအတွင်း စီစဉ်စရာများအား အဆက်မပြတ် စီစဉ်နေရသည့်အတွက် ရှကျိုးယွီ အပြင်ဘက်ကို ဂရုမစိုက်အားခဲ့ချေ။

"တော်ဝင်ဦးရီးတော်၊ ငါကိုယ်တော်ကို အံ့သြအောင် လုပ်မနေပါနဲ့။ အရာရှိတွေဆီကနေ ဘယ်လို မကောင်းသတင်းတွေ ကြားထားလို့လဲ"

ထိုအချိန်မှသာ ရှထိုက်အန်း အနေခက်စွာဖြင့် အလျင်စလို ရှင်းပြလာခဲ့သည်။

"ဘယ်လိုလုပ် မကောင်းသတင်း ဖြစ်ရမှာလဲ။ ကျွန်တော်မျိုး အဲဒါကို လီမီဆီကနေ ကိုယ်တိုင် ကြားခဲ့ရတာ။ အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ တူးမြောင်း စီမံကိန်းကြောင့် ပြည်သူတွေ အရမ်းကို မကျေမနပ် ဖြစ်နေကြတယ်တဲ့။ ပြည်သူတွေက စုဝေးပြီးတော့ ပြဿနာရှာဖို့တောင် လုပ်နေကြတယ်ဆိုပဲ။ မကြာခင်မှာ အလုပ်များတဲ့ စိုက်ပျိုးရေးကာလကို ရောက်တော့မှာဖြစ်လို့ အရှင်မင်းကြီးရဲ့ အခုလိုမျိုး လုပ်သားခေါ်ယူမှုက ရွှေဥဥတဲ့ ငန်းကို သတ်နေတာပဲ မဟုတ်ဘူးလားဆိုပြီး သူတို့က အပြစ်တင် ပြောဆိုနေကြတယ်။ သေချာပေါက် အဲဒါက တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုတွေပါ"

ရှထိုက်အန်းတစ်ယောက် အဆုံးသတ်မှာ ဘယ်လိုပဲ ဖြေလျှော့ကာ ပြောဆိုလိုက်သော်ငြား ပြည်သူတွေ၏ စကားသံထဲမှာ အမှန်တရားတချို့ ပါဝင်နေမှန်း အရူးတစ်ယောက် ဆိုရင်တောင်မှ သိနိုင်ပါသည်။

All Chapters