မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံး၏စွမ်းအား
Vol. 43 Ch. 589
ဝုန်း.....ဝုန်း....
ဖန့်ယောင်မှာ ရုတ်ချည်းဆိုသလို တုန်ခါလာသော မြေပြင်အား သတိပြုလိုက်မိသည်။ သူသည် ပထမ၌ ထင်မှတ်မှားခြင်းဖြစ်သည်ဟု ယူဆနေမိပါသော်လည်း ပတ်ဝန်းကျင်တစ်ခွင်ရှိ မြေပြင်တုန်ခါမှုမှာ တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာသည်။
မြေပြင်မှာ ပြင်းထန်စွာ တုန်ခါနေသောကြောင့် အက်ကွဲကြောင်းများပင် စတင်ပေါ်ပေါက်လာရသည်။
ဇူယွမ်မှာ ယင်းအက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်ရာ အလယ်ဗဟို၌ ထိုင်နေခြင်းပင် ဖြစ်သည်။
ဖန့်ယောင်မှာ မြေပြင်အောက်မှ ထူးခြားဆန်းကြယ်သော စွမ်းအင်ဖိအားတစ်မျိုးကို အနည်းငယ် အာရုံခံနေမိ၏။ လက်ရှိအချိန်၌ ယင်းမှာ အလွန်ပင် စွမ်းအင်ကြီးနေပါသော်လည်း ထိုမြေပြင်အောက်ရှိ စွမ်းအင်ဖိအားမှာ ကြောက်ရွံ့မှုအား ပေးစွမ်းနိုင်နေဆဲပင် ဖြစ်သည်။
သူသည် ကြီးမားလှသော တောင်ခြေကြီး၏အောက်ခြေနေရာတွင် ရှိနေရသော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် သိမ်ငယ်သောခံစားမှုကို ခံစားနေရသည်။
ဖန့်ယောင်မှာ သူ့အားထိုမျှကြောက်ရွံ့မှုကို ပေးစွမ်းနိုင်သော ဇူယွမ်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်မိ၏။ ဇူယွမ်သည် မည်သို့သော လျှို့ဝှက်ကျင့်စဉ်မျိုးကို အသုံးပြုနေပါသနည်း.....
"မင်းဘာလှည့်ကွက်တွေ လုပ်ဦးမလို့လဲ။"
ဖန့်ယောင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
"ဒီလိုနည်းလမ်းလောက်လေးနဲ့ ငါကကြောက်မယ်များ ထင်နေလား။ မင်းကတကယ် သောက်ရူးပဲ။"
"ငါ့ရဲ့လက်သီးတစ်ချက်တည်းနဲ့ မင်းကိုဖျက်စီးပြမယ် စောင့်ကြည့်လိုက်။"
ဝုန်း.....
ချက်ချင်းဆိုသလိုပင် ဖန့်ယောင်ထံမှ သွေးနီရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မိုးကုပ်စက်ဝိုင်း တစ်ခွင်လုံးကိုပင် ဖုံးအုပ်သွားလေသည်။
"ကြီးမြတ်သောသွေးမိစ္ဆာ....."
ကောင်းကင်တစ်ခွင်လုံး ဖုံးကွယ်ထားမတက် ပြည့်နှက်နေသော သွေးနီရောင်ချီစွမ်းအင်များမှာ သွေးမိစ္ဆာကြီး၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသွေးမိစ္ဆာကြီး၏ပုံရိပ်မှာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်တကွ ဖန့်ယောင်၏ အသွင်အပြင်မှာလည်း ပိုမိုကြောက်မက်ဖွယ်ကောင်းလာ၏။
ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားလေသည်။
ဝုန်း....
ဖန့်ယောင်မှာ ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံတက်သွားပြီးနောက် ပြင်းထန်လှသောအရှိန်ဖြင့် ပြန်လည်ဆင်းသက်လာကာ သွေးမိစ္ဆာကြီးနှင့် ပေါင်းစည်းလိုက်တော့သည်။
"သွားသေလိုက်တော့။"
ဖန့်ယောင်သည် အော်ဟစ်နေရင်းဖြင့် လက်သီးဆုပ်လိုက်၏။ သွေးမိစ္ဆာကြီးမှာလည်း သူ၏လှုပ်ရှားမှုအတိုင်း တသွေမသိမ်း ပြုလုပ်နေလျက်ရှိကာ လက်သီးဆုပ်ထားလျက် ဇူယွမ်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲဆင်းသက်လာသည်။
၎င်းတို့ထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ ပြင်းထန်လွန်းလှသဖြင့် မြေပြင်သည်ပင် အက်ကွဲကြောင်းများ အထပ်ထပ် ပေါ်ပေါက်နေရပြီ ဖြစ်၏။
လက်ရှိအချိန်၌ ဖန့်ယောင်၏ အသွင်သဏ္ဍာန်မှာ ကမ္ဘာမြေပြင်သို့ ရောက်ရှိလာသော မိစ္ဆာနတ်ဆိုးကြီးအလား ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိပဲ လက်နှစ်ဖက်အား မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလျက်သာ ရှိသည်။
"ဘယ်လိုလှည့်ကွက်တွေပဲသုံးသုံး ဒီတစ်ခါတော့ မင်းသေကိုသေရမယ်။"
နားစည်ကွဲမတက် ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ ဖန့်ယောင်မှာ ဇူယွမ်အားချိန်ရွယ်လျက် ပြင်းထန်စွာ ထိုးချလိုက်၏။
ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ဖန့်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် လက်နှစ်ဖက်အား မြေပြင်အောက်သို့ ဖြည်းညင်းစွာ တွန်းပို့လိုက်သည်။
ဝုန်း....
ရုတ်ချည်းဆိုသလိုပင် ပေရာကျော်ပတ်လည်ရှိသော မြေပြင်တစ်လျှောက်လုံးမှာ ပြင်းထန်စွာ တုန်ခါသွားရလေသည်။ မြေပြင်အတွင်းမှ ထွက်ပေါ်လာသော အဝါရောင် စွမ်းအင်လှိုင်းများမှာ သာမန်မျက်စိနှင့် မြင်နိုင်လောက်အောင်ပင် ကြမ်းတမ်းခက်ထန်လွန်းလှသည်။
ဇူယွမ်မှာ လက်အားမြှောက်တင်လိုက်ပြီးနောက် ထိုအဝါရောင် စွမ်းအင်လှိုင်းများအား စုစည်းစေလိုက်သည်။
သူသည် ဖန့်ယောင်၏တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားဟန် ရှိ၏။
"ဇူယွမ် မင်းကသေဖို့ မစောင့်နိုင်တော့ဘူးနဲ့ တူတယ် ဟားဟားဟား။" ဖန့်ယောင်မှာ ဒေါသထွက်နေဟန်ဖြင့် မထီမဲ့မြင်ပြုစွာ လှောင်ပြောင်ရယ်မောလိုက်သည်။ ထို့နောက် သွေးနီရောင်အလင်းတန်းကြီးမှာ ဇူယွမ်ထံသို့ အညှာအတာကင်းမဲ့စွာဖြင့် ကျဆင်းလာတော့၏။
ဝုန်း.....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့သွားပြီးနောက် ပေထောင်ကျော်မျှအထိ အပျက်အစီးများ ဖြစ်ပေါ်သွားရသည်။
ဇူယွမ်၏ အနီးတွင်ရှိနေသော မြေပြင်မှာလည်း ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားရ၏။
ဖန့်ယောင်မှာ ဇူယွမ်အား ဖျက်စီးလိုက်နိုင်သောကြောင့် အလွန်ပင် ကျေနပ်အားရသွားရသည်။
"ဒီတစ်ကြိမ်တော့ မင်းဘယ်လိုမှ အသက်ရှင်နိုင်တော့မှာ မဟုတ်ပါဘူးကွာ ဟားဟား။"
သို့သော် ဖုန်မှုန့်များ လွင့်စင်သွားသည်နှင့်အတူ ဖန့်ယောင်၏ ရယ်မောသံမှာလည်း ပျောက်ကွယ်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်သည် ထိုအက်ကွဲကြောင်းကြီးအတွင်း၌ ထိုင်လျက်အနေအထားဖြင့်ပင် တည်ငြိမ်စွာ ရှိနေသောကြောင့် ဖြစ်သည်။
အစောပိုင်း၌ ဖန့်ယောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုမှာ ဇူယွမ်၏ အဝတ်စလေးတစ်စကိုမျှ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ချေ။
ဇူယွမ်မှာ တည်ငြိမ်နေသော မျက်ဝန်းများဖြင့်သာ ဖန့်ယောင်အား ကြည့်ရှုနေလျက် ရှိသည်။
"ဘယ်.....ဘယ်လိုလုပ်....ဖြစ်....နိုင်...မှာလဲ။" ဖန့်ယောင်မှာ ဇူယွမ်အား ကြည့်ရှုနေရင်းဖြင့် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
"မ....မဖြစ်နိုင်ပါဘူး။"
"ဒါ.....ဒါက....ငါထင်ယောင်ထင်မှား ဖြစ်နေတာများလား။"
ဇူယွမ်မှာ လက်သီးအား ဖြည်းညင်းစွာ ဆုပ်လိုက်ပြီးနောက် ဖန့်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ဒီတစ်ကြိမ်ကတော့ ငါတိုက်ခိုက်ရမယ့်အလှည့်ပေါ့ ဟုတ်တယ်မလား။"
ဝှစ်.....
ဖန့်ယောင်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် လျင်မြန်စွာပင် ထိုနေရာမှ ဆုတ်ခွာထွက်ပြေးလေတော့သည်။ အစောပိုင်း တိုက်ခိုက်မှုတွင် ဇူယွမ်အား အနည်းငယ်မျှပင် မထိခိုက်နိုင်စေခြင်းက ၎င်းအား အလွန်ပင် ထိတ်လန့်သွားစေ၏။
ထို့ကြောင့် စောင့်ကြည့်နေသော အကြည့်များစွာအား လျစ်လျူရှုလျက် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်သွားရန်သာ တွေးတောနေမိသည်။
ယခုချက်ချင်း ဆုတ်ခွာထွက်ပြေးခြင်း မပြုပါက ဤနေရာ၌ အသက်ပင်သေဆုံးသွားရတော့မည့်အလားပင် ခံစားနေရသည်။
ဇူယွမ်မှာ ဆုတ်ခွာထွက်ပြေးနေသော ဖန့်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပဲ တည်ငြိမ်စွာဖြင့်ပင် မြေပြင်ပေါ်သို့ လက်နှစ်ဖက်အား ဖြည်းညင်းစွာ ချထားလိုက်သည်။ အဝါရောင် စွမ်းအင်လှိုင်းများမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ အတိုင်းအဆမဲ့စွာ တိုးဝင်လာလေသည်။
မြေဓာတ်စွမ်းအင်သူတော်စင်မှော်စာလုံးမှာ ကမ္ဘာမြေပြင်အတွင်းရှိ စွမ်းအင်များအား စုပ်ယူနိုင်စွမ်း ရှိ၏။ ထိုစွမ်းအင်များမှာ အလွန်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလှပြီး ကမ္ဘာမြေပြင်၏ အနက်ရှိုင်းဆုံးနေရာတွင်သာ ဖြစ်ပေါ်နိုင်ခြင်း ဖြစ်သည်။
ဇူယွမ်၏ ညာဖက်လက်ပေါ်၌ ပါးလွှာသော အဝါရောင် သလင်းလွှာတစ်ခု ပေါ်ပေါက်လာသည်။ ထိုသလင်းလွှာထံမှ အချိန်မရွေးပေါက်ကွဲနိုင်လောက်အောင် ပြင်းထန်လှသော စွမ်းအင်များအား ခံစားနေရ၏။
ယင်းသလင်းလွှာထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ပြင်းထန်လွန်းလှသဖြင့် ဇူယွမ်၏ ညာဖက်လက်သည်ပင် ခံနိုင်ရည်မရှိတော့ပဲ အရေပြားများ ပေါက်ပြဲကာ သွေးအနည်းငယ် ထွက်လာရတော့သည်။
ဟူး.....
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်၏။ သူ၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ထို့နောက် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ဆုတ်ခွာထွက်ပြေးနေသော ဖန့်ယောင်အား စူးရဲစွာဖြင့် ကြည့်ရှုလိုက်လေသည်။
ဝုန်း....
ကျယ်လောင်လှသော အသံနက်ကြီးနှင့်အတူ ဇူယွမ်လက်ပေါ်ရှိ အဝါရောင်သလင်းလွှာမှာ ဖန့်ယောင်ထံသို့ လျင်မြန်လှသောအရှိန်ဖြင့် ဦးတည်ပျံဝဲသွားသည်။
ဖန့်ယောင်မှာ နောက်ကျောဖက်မှ ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ခံစားလိုက်ရသောကြောင့် စိတ်နှလုံးများ ပြုတ်ကျမတက်ပင် ထိတ်လန့်သွားရသည်။ သူသည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေရဲတော့ပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် သွေးမိစ္ဆာကြီးအား ထိုအဝါရောင်သလင်းလွှာနှင့် တွေ့ဆုံစေလိုက်သည်။
ဘန်း.....
စွမ်းအင်နှစ်ခု လေထုအတွင်း တွေ့ဆုံသွားကြ၏။
ဖန့်ယောင်၏ စွမ်းအင်အပြည့်အဝ ပါဝင်နေသော သွေးမိစ္ဆာကြီးမှာ အဝါရောင်သလင်းလွှာ၏ ပြင်းထန်လှသောစွမ်းအင်အား ခုခံနိုင်ခြင်းမရှိပဲ ကျယ်လောင်သောအသံကြီးနှင့်အတူ ပေါက်ကွဲပျောက်ကွယ်သွားရသည်။
"ငါအရှုံးပေးပါပြီ။ ငါအရှုံးပေးပါပြီ။ ငါ့အသက်ကိုတော့ သနားပေးပါ။"
ဖန့်ယောင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်တောင်းပန်လိုက်သည်။
"မင်း.....မင်း....ငါ့ကိုသတ်ရင် ငါ....ငါ့ရဲ့....မြင့်မြတ်သောသွေးစက်ခန်းမက ရွေးချယ်ခံအမတော် ကျန်း....ကျန်းထိုက်ချင်က မင်းကိုခွင့်လွှတ်မှာ မ....မဟုတ်ဘူး။"
ဝုန်း....
ဇူယွမ်မှာ အနည်းငယ်မျှပင် အလေးထားခြင်းမရှိပဲ အဝါရောင်သလင်းလွှာအား ဖန့်ယောင်ထံသို့ ဦးတည်ပျံဝဲစေလိုက်သည်။
ဝုန်း....
ပေထောင်ကျော်မျှရှိသော ရှေးဟောင်းတောအုပ်ကြီးတလျှောက် မြေပြင်အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားရကာ တောင်များမှာလည်း ပြိုကျကုန်ရသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံး၌ ဖန့်ယောင်၏ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်သံများအား ပဲ့တင်ထပ်လောက်အောင် ကြားနေရလေတော့သတည်း။